Pages

Tuesday, January 25, 2011

မြတ်ဆရာ


မန္တလေးမြို့၊ နန်းရှေ့ရပ်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်တွင် သုတ္တန္တ မဟာဌာနဟု ရှိပါသည်။ အဓိက ဘာသာရပ်အဖြစ်သင်ကြားပို့ချပါသည်။ ၀ိနယဌာန၊ အဘိဓမ္မဌာန တို့ကဲ့သို့ အရေးကြီးသော ဌာ ကြီးဖြစ် ပါ သည်။ ထိုဌာနကြီး၏ ဌာမှူးဆရာတော်မှာ သာသနာ့တက္ကသိုလ်ကြီး၏ ဒုတိယ ပါမောက္ခချုပ် ဖြစ် သည်။ 
မြန်မာ နိုင်ငံ ပရိယတ္တိလောကတွင် အဆင့်မြင့်စာမေးပွဲများကို ပြီးမြောက်အောင်မြင်ထားသော ဆရာ တော် ဖြစ် သည်။ တစ်ခါက ဆရာတော် အောင်မြင်ခဲ့တဲ့ စာမေးပွဲများတွင် ဘယ်စာမေးပွဲကို အမှတ်အရဆုံးလဲဟု စာသင်သား များမေးကြသောအခါ ကိုရင်ငယ်ဘ၀က ပထမငယ်တန်းကို ဒုတိယရ ပြီး အောင်ခဲ့သည်ကို အမှတ်အရ ဆုံးဟုပြောပါသည်။ ဆရာတော်၏ဘွဲ့တော်မှာ ဘဒ္ဒန္တဉာဏာလင်္ကာရာဘိဝံသ ဖြစ်၏။ ဆရာတော်၏ စာပေနှံ့ စပ်မှုကိုပြော၍ ကုန်မည်မထင်ပါ။ ခေတ်အလိုက်စာပေးများကိုလဲ မျက်ခြေမပြတ် လေ့လာသိရှိနေသလို၊ ပါဠိ စာပေ၌ မန်းတက္ကသိုလ်တွင် တစ်ပါးသာရှိ၏ဟုပြောလျှင် မလွန်ပါ။ စာသင်သား များကို ညှာတာ၏။ ပါဠိ စာပေ ကိုသာမက သမိုင်း၊ လင်္ကာ၊ ဇာတိမာန်ထက်သန်စေသော စာပေများကိုလဲ တပည့် စာသင်သားများ ရင်ထဲ ရောက်အောင်သင်ပြပို့ချနိုင်စွမ်းရှိသည်။
မန်း သာသနာ့တက္ကသိုလ်တွင် စာသင်ချိန် တစ် ချိန်ကို လေးဆယ့် ငါးမိနစ်သာပို့ချ၏။ ဆရာတော်ပို့ချသာ အခါ အချိန်တို့သည် မည်ကဲ့သို့ကုန်သွားမှန်း မသိ အောင်စာသင်သား များကို ဆွဲဆောင်နိုင်၏။ အချိန်ပို့ချနေသည်ကိုပင် မသိနိုင်လောက်အောင်ရှိသည်။ လမ်းတွင်တွေ့ပါက ဆရာ တော်သည် မည်သည့်အခါမှ တိမ်းပေးလေ့မရှိပါ။ ပြီးတော့ အမိန့်ရှိသည် “ ငါက မျက်စိ မြင်တာမဟုတ်ဘူး၊ မြင် တဲ့သူကရှောင်” တဲ့၊ မျက်စိအမြင်မှာလဲ အင်မတန်အားနည်းပါသည်။ စာပေ ပို့ချသော အခါတွင်လဲ မျက်စိ ရှေ့တစ်ပေအကွာအထိ ကပ်ကြည့်မှ စာကိုမြင်ရပါသည်။  သို့သော် အနား မယူပဲ အခုထက်တိုင် သင်ပြပို့ ချနေဆဲပင်ဖြစ်ပါသည်။ ဆရာတော်နှင့် သာသနာ့ တက္ကသိုလ် ကျောင်းသား ပထမနှစ် ကတည်းကပင် တွေ့ ဆုံ ခဲ့ရသည်။
အမှတ်ရမိပါသည်။ ပထမနေ့ စပြီးပို့ချ သောအခါ “ ဦးဇင်းတို့ အခု တပည့် တော်တို့ ပို့ချသင်ယူရမယ့် သုတ္တန်မှာ ပါဠိဂါထာရေးရတဲ့ အပိုင်းရှိ တယ်။ သူများရေးထားတဲ့ဂါထာကို စစ် ဆေးတာရယ်လို့ နှစ်မျိုး ရှိ တယ်။ တပည့်တော်ဒီနေ့ စပြီးပို့ချမယ့် သီလက္ခန်မှာ ရှေးဆရာတော် တွေက လေ့ လာနည်း ဆယ်မျိုး သတ် မှတ်ပါတယ်။ အဲဒီ ဆယ်မျိုးထဲမှာ ဘယ်ဟာက အခက် ဆုံး လဲ၊ ဘယ်ဟာက အလွယ် ဆုံးလဲ လို့မေးရင်၊ အရှင်ဘုရားတို့ ဘယ်လိုပြောမလဲ၊ သူများရေးတဲ့ ဂါထာကို စစ်ရ တာ အလွယ်ဆုံးပဲ၊ ကိုယ်တိုင် ပညာရှင် တွေလက်ခံ နိုင်အောင် ဂါထာစီတတ်ဖို့က အခက်ဆုံးပဲ၊ အဲလိုခက်ခဲ တဲ့ အပိုင်း၊ လွယ် ကူတဲ့ အပိုင်းတွေ ကိုပေါင်းစပ်ပြီး လေ့လာကြမယ်။  ကဲ လိုက်ပြီး မှတ်၊ အစ တစ်လုံးနောင်၊ သ၊ န ရှောင်၊ လေးနောင် ယ ဂိုဏ်း ၀တ္တတိုင်း၊ အလွယ်ဆုံးလို့ပြောရမယ့် ဂါထာရဲ့ လက္ခဏာပဲ” အစချီကာ ပို့ချပါတော့သည်။
ဆရာတော်သည် သီလက္ခန်ပါဠိ၊ အဋ္ဌကထာတို့မှ ကောင်းနိုးနိုးရာရာ ပါဠိ ၀ါကျ၊ ဘုရားရှင်နှင့် ၀ါဒပြိုင်သော ဗြဟ္မဏကြီးများ၏ မှတ်သားဖွယ်ရာ ပါဠိအသုံးအနှုံးတို့ကို ဂါထာစီပြီးလဲ စာသင်သားများကို လိုက်ပြီး မှတ်သား စေပါသည်။ “ တို့မြန်မာပါဠိ ပညာရှင်တွေ အများကြီးရှိတယ်၊ လယ်တီဆရာတော်ကြီးဆို ငါ့ရှင် တို့သိ တဲ့ အတိုင်းပဲ ပါဠိဘာသာနဲ့ ကျမ်းဂန်တွေရေးသွား ပါဠိပညာရှင်တွေလို့ နာမည်ကျော်တဲ့ သီရိလင်္ကာ သားတွေ တောင် လက်ဖျားခါကြတယ်၊ ရေးရုံသက်သက်တင် မဟုတ်သေးဘူး၊ အရင်က သူတို့ သီဟိုဠ်သား တွေရေးထားတဲ့ အယူအဆတွေကို ဘုရားရှင်ဟောတော်မူထားတဲ့ ပါဠိတော် တွေနဲ့ ချိန်ထိုးပြီး မခိုင်လုံတဲ့ အကြောင်းတွေကိုထောက်ပြနိုင်ခဲ့တယ်” စသည်ဖြင့် ပြောပြပါသည်။ 
“တို့မြန်မာပြည် ဆဋ္ဌသံဂါယနာတင် တော့ ပါဠိတော်တွေကို နိဒါန်းရေးတာ မြန်မာတွေဘုရာ့၊ ပရိတ်ကြီးအမွှန်းတွေဆိုတာ မြန်မာဆရာ တော် တွေ ရေးတာ၊ ဓမ္မစက္ကပ၀တ္တနသုတ်တော်ရဲ့ အစ “ ဘိက္ခူနံ ပဉ္စ၀ဂ္ဂီနံ” စတဲ့သုံးဂါထာကို တပည့်တော်များ ကျေးဇူးရှင် ဆရာတော် ဦးဗုဓ်ရေးတာဗျ၊ ကိုယ်တော်တို့လဲ သူများနိုင်ငံသားချည်း တော်တယ် မှတ်မနေနဲ့ မြန်မာတွေလဲ တော်တယ်၊ အဲလိုဖြစ်အောင် ကြိုးစားကြ၊ ကဲ အောက်ကဆက်ပြီး မှတ်လိုက်ဦး”ဟု ပြောမှပင် ဆရာတော်၏ စကားဆုံးသွားကြောင်းသိရသည်။ အချိန်ကုန်လို့ ကုန်မှန်းမသိ၊ ဆရာတော်၏ စကားများသည် ဗလာစာအုပ်တွင်သာမက ရင်အုပ်ထဲ အထိရောက်ပါသည်။ လွမ်းမိပါသည်။

No comments:

Post a Comment