Pages

Thursday, January 20, 2011

မန်း အလှ



မန္တလေး တောင်တော်ပေါ်မှ လှမ်းကြည့်လိုက်ပါလျှင် ကောင်းစွာမြင်ရ၏။ ရွာကနေ နွေအခါ ဘုရားဖူးလာကြသော ရွာသူရွာ သားနဲ့အပေါင်း အသင်းတွေကို “ ဟိုမြင် နေရတဲ့အဆောက် အဦးတွေက ဦးဇင်းတို့သာသနာ့တက္ကသိုလ်ပေါ့၊ မင်းကွန်းဆရာတော်ကြီး ထူထောင်ထားတာ၊ စာသင်သံဃာတွေလဲ အများကြီးပဲ၊ ဒီတက္ကသိုလ်ကြီးကနေ စာမေးပွဲတွေ အောင်မြင်ပြီး နိုင်ငံခြားထွက်ပြီး စာသင်နေတဲ့ဦးဇင်းတွေလဲ အများကြီးပဲ၊ တစ်ချို့ဆို နိုင်ငံခြားတိုင်းပြည်တွေမှာ ကျောင်းထိုင်တွေတောင် ဖြစ်ပြီး ဗုဒ္ဓ အဆုံးအမတွေကို တတ်နိုင်တဲ့ဘက်ကနေပြီး ဆောင်ရွက်နေတာတွေ အများကြီးရှိတယ်။ ဆရာတော်ကြီးက ဆွမ်း ကွမ်းကိစ္စလဲ မခက်ခဲရအောင် ဆောင်ရွက်ပေးတော်မူခဲ့တယ်။ စာသင်သားတွေ မပင်ပန်းရအောင်လဲ ရေ၊ မီး၊ ကျောင်းသုံး ပရိဘောဂတွေကိုလဲ အလှူရှင်တွေဆီကနေပြီး အလှူခံပြီး ဆောင်ရွက်တော်မူခဲ့တယ်။ ကြည့်စမ်းပါ့၊ ထည်ဝါလိုက်ပုံများ” လို့မန်း တောင်တော်ကို လိုက်ပြီးပို့တိုင်း ပြောပြမိပါသည်။ 

လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ကျော်ကျော် မန္တလေးမြို့ကို တက်လာခဲ့တုန်းက တဖြည်းဖြည်းချင်း မြင်လာရတဲ့မန်း တောင်တော်ကြီးသည် မြောက်ဘက်ဆီမှမောင်းနှင်လာသော ကားငယ်လေးကို ရွှေကျင်အကွေ့ အရောက်တွင် ရင်ခွင်ထဲ ဆွဲသွင်းလိုက်သလို မျိုးခံစားရသည်။ တဖြည်းဖြည်းချင်း ကွေ့ဝိုက်ပြီး ထွက်လာသော အခါ ကျုံးမြို့ရိုးကြီး ခန့်ခန့်ထည်ထည် တွေ့ရသည်။ ကျုံး ရေပြင်ကြည်လင်နေသည်။ ကျုံး အတွင်းရေတို့ကို အနားသပ်ပေးထားသော အုတ်ရိုးတို့မှာလဲ အကွက်ပေါ်ပြီးလှနေသည်။ အရှေ့အနောက်ကို ကောင်းစွာခွဲခြားနိုင်သော ဖြောင့်တန်းညီညာသော လမ်းတို့မှာလဲ ညက်ညောပြေပြစ်လှ၏။ ကျုံးရေပြင်နှင့် ကာလမ်း အကြားတွင်လဲ အရိပ်ရသစ်ပင်တို့ဖြင့် တစ်ကန့်စီတစ်သန့်စီ လှနေပြန်သည်။ ပထမဆုံး တွေ့ခဲ့ရသောကျုံးရေပြင်သည် နှစ်ပေါင်း ဆယ်နှစ်ကျော်ကျော်နေပြီးသော်လည်း အမြင်ကား ရိုးမသွားခဲ့ပေ။ လှမြဲလှနေသည်သာ ဖြစ်၏။ ကျုံးရေပြင်ဘေးကလမ်း တွင်လမ်းလျှောက်ရသည်ကို နှစ်သက်မြတ်နိုးသည်။ ဆောင်းခါ မနက်များဆိုလျှင် နန်းရှေ့ သာသနာ့တက္ကသိုလ်ကနေပြီး အနောက်ပြင် ချမ်းသာကြီးကျောင်းတိုက်ကို ခြေလျှင် လျှောက်ပြီးပြန်သည်။ မိမိသာမဟုတ် မန်းမြို့သူ မြို့သားများကိုတွေ့ရသည်။ စာချ ဆရာတော်များကိုလဲတွေ့ရသည်။ ပြုံးပြကြသည်။ အများအားဖြင့်အဘိဓမ္မဌာက ကထိက ဆရာတော် ဦးမုနိဝရကို တွေ့ရလေ့ရှိသည်။ အမြဲတန်း ပြုံးနေတတ်သည်။ မန္တလေးမြို့ကျုံးရေပြင်နှင့် ပတ်ဝန်းကျင်သည် သာယာမြဲ၊ ကျုံးရေပြင်ဖြတ်တိုက်လာသော လေးနုအေးသည် အေးမြမြဲဖြစ်၏။

၂၀၀၃၊ ၂၀၀၄ ပညာသင်နှစ်တွင် မန္တလေး သာသနာ့တက္ကသိုလ်သို့ တက်ရောက်ခွင့်ရသည်။
မှတ်မိနေပါသေးသည်။ နှုတ်မေးနှုတ်ဖြေနေ့တွင် ” ငါ့ရှင် ဒီကနေ စတုတ္ထနှစ်အောင်မြင်ပြီးရင် တောင်တန်းဒေသကို သွားပြီးတာဝန်ထမ်းဆောင်ရတယ်။ ရာသီဥတုကြမ်းတယ်၊ အစား အသောက်ခက်ခဲတယ်၊ သွားရောက်ပြီး တာဝန် ထမ်းဆောင်နိုင်ပါ့မလား” ဟုမေးပါသည်။ “ တင်ပ ”ဟုဖြေခဲ့၏။ နောက်တွင်လဲ နာဂတောင်တန်းသို့ သွားရောက်ပြီး(၂)နှစ်တာတာဝန် ထမ်းဆောင်ရသည်။ 
အဲတုန်းက တစ်မျိုးဖြေခဲ့ရင် ဘယ်လိုများဖြစ်မယ် မသိနိုင်ပါ။ မန္တလေးမြို့၊ သာသနာ့တက္ကသိုလ်ကြီးတွင် ပညာသင်ကြားရသဖြင့် ကျောင်းတွင်း B,A (BUDDHISM)ကိုသာမက ပြင်ပ ဗဟုသုတ အနေအားဖြင့် မန်း တောင်တော်ကို ဥပုသ်နေ့တိုင်းတက်ရောက်ပြီး တတ်သလောက် မှတ်သလောက် How are you? Where you come from? စသည်တို့ကိုမိတ်ဆွေများနှင့်အတူတက်ပြီး လေ့ကျင့်ခွင့်ရသည်။

ပြီးတော့ ကုသိုလ်တော်ဘုရားဝင် အတွင်းက ပိဋကတ်တော်များကို လေ့လာခွင့်ရသည်။ ခရေရိပ်တွင် အပေါင်းအသင်းများနှင့် ရောက်တတ်ရာရာ ပြောဖြစ်ကြသည်။ မန္တလေးမိုး တဗြုန်းဗြုန်းကို ခရေတောတွင် ကြုံရသည်ကို မမေ့တော့ပါ။ နောင်ခါမိုးရွာတိုင်း ခရေတောကို သတိရသည်။ စာမေးပွဲနီးလျှင် စာလာကျက်ကြသော မိတ်ဆွေများနှင့် ပျော်စရာ ကောင်းလှသည်။ စာဆွေးနွေးကြသည်။ အများကောင်းမှု ဇရပ်များပေါ်တွင် အနားယူရင်း ဆုတောင်းသူ တစ်ချို့၊ ခရေပန်းကောက်သူ တစ်ချို့၊ ဆော့ကစားနေသော ကလေး တစ်ချို့၊ ကုသိုလ်တော်ဘုရားမြတ်ဆီက ဆွဲလဲသံ တစ်ချို့ချိုချိုတို့ဖြင့် လှနေတတ်သည်။ ဘုရားဝတ်တက်ချိန်တွင် အဆောင်သို့ပြန်ရောက်သည်။ ညနေမှောင်ရီသန်းလျှင် မန်း တောင်တော်မြတ်ဆီက ဘုရားပူဇော်ထားသော မီးရောင်ထိန်ထိန်ကို မြင်ရသည်။ သာသနာ့တက္ကသိုလ်ကြီးသည် မီးရောင်ထိန်ထိန်ဖြင့် ခန်းငြားနေပြန်၏။

၂၀၀၇ ခုနှစ် ဒီဇင်ဘာလ ၂၅ မနက်စောစော တွင် မန္တလေးမြို့၊ နန်းရှေ့ သာသနာ့ တက္ကသိုလ်ကြီးကို နှုတ်ဆက်ခဲ့ရသည်။ တံတားဦး လေဆိပ်သို့ ထွက်ခွာခဲ့ရသည်။ တံတားဦး လေဆိပ်မှ သည်မြန်မာပြည် အနောက်တောင်ဘက်ဆီက ချင်းတွင်းဖြစ်ကြောတွင် “ စုန်ပြန်ရအဖန်ဖန်၊ ဆန်ပြန်ရတလဲလဲ၊ မဗေဒါဒီရေကြောမှာ။ မျောလျှက်သာပဲ” ဆိုသော ကဗျာလေးလို မျောလိုက် ဆန်လိုက်ဖြင့်နေခဲ့ရသည်။
နှစ်ပြည့်လို့ ရန်ကုန်မြို့တွင် ဘွဲ့ခံယူပြီးနောက်အမိမြေ မန္တလေးမြို့သို့ ရောက်သည်။ သာသနာ့ တက္ကသိုလ်ကြီးသည် ယခင်ကထက်ပိုပြီး သာနားနေ၏။ ကွန်ပြူတာ၊ အင်တာနက်တို့ကို အဆောင်တိုင်းနီးပါး ချိတ်ဆက်ထားကြ၏။ လေးနှစ်တာနေခဲ့ရသော အဆောင်(၂)ကိုမြင်တော့ စိတ်ထဲ လွမ်းသလိုလို ဖြစ်မိသည်။
မန်း တောင်တော်ရောက်တော့ ဦးဇင်းတစ်ပါးက မန္တလေးသာသနာ့တက္ကသိုလ်ကြီး ၏ခန့်ငြားထည် ၀ါပုံကို ရွာကနွေ အခါ ဘုရားဖူးလာကြဟန်တူသော သူတို့ကိုပြောပြနေ သည်ကိုတွေ့ရသည်။ သူရှင်းပြနေသည် ကို သွားပြီးနားထောင် လိုက်ပါသည်။

ဟုတ်ပါရဲ့၊ မန္တလေးသာသနာ့တက္ကသိုလ်ကြီးက နဂိုကထက်ပိုပြီးလှ၊ပိုပြီးခန့်ငြားနေပါ၏။
စေတီတော်ဖွေးဖွေးဖြင့်ခရေတောသည်လဲပိုပြီးစိမ်းစိုလန်းဆန်းနေပါသည်။

No comments:

Post a Comment