Pages

Thursday, January 6, 2011

အမေ့ရင်ခွင်မှ ဆုတောင်း




ညအခါ
ညဘက်မှောင်လို့
မီးတိုင်ငြိမ်းပေါ့
အိပ်ဖို့အချိန်ရောက်လာတယ်။

မည်းမည်းမှောင်ကာ
တိတ်ဆိတ်ဆဲမို့
ကောင်းကင်ကြီးက ကျယ်လွန်းတယ်။

မှိတ်တုတ်ကြယ်တွေ
လင်းခါလက်လို့
ဖြိုးဖြိုးပြက်ပြက်လှနေတယ်။

ငွေသားရောင်ဖြာ
အလင်းရောင်ပေးတဲ့
ဖိုးလမင်းကြီးဝိုင်းပါတယ်။
ဂျေ
          ကောင်းကင်တွင်ကြယ်များစုံပြီ။ ညလဲနက်ပြီ။မှိတ်တုတ်တုတ်ကြယ်တို့အချင်းချင်းစကားပြောနေသလိုထင်ရသည်။ တခါတရံအလင်းတန်းကြီးတစ်ခုပြေးဆင်းသွားသည်ကိုမြင်ရသည်။ ကြယ်ကြွေသည်ဟု အမေကပြောသည်။ တိုးတိုးလေး အမေတစ်ခုခုကိုလဲပြောတတ်သည်။ အမေ့ကိုဘာပြောတာလဲမေးတော့ ကြယ်ကြွေတာမြင်လို့ ဆုတောင်းရင်ပြည့်တတ်လို့လို့ပြောပြပါသည်။ နောက်ညများတွင် ကြယ်ကြွေချိန်ကိုစောင့်သည်။ စောင့်နေလို့လားမသိ မြင်ရခဲသည်။ ညတိုင်းတော့မတွေ့ရပါ။ ကြယ်ကြွေရင်တော့ ဆုတောင်းတတ်ပါပြီ။ “ညတိုင်းကြယ်ကြွေပါစေလို့”။

       နောက်ညများတွင် အမေ့ကိုမေးကြည့်သည်။ကြယ်တွေကဘယ်လောက်ကြီးလဲလို့။
 ‘ငါ့သားကလဲ ကြယ်ဆိုတာ သပိတ်လုံးလောက်ရှိတာပါ”တဲ့။
သူငယ်ချင်းများနှင့်တွေ့တိုင်းကြယ်တွေအကြောင်းပြောကြတိုင်းကြယ်ဆိုတာသပိတ်လုံးလောက်ပဲရှိကြောင်းပြန်ပြီးဖောက်သည်ချမိပါသည်။
 သူငယ်ချင်းတွေက မယုံသလိုဖြစ်ရင်”မင်းတို့မယုံရင်နေငါ့အမေပြောတာကွ” ဟုပြန်ပြောတတ်ပါသည်။ 
“အမေလူတွေသေပြီးရင် ဘာပြန်ဖြစ်လဲ၊ သူငယ်ချင်းတွေကပြောလို့ သူတို့သိတဲ့လူတွေသေသွားတာ လူလဲဖြစ်တယ်။ နောက်ပြီးတော့ ခွေးတွေ၊ကြောင်တွေလဲဖြစ်ကြတယ်လို့ပြောတယ်။ လူသေရင်လူပြန်မဖြစ်ဖူးလားဟင်”လို့မေးတော့။ အမေက”ငါ့သားကလဲလူဖြစ်တာလဲဟုတ်တယ်။ ခွေးတွေ၊ ကြောင်းတွေဖြစ်ကုန်တာလဲ မှန်တာပဲ။ မကောင်းတာတွေလုပ်ရင် ခွေးတွေ၊ကြောင်းတွေဖြစ်တတ်တယ်။ ကောင်းတာလုပ်ရင် လူပြန်ဖြစ်တာပေါ့”ဟုရဲရဲရင့်ရင့် အမေဖြေလေ့ရှိပါသည်။ ဘ၀တိုင်းလူပြန်ဖြစ် ဖို့ဆုတောင်းသည်။ ဒီအမေနဲ့ပဲပြန်တွေ့ဖို့ဆုတောင်းသည်။ ကြယ်တွေကြယ်တာမြင်တိုင်း ဆုတောင်းစရာတွေထပ်ပြီး တိုးတိုးလာသည်။ 
“ငါ့သားက လူဝင်စားမှန်းအမေသိတယ်။ အမေတို့အိမ်နားက ကိုမဲကြီးဆိုတာရှိတယ်။ အမေတို့လဲ အမျိုး မကင်းဘူးပေါ့။ နောက်အိမ်ထောင်ကျတယ်။ နေပါဦး။ သူ့မိန်းမနာမည်တောင်အမေ မေ့နေတယ်။ ထားပါ။ သိပ်မကြာခင် ကိုမဲကြီးမိန်းမ ကိုယ်ဝန်ရှိလာတယ်။ မွေးခါနီးလာတဲ့ တစ်နေ့မှာ အမေတို့ ရွာကို ဓါးပြတွေဝင်တယ်။ အဲဒီညမှာပဲ ကိုမဲကြီးမိန်းမ ဘိုက်နာတယ်။ ကလေးမီးဖွားဖို့ပေါ့။ ဓါးပြတွေကလဲ ယောင်္ကျားတွေကိုဖမ်းလေ့ရှိတယ်။ ရွာထဲကလူတွေထွက်ပြေးကြတာပေါ့။ ကိုမဲကြီးကိုလဲ ပြေးဖို့ပြောကြပါတယ်။ သူ့မိန်းမမီးဖွားနေတာမို့ မပြေးဘူးပေါ့ ငါ့သားရယ်။ အမေတို့အိမ်နားက ရေတွင်းပျက်နားမှာပဲ ညမှောင်မှောင်လေး လှည့်ပတ်ပြီး ပုန်းနေတာ။ အဲမှာတင် ဓါးပြတွေက မြင်လို့ သေနတ်နဲ့ပစ်လိုက်တာ သေပါလေရော။ သိပ်ပြီး မကြာပါဘူး။ အမေ့ အိပ်မက်ထဲမှာ ကိုမဲကြီးက ငါ့ညီမ နင်တို့အိမ်မှာ ငါနေမယ်ပြောတော့ အမေလဲ ဘာမှမပြောလိုက်ပါဘူး။ ဦးလေးနေရင်လဲ နေပေါ့လို့ပဲ ပြောလိုက်တယ်။ မနက်ပြန်စဉ်းစားမှ ကိုမဲကြီးက သေတာတောင် အတော်ကြာပြီပဲလို့ သတိရတာ၊ အဲနောက်တော့ ငါ့သားကို ကိုယ်ဝန်လွယ်ရတာပဲ။ ဒါကြောင့်မို့ ငါ့သားကို အမေက ကိုမဲကြီးလို့ အတတ်ကို ယုံတာ။ ကိုမဲကြီးက အကုသိုလ်မများလို့ဖြစ်မှာပေါ့။ ပြီးတော့ သူ့မိန်းမကိုစိတ်မချနိုင်တာလဲပါမှာပေါ့ကွယ်”။
အမေပြောလို့သာကိုမဲကြီးဘ၀ကိုကြားရဖူးသည်။ မသိရသေးသော မိမိ၏ဘ၀တစ်ခုကိုပြန်ပြောပြနေသဖြင့် တစ်မျိုးတော့ခံစားမိပါသည်။ မျက်စိထဲတွင်ပြေးပြီးမြင်ယောင်မိသည်။ သံယောဇဉ်သမားတစ်ဦးရဲ့ နောက်ဆုံး ငိုရှိုက်သံသဲ့သဲ့ကိုလဲကြားမိသည်။ 

ကိုမဲကြီး ကြယ်တွေကြွေတိုင်းဆုတောင်းခဲ့ဖူးသလားမေးလိုက်ချင်သည်။ သီရိလင်္ကာနိုင်ငံသို့ရောက်ပြီး စာသင်နေရစဉ်အတွင်း၌လည်း မိတ်ဆွေများနှင့်ဆုံလို့ စကြာဝဠာ အကြောင်းပြောတိုင်း ကြယ်ဆိုတာ သပိတ်လုံးလောက်ပဲ ရှိတဲ့အကြောင်း ပြောမိပါသည်။ သပိတ်လုံးလောက် ကြယ်တွေ အများကြီး ရှိကြောင်းသိရသည်။ မြေကမ္ဘာထက်များစွာကြီးမားသော စနေဂြိုလ်ကြယ်ကြီးစသည်များကိုမဆိုလိုပါ။ ပြီးတော့ ကြယ်ကြွေရင်း ဆုတောင်းဖို့လဲ ကြုံရင်ပြောတတ်ပါသည်။ အခုထပ်ပြီးပြောလိုက်မိသည်။ 
          သံယောဇဉ်သမားကြီး ကိုမဲကြီးအကြောင်း။……

No comments:

Post a Comment