Pages

Thursday, January 9, 2014

တောင်တစ်ရိုး ခိုးမင်သန့် တဝေေ၀


ဆောင်းမနက်ခင်းတစ်ခုပါ။ ဆောင်းနှင်းနဲ့ အအေးဓာတ်တို့လောကဓာတ်တစ်ခုလုံးကို လွှမ်းခြုံထားသည်။ ဘုရားရှင်လက်တော်က ရေပူချောင်း(တပေါဒါ)ကို ကျော်ဖြတ်မိတော့ ဝေဘာရတောင်ခြေကို ရောက်ပြီ။


ဆောင်းတွင်းကာလ တပေါဒါ ချောင်းလေးသို့ စီးဝင်သော ရေပူများကို သူတို့ချိုးနေကြသည်။ 
ပထမဆုံး အဆင့်က ဇာတ်မြင့်တွေချိုးကြသတဲ့။ 
ဒုတိယ အဆင့်က ဇာတ်အလတ်စားတွေ နဲ့ အောက်ဆုံး အဆင့်ကတော့ ဇာတ်နိမ့်တွေဖြစ်ကြပါသတဲ့။
သူတို့မျက်နှာတွေကြည့်လိုက်တော့ အားလုံးအိန္ဒိယသားကုလားတွေချည်းပါပဲ။
ဒါပေမယ့် မမြင်နိုင်သော သူတို့ အမှတ်ဉာဏ်တွင် ဇာတ်စနစ်တွေဝင်ရောက်နေရာယူနေကြသည်ပဲလေ။

ရေသည် အဖြူ အစင်ဆုံး၊ အနံ့၊ အရောင်ကင်းခြင်းတို့သည်ပင် အိန္ဒိယရဲ့ ဇာတ်စနစ်အောက်တွင် အဆင့် ကွဲသွားလေပြီ။ အရောင်ဆိုးကြလေပြီ။ ဘုရားရှင်ကို သူတို့သိမှသိကြပါလေစ။

ဘုရားရှင်လက်ထက်တော်က မထေရ်မြတ်တို့ အဆင်းအတက်ဖြင့် ကြည်နူးဖွယ်ဖြစ်မည့် တောင်စောင်းကို လှမ်းတက်လာမိခဲ့သည်။ လေးဘက်လေတန်ကြည့်လေတိုင်း တောင်တံတိုင်းကြီးတွေကာရံထားသလိုရှိသည်။
တောင်ကြီးများရံထားသော အလယ်တွင် မြို့တည်ထားသော တို့မြို့တော်ကြီးသည် ရာဇဂြိုဟ်အမည်ရှိ သည်။

ဘုရားရှင်၏ အစအဦးဆုံးဝါတော်ဆိုရာဒေသဖြစ်သည်။ ဝေဠုဝန်ကျောင်းတော်၊ ဘုရင်ဗိမ္ဗိသာရ သားတော် အဇာတသတ်တို့ပုံရိပ်သည် သက်ဝင်လှုပ်ရှားလာသည်။ ထီးနန်း စည်းစိမ်အတွက် အနိုင်ရလိုသူကြီး အဇာတသတ်၊ မေတ္တာရှင်ဖခင်ဘုရင်ကြီးနှင့် အနိုင်အရှုံးကင်းသော ဘုရားရှင်ပုံရိပ်တို့သည် တစ်နေရာ တည်းတွင် ရုပ်ချည်းပေါ်လာကြသည်။

ရာဇဂြိုဟ်က အတိတ်ဇာတ်လမ်းသည် လောကအတွင်းက အဖြစ် အပျက်များနှင့် ကာရံကိုက် နေဆဲဖြစ် သည်။ အပူ၊ အအေးနှင့် ငြိမ်းချမ်းခြင်းတို့သရုပ်သည် ရှိနေဆဲပင်ဖြစ်သည်။
ထိုအပူ၊ အအေးများနောက်တွင် တည်ငြိမ်အေးချမ်းသော ဘုရားရှင်ကို မှန်းဆပူဇော်မိသည်။

ဖြေးဖြေးချင်တက်လာလိုက်တာ ဝေဘာရတောင်တစ်ဝက်ရောက်ပြီ။
လေးဘက်လေးတန်တွင် မြူခိုးတို့ဝေနေဆဲရှိသည်။
တောင်အောက်ဘက်တွင် ခရီးသည်တစ်ချို့ တက်လာကြသည်။
တစ်ချို့လည်းပြန်ဆင်းကြပြီ။ ရာဇဂြိုဟ်မြို့တော်ကြီးကား နှင်းဖုံးနေဆဲပင်ရှိသည်။

ဝေဘာရ တောင်ထိပ်တစ်နေရာတွင် ခဏနားမိသည်။
မနေမနားသွားနေသည်ကား အတွေးတို့ဖြစ်သည်။ 

“အနာဂတ် သာသနာရေး အတွက် ပိဋကတ်တော်များကို သုတ်သင်တည်းဖြတ် မှတ်တမ်းပြုကြတဲ့ အစ အဦးဆုံးသင်္ဂါယနာတင်ရာ ဝေဘာရတောင်စောင်းကို မကြာမီရောက်တော့မှာလား” ဟု တွေးလိုက်ချိန် သည် အအေးဓာတ်တို့ငြိမ်သက်သွားသလိုထင်မိသည်။ 


Tuesday, January 7, 2014

ဧကံ သမယံ

ဧကံ သမယံ ဘဂ၀ါ သာဝတ္ထိယံ ၀ိဟရတိ။

တစ်ခါတုန်းက သာဝတ္ထိမှာ ဘုရားရှင် သီတင်သုံးတော်မူသည်။


အကုန်လုံးရနိုင်သော မြို့တော်ဟု ထင်ရှားခဲ့သည်။ သာဝတ္ထိဟုခေါ်သည်။ 
သူဌေးများထင်ရှားပေါ်လွင်သော မြို့တော်ကြီးဖြစ်သည်။ 
မဇ္ဈိမမြောက်ပိုင်းတွင် ဆက်သွယ်ရေး၊ ကုန်သွယ်ရေးတို့တွင် အချက် အခြာကျသည်။ 
ရာသီဥတုသာယာ မျှတသည်။

ဘုရားရှင်သည် တောင်ပိုင်းဒေသ မဂဓတိုင်းဝေဠုဝန်ကျောင်းတော်တွင် ငါးဝါ သီတင်းသုံးတော်မူ သည်။
မြောက်ပိုင်းဖြစ်သော ကာသိတိုင်း သာဝတ္ထိတွင် နှစ်ဆယ့်ဝါးဝါ သီတင်းသုံးတော်မူသည်။ သာဝတ္ထိမြို့ရှိ အနာထပိဏ်၏ ကျောင်းမှု ဇေတ၀န်ကျောင်းနှင့် ဒေါ်ဝိသာခါတို့ ဆောင်လုပ်လှူဒါန်းသော ပုဗ္ဗာရုံကျောင်း
တော်တို့တွင် ဒေသနာတော်အများစုကိုဟောကြားတော်မူသည်။ 

ကျောင်းအဆောင်ဆောင် တပည့်ပေါင်းများစွာဖြင့် ဘုရားရှင် သီတင်းသုံးတော်မူသည်။ စီးပွားရေးကောင်း
သော သူဌေးများရှိသောကြောင့် ဆွမ်း၊ ကွမ်းလည်း မပူပင်ကြရပေ။ သက်တော်အားဖြင့်လည်း ဘုရားရှင် သည် ငါးဆယ်ကျော်ပြီဖြစ်သောကြောင့် ရာသီဥတုမျှတ၍ နှစ်ပေါင်းများစွာသီတင်းသုံးတော်မူသည်။

အခုချိန်ပြန်ရောက်ရတော့ ပါဠိတော်မြင်ကွင်းနှင့်ကွာလေပြီ။ ဇေတ၀န်ကျောင်းတော်ကြီးထဲ ၀င်လိုက်တော့ လက်ယာဘက်မှာ အာနန္ဒာဗောဓိပင်သည် ဆောင်းနှင်းများအောက်တွင် ရှိနေသည်။
 ညောင်ရွက်ကောက်ရောင်းကြသောကုလားများသည် အလုအယက်ပြေးလာကြသည်။ 
သူတို့ကောက် ထားသော ညောင်ရွက်များကို ရောင်းကြသည်။

ဘုရားရှင် လက်ထက်တော်က ရဟန်းတော်များ စည်းဝေးရာ ကျောင်းတော် အဆောင်ဆောင်တို့သည် အုတ်ရိုးဖြစ်ဖြင့်သာ မြင်ရတော့သည်။

ဘုရားရှင်နှစ်ပေါင်းများစွာ သီတင်းသုံးတော်မူရာ ဂန္ဓကုဋိကျောင်းတော်သည် နိုင်ငံအစုံကပူဇော်သူများ၏ ပန်းများဖြင့် မွှေးထုံနေဆဲဖြစ်သည်။
ဦးအကြိမ်ကြိမ်ချပူဇော်မိသည်။

ဒက္ခိဏံပထမံ ပါဒံ၊ ဥဒ္ဓရန္တော နရာသဘော၊

ဂစ္ဆန္တော သိရိသမ္ပန္နော၊ သောဘတေ ဒွိပဒုတ္တမော။

ခြေနှစ်ချောင်းရှိသူ၊ များဗိုလ်လူတွင်၊

အထူးတင့်တယ်၊ ဂုဏ်ပေါင်းကြွယ်သော၊

တို့များသခင်၊ သုံးလူ့ရှင်သည်၊

လက်ယာခြေစ လှမ်းကာကြွသည်၊

ဖူးမ၀ အကြိမ်ကြိမ်ပါဘုရား..၊

ကိုတိုးတိုးလေးရွတ်ဆိုမိသည်။ ကြည်နူးရသည်။

ကြည့်နိုင်မှ မြင်ရသော ကျောင်းအဆောင်ဆောင်တို့သည် နှင်းမှုံမှုံအောက်တွင် သမိုင်းမှတ်တိုင်များ အဖြစ် သက်ဝင်လှုပ်ရှားနေသည်။

သာဝတ္ထိမြို့တော်ကြီးကို ရောက်ရပြီဆိုတော့ ဖတ်ခဲ့ဖူးတဲ့ ပါဠိမှတ်တမ်းများဖြင့် ချိန်ထိုးကြည်ညိုရသည်။
အာရုံပြု၍ကြည်ညိုမိသော အခါ..

"ဧကံ သမယံ ဘဂ၀ါ သာဝတ္တိယံ"ဟူသော အရှင်မြတ်ကြီး အာနန္ဒာ၏ ရွတ်ဆိုလိုက်သံသည် ရင်တွင် လှုပ်ခါယိမ်းထိုးနေတော့သည်။ 

Wednesday, January 1, 2014

ဂင်္ဂါမြစ်တွင် ရေချိုးစေချင်သူ



ရထားဘူတာရုံတွင် ခရီးသည်တွေ စုပြုံတိုးနေကြသည်။ တစ်ခုံတစ်နေရာ အတွက် သူထက် ငါဦး အရင်ဦး လုတိုးနေကြသည်။ ကိုယ်လည်း တစ်ယောက် အပါအ၀င်မို့ ရထားမထွက်မီ လုတိုးရင်းတစ်နေရာရခဲ့သည်။ ခရီးမဆုံးခင် ပိုင်ဆိုင်ရမည့် ခုံကို ထိုင်မိချိန် ဆောင်းအေးအေးတွင် ချွေးတို့တစ်လုံးလုံးဖြင့်။ 
ခရီးသည်စုံ၍ ဥသြဆွဲကာ ခရီးစတင်လိုက်ပြီ။ ဘယ်ညာတွင် အရိပ်တို့ တလိပ်လိပ်ကျန်ရစ်သည်။ 

ဘယ်သွားမလို့လဲ..
မျက်နှာချင်းဆိုင်မှ မေးလာသူကို ကြည့်မိတော့ ဖော်ရွေမှုကို အထင်းသားတွေ့ရသည်။
ဗုဒ္ဓဂယာကို သွားမလို့ပါ။
ကျနော်ခင်များကို မြင်လိုက်ကတည်းကဗုဒ္ဓဘာသာရဟန်းတော်မှန်းသိပါတယ်။
ဗုဒ္ဓဂယာကို ဘာသွားလုပ်မလို့လဲ..။
သူက ထပ်ဆင့်မေးပြန်သည်။

အော်..၊ မြန်မာဦးနိုင်ငံကဦးဆောင်ပြီး..၊ ဗုဒ္ဓဂယာမှာ ပူဇော်ပွဲရှိတယ်။ ပူဇာလုပ်ဖို့ သွားမှာပါ။
ဘယ်လောက်ကြာမှာလဲ၊
အင်း ဆယ်ရက်ရွတ်ဖတ်ပူဇော်ကြမှာပါ။
ကျနော် ဗုဒ္ဓဂယာကို ရောက်ဖူးပါတယ်။ ခင်များတို့လို ဗုဒ္ဓရဟန်းတော်တွေကို မြင်တွေ့ရဖူးပါတယ်။
ကျနော်လည်း ဂယာကိုသွားမလို့ပါ။
ကျနော်တို့ရဲ့ ကွယ်လွန်သွားတဲ့ ဘိုးဘွားတွေကို ရည်စူးပြီး ပူဇာလုပ်ဖို့ပါ။
အော် ခရီးအတူတူဆိုတော့ စကားတွေ အများကြီးပြောရဦးမှာပေါ့။
ပြောရင်း ဆိုရင်း ဘေးက ရှုခင်းများကိုကြည့်မိသည်။
နှင်းမှုံများက တောင်တန်းများကို ၀န်းခွေနေသည်။
မှောင်ပျပျတွင် မီးရောင် အနည်းအငယ်သည်သာ ညဥ့်မှောင်မှောင်ကို အတင်းတိုးဝှေ့လျက် အလင်းဆောင်နေသည်။ တဂျိမ်းဂျိမ်းဖြင့် တဟောဟောဆိုက်လျက် ပြေးနေသည်။ 

အရင်ကရော ဗုဒ္ဓဂယာကိုရောက်ဖူးလား..
ဟုတ်၊ ရောက်ဖူးပါတယ်။ ဗုဒ္ဓဂယာတင် မကဘူး။ ဗာရာဏသီက မြတ်စွာဘုရား တရားဦးဟောတဲ့ ဆာရနတ်နဲ့ ကျနော်မြတ်ဘုရား နောက်ဆုံးသေဆုံးရာ ဥဒရာပရာဒေ့ရှ်ကိုလည်းရောက်ဖူးပါတယ်။ ဖွားတော်မူရာနီပေါနိုင်ငံကိုလည်းအရင်က ရောက်ဖူးပါတယ်။
သူက သေချာကြည့်သည်။
ဒါဆို ခင်များ ဂင်္ဂါမြစ်ကို ရောက်ဖူးတာပေါ့နော်..
ဟုတ်..၊ ခဏခဏ ဖြတ်ပြီး သွားဖူးပါတယ်.၊
သူခဏငြိမ်နေသည်။

ခင်များတို့ ဗုဒ္ဓဘာသာတွေအတွက် သွားရောက်ပူဇော်ရမယ့် နေရာတွေ ဘယ်လောက်ရှိလဲဗျ..
ဖွားတော်မူတဲ့ နေရာ..နီပေါ၊
ဘုရားဖြစ်တော်မူရာ ဂယာ၊
တရားဦးဟောတော်မူရာ ဗာရာဏသီနဲ့.
နောက်ဆုံး သေဆုံးရာ ကုသိနာဂါလို့ အထူးအားဖြင့် လေးနေရာရှိပါတယ်။
သူချည်းမေးနေသည်မို့ ကိုယ်ကလည်း ပြန်လည်မေးမိသည်။

ခင်များတို့ ဟိန္ဒူတွေအတွက်တော့ ပူဇော်နေရာတွေ ဘယ်လောက်ရှိလဲ..၊
သူ ပြုံး ရထားအပြင်ကို ခဏကြည့်သည်။
" ကညကုမာရီကနေ ဟိမန္တာတောင်တန်း အထိပူဇော်ရာနေရာတွေချည်းပါပဲ..."


သူပြောလိုက်သော အတိုင်းအတာသည် တောင်ဘက်အစွန်းဆုံးမှသည် မြောက်ဘက် အစွန်းဆုံးအပိုင်းကို ဆိုလိုက်ခြင်းဖြစ်သည်။ 
ဟိန္ဒူတစ်ယောက် အတွက် ပူဇော်ရာနေရာတွေပြီးရင် နောက်ဆုံးကာသိတိုင်းက ဗာရာဏသီအနီး ဂင်္ဂြါ်မစ် မှာရေချိုးကြပါတယ်..၊ ခင်များလဲ ဂင်္ဂါမြစ်မှာ တစ်ခါလောက်တော့ ရေချိုးသွားသင့်တယ်ထင်တယ်..
ဘာဖြစ်လို့လဲဗျ..။
သူတောင်းဆိုလာခြင်းကို နားမလည်သလို ပြန်မေးမိသည်။

ကျနော်တို့ ဟိန္ဒူရိုးရာအရတော့ ဂင်္ဂါမြစ်မှာ ရေချိုးရင် အပြစ်ကင်းတာပေါ့။
ကောင်းမြတ်ခြင်းတွေဖြစ်တာပေါ့..၊
သူ့ကို ပြန်ပြီး အဖြေပေးနိုင်ရန် စဉ်းစားရသည်။

ကျနော်တို့ မြတ်ဗုဒ္ဓလည်းအိန္ဒိယနိုင်ငံမှာ သစ္စာသိမြင်ပြီး ဘုရားဖြစ်တာပါ။
ဘုရားရှင်ဟောကြားချက်တွေမှာ ခင်းများတို့နိုင်ငံက မြစ်တွေအကြောင်းအများကြီးပါပါတယ်၊
ဒါပေမယ့် ရေချိုးလို့ အပြင်ကင်းတဲ့ မြစ်ရယ်လို့ ဘယ်မြစ်ကိုမှ မရည်ညွှန်းဖူးဘူးဗျ။
သူမော့ကြည်သည်။ ပြီးတော့ ပြုံးသည်။ 

ဟုတ်..၊ မြတ်ဗုဒ္ဓဟောတာ မှန်ပါတယ်။ ဒါပေမယ့် ခင်များ အိန္ဒိယနိုင်ငံမှာကျောင်းတက်နေတုန်း ဂင်္ဂါမှာ တစ်ခါလောက်တော့ ရေချိုးဖူးစေချင်လို့ပါ.
ကိုယ်လည်း သူ့ကို ပြန်လည်ပြုံးပြမိသည်။
"ဟုတ် ကြိုးစားပြီး ရေချိုးလိုက်ပါ့မယ်.."
  

ရထားကြီးကား ခရီးသည်များကိုတင်ဆောင်လျက် ပြေးနေသည်။
လမ်းဘေးဝဲယာတွင် ဘုရားကျောင်း အသီးသီး၊ လယ်ကွင်း၊ တဲအိုနှင့် တောင်တန်းတို့ရှိသည်။ ထိုးထိုးထောင်ထောင်မြို့ကြီးများကိုလည်း မကြာခဏဖြတ်သန်းရသည်။ 
ဂင်္ဂါမြစ်ကြီးကို ရထားကြီးဖြတ်မောင်းချိန်တိုင်း ငုံ့ကြည့်မိသည်။
ပြာသည်လည်း တစ်ချို့၊ ညိုညိုညစ်ညစ်လည်းပါ၊ အပြောကျယ်စွာနှင့် ညှို့ယူလျက်ရှိသည်။
ဂင်္ဂါမြစ်တွင် ရေချိုးလိုက်ချင်သေးသည်။