Pages

Tuesday, May 29, 2012

ရဟန်း ဘာကြောင့်ပြုရတယ်...



အမေနဲ့ အဖေ ကျုပ်သာသနာ့ဘောင်ဝင်ပြီး၊ ရဟန်းပြုပါရစေ၊

အို...မဖြစ်နိုင်တာ သားရယ်။ ငါ့သားက အမေတို့ အဖေတို့ရဲ့ တစ်ဦးတည်းသော သားပါကွယ်။ မင်းသာသနာ့ဘောင်ဝင်ပြီး ရဟန်းပြုလိုက်ရင် တို့အမွေခံခြင်းနဲ့ မျိုးဇာတ်ပြတ်တော့မှာပေါ့။

ပြီးတော့ သားရယ်၊ ရဟန်းဘ၀ဆိုတာ သူများပေးစာ၊ ကမ်းစာကိုသာ စားရတဲ့သူတွေပါ။ 

ကိုယ်စားချင်တာ စားလို့ မရပါဘူး၊ သားရယ် ကိုယ်တိုင်က အေးတဲ့ အရသာ အာဟာရလိုချင်ပေမယ့် အပူကို ရတတ်ပါတယ်။ အဲလိုပဲ အပူလိုချင်ရင် အအေးရတတ်ကွယ့်။

တော်ပြီဗျာ၊ ကျုပ်ကတော့ ရဟန်းမပြုရရင် မထင်းမစားတော့ဘူး။ နောက်ဆုံးတော့ ခိုင်မြဲသော ဆန္ဒပြ၊ အဓိဌာန်ချက်တွေနဲ့ ရဟန်းတော် တစ်ပါးဖြစ်ခဲ့ရပြီ။ 


ဥယျာဉ်ကြီးသည် အုံ့ဆိုင်းစိမ်းညို့နေသည်။ ထိုတောအုပ်ကြီး၏ သစ်ပင်တစ်ပင်အောက်တွင် ရဟန်းတော်တစ်ပါးသီတင်းသုံးနေသည်။ ရဟန်းတော်၏ အသွင်အပြင်သည် စိမ့်စမ်းကောင်းသော ဂနိုင်ကြီးနှင့်အတူ အေးချမ်းတည်ငြိမ်သည်။

ကြွေသောသစ်ရွက်တစ်ချို့လည်းမြေသက်နေကြသည်။ ရင့်ရော်နေသော သစ်ရွက်အိုတို့ နောက်ဆုံး အချိန်ကိုငံ့လင့်ရင်း တွဲလဲခိုနေကြသည်။ အိုမင်းခြင်းတို့ ကုန်ဆုံးလျှင် ရွက်နုသစ်ဖူးပုရစ် အစုံစုံဖြင့် တော ရဂုံကြီးလှပေဦးတော့မည်။ 

နုပျိုခြင်းသည် အလှတစ်မျိုးဖြစ်သလို၊ ရင့်ရော်ခြင်းဆိုသည်မှာလဲ အလှတစ်မျိုးဟုပင် ဆိုနိုင်သည်။ အားပြိုင်နေသော အလှတို့ အကြားတွင် အိုခြင်း၊ ပျိုခြင်း၊ နုသစ်ခြင်းတို့ကို အမှုမထားပဲ ငြိမ်သက်ခြင်း တရားဓမ္မကို ရဟန်းတော်ဆင်ခြင်နေလေသည်။

ထိုရဟန်းတော်၏ ရှေ့တွင်ကာ ဘုရင်တစ်ပါး ရှိသည်။ အားမာန်ရှိသည်။ အင်းအားပြည့်သည်။ နိုင်ငံ့ ဦးကင်းဖြစ်သည်အားလျှော်စွာ တည်ငြိမ်ခြင်းလဲပါနေသည်။ သတိထားကြည့်လျှင် သူ့မျက်ဝန်းတွင် စူးစမ်းလေ့လာမေးစမ်းလိုသော သဘော အထင်းသားမြင်နိုင်သည်။

အရှင်ဘုရား၊ တပည့်တော်က ကုရုတိုင်းက ဘုရင်ပါကောရဗျမင်းပါဘုရား၊ ရှင်ဘုရား သာသနာ့ဘောင် ၀င်ပြီး ရဟန်းပြုသွားတယ်ကြားမိတော့ အတော် စိတ်မကောင်းဖြစ်မိပါတယ်။ အံ့လည်းအံ့သြမိပါတယ်။ တပည်တော်အံ့သြတာက အရှင်ဘုရားလို နုနုနယ်နယ်၊ ပျိုပျိုရွယ်ရွယ်လေးနဲ့ လောက စည်းစိမ်တွေကို စွန့်ပြီး စည်းစိမ်ကင်းတဲ့ ရဟန်းဘ၀ကို ကူးပြောင်းသွားတယ်ဆိုတော့ အံ့သြ လိုက်တာဘုရား၊

တပည့်တော် သိထားတာက အိမ်ရာထည်ထောင်တဲ့ လူ့ဘ၀ကနေ တောထွက်ရဟန်းပြုကြတယ်ဆိုတာ 

အိုမင်းရင့်ရော်ပြီး စည်းစိမ်ခံစားလို့ မရတော့တဲ့ အချိန်လိုဆိုတဲ့ အိုခြင်းတရား၊

စည်းစိမ်ခံစားလို့ မရနိုင်လောက်အောင် နာကျင်ခြင်းဝေဒနာတို့ ဖြစ်ပေါ်ချိန်၊

ပြီးတော့ စီးပွာဥစ္စာတွေပျက်စီးပြီးထောက်တည်ရာမရ ခိုကိုးရာမဲ့နေတဲ့အချိန်၊

နောက် ဆွေမျိုးတွေပျက်စီးလို ကြွေးမွေးမယ့် သူမရှိတော့လို့ အားကိုးရာမဲ့တဲ့ အချိန်မျိုးဆိုတဲ့ ပျက်စီးခြင်းတွေနှိပ်စက်လို့ တောထွက်ရဟန်းပြကြတယ်လို့ ထင်နေတာပါဘုရား၊

အရှင်ဘုရားကတော့ သူဌေးသားလဲဖြစ်၊ အရွယ်လဲ နုပျို၊ မိဘများလည် သက်ရှိထင်ရှားရှိနေပါလျှက်နဲ့ ရဟန်းပြုသွားတယ်ဆိုတော့ အံ့သြလွန်းလို့မေးလျှောက်မိတာပါဘုရား။


ရဟန်းတော်နှင့် ရှင်ဘုရင်တို့အကြား ခဏမျှ တိတ်ဆိတ်သွား၏၊ သစ်ရွက်အိုတစ်ချို့ လှုပ်ခတ်နေ၏။ တစ်ချို့လေတွင်ဝဲကာ မြေသက်ကြ၏။ တောကြီးတစ်လုံးအေးဆေးငြိမ်းချမ်းသည်လဲ ရှိနေ၏။ သစ်ပင် အကြိုအကြားက တိုးဝင်လာသော နေရောင်ခြည်ကြောင့် ရဟန်းတော်၏ အေးဆေးတည်ငြိမ်ပြီး သောက ကင်းသော ပုံရိပ်၊ ပူပန်ခြင်းကင်းသော အသွင်ပြင်၊ ရဲရင့်သော မူဟန်သည် ပီပြင်ထင်ရှား နေ၏။

ဒကာတော်ကြီး၊ ဟောဒီသစ်ရွက်တွေ ရွက်နုသစ်ကနေ တဖြည်းဖြည်းအိုလာကြတယ်။ ခန္ဓာဆိုတဲ့ သဘောကလည်း အိုးခြင်းဘက်ကို ဆောင်နေတယ်။ အဲဒီအိုခြင်းဆိုတဲ့ သဘောကိုမြင်လို့ရဟန်းပြု ပါတယ်။

ဟောဒီတောထဲက သစ်ရွက်တွေ လေတိုက်တော့လဲ ကြွေ၊ မိုးရွာတော့လဲကြွေ၊ သူ့အလိုလိုကြွေ ဆိုတဲ့ ဘေးရှိတယ်။ လူ့ဘ၀ဆိုတာလဲ ကြွေရမယ့် အဖြစ်မျိုးကနေ လွတ်အောင် ရုန်းဖို့ အားမရှိဘူး၊ အားကိုးရာ မရှိဘူး၊
အဲဒါကြောင့် အားကိုးလို့ မရတဲ့ သဘောကို မြင်လို့ ရဟန်းပြုပါတယ်။

ဟောဒီတောထဲ က သစ်ရွက်တွေ နုရာကနေ အို၊ ဖူးပုရစ်ကနေ အို၊ နောက်ဆုံး ရွက်ရော်ဘ၀ ရောက်ပြီး ဆုတ်ယုတ်နေခြင်းဆိုတဲ့ သဘောရှိသလို၊ ဘ၀ခန္ဓာဆိုတာလဲ ဆုတ်ယုတ်သွားတဲ့ သဘော ပဲရှိပါတယ်။
အဲဒါကိုမြင်လို့ သိလို့ရဟန်းပြုပါတယ်။

ဒကာတော်ကြီးသိသလို၊ ကြားဖူးသလို အဖြစ်မျိုးနဲ့ ရဟန်းပြုခဲ့ခြင်းမဟုတ်ပါဒကာတော်။

မှန်ပါ၊။ ၀မ်းမြောက်လှပါတယ်ဘုရား။

တောဂနိုင်ကြီးသည် တည်ငြိမ်နေ၏။ သစ်ရွက်တစ်ချို့ လေအဝှေ့တွင် ယိမ်းထိုးလှုပ်ခါနေကြ သည်။ ကြွေသော တစ်ချို့၊ အိုသော တစ်ချို့ဖြင့် တောဂနိုင်သည် မိုးဦးကာလတွင်လည်း ရွက်သစ်တို့ဖြင့် လှချေဦးတော့မည်။

ရဟန်းတော်သည်သာ အိုခြင်း၊ နာခြင်း၊ နုပျိုခြင်းတို့ကို အမှုမထား အေးချမ်းခြင်းတရား၌ သာမွေ့လျော်ငြိမ် သက်နေတော့သည်။ 


Thursday, May 24, 2012

မွေးရပ်မြေမှ ရဟန်းတော်



အိန္ဒိယနိုင်ငံသည် ဘာသာတရားများပေါ်ပေါက်ရာဒေသကြီးဖြစ်သည်။ ယနေ့တိုင်အောင် လည်း နောက် ထပ် အယူဝါဒရေး ရာများ ပေါ်ပေါက်နေဆဲပင်ဖြစ် သည်။ နောက်များလည်းပေါ်ပေါက်နေ ဦးမည် သာဖြစ်၏။ ကမ္ဘာ့ဘာသာကြီးများ၏ မွေးရပ်မြေဆိုနိုင်သည်။ အာရှတိုက်ကြီးတစ်တိုက်လုံးနီးပါးကို လွှမ်း မိုးနိုင်စွမ်းသော ရာမ၊ ကရစ်ရှနား၊ သီတာ၊ ရာဝဏ တို့၏ ဇာတ်လမ်းကြီးသည် အိန္ဒိယမြေ တွင် ပေါ်ပေါက်ခဲ့သည်။ အဖြူ အမည်းဖြစ်သော အာရယန်နှင့် ဒြာဗီဒီယန်တို့ ၏ ပြောမဆုံးနိုင်သော ဇာတ်လမ်းမဟာသည် အိန္ဒိယနိုင်ငံတွင် ပေါ်ပေါက်ခဲ့သည်။

ဂျိန်း ဘာသာပေါ်ထွန်သည်။ ဂျိန်းသာဝကများ ယနေ့တိုင်တွေ့မြင်နိုင်သည်။ ဂျိန်းဘာသာသည် ဗုဒ္ဓဘာသာနှင့် ခေတ်ပြိုင်ဖြစ်သည်။ သေချာသေချာ မသိသူများသည် ဗုဒ္ဓရဟန်းတော်များကို ဂျိန်း သာဘာဝင်လားမေးတတ်ကြသည်။ သင်္ကန်းရုံထားသော ရဟန်းတော်များကို သူတို့နိုင်ငံ တစ်နေရာ တိုင်းရင်းသားထင်နေ သူများလည်း ရှိသည်။ ရှေးဟောင်းယောဂီကြီး များလို့ထင်သူလည်း မရှားပါ။ သညာသီလားဟုမေးသူလည်း ရှိပြန်သည်။ လောကီကိစ္စများရှောင်ကာ တောတောင် တွင်မွေ့ လျှော် သူများဟု သဘောထားကြသည်။ တစ်ချို့မှန်၏၊ တစ်ချို့ မမှန်ပါ။ 

 

ဗြဟ္မဏဘာသာတွင် တောထွက်ကာ ဗြဟ္မစရိယ ကျင့်သုံးသူများကို သညာသီဟု ခေါ်ကြသည်။ အိမ်ထောင်မပြုဟု ဆိုလိုက်သည်နှင့် သညာသီတွေလား မေးကြသည်မှာ ခဏခဏ။  သူတို့ပြောပြ ချက်မရ လွတ်မြောက်ခြင်းမောက္ခတရားရှာဖွေသူများသည် အိန္ဒိယနိုင်ငံ တွင်ပေါများကြောင်း၊
ရှေးဟောင်းယောဂီ အကျင့်ကျင့်သုံးများနေရာ တိုင်းတွင် ရှာဖွေတွေ့ရှိနိုင်ကြောင်းပြောပြကြသည်။ 

တစ်နေ့တွင် အကြောင်းကိစ္စတစ်ခုဖြင့် ရုံးတစ်ရုံးသို့ သွားရသည်။ အိမ်ထောင်ပြုရလားမေးသည်။ မပြုရကြောင်းပြောလျှင် လူသားပြန့်ပွားကိုဘယ်လို ဆောင်ရွက်နိုင်မလဲ မေးသည်။

မေးခွန်ရှင်က သူ့အမြင်တွင် တစ်နိုင်ငံလုံးရှိ အမျိုးသားများဘုန်းကြီးဝတ်နှင့် နေသည်ထင် ၍မေး ကြောင်း သိရသည်။ တစ်နိုင်ငံလုံး ဘုန်းကြီးဝတ်ဖြင့်နေကြသည် မဟုတ်ပါ။ မိသားစု ၀င်ထဲက တစ်ယောက် တစ်လေသာ ဘုန်းကြီးဝတ်ကြခြင်းဖြစ်၍ ထိုကိစ္စပူစရာမလိုကြောင်း ရှင်းပြရသည်။ အဲလိုရှင်းပြလိုက်တော့ စိတ်အေးသွားတယ်ထင်ရပါသည်။ အော်တဲ့..မေးခွန်းရှင်က။

ပြည်ပတွင် မဟုတ်ပဲ မြန်မာနိုင်ငံ တွင် တွေ့ကြုံလိုက်ရသည်က ပိုပြီး စိတ်ဝင်စားဖွယ်ကောင်းသည်။ မန်းသာသနာ့ တက္ကသိုလ်တွင် တက်ရောက်နေစဉ် အချိန်တုန်းကဖြစ်ပါသည်။

တက္ကသိုလ်ရှိ စာသင်သားရဟန်းတော်များကို မြန်မာနိုင်ငံအရပ်ရပ်မှာ ဆွမ်းကုသိုလ်ရှင်များလာရောက် ကြသည်။ တစ်ရက်တွင်ဖြစ်သည်။ မြန်မာနိုင်ငံအထက်ပိုင်းမှ ယောဂီ အပျိုကြီးများလာရောက်ကပ်လှူ ကြသည်။

ဆွမ်းစားဆောင်သို့ တန်းစီကြွရောက်လာကြသော ရဟန်းတော်များငယ်ကို ကြည်ပြီး ဒီအရွယ်လေး တွေနဲ့ ဘုန်းကြီးဝတ်နေကြတာ နှမျောလိုက်တာတဲ့၊ ကိုယ်တိုင် အပြောခံရသည်တော့ မဟုတ်ပါ။ သေချာသော မိတ်ဆွေရဟန်းတော်တစ်ပါး အထံမှဖြစ်ပါသည်။

စဉ်းစားမိသည်။ ဘာကို နှမျောတာလဲ၊ ဘယ်သူ့ကိုနှမျောတာလဲ မေးလိုက်ချင်သည်။
အိန္ဒိယနိုင်ငံ သည် ဘာသာရေး ခေါင်းဆောင်များကို မွေးထုတ်ပေးနိုင်ငံခဲ့သလို၊ လေးစားမြတ်နိုးမှုတွင် စံထားထိုက် သည်။  ဗုဒ္ဓဘာသာ ရဟန်းတော်များ၏ အသွင်အပြင် ၀တ်ရုံမှု အနေအထားကို မြင်ရုံနှင့် လည်း ဘာသာရေး ခေါင်းဆောင်များဖြစ်ကြောင်း သိကြသည်။

ရဟန်းတော်များကို ရိုသေလေးစားကြသည်။ တစ်ခါက ချင်းနိုင်းမြို့ရှိ၊ ၀ိဝကာနန္ဒကောလိပ်သို့ မိတ်တွေဖြစ်သူနှင့် အတူလိုက်ပါသွားခဲ့သည်။ ကျောင်းသားများအားလုံး တန်စီးပြီးလမ်းဘေးသို့ ဆင်းရပ်ကာ အရိုအသေ ပေးကြသည်။

တည်ထောင်သော ၀ိဝေကာနန္ဒသည် ဘုရားရှင်ကို ကြည်ညိုလေးစားသည်။ ရာဓကရစ်ရှနားသည် ဗုဒ္ဓဘုရားရှင်၏ ပိဋကတ်တော်များကို ဘာသာပြန်ဆိုပြီး ကမ္ဘာကသိအောင်ထုတ်ဖော်သည်။ သမိုင်းသိ သူများကလည်း ဗုဒ္ဓသည် အိန္ဒိယနိုင်ငံ၏ သမိုင်းကို ထွန်းပြောင်စေသူဖြစ်ကြောင်းလက်ခံကြ၏။

ဗုဒ္ဓသာဝကများသည် အိန္ဒိယနိုင်ငံ၏ စာပေ အနုလက်ရာများကို ထွန်းပြောင်အောင်ဆောင် ရွက်နိုင် သူများအဖြစ် တလေးတစားရှိကြသည်။

ဘိက္ခုများအိန္ဒိယနိုင်ငံတွင် ရှင်သန်ခဲ့သမျှကာလတစ် လျှောက် သမိုင်းကို မညစ်နွမ်းစေခဲ့ကြသည်ကို အိန္ဒိယသားတိုင်း နီးပါးသိကြသည်။


သို့သော် ဗုဒ္ဓသာဝက ရဟန်းတော်များ အပေါ်အမြင်မကြည်လင်သော လူများလည်းရှိကြသည်။ များများစားစား မဟုတ်ပါ။ ဘုရားရှင်လက်ထက်ကပင် ထိုသို့သောသူများရှိသေးသည် မဟုတ်လား။ မထူးဆန်းပါ။

ကြီးမားကျယ်ပြန်ပြီး ရှုပ်ထွေးပွေလီသော အိန္ဒိယနိုင်ငံလိုနေရာကြီးက အသွင်အပြင်မြင် ရုံဖြင့် ဗုဒ္ဓဘာသာခေါင်းဆောင် ရဟန်းတော်များဟု သိနိုင်ကြခြင်းကိုပင် အားတက်မိပါသည်။

တမီးနာဒူးပြည်နယ်၊ Annamalai University တွင်ကျောင်းတက်ရတော့ ကျောင်းတက်နေစဉ် တည်ခိုဖို့ တက္ကသိုလ်နှင့် အနီးမှာ အိမ်ငှားရှာရပါသည်။ အိမ်ရှင်က ရဟန်းတော်များ၏ အသွင်အပြင်ကို မြင်ရသော အခါဗုဒ္ဓဘာသာတွေလားဟု မေးသည်။ ဗုဒ္ဓဘာသာဆိုရင် ကိစ္စမရှိပါဘူး။ လွတ်လွတ် လပ်လပ်နေနိုင် သည်တဲ့။ ကြည်နူးရသည်။


Sunday, May 20, 2012

ဇာတ်ပွဲည ဘီလူးကသည်


တောင်တန်းများဝိုင်းရံထားသည်၊ သမိုင်းအစဉ်အလာရှိသော ရွာများသည် တောင်တန်းကြီး အခြေတွင် ၀န်းခိုနေကြသည်။ ထိုရွာများတွင် စလေဟူသော ရွာတစ်ရွာပါဝင်၏၊ နောက်တစ်ရွာ၏ အမည်ကား ဗျိပုံဟုခေါ်ကြသည်၊ ထိုနှစ်ရွာသည် တောင်တန်းကြီးကမ်းပါးယံတွင်ထင်းထင်းကြီးဖြစ်နေသော ကျောက်ဖြာ ကြီးနှင့် သက်ဆိုင်သည်၊

ထိုကျောက်ဖျာကြီးသည် ထိုရွာနှစ်ရွာ၏ အဓိကသမိုင်းနှင့် သက်ဆိုင်နေသည်၊
ထိုရွာနှစ်ရွာအောက်နားတွင် ၀န်တင်ကုန်းဟူသော ရွာလေးတစ်ရွာရှိပြန်သည်၊ တောထဲဝင်ပြီး ထင်း၊ သစ်၊ ၀ါးစသည်များကို ခုတ်ပြီး သယ်ယူရန် ၀န်စည်း၊ စလွယ် စတင်တင်ရာတွင် တည်ထားသောကြောင့် ထိုအမည်ကို ရသည်။

ဝန်တင်ကုန်း ရွာလေး သို့မရောက်မီ ညာဘက်သို့ ချိုးဝင်လိုက်လျှင် အသောကမင်းကြီး၏ သားတော် မဟိန္ဒ မထေရ်မြတ်၏ ခြေတော်ရာ တစ်ဆူရှိသည်၊ ဘုရားငုံပြီးတည်ထားသည်။ နှစ်စဉ်တပေါင်းလတွင် ဘုရားပွဲကျင်းပကြသည်။ ရွာနီးချုပ်စပ်က လှည်းများဖြင့်လာရောက်ကြသည်။ ဆွမ်းတော်ကြီးတင်ကြ လှူသည်၊ ပန်းများတင်လှူ ပူဇော်ကြသည်။ တပေါင်းလပြည့်နီ;လျင်ဘုရားပွဲတော်လာခရီးသည် ပရိတ်သတ်များနှင့် စုဝေးစည်ကားနေတတ်သည်။ ဘုရားစောင့် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း လည်းရှိ သည်။

ကျောင်းအနီး တွင် ခရီးသွား၊ ခရီးလာ ဘုရားဖူးများသောက်သုံးနိုင်ရန် ရေကန်တစ်ခုတူးဖော် ထားသည်။ အမျိုးသားများသာ ရေကန် အတွင်းဆင်းပြီးခတ်ရသည်၊ အမျိုးသမီး ဆင်းခတ်ပါက အထူးသတိထားရသည်၊ ထမီးရေစက်ကျလျင် ရေချက်ချင်းခန်းခြောက်သည်ဟု ဆိုကြသည်။ တစ်နှစ်က ထိုကဲ့သို့ဖြစ်ဖူး ကြောင်း လူကြီးသူမများပြောကြသဖြင့် ကြားရဖူးသည်၊ မည်သည့်နှစ်ကဟု မသိပါ။ ထိုရေကန်လေးသည် ယခင်က ရေကောင်းများ မထွက်ပဲ၊ ရေပုတ်များသာထွက်သည်ဟု ပြောကြသည်။

တစ်နေ့သော် နူနာရောဂါစွဲကပ်နေသော ဘုရင့် အနွယ်တော်မောင်နှမနှစ်ယောက်ရောက်လာကြသည်၊ သူတို့သည် ရွာနီးချုပ်စပ်သို့ဝင်ရောက်တောင်ယမ်းစားသောက်ကြသည်၊ တစ်နေ့သော် တောင်ရမ်း ရာမှ အပြန်ထိုရေများပုတ်နေသော ရေကန်တွင်ရေချိုးလေသည်။ သူတို့၏ နူနာဝေဒနာများ ပျောကင်းကုန် သည်ဟုဆိုကြသည်။ 

ထိုရေကန်လေးနှင့်တွဲပြီး မဟိန္ဒမထေရ်မြတ်ခြေတော်ရာတည်ရှိရာ စေတီတော်ကို ရေပုတ်ခြေတော်ရာဟု
ကမ္ဗည်းတပ်ကြသည်။ ယနေ့တိုင် ထိုသို့ခေါ်ကြသည်၊ 

တပေါင်းလပြည့်ည ဘုရားပွဲကျင်းပသော အခါ မိုးမချုပ်မီမှောင်ရီရီတွင် တောင်ကမ်းပါးယံက ကျောက်ဖြာ ကြီးကိုမြင်ရသည်။ ဘုရားပွဲလာသူများကို ငုံ့ကြည့်နေသလိုထင်ရသည်။

သေချာကြည့်သော် ကျောက်ဖြာမဟုတ်၊ ဘီလူးမတစ်ယောက် ငုတ်တုတ်ထိုင်ပြီးငိုနေသည်ဟု ဆိုကြသည်။ အက်ကွဲကြောင်းများသည် မျက်ရည်စီးကြောင်းများဟု ပြောကြသည်။
ဇာတ်လမ်းရှိသည်၊ ကျောက်ဖျာဖြစ်သွားသော ထိုဘီလူးမသည် ညတိုင်းတောင်ခြေရှိရွာများသို့ ၀င်ရောက်ပြီး လူသားစား သတ်ဖြတ်လေ့ရှိသည်။


တစ်နေ့သော် သိကြားမင်းက ဘီလူးမအား အကျွတ်တရားရစေလိုသဖြင့် ဆင်းလာသည်၊ ဘီလူးမ ကိုလဲ ပြောထားသည်၊ တောင်ခြေရှိရွာများကို သွားရောက်စားသောက်နေသည်ဟုသိ ရသည်၊ နောက်နေ့ များတွင် ထိုရွာများကို ၀င်ရောက်စားမည်ဆိုလျင် ကြက်တွန်သံမကြားမှ စားရမည်။ ကြက်တွန်သံကြား လျင်ပြန်လာရမည်။ အကယ်၍ ကြက်တွန်သံ မကြားပါက ကြိုက်သလောက်စားနိုင် သည်။

“ကဲစားလေတော့”ဟုသိကြားမင်းကပြောလိုက်လေသည်။

ထိုအစားခံရမည့်ရွာလေးသည် စားလေ ( စလေ) ဖြစ်လာသည်၊ ထိုရွာရှိလူများကို စား၍ကုန်ပါ က နောက်ထပ်လူများကို ဖြည့်ပုံ၍ပင်ပေးဦးမည်ဟု သိကြားမင်းကတိဆိုလေသည်။ ထိုရွာလေး ကို ဖြည့်ပုံ(ဗျိပုံ) ဟုဆိုကြသည်။ ဘီလူးမညစဉ်ညတိုင်းဆင်းသည်။ ကြက်တွန်သည်၊ မစားရပဲ ခရီးအဝေးကြီးကို ပြန်လာရသည်။

နောက်နေ့များလဲ ရှေုရက်များ နည်းတူ ကြက်တွန်သံကြားရမြဲပင်၊ နောက်ရက်များတွင်လဲ ကြက်တွန်သံ  ကြားရပြန်သည်။ မစားရသည့်ကာလများကြာလာခဲ့ရာ ဘီလူးမငိုရပြီ။ တစ်ညတွင် စိတ်ပျက်လက် ပျက်ပြန်လာသော ဘီလူးမသည် မျက်ရည်များဖြင့် ငိုနေလျှက်ပင် တောင်နံရံကို ကျောပြုမှီပြီး ထိုင်လိုက်ရာ ကျောက်ရုပ်ကြီးဖြစ်သွားတော့သည်။  ညစဉ်တွန်သော ထိုကြက်မှာ သိကြားမင်းက အယောင်ဆောင်တွန်ပြလိုက်ခြင်းဖြစ်သည်ပြောကြသည်။

ထိုသမိုင်းအစဉ်အလာရှိသော ရွာလေးများသည် ခြေတော်ရာဘုရားပွဲသို့လာကြသည်။ စီးပွားရေး အကွက်မြင်သော လူများကလည်း ခြောက်ကောင်ဝိုင်း၊ မြားပေါက်ဝိုင်းစသည် အလောင်းကစား မျိုးစုံဖြင့် လာကြသည်။ ဘုရားပွဲလာသူများနှင့် အလုပ်ဖြစ်ကြသည်။

နှစ်စဉ်ဇာတ်ပွဲလည်းငှားကြသည်။ ဇာတ်ပွဲနှင့် ခြောက်ကောင်တို့ကြောင့်လူများ ရုတ်ရုတ်သဲသဲဖြစ် ရသည်။ ပွဲတော်စည်ကားသည်ဟုပြောကြသည်။

ထိုခြေတော်ရာ ဘုရားပွဲတော်သို့ အဖေနှင့် အတူသွားရသည်။ သဲချောင်းကြီးတစ်လျောက်ခြေ လျင် လျှောက်ရသည်။ သဲချောင်းကြီး အဆုံးတွင် ဘုရားပွဲသို့ရောက်တော့သည်။ အဖေသည် ဘုရားပွဲထဲ သို့တန်းမ၀င်ပဲ တောလမ်းအတိုင်းသွားကာ ရင်ခတ်ပန်များကို ချိုးသည်။ ပြီတော့ ဇာတ်ကရာ နေရာကို ပတ်ပြီးခြေတော်ရာရှိရာတောင်တော်သို့ တက်သည်။ ရင်ခတ်ပန်းများဖြင့် ပူဇော်သည်။ ဘုရားရှိခိုးသည်၊

ဇာတ်ပွဲစလေပြီ၊ လူများ ဇာတ်ပွဲရှိရာသို့ဝင်ကြလေပြီ၊ ပွဲဈေးတန်းတွင် လူမရှိသလောက်ဖြစ်ချေပြီ၊
ထိုအခါမှ အဖေသည် ပွဲဈေးတန်းသို့ ဆင်းလာသည်။ ဟိုတို့တို့ ဒီဟာတို့တို့ဝယ်ကြွေးသည်။ မုန့်ဟင်းခါး၊ ကြာဆံသုတ်၊ ဘူးသီးကြော်၊ မုန့်လင်မယားစသည်စားရသည်။


ထို့နောက်ပွဲသိမ်းလုသိမ်းခင်ဖြစ်နေသော ခြောက်ကောင်ဝိုင်းသို့သွားကာဇိမ်နှင့် စိန်ပြေနပြေထိုးတော့ သည်။ တပေါင်းလပြည့်ဝန်းသည် ကောင်ကင်းတွင် ရှင်းရှင်လင်းလင်းသာနေပြီ။ ဇာတ်ပွဲကလည်း မြိုင်နေပြီ၊ အဖေထိုးသော ခြောက်ကောင်ဝိုင်းကလဲ အမြတ်ချည်းရနေသည်။

သို့သော် အဖေသည် လက်ထဲသို့ လေးဆယ်ငါးကျပ် (၁၉၈၇-၈) လောက်အရတွင် ဆက်မကစား တော့ပါ။ ငါ့သား လာဆိုပြီး ကျောပိုကာ လသာသာတွင် ပွဲမကြည့်ပဲရွာသို့ပြန်လာသည်။
လမ်းတွင် အဖေပြောတာများ မှတ်မိနေသည်။

“ဟာ..ငါ့သားရေ..မင်းသား မဆိုးဘူးကွ…ဟဲလဲ ဟဲနိုင်တယ်။ အသံလဲအောင်တယ်ကွ။ နှဲသမားလဲ ဆိုင်းချက်ကို လိုက်နိုင်သားပဲ”ဟုပြောလေ့ရှိသည်။

အေးအေးချမ်းချမ်းဖြင့် ညခင်းဝယ် တပေါင်းလသာသာဖြင့် သဲချောင်းတစ်လျောက် သားဖြစ်သူ ကို ကျောပိုးလိုက်၊ ရေစပ်စပ်တွင်ခြေ ကျင် လျောက်စေ လိုက်ဖြင့် ဝေရီဝေလင်းတွင် အိမ်နားရောက်သည်။ အမေရေနွေအိုးတည် ဆွမ်းချက်နေပြီ၊

“ဟော…တော်ပြန်လာပလား” ဟု အဖေ့ကိုမေးသည်။ ပြီတော့တစ်ဆက်တည်း “ငါ့သားဇာတ်ပွဲတော့ကြည့် ခဲ့ရလား၊ ကောင်းရောကောင်းရဲ့လား” ဟုဆီးကြိုပြီး မေးလေ့ရှိသည်။

မိမိမှာကား အိပ်ချင်စိတ်များကြောင့်ထင်ရသည်။ ဘာမှန်ပြောရမည် မသိဖြစ်နေသည်။ စလေ(စားလေ) ရွာ၊ ဗျိပုံ( ဖြည့်ပုံ) ဘီလူးမ၊ သိကြားမင်း၊ ကြက်တွန်သံ၊ ကျောက်ဖျာကြီးတစ်ခု၊ ကျား၊ ဆင်၊ လိပ်၊ မုန့်ဟင်းခါး၊ ဘူးသီးကြော်၊ ပုဇွန်၊ ငါး၊ ကြက်တို့ကိုသာ တစ်လှည့်စီမြင်ယောင်နေမိသတည်း။ 
..............................................
မှတ်ချက်၊ လွန်ခဲ့သောနှစ်ပေါင်းနှစ်ဆယ်ကျော်က အဖေနှင့် အတူသွားခဲ့ရသော ဘုရားဖူး ခရီးစဉ်တစ်ခု ဖြစ်ပါသည်။ လွန်ခဲ့သောဆယ်နှစ်ကျော်က အဖေကွယ်လွန်ခဲ့ပါပြီ။

Tuesday, May 15, 2012

စစ်ကိုင်းတောင်..အလှ


တောင်စစ်ကိုင်း၊
ချောင်တိုင်း သူတော်မှီ၊
မြစ်ဧရာဝန်းလည်ခ၊ 
ချမ်းမြအေးကြည်၊

ဖူးမ၀တဲ့ထုံးစေတီ၊
အစီအရီတည်ထား၊

ဗျိုင်းငှက်နားထောင်သောင်းလို၊
ချောင်ပေါင်းတစ်ခို
ဖူးမ၀သဒ္ဓါပိုသည်၊
ဟို..ရှေးမြန်မာတည်ထားခဲ့လေး။


Sunday, May 13, 2012

ရပ်တော်မူပါဦးဘုရား




နောင်…တူ..ဝေ..ဝေ.

ဆွမ်းတော်ဗျို့..
ရပ်တော်မူပါဦးဘုရား…


ကိုရင်ပုဏ္ဍရိကသည် ငယ်စဉ်ကပင် မိဘမဲ့ဖြစ်ခဲ့ရသည်၊ အမေ့မေတ္တာ အဖေ့ကိုကောင်းကောင်း နားခွင့် မရလိုက်၊ နောက်တွင်ရွာဦးကျောင်း ဆရာတော်က ကောက်ယူမွေးစားကာ ပြုစုပျိုးထောင် ပေးခဲ့သော
ကြောင့် ကိုရင် ပုဏ္ဍရိက အဖြစ်နေလာခဲ့ရသည်။ 

ကျောင်းရှိ ကိုရင်များ မနက်ခင်း ရွာထဲသို့ တန်းဆွမ်းခံကြွရသည်၊ ရွာဦးအ၀င်တွင် ဇရပ်အိုလေး တစ်ဆောင်နှင့် ထုံးရောင်ပြယ်နေသော စေတီအိုလေးတစ်ဆူရှိသည်။ ထိုနေရာလေးသည် ကျောင်း နယ်မြေနှင့် ရွာကိုစည်းခြားထားသော နေရာလေးပင်ဖြစ်သည်၊

ကိုရင်ပုဏ္ဍရိကသည် အသက်အငယ်ဆုံးဖြစ်သောကြောင့် နောက်ဆုံးတွင်လိုက်ရသည်၊
ကိုရင်လေးရပ်တော်မူပါဦးဘုရား၊

ကိုရင်ပုဏ္ဍရိက မော့မကြည့်ပါ၊ အသာရပ်ပေးလိုက်သည်၊ ဆရာတော်မှာထားသည်ကို သတိရသည်၊
အလှူ့ဒကာ၊ ဒကာမများ အကြည်ညိုပျက်အောင် တောင်ကြည့်မြောက်ကြည့် မကြည့်ရဟုသိထား သည်၊ ကိုရင်ပုဏ္ဍရိက သပိတ်ထဲသို့ မုန့်စိမ်းပေါင်းဖြူဖြူဖွေးဖွေးလေးတစ်ခု လောင်းထည့်လိုက်သည်၊
အလှူခံအပြီးတွင် ရှေ့ရောက်သွားသော ကိုရင်ရင်များကို အမီလိုက်ဖို့ ခြေလှမ်းနည်းနည်းသွက် သွက် ဖြင့်..၊

နောက်နေ့များတွင်လည်း ရပ်တော်မူပါဦးဘုရားဟူသော အသံနောက်တွင် ဇရပ်အိုပေါ်မှ ဒကာမ တစ်ယောက်ဆင်းလားပြီး ကိုရင်ပုဏ္ဍရိကကို
မုန်းစိမ်းပေါင်းဖြူဖြူလေးတစ်ခုလောင်းလှူပြန်သည်၊

နေ့စဉ်ရက်ဆက်ဖြစ်လာသည်။ တစ်နေ့ ကိုရင်ပုဏ္ဍရိကသပိတ်ထဲသို့ မုန့်စိမ်းပေါင်းဖြူဖြူလေး တစ်ခုကို အလှူခံပြီးနောက် ခပ်လှမ်းလှမ်း အရောက်တွင် နောက်သို့ပြန်လှည့်ကြည့်မိသည်၊ ဇရပ်အိုလေး အဆင်းတွင် အလှူ့ရှင်ဒကာမရပ်နေဆဲပင်ဖြစ်သည်၊ ပြုံးကြည့်နေသည်၊ ကိုရင်ပုဏ္ဍရိကရင်ထဲ ဖော်မပြ တတ်သော ဝေဒနာတစ်ခုရောက်လာသလိုရှိသည်။ မမြင်ဖူးလိုက်ရသော အမေကိုလွမ်းသလို လိုရှိသည်။

ဤသို့ဖြင့် နေ့စဉ်ရက်ဆက်နီးပါးဖြင့် နှစ်လခန့်ကြာလာခဲ့သည်။ သတင်းထူးတစ်ခုကြားလိုက်ရသည်၊ ရွာဦးဇရပ်ပေါ်တွင် ဘယ်အရပ်ဒေသက မှန်းမသိသော အရူးမတစ်ယောက်ရောက်နေသည်တဲ့၊

နောက်နေ့များတွင်လည်း ရပ်တော်မူပါဦးဟူသော အသံနှင့် မုန်းစိမ်းပေါင်းဖြူဖြူလေးကို ကိုရင်ပုဏ္ဍရိ ကရမြဲသာဖြစ်သည်။ စိတ်ထဲတွင် အများပြောနေကြသော အရူးမဆိုသော စကားများကိုကြားယောင်
နေမိပေမယ့် စိတ်ထဲ မလုံမခြုံမဖြစ်ခဲ့ပါ။


ကိုရင်ပုဏ္ဍရိကသည် အများပြောနေသော အရူးမကြီးကို သနားမိသည်။ ပြီးတော့ အရူးမကြီးကိုမြင်တိုင်း မမြင်လိုက်ရဖူးသော အမေ့ကို သတိရနေမိသည်။
……………….
………………….
ကိုရင်ပုဏ္ဍရိက မြို့တက်ပြီး စာသင်ရလေပြီ၊ တန်းဆွမ်းတွင် ကိုရင်ပုဏ္ဍရိက မလိုက်ပါနိုင်တော့၊
နောက်မှ ကိုရင်ပုဏ္ဍရိကသိလိုက်ရသည်၊ သူမရှိသည့်နောက် နှစ်ရက် သုံးရက်အကြာတွင် ရွာဦး ဇရပ် ပေါ်က အရူးမလို့ အများပြောကြသော ဒကာမပျောက်သွားပါသတဲ့။

ဤသို့ဖြင့် ကိုရင်ပုဏ္ဍရိက စာတွေသင်ပြီးမြို့တွင်နေလာလိုက်ရာ သက်အပြည့်လို့ ရဟန်းပင်ဖြစ် လေပြီ၊ ရဟန်းခံကိစ္စဖြင့် ရွာကိုပြန်ရောက်သည်၊ ရွာကသူကြီးကောင်းမှုဖြင့် ဇရပ်အိုလေးလုံလုံခြုံခြုံဖြစ် နေပါပြီ၊ တစ်ချိန်က ထုံးရောင်ဖွေးဖွေးနေရာတွင် ရွှေရောင်ဝင်းဝင်းဖြင့် စေတီတော်လေးကြည်ညို စရာဖြစ်နေပါပြီ။
ရဟန်းဖြစ်စ နောက်နေ့မနက်တွင် ဦးဇင်းပုဏ္ဍရိကရွာထဲသို့ တန်းဆွမ်းခံကြွရသည်၊
စေတီတော်လေး မှဆွဲလည်းသံ ချိုချိုကြားရသည်၊ ဇရပ်အိုလေးနားသို့ အရောက်တွင်စိတ်ထဲက တစ်ခုခုကို မျှော်လင့်နေမိ သည်။ မသိစိတ်က နားစွင့်နေမိသည်၊

ခြေလှမ်းတို့တုန့်နေမိသည်၊ နောက်သို့ မသိမသာလှည့်ကြည့်မိသည်၊
စေတီတော်နှင့် ဇရပ်အနားသို့ အရောက်တွင် မမြင်ဖူးလိုက်ရသော အမေ့ကို သတိရသည်၊ စိတ်ထဲ ကလည်း ပြုပြုသမျှကောင်းမှု အစုစုကို အမေ့အား ရည်စူးကာ အမျှပေးဝေလိုက်မိသည်။ မျှော်လင့် နေမိ သည်ကား ကိုရင်လေးရပ်တော်မူပါဦးဘုရား ဟူသော အသံကိုသာ..။


ဘယ်ညာဝှေ့ဝိုက်တိုက်ခတ်လိုက်သော မနက်ခင်း လေနုအေးကြောင့် တချွင်ချွင်နှင့် ဆွဲလည်းသံချိုချို သည် ဦးဇင်းပုဏ္ဍရိက၏ စိတ်အစဉ် ယောက်ယက်ခတ်ခြင်းကို ထိန်းလိုက်သလိုရှိသည်။

ကိုရင်များတသီတန်းကြီးအရှေ့တွင် ဦးဆောင်လျှက် ဦးပုဏ္ဍရိကရွာထဲသို့ဝင်လေပြီ၊
ရှေ့ဆုံးမှကြေးစည်သံနှင့် ဖိုးသူတော်၏ ဆွမ်းတော်ဗျို့ အသံသည်သာကြီးစိုးနေတော့သည်။ 

နောင်..တူ..ဝေ..ဝေ
ဆွမ်းတော်ဗျို့

 

Wednesday, May 9, 2012

ချင်းတွင်း ယမုံနာ ဂင်္ဂါ.လွမ်းဆွတ်ခြင်း



ချင်းတွင်းမြစ်နံဘေးသို့ ရုတ်တရက်အကြည့်

ချင်းတွင်းမြစ်ဖျား၏ မနက်ခင်းသည် နှင်းတို့ဝေနေတတ်သည်၊ ပတ်လည်ဝန်းရံနေသော တောင်တန်း များတွင် မြူနှင့်နှင်းတို့ ရောယှက်ခြုံသိုင်း တံတိုင်း ခတ်ရံထားသလို ရှိနေတတ်သည်၊ နှင်းထုကိုထိုး ထွင်းဖောက်ထွက်လာသော လေအေးနုနုသည် ခိုက်ခိုက်တုန်အောင်အေးသည်၊ သစ်ပင်တောစပ်များ သည် နှင်းအေးအေးကို မခံနိုင်သည့်အလား ရှောင်တိမ်းသလိုဖြင့် ဟိုဒီတိမ်းပြီး ယိမ်းက နေသလိုရှိပြန် သည်၊

နေလာနှင်း အကြဲတွင် တောင်တစ်ရိုး ထိုးထိုးထောင်ထောင်ဖြင့်  ပင်ကြီးပင်ငယ်အသွယ်သွယ် တို့ အပြိုင်အရိုင်လှကြသည်၊ ညအခင်းတွင်ထိုသစ်ပင်များကိုမြင်ရလေက နီးလိုက်ဝေးလိုက်ဖြင့် လူတစ်  အုပ် တန်စီသွားနေသလိုထင်မိတတ်ပြန်သည်၊ လေ အသုတ်တွင် ခပ်နွဲ့နွဲ့ဖြင့် ယိမ်းကလိုက်ကြ သလို၊ နှင်းရှင်းတဲ့ တံခူး၊ ကဆုန်လများတွင်လည်း စိမ်းစိုညိုညက်၊ ပြိုးပြိုးပြက်ပြက်ဖြင့်၊

လေပြေရယ်ကလာ
သစ်ပင်မှာ ဟိုဒီတိမ်းတယ်
ယိမ်းနွဲ့ဟန်ပါ၊

ပင်အိုပင်ပျိုတို့အထက်ဝယ် ဟိုဒီဝဲပျံသန်းကာ တေးသီကြသော ကျေးငှက်တို့သည် ဟိုဒီခုန်ကူး မြူး ကြသည်၊ တိမ်ယံထိလုလုတွင် အောက်ချင်း ငှက်မောင်နှံတို့ ၀ဲချီပျံသန်းကြသည်၊ အတောင်ခတ်သံ တစ်ဟီးဟီးဖြင့် ခရီး အဝေးကြီးကို နှင်နေကြဟန်ရှိသည်၊ သူတို့လို အတောင်ပံသာရှိရင် မန်းတောင် တော်ခြေက ခရေတောသို့ ပြန်လိုက်ချင်သည်၊ မန်းတောင်တော်ပေါ်ဝဲလိုက်ချင်သည်၊

ခရေတွေ ကောက်ပြီး ဘုရားလှူလိုက်ဦးမည်၊ အခုတော့ ချင်းတွင်ခြားနေသည်၊ တောင်တံတိုင်း ပတ်ခြာ လည်ဝိုင်း နေသော အရပ်တွင်နေနေရသည်၊ ထိုစဉ်ဘယ်ဆီကမသိ တွန်ကျူးလိုက်သော ဥသြ ငှက်၏ လွမ်းတေးကိုကြားရသည်၊ အမည် မသိကျေးငှက်တို့ သူတို့ ဘာသာ ဘာဝါ အလိုက် အော်မြည် ဟစ်ကြွေးကြသည်၊ စိတ်သည် ဟိုဒီမရောက်ပဲတောတန်းသို့သာ အာရုံ စူးစိုက်နားထောင်လိုက်ပါ လျှင် ကျေးငှက်တို့၏ တေး သီချင်းသည် စီစီညံနေသည်။

ကျေးငှက်ရယ်က သာ
ဘာသာဝါသူတွန်ကျူးတယ်
လွမ်းဘွဲ့သံသာ၊

သူ၊ မာယာဆန်သည်၊ တစ်ခါတစ်ရံ မြစ်ပြင် အပြည့်ရေများဖြင့် ပြည့်နှက်ဝုန်းဆန်နေတတ်သည်၊
တောင်ကမ်းပါးယံကို ခေါင်းနှင့်တိုက်သည်၊ သောင်ပြင်၊ တောတန်းများကို အမြီးနှင့်ရိုက်ခတ်သည်၊
ထိုအချိန်တွင် သူ့တွင် အားမာန်ပြည့်သည်၊ တောလုံးဟီး၊ တောင်လုံး ထပ်အောင် တဟီးဟီး၊ တဒီးဒီး ရယ်မောပြနိုင်သည်၊ 
 ချင်းတွင်းမြစ်ကို စုန်ဆန်နေသော ရှော်တယ်ခေါ် ကားစက်တပ် မော်တော်

တစ်ခါတစ်ရံ၌ကာ ကြိုးသေးသေးတစ်ချောင်းသာသာ ရှိပြီး ကိုတံခါ၏ စားကျက်ဖြစ်ရပြန်သည်၊
ဘယ်သို့ဆိုစေ၊ သူတာဝန်ကျေသည်၊ တောင်ပေါ်နေတိုင်းရင်းများကို သူ့ကျောပေါ်တင်ဆောင်ပြီး သယ်ယူကာ ခရီးပို့ ခရီးကြို အလုပ်ကိုဘယ်သူမှ မခိုင်းရပဲ နှစ်ပေါင်းထောင်ချီလုပ်ခဲ့သည်၊

ခေတ်အလိုက်ဖြစ်ပေါ်လာသမျှကို သူမငြင်းနိုင်၊ သူ့ကျောပေါ်ကို ကားစက်တပ်ထားသော ရှော်တယ် ခေါ် စက်လှေကြီးများဖြင့် ဒီးဒီခတ်အောင် စုန်ဆန်ကြသည်၊ သူ့ကျောကို ခွဲပြီး ခရီးဆက်ကြပေမယ့် လှိုင်းကြမ်း တို့ ငြိမ်သက်တော့ ချင်းတွင်းမြစ်ပြင်သည် သာယာနေလျှက်ပင်။

မြစ်ပြင်ရယ်က သာ
ရှော်တယ်မှာ လေဟုန်စီးတယ်
ဒီးဒီးသံပါ၊

မောက်ရမည့်နေရာမောက်၊ချိုင့်ဝှန်းရမည့်နေရာချိုင့်ဝှန်း၊ ကွေ့ရမည့်နေရာကွေ့၊ ကောက်ရမည့်နေရာ
ကောက်၊ ကျယ်ပြန့်၊ ၀န်းဝိုက်၊ ရှုက်ဖိုကြီးငယ်နှင့် ချင်းတွင်းတစ်လျှောက်သည် လှသည်၊

ကိုတံငါ တေးတကြော်ကြော်နှင့် လှေငယ်ကို လှော်ခတ်သွားသည်၊ လှိုင်းငယ်များ ကမ်းသို့ပြေး တက်ကြသည်၊ ကမ်းတက်လှိုင်းတို့ ပြန်အဆင်းတွင် ခရုငယ်များ ရေစုန်မျှောပြီး လိုက်ကြသည်၊ ပျော်စရာ၊
ကြီးမားသော စက်လှေကြီးများ၏ အရှိန်နှင့် လှိုင်းကြမ်းကြီးများ ကမ်းပေါ်တက်လာလျှင် ခရုငယ်နှင့် ငါးပေါက်များသောင်ပြင်တွင် တင်ကျန်ရစ်တတ်သည်၊ ငါးများဖလပ်လပ်ခုန်ကာ လူးလားခတ်နေ ကြသည်၊ ခရုငယ်ဖော် တသင်းတို့ကား ရေရှိရာသို့ သောင်ပြင်ပြန့်ပြန့် သဲဝါကြန့်ကြန့်တို့ကို ဖြတ်ကာ အပြေးပြိုင်ကြသလိုရှိသည်၊

သဲပြင်နု ၀ါ
ခရုမှာ စိန်စိန်ပြေးတယ်
လုယက်သူငါ၊

 ဂင်္ဂါမြစ်အတွင် ပူဇာတေးဖွဲ့နေသည့် အိန္ဒိယသူ၊ အိန္ဒိယသားများ

နှစ်တို့ အတန်ကြာပေမယ့် မမေ့နိုင်သေးပါ၊ အိန္ဒိယနိုင်ငံကြီး၏ ဂင်္ဂါမြစ်ကြီးကို ဖြတ်သန်းဖူးသည်၊ ယမုံနာမြစ်ကို ကျော်ဖြတ်ဖူးပါပြီ၊ ဒြာဗီယန်တို့၏ ကာဝေရီမြစ်ကိုလည်း ကျော်ဖြတ်ဖူးပါပြီ၊ ယခု အချိန်တိုင် ရင်တွင် စီးဆင်းနေသည့် မြစ်ကား ချင်းတွင်းသာ။

သာ…သာ…သာ..သာ..
ရှုခင်းမှာ ပုံကာစုတယ်
ရှုလှည့်စမ်းပါ။

…………..................................
ချင်းတွင်းမြစ် အထက်ဖျားရှိ ပဒူးမုန်းနာဂ ရွာလေးတွင် ရောက်နေခိုက် ရေးခဲ့သော ကဗျာလေး ကို ပြန်လည်ခံစားတင်ပြပါသည်။