Pages

Friday, January 13, 2012

ရှေဦး ဗုဒ္ဓတက္ကသိုလ်ကြီးများ


အိန္ဒိယနိုင်ငံသည် ခေတ်အဆက်ဆက်ကတည်းကပင် ဘာသာရေး၊ ပညာရေး၊ ဒဿနဆိုင်ရာအတွေး အခေါ်များဖြင့် မှုံးခြယ်ထားသော နိုင်ငံကြီးဖြစ်သည်၊ ကမ္ဘာ့ဘာသာကြီးများအဖြစ် ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ ဂျိန်းဘာသာနှင့် ဆစ်ခ်ဘာသာတို့မှာထင်ရှားသည်၊ ပညာရေးအနေအားဖြင့် ရှေးဦး တက္ကသိုလ်ကြီးများပေါ် ထွန်းရာဒေသကြီးဖြစ်သည်၊ 

 The ancient taxila area, its borderlands

အတွေးအခေါ်ဒဿနဆိုင်ရာ အနေနှင့် မူများပြားလှသည်၊ ဟိန္ဒူဒဿန၊ ဗုဒ္ဓဒဿန၊ ဂျိန်းဒဿန၊ ဆစ်ဒဿန၊ ယောဂဒဿန၊ ဂန္ဓီဒဿန၊ ကရိရှနမူရတိဒဿနစသည်ဖြင့် ယနေ့တိုင်အောင်ပင် အရှေ့အနောက်ကမ္ဘာများက လေးစားရသော အတွေး အခေါ်အယူအဆများထွက်ပေါ်လျှက်ရှိသည်၊

အိန္ဒိယနိုင်ငံ၏ စောဆုံးတက္ကသိုလ်ကြီးဟုဆိုနိုင်သော ကျောင်းတော်ကြီးသည် ဇာတကများတွင်တက္ကသီလာ သည်ထင်ရှားသည်၊ အိန္ဒိယနိုင်ငံတစ်ဝှန်းကမင်းညီမင်းသားတို့သည် တက္ကသီလာ သို့ သွားရောက်ပြီး မင်းတို့ တတ်အပ်သော ပညာရပ်များကို သင်ယူကြရသည်၊ ယခင်ကအိန္ဒိယနိုင်ငံတွင် ပါရှိပြီး ယနေ့ခေတ် ပါကစ္စတန်တွင်ရှိနေသော တက္ကသီလာ( taxila) သည် UNESCO အထိမ်းသိမ်းခံ ကမ္ဘာ့ အမွေ အနှစ်ဖြစ်သည်၊

တက္ကသီလာသည် ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာဆိုင်ရာ အထင်ကရနေရာကြီးဖြစ်သည်၊ စာပေများတွင် ဂန္ဓာရတိုင်း၊ တက္ကသီလာ အဖြစ်ဖော်ပြကြသည်၊ တရုတ်ခရီးသွားဖြစ်သော ဖာယီယန်(Fa-Hien)နှင့် ဟူယင်ဆန်( Hieun- Tsang) တို့ရောက်ရှိလာပြီး သူတို့ခရီးသွားမှတ်တမ်းတွင် မှတ်တမ်းတင် ထားကြ သည်၊ ထို့အပြင် နာလန္ဒာ တက္ကသိုလ် ကြီးမှာလဲ အိန္ဒိယနိုင်ငံရှေးဟောင်း ပညာဆည်းပူးရာ ဌာနကြီးဖြစ်သည်၊ နာလန္ဒာသည် ယနေ့တိုင်အောင်ပင် ကမ္ဘာအရပ်ရပ်မှ ပညာလာရောက်သင် ယူနေကြသော ပညာရှင်၊ ပညာ သင်များနှင့် စည်ကားနေသည်၊

ဝိကရမသီလာ၊ ဥဒန္တပူရီတို့မှာလဲ ထင်ရှားသော ဘာသာရေးဆိုင်ရာ ကျောင်းတော်ကြီးများဖြစ်ခဲ့ကြသည်၊ အထက်ပါကျောင်းတော်ကြီးများသည် ဗုဒ္ဓဘာသာဆိုင်ရာ အတွေးအခေါ်များ၊ ဟိန္ဒူဘာသာ ဆိုင်ရာ အတွေး အခေါ်များ ပေါ်ထွက်ရာ ၀ိဟာရကြီးများဖြစ်ကြသည်၊ အသင်္ဂ၊ ၀သုဗန္ဓု၊ နာဂဇုနဟူသော မဟာယာနကျောင်း တော်သားကြီးများသည် ဆိုပါတက္ကသိုလ်ကြီးများနှင့် နီးစပ်ခဲ့ကြသူများ ဖြစ်ကြသည်၊ 

 The great Nalanda University, India

မြန်မာနိုင်ငံတွင် မန္တလေးသာသနာ့တက္ကသိုလ်၊ ရန်ကုန်သာသနာ့တက္ကသိုလ်၊ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်၊ ထေရ၀ါဒတက္ကသိုလ်စသည်ဖြင့် ပညာသင်ယူရာဌာနကြီးများကို တက္ကသိုလ်ဟုခေါ်သည်၊ ဂန္ဓာရတိုင်းရှိ တက္ကသီလာ ပညာသင်ယူရာဌာနကြီးကို အလေးပြုခေါ်ထားခြင်းဖြစ်သည်ဟု ဆိုနိုင်သည်၊

အိန္ဒိယနိုင်ငံသည် ပြည်နယ် နှစ်ဆယ့်ရှစ်ခုဖြင့် ဖွဲ့စည်းထားသော ကမ္ဘာ့ လူဦးရေ ဒုတိယအများ ဆုံး နိုင်ငံကြီးဖြစ်ကာ ရာသီဥတုစုံပြီး မယုံနိုင်လောက် ကိုးကွယ်မှုများပြားသော နိုင်ငံကြီးဖြစ် သည်၊ ရှေးဟောင်း သမိုင်းများတွင် အဓိက လူမျိုးစုကြီးနှစ်စုကို ဖော်ပြလေ့ရှိသည်၊ ယင်းလူမျိုးနှစ်စုမှာ အာရယန်နှင့် ဒြာဗီဒီယန်တို့ဖြစ်သည်၊ 

အိန္ဒိယနိုင်ငံ၏ တောင်ပိုင်း အကျဆုံးပြည်သည် တမီးနာဒူးပြည်နယ်ဖြစ်ပြီး ဒြာဗီဒီယန်တို့၏ ယဉ်ကျေးမှု၊ ဘာသာ၊ စာပေ၊ အနုသုခုမ ထွန်းကားရာ ဒေသကြီးဖြစ်သည်၊ ရှေးယခင်ကတည်းကပင် ဗုဒ္ဓဘာသာနှင့် နီးစပ်သော ဒေသကြီးဖြစ်ခဲ့သည်၊ မောရိယအင်ပါယာ အသောမင်းတရား၏ သားတော်မဟိန္ဒနှင့် သမီးတော် သင်္ဃမိတ္တာ ထေရီ တို့သည် တမီးနာဒူးပြည်နှင့် ကပ်လျှက်ရှိသော သီရိလင်္ကာနိုင်ငံသို့ ကြွရောက် ခဲ့ကြသည်၊ တတိယ သင်္ဂါယနာ အပြီးတွင် အိန္ဒိယနိုင်ငံ တောင်ပိုင်းသို့ ဗုဒ္ဓသာသနာတော်သည် အရှိန်အဟုန်နှင့် ရောက်ရှိ လာတော့သည်၊

တတိယ သင်္ဂါယနာတွင် သံဃာတော်များစစ်ဆေးအတည်ပြုထားသော ပိဋကတ်တော်များသည် မဟိန္ဒမထေရ် မြတ်နှင့် အတူ သီရိလင်္ကာနိုင်ငံ( သီဟဠဒီပ) သို့ ရောက်လာသည်၊ ပိဋကတ်တော် အစုံသည် ထိုစဉ်ကတည်း ကပင် အိန္ဒိယနိုင်ငံတောင်ပိုင်းနှင့် သီရိလင်္ကာနိုင်ငံတို့တွင် အခိုင်အမာတည်ရှိနေပြီဖြစ် သည်၊ 

မဟာယာန ကျောင်းတော်ကြီးများကိုသာမက ထေရ၀ါဒနိုင်ငံများသို့ပါ ရောက်ရှိလာသော ခရီးသည်မှာ ဖာဟီယန် ဖြစ်သည်၊ မဇ္ဈိမဒေသတွင် လှည့်လည်ရင်း ပိဋကတ်များရေးကူးသည်၊ သို့သော် မဇ္ဈိမဒေသတွင် ရှာမတွေ့ခဲ့၊ မိမိတိုင်းပြည် တရုတ်နိုင်ငံတွင် နာမည်မျှ မကြားဖူးသေးသော ဒီဃနိကာယ်၊ သံယုတ္တနိကာယ်နှင့် အချို့ ပိဋကတ်တော်များကို သီရိလင်္ကာနိုင်ငံတွင် ရေးကူးနိုင်ခဲ့သည်၊

အသောမင်းတရားကြီးနှင့် သားတော် သမီးတော်တို့သည် မြတ်ဘုရား သာသနာတော်အတွက် ပါဠိပိဋကတ် တော်များကို အပြည့် အစုံထိမ်းသိမ်းနိုင်ခဲ့ကြသည်၊ တတိယ သင်္ဂါယတနာတွင် မြောက်ပိုင်းသို့ ခွဲထွက် သွား ခဲ့သော သံဃာအများစုသည် ပိဋကတ်တော်များကို ပြုပြင်ရေးသားကြသည်၊ သံဃာအရေ အတွက်များပြားစွာဖြင့် ကက်ရှမီးယား သင်္ဂါယနာကို တင်ခဲ့ကြသည်၊

ထိုသင်္ဂါယနာသည် ဘီ စီ တစ်ရာစု ၀န်းကျင်ဟုပညာရှင်များ အဆိုပြုကြသည်၊ ကနိရှကမင်းနှင့် မြောက်ပိုင်း ဘုရင် အဆက်ဆက်တို့သည် မြောက်ပိုင်း ဗုဒ္ဓဘာသာကို အားပေးကြသည်၊ တက္ကသိုလ်ကြီးများ ထူထောင်ကာ ပညာရှင်များကို အားပေးခဲ့ကြသည်၊ ပညာရှင်များကလဲ အဖွင့်ကျမ်းကြီး များရေးသားခဲ့ကြ၏၊ အသင်္ဂ၊ ၀သုဗန္ဒု၊ နာဂဇုနစသောသူများသည် မြောက်ပိုင်းဗုဒ္ဓဘာသာ၏ အဋ္ဌကထာဆရာ ကြီးများအဖြစ် ထင်ရှားသည်၊

ထိုအချိန်အထိ သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိသွားသော ဘုရားဟောပါဠိတော်တို့ကို အကျယ်ဖွင့် ဆို ရေးသား သည့် အဖွင့် အဋ္ဌကထာကျမ်းများ အကြောင်း အထောက်အထားကျယ်ကျယ်ပြန့်ပြန့် မတွေ့ရသေးပါ၊ ထိုအချိန်တွင် အသင်္ဂ၊ ၀သုဗန္ဒုတို့နှင့် ဂုဏ်ရည်တူ ထေရ၀ါဒ အဋ္ဌကထာဆရာ တစ်ဦး ပေါ်ထွန်းလာသည်၊

အိန္ဒိယနိုင်ငံ အလယ်ပိုင်းသား အရှင်မဟာဗုဒ္ဓဃောသပင်ဖြစ်သည်၊ သမန္တပါသာဒိကာ၊ သုမင်္ဂလ၀ိလာသိနီ၊ ပပဉ္စသူဒနီ၊ သာရတ္ထပကာသနီ၊ မနောရထပူရဏီ၊ အဋ္ဌသာလိနီ၊ သမ္မောဟ၀ိနောဒနီ၊ ပဉ္စပကရဏအဋ္ဌကထာ၊ ကင်္ခါဝိတရဏီ၊ ဓမ္မပဒအဋ္ဌကထာ၊ ပရမတ္ထဇောတိကာနှင့် ဇာတကတ္ထဋ္ဌကထာ တို့ဖြစ်သည်၊  ပိဋကတ်သုံးပုံကို အဋ္ဌကထာဖွင့်ဆိုခဲ့သည်၊ 

 Religious ruin of Sri Lanka

ထိုကျမ်းများတွင် မဟာယာန၏ အဆို အမိန့်ကို တစ်စိုးတစ်စိမျှ မတွေ့မြင်ရဟု သုံးသပ်ကြသည်၊ သို့သော် အရှင်မဟာဗုဒ္ဓဃောသ သီရိလင်္ကာနိုင်ငံသို့ မရောက်မီ ကတည်းကပင် မဟိန္ဒမထေရ်မြတ်နှင့် ဒေ၀ါနံ ပိယတိဿတို့ ထူထောင်ခဲ့သော မဟာဝိဟာရ၀ါသီဂိုဏ်းသားတို့၏ ထေရ၀ါဒ အတွေးအခေါ်များကို မနှစ် သက်သော မဟာယာနသို့ယိမ်းသည့် အယူအဆများကို နှစ်သက်ဟန်ရှိသည့် အဘယဂီရိဂိုဏ်းသား များပေါ်ထွန်းနေပြီ ဖြစ်သည်၊

မည်သို့ပင်ဖြစ်စေကာမူ မဟာဝိဟာရ၀ါသီကျောင်းတိုက်၊ အဘယဂီရိကျောင်းတိုက်တို့သည် ထေရ၀ါဒ သာသနာတော်၏ အထင်ကရတက္ကသိုလ်ကြီးများဖြစ်ခဲ့ကြသည်ကား သေချာလှပေသည်။ နာလန္ဒာ တက္ကသိုလ်၊ ၀ိကရမသီလာတက္ကသိုလ်၊ ဥဒန္တပူရီတက္ကသိုလ်ကြီးများထက် သက်တန်းပိုရှည်သည်၊ အိန္ဒိယနိုင်ငံတောင်ပိုင်းသား အများစုသည် သီရိလင်္ကာနိုင်ငံသို့ ကူးပြီး ထေရ၀ါဒ ပိဋကတ်တော်များ ကို လေ့လာကြရသည်။ 


No comments:

Post a Comment