Pages

Monday, February 21, 2011

တေး နိဗ္ဗူ

                                      နိဗ္ဗုတာနုန သာ မာတာ၊ နိဗ္ဗုနုန သော ပိတာ။
                                      နိဗ္ဗုတာနုန သာ နာရီ၊ ယဿာယံ ဤဒီသော ပတိ။

သက္ကတိုင်းသား ကပိလ၀တ္ထုမင်းနေပြည်၏ အိမ်ရှေ့စံ မင်းသိဒ္ဓတ်ကို ပြောင်းလဲနိုင်စွမ်းသောတေးတစ်ပုဒ်၊ သီဆိုသူ မကိသာ၊ နွဲ့နွဲ့နှောင်းနှောင်းဖြင့် လှသော ကပိလ၀တ္ထု သူလေး၊ 

ဖွားဇာတာတွင် ရဟန်းပြုမည့် လက္ခဏာပါကြောင်း  နန်းတော်ရှိ ပညာရှင် ဝေဒဗြဟ္မဏများ၏ ဟောပြော ချက် အရ သားတော်သိဒ္ဓတ်မင်းသား တောထွက် ရဟန်းပြုသွားမှာ စိုးရိမ်သော ဖခင်ကြီးသည် အလှတကာတို့ထက် အလှ၊ အနုတကာတို့ထက် အနု၊ မြတ်တကာတို့ထက် အမြတ်၊ သာလွန်မှုများတို့ထက် သာလွန်သော ခံစား ခြင်းတို့ဖြင့် သားတော်ကို ရစ် နှောင်သည်၊ အိမ်ရှေ့စံမင်းသားသည် အကျဉ်းခံပမာ မလူးလွန့်သာခဲ့ပေ၊

အဆင်းဖြင့် ရစ်တွယ်စေပြန်၏။ အသံဖြင့် ငြိကပ်စေ၏။ အနံ့ဖြင့် ထုံးနှောင်၏။ ထူးပေ့ဆန်းပေ့ ဆိုသော ရသာ တဏှာကို အစွမ်းကုန်ပြည့်ဆည်းပေး၏။ ကောင်းပေ့ ညွန့်ဆိုသော မွေ့ယာသလွန်ထက်တွင် မိန်းမော စေခဲ့ ၏။ လက်ရှိကမ္ဘာ၊ သက်ရှိအရာတို့နှင့် ကင်းနေသလို ဖြစ်နေခဲ့သည်။ အတုအယောင် ဟန်ဆောင် အလှတရား များတွင် မင်းသားနစ်မျောခဲ့သည်။

အရှိတရား၏ ရုတ်တရက် မြင်ကွင်းတွင် အလှတရားတို့ဆိတ်သုန်းနေကြောင်း အိုခြင်း၊ နာခြင်း၊ သေခြင်း တို့ ဖြင့်သာ ပြည့်နှက်နေနေကြောင်းကိုသိလိုက်ရသော မင်းသားတွက် မသက်သာလှပါ။
လမ်းပေါ်က အမှန်တရားများကို မကြည့်လို၊ မမြင်လို၍

‘ ပြန်ကြစို့ ဆန္န၊ ရွှေနန်းတော်ကြီးပြန်ကြစို့”၊

နန်းတော်တွင်  အလှတရားရှိလို ရှိငြား ရှာကြည့်မိသေးသည်။ ရှာဖွေချိန်ကို နေ့ညမထား အချိန်ရတိုင်း ရှာနေ မိသည်။ ရင်တွင်းက အပူဓာတ်ကို ငြှိမ်းသတ်ဖို့ရှာနေခဲ့သည်။

နန်းတော်ဦးရောက်တော့ သီချင်းသံသဲ့သဲ့ ကြားမိသည်၊ ဘာတဲ့လဲ၊ ထားလိုက်ပါ၊ ဤနန်းတော်ကြီး တစ်ခုလုံး ရှိသာယာသော တေးသီချင်းပေါင်း များစွာကို ကြားခဲ့ဖူးပြီ၊ အေးချမ်းသော အရသာကို စကားလုံးထဲမျှ ရှာမ တွေ့ခဲ့၊  တွေးရင်း တွေးရင် နီးလာရာ သီဆိုနေသော တေးသံလဲ ပီပြင်လာသည်။ ရစ်ဝဲဖွဲ့သိုင်းလျှက် နီး လိုက် ဝေးလိုက်ဖြစ်နေသည်၊ သီချင်းသံနောက်လိုက်မိ၏။

‘ နိဗ္ဗုတ တဲ့လား၊ ကိသာ နင်ငါ့ကိုကြည့် ပြီး အေးချမ်း တယ် လို့ဆိုတယ်၊ ကျေးဇူးပါ ကိသာရယ်၊  ဆန္န ရော့ မကိသာကို ပေးလိုက်စမ်းပါ၊ ငါ့လည်ဆွဲကို”။

တိတ်ဆိတ်နေတဲ့နန်းတော်ထဲက ည၊ ဟန်ဆောင် အလှတရားတို့ ကွာကျတဲ့ ည၊ တစ်မှေး ခဏ အိပ် ပျော် ခိုက်လေး ရံရွေတော်တွေး ဖြစ်နေလိုက်ပုံများ ငါ တစ်နေ့က ဆန္နနဲ့မြင်ခဲ့တဲ့ အရာနဲ့များဘာခြား နားသေးလဲ၊
 ‘ ဟိုတစ်နေ့က ငါဥယျာဉ် ကပြန်တော့ လမ်းမှာ ဆန္နနဲ့ အတူတွေ့ခဲ့တဲ့အရာတွေကို ဦးတည်နေတဲ့ အလှ၊ ဟင် အခုမှ တွေးမိတယ်၊ ငါ့ ကြင်ယာတော် မယ်ယသော်က သားတော်တစ်ပါး ဖွားမြင်တယ်ဆိုပါလား၊ ဒါလဲ ဟန်ဆောင် အလှတရား တစ်ခုပါပဲ၊ တော်ပြီ၊ ဆန္န ထ ထ၊ ကဏ္ဍက မြင်းကို တင်းကုတ်က ထုတ်ခဲ့စမ်း ဟိုခပ် ဝေးဝေးမှာ အနောမာမြစ် ရှိတယ်၊ အဲဒီကို သွားကြစို့”၊

တိတ်တဆိတ် ထွက်ခွာခဲ့လို့ နန်းရင်ပြင်ရောက်တော့ မယ်ယသော် ရင်ခွင်ကြားက သားတော်လေးများ ‘ အဲ့ ကနဲ့’ ငိုလေမလား လို့ လှည့်ကြည့်မိသေးတယ်၊

လပြည့်ဝန်းကြီးက သာလို့၊ မိုးနံ့တို့က သင်းလို့၊ ညတေးရှင် ပုရစ်ကောင်တို့က တကျီကျီညီးတွားလို့၊ အခု ထိရင်ထဲရှိနေ ကြားနေမိတာက မကိသာရဲ့ တေးတစ်ပုဒ်၊

နိဗ္ဗုတာ နုန သာ မာတာ ၊ နိဗ္ဗုတာ နုန သော ပိတာ။
နိဗ္ဗုတာ နုန သာ နာရီ ၊ ယဿာယံ ဤဒိသော ပတိ။
တဲ့လား ကိသာရယ်၊………………

Sunday, February 20, 2011

မြူနှင်းတို့ ထာဝရဝေ


ခရီး စတင်ခဲ့ကြတော့ ဂယာမှ၊ မင်းသိဒ္ဓတ် လောက်ထွတ်မှူး အဖြစ်သို့ရောက်ရှိရာ တောရွာလေး ဂယာ၊ ခရီးဆုံးတော့ သက္ကတိုင်း၊ အလောင်းတော်မင်းသိဒ္ဓတ် ဖွားမြင်တော်မူရာ သုဒ္ဓေါဓနမင်း၏ စံရာတိုင်းပြည်ကြီး။

မနက်အာရုဏ်မတက်မီ စတင်ထွက်ခွာခဲ့ကြသော ခရီးသွားတစ်စုသည် ဂင်္ဂါမြစ်ကြီးကို အကြိမ် ကြိမ် ဖြတ်ရ သည်၊ ဘီဟာနယ်မှ ယူပီပြည်နယ်တို့ကိုဖြတ်သန်းပြီး နေလုံး ပြောက်ချိန် အရှေ့လောကဓာတ်မှ  လ၀န်းပေါ် ချိန်ဝယ် ခရီးတစ်ခုဆုံးသို့တိုင်ခဲ့သည်။ နီပေါနိုင်ငံရောက်ခဲ့ပြီ၊ ဟိမ၀န္တာတောင်စောင်းဝယ် တည်ရှိနေ၍လား မပြောတတ်ပါ လ၀န်းသည် ကမ္ဘာမြေပြင်နှင့် ပို၍နီးနေသည်ထင်ရသည်၊ လ၀န်းမှ ယုန်ရုပ်သည် ခုန်ထွက်တော့ မယောင်ထင်ရ၏၊

ရောက်ခဲ့ရပြီ သူတို့ပြည်သို့၊ သက္ကတိုင်း သူတိုင်းသားတို့၏ မွေးရပ်မြေသည် နှင်းတို့ဝေနေဆဲပင် ရှိနေ သေး သည်။ ရှေးကလည်းနှင်းတို့ဝေခဲ့ပေမည်၊ အေးချမ်းပျော်ရွှင်စွာ နေထိုင်ခဲ့ကြပေမည်၊ အမြဲတမ်း ကမ္ဘာမြေပေါ်ရှိ လူသားများကို ဆွဲဆောင်ညွတ်နူးစေသော သူတို့မြေသည် အံ့ချီးဖွယ်ကောင်းလှပါ၏။ ဆောင်းအခါများဝယ် နှင်းတို့အထွတ်တပ်ထားသော ဟိမ၀န္တာတောင်တန်းကြီးသည် သက္ကတိုင်းကို ရင်တွင် ထွေးပွေ့လျှင်ရှိနေမည်။ နွေရာသီတွင်တော့ ဆောင်းနှင်းတို့ကို သက္ကတိုင်းသူတိုင်းသားတို့အား အရေဖျော်ပြီး စီဆင်း သောက်စို့စေ ပြန် သည်။ ဟိမ၀န္တာသည် ကိုယ်ရုံလွှာနှင်းများကို ဂင်္ဂါမြစ်၊ ယမုံနာ၊ အစိရ၀တီ၊ မဟီ၊ သရဗူ မြစ်တွင်း သို့စီး ဆင်း စေ လျှက် လောကကြီးကို အလှဆင်သည်။ မိုးဝသန်အခါများတွင်တော့ ပေးဆပ်သွန် ချခဲ့ ရသမျှတို့ကို အတိုး ချပြီး ကောင်းကင်ပြင်က ကျလာသမျှ မိုးစက်မိုးပေါက်တို့ကို ဟိမ၀န္တာတောင်တန်းကြီး မမောမပန်း တစ်ဝကြီး သောက်စို့ပြန်သည်။ သုံးရာသီနှင်းတို့ရှိသည်၊ အေးချမ်းသော တိုင်းပြည်ပါတည်း၊ နှင်း တစ်ကန့်၊ တောင်တန်း တို့တစ်တန့် ဖြင့် တစ်သန့်စီလှနေသော သူတို့မြေ၊ သက္ကမည်သော လူမျိုးတို့ စိုးစံခဲ့ရာမြေ၊ မင်းသိဒ္ဓတ် အိမ်ရှေ့စံဘယသော်မယ်နှင့် ရွှေလက်တွဲကြည်ဖြူခဲ့ရာတိုင်းပြည်၊  ဗုဒ္ဓ အလောင်း တော်မြတ်၏ ဖွားရပ်မြေ။

“ အော် ဘုန်းဘုန်းတို့ ရောက်ကြပြီလားဘုရား၊ ခရီးအဆင်ပြေကြရဲ့လားဘုရား၊ ဘုန်းဘုန်းတို့ အဆင်ပြေ အောင် တပည့်တော် ကြိုတင်ပြီး ဂိတ်တွေကို ပြောထားပါတယ်ဘုရား၊ ဂယာကနေမြန်မာဘုန်းတော်ကြီးတွေ ကြွလာလိမ့်မယ်၊ အတင်ပြေအောင်စီစဉ်ပေးဖို့ပေါ့ဘုရား၊ ရာသီဥတုနဲနဲအေးပါတယ်၊ လ္ဘက်ရည်ဘုန်းပေး ပါဦး ဘုရား၊ အခုအရှင်ဘုရားတို့ ရောက်နေတဲ့ တည်ခိုခန်းကတော့ ဒီမှာသီတင်းသုံးနေတုန်း ကျိန်းစက်ရမယ့် ကျောင်းပါပဲဘုရား၊ ဟောဒါကတော့ ဒီတည်ခိုခန်းပိုင်ရှင်ပါဘုရား၊ ဒီဟော်တည်ကို bamboo hotel လို့ ခေါ်ပါ တယ်”၊

ဤကဲ့သို့ ၀မ်းပန်းတသာ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားနေသူမှာ နီပေါ်သူ မဂဏေသှ ဖြစ်ပါသည်။ မြန်လိုပြောပြီး လျှောက်ထားသွားခြင်းဖြစ်ပါသည်၊ နီပေါသူတို့သည် အဆင်းသာလှကြသည် မဟုတ်သေးပါ၊ စကားဆိုဟန်သည်လည်း ညင်သာပျော့ပျောင်း နားထောင်ကောင်းလှပြန်သည်၊ သီရိလင်္ကာသူတို့နှင့် ခြားနား ပါသည်။ အိန္ဒိယသူတို့နှင့် မတူပြန်ပါ၊ သို့သော် မြန်မာပြည်ဖွားတို့နှင့် ခပ်ဆင်ဆင်တူနေခြင်းမှာ အမြင်မှား ခြင်းမျိုး မဟုတ်ကြောင်း ပြောရဲပါသည်။  မဂဏေသှသည် မြန်မာပြည်တွင် လာရောက်ပြီး ပညာသင်ယူကာ ဓမ္မာစရိယအောင်မြင်ပြီးနောက် ဖွားရပ်တိုင်းပြည်သို့ပြန်၍ ဗုဒ္ဓသာသနာတော်အတွက် အားကြိုးမာန် တက် ဆောင်ရွက်နေသော အာဇာနည် သမီးမြတ်ဖြစ်ပါသည်၊

သူမကိုသိခဲ့တာကြာပါပြီ၊ ဟုတ်ပါတယ်၊ သူမ မဂဏေရှဆိုတာ မြန်မာတွေပေးလိုက်တဲ့ အမြတ်ရတနာ သမီး ချစ်ပါတည်း။ ဗုဒ္ဓသမီး တော်ဖြစ်ရေး တောင်တန်းအသီးသီး၊ မြစ်ချောင်းအသွယ်သွယ်၊ နိမ့်ချီတစ်ခါ မြင့် ချီတစ် လှည့် ခရီးရှည်ကြီးကို စွန့်စွန့်စားစားဖြင့် ဖြတ်သန်းပြီး လာရောက်ခဲ့သော နီပေါသူ၊ မြန်မာပြည်က သူမကို သီလရှင် အဖြစ် ချီးမြောက်ခဲ့သည်၊ မသုဓမ္မ၀တီရယ်လို့ နာမည်ပေးခဲ့ပြန်သည်၊ ရဟန်းတော် စာဆိုကြီး ရဝေ ထွန်းက သမီးချစ် အဖြစ်စာဖွဲ့သီသည်၊ သူမဘ၀ သူမအလှတို့သည် မြန်မာစာပေလောကတွင် ထွန်းလင်း လျှက် စံတော်ဝင်သည်၊
ဆရာကြီး မသုဓမ္မ၀တီ၏ ၇၇ နှစ်ပြည့် ပူဇာ သဘင်သို့မြန်မာ ရဟန်းတော်ပင့်သံဃာများ အဖြစ် ဗုဒ္ဓဂယာ မြန်မာ ကျောင်းမှ ငါးပါး နှင့် ကုသိနာရုံမှ ဆရာတော်ငါးပါတို့ကြွရောက်ချီးမြှင့်ကြသည်။ ပူဇာသဘင် အခမ်းအနားတွင် မြန်မာသီလရှင် ၀တ် စုံများဖြင့် တင့်မောကြွကြွလှပနေသော နီပေါသူ သီလရှင်များကို တွေ့ရသည်မှာ မြန်မာ ပြည်လား ထင်ရပြန်သည်၊ 
သည်သာမကသေး၊ မြန်မာစကားကိုလဲ ရေလည် ပတ်နတ်ဆို တတ်ပြန် ချေတော့” သာကီမျိုးဟေ့ တို့မြန်မာ” လို့တောင်အော်လိုက်ချင်နေမိသည်၊ စိတ်ကို မနည်း ထိန်းသိမ်းနေရပြန်သည်၊ အနေခက်လှပါသည်၊

အခမ်းအနားတွင် ကုသိနာရုံ မြန်မာဆရာတော်ကြီးက သဘာပတိ အဖြစ်ချီးမြှောက် တော်မူသည်၊ နိုင်ငံ ဆိုင်ရာ လူကြီးများမှ သက်ဆိုင်ရာ ဘွဲ့တံဆိပ်တို့ကို ဆရာကြီးအား အပ်နှင်းသည်၊ တိဗက် ဆရာ တော်တစ်ပါးမှ ဆရာ ကြီးအား တဘက်တစ်ထည်လည်ပင်းတွင် ရစ်သိုင်းဖွဲ့လျှက် ဖြင့် ဂုဏ်ပြုသည်၊ ဆရာကြီးမှလည်း သဘာပတိ ဆရာတော်၊ မြန်မာဆရာတော်၊ သီရိလင်္ကာဆရာတော်၊ အိန္ဒိယဆရာတော်နှင့် ကြွရောက်လာသော နိုင်ငံတော် အကြီးအကဲများကို တစ်ဘက်တစ်ထည်စီ လည်တွင်းသိုင်းလျှက် ချစ်ကြည် ရင်နှီးမှုကို အလေးအမြတ် ထားတုံ့ ပြန်သည်၊ သာဓုသံသည် လုမ္ဗနီရဂုံတောကို တင့်မောစေပြန်သည်။

စိတ်အစဉ်သည် အတိတ်ဆီသို့ပြေးသွားပြန်သည်၊ အလောင်းတော်မြတ် ဖွားမြင်တော့ အင်ကြင်းပင်တို့ ဖူးပွင့် အစုံစုံဖြင့် အစွမ်းကုန်တင့်မောခဲ့ပေသည်၊ နီပေါနိုင်ငံ၏ ပန်းမာလာကြီး မဂဏေရှသည်လဲ ၇၇ နှစ်ပြည့် မွေးနေ့တွင် တပည့်ပေါင်းများစွခြံရံလျှက် လုမ္ဗနီရဂုံတောတွင် တင့်မောလှပေစွ၊

ဆရာကြီးမှ ဓမ္မလက်ဆောင်တော်အဖြစ် ဖွားတော်မူစေတီတော်မြတ်ပုံတူ တစ်ဆူနှင့် အဖြူရောင်တဘက် တစ် ထည်စီတို့ကို ကြွရောက်တော်မူလာကြသော မြန်မာသံဃာတောများအား ကပ်လှူပူဇော်ပါသည်၊ နှင်းတို့ တစ် ချို့ တ၀က် လုမ္ဗနီရဂုံတောတွင် ရစ်သိုင်းဖွဲ့သီနေသေးသည်၊ ဟိမ၀န္တာတောင်တန်းများဆီက လေနုအေး သည် နှင်းထုနှင့် အတူ ရှိနေ၏။ အင်ကြင်းနှင့် ဇမ္ဗုသပြေပင်တို့အကြားတိုးဝင်သွားသော လေနုအေးသည် တစ်ခုသော တေးသီချင်းပမာ၊ နှင်းတစ်သန့်၊ တေးတစ်ကန့်ဖြင့် လုမ္ဗနီရဂုံတောသည် ဒေါ်သုဓမ္မ၀တီကို ဂုဏ်ပြုနေ သယောင် ထင်ရသည်။

Monday, February 14, 2011

ကျောင်းသားခေါင်းဆောင် ဆရာတော်



မန္တလေးမြို့အရှေ့ပြင်ရှိ သာသနာ့တက္ကသိုလ် အဘိဓမ္မဌာနတွင် ဌာနမှူးဆရာတော် သာမကကထိက စာချဖြစ် သော ဆရာတော်ဖြစ်သော ဦးမုနိဝရသည်လဲ ဗဟုသုတများစွာပေးပြီး ပို့ချပေးပါသည်။ စာချရာတွင်လဲ စာသင် သားများ မှတ်ရ လွယ်စေရန် တူရာများကိုသာ ရွေးပြီး ပို့ချပေးပါသည်။ စာလိုက် သံဃာများ နှစ်သက်ကြသည်။ အုပ် စု လေးများဖြင့် ချပေးတတ်သည်။ ရှေ့ဟာနဲ့ အတူတူပဲလို့ ပြောတတ်သည်။ မှတ်ရသားရလွယ်ကူသည်။ 

ဆရာတော့် အပြောလေးများသည် တွေးတွေးလေးဖြင့် ရယ်ရသည်။ မန်း သာသနာ့ တက္ကသိုလ် စာသင်ယူရစဉ် အတွင်း သိမီခဲ့ရသည့် ဆရာတော်များတွင် အတွေး လေးဖြင့် ရယ်စရာပြောတတ်သော ဆရာတော်ကား အဘိဓမ္မကထိကဖြစ်၏။ ဗြုန်းကနဲ့ရယ်ရသော စာချဆရာ တော်ကား ပြန့်ပွားကထိက ဖြစ်သော ဦးပရမဖြစ်၏။ အဘိဓမ္မကထိကဆရာတော်သည် စာသင်သားများကို ဆွဲ ဆောင်ရာတွင် ထူးခြားပါသည်။ သူ့ အပြောတွင် " ငါ့ရှင်တို့သိပြီးသားပါ" အစချီကာ ခက်ခဲသော သဘော တရားများကို နားဝင် အောင် ပို့ပါတော့သည်။ အဘိဓမ္မာ သဘောတရားများနှင့် တိုက်ဆိုင်ပြီး နေ့စဉ်ဘ၀ထဲ သို့ အရောက်ပို့ ပေး တတ်သည်။ ကျမ္မာရေး အသိဖြင့်လဲ ဆက်နွှဲပြောပြတတ်ပါသည်။ စာချဟန်ဖြင့်သာမက အနေ အထိုင်ဖြင့်လဲ စံပြ ဖြစ်အောင် နေထိုင်ကျင့်သုံးပြတတ်သည်။ အထူးသတိပြုမိသည်မှာ- တရားဟောလိုသော သူသည် ဆရာတော်၏ စာဝါကိုလိုက်ဖို့သင့်လှသည်။ 

ဆရာတော်နှင့်ပတ်သက်ပြီး အမှတ်ရဆုံး အရာ တစ်ခုမှာ ရင်ထဲစွဲနေပါသည်။ မန်း သာသနာ့တက္ကသိုလ်ကြီးမှ စတုတ္ထနှစ်ဖြေဆိုအောင်မြင်ပြီး၍ မဟာတန်းသို့ တက်ခွင့်ရမပါက တောင်တန်း ဒေသသို့ ကြွရောက်ပြီး သာသ နာပြုတာဝန်ထမ်းဆောင်ကြရသည်။ ခက်ခဲကြမ်းတမ်းသည်။ အစား အသောက်လဲ ချို့တဲ့သည်။ ဆက်ဆံရေးလဲ ခက်ခဲပါသည်။ သူ့စကားကိုယ်မပေါက် ကိုယ့်နားမလည် ဖြစ်တတ်ကြသည်။ ခရီးလမ်းမှာလဲ နွေ၊ မိုး၊ ဆောင် သုံး ပါးလုံး ခက်ခဲပါသည်။ ထိုအခက်အခဲများကို တွန်းလှန်ပြီး တောင်တန်းနေ ညီရင်း နောင်ဖွား တိုင်းရင်းသာများ အတွက် အဘက်ဘက်က ဦးဆောင်ဦးရွက်ပြုကြရပါသည်။ အောင်မြင် သည်လဲ ရှိသည်။ မအောင်မြင်သည်လဲ ရှိသည်။ အချို့တောင်းတန်း သာသနာပြုဘ၀ကို အသက်ပေးပြီး ဆောင်ရွက်သွားခဲ့ကြသည်။ 

မကွေးတိုင်း မင်းလှနယ်၊ ပနီဆုန်ဌာနတွင် တာဝန်ကျသော သာသနာပြုရဟန်းတော် သည် ငှက်ဖျားရောဂါဖြင့် ပျံလွန်သွားသည်။ ထိုကိစ္စကို သက်ဆိုင်ရာ အထူးဂရုစိုက်ပြီး ဆောင်ရွက်သည်ကို မတွေ့ ရပါ။
အဘိဓမ္မကထိက ဆရာတော် ဦးမုနိဝရသည် ကျောင်းသားများဘက်က ရပ်တည်ပြီး ပျံလွန်သွားသော သာသ နာ ပြုရဟန်းတော်၏ မိဘများထံ သို့အရောက်သွားပြီး အားပေးစကား ပြောကြားခြင်းနှင့် ဈာပနကိစ္စများကို ပါဝင် ဆောင်ရွက်ပါသည်။ သက်ဆိုင်ရာဌာနများသို့လဲ တင်ပြသင့်သည်များကို တင်ပြခဲ့သည်။ စာသင်သားများ၏ အားပေးထောက်ခံမှုကို ရရှိသလို ရှိရင်းစွဲ ကြည်ညိုမှုများလဲ တိုးပွားခဲ့ပါသည်။ 

တက္ကသိုလ်စာသင်နည်းကို စာတတ်အောင်နှင့် လေ့လာနည်းပေးနိုင်အောင်သင်ပြကြရမည်ဟု အကြံပေးသော သူလဲ ဖြစ်သည်။ လေးနှစ်တာကာလအတွင်း သင်ယူခဲ့သမျှတို့သည် စတုတ္ထနှစ်မအောင် မြင်ရုံဖြင့် ကျောင်း ထွက်ရသော စာသင်များကို များစွာအားနာပြီး မဖြစ်သင့်သည်များကို ထောက်ပြလေ့ရှိသည်။ ဆရာတော်၏ ထောက်ပြခဲ့သည်များမှန်ပါသည်။ နိုင်ငံတကာတက္ကသိုလ်ကြီးများတွင် ဤနည်းကို သုံးပြီး ပို့ချကြပါသည်။ မန်း သာသနာ့ တက္ကသိုလ်တွင် များစွာလိုအပ်သော ဆရာတော် တစ်ပါးပင် ဖြစ်ပါသည်။ ကျောင်းသား ခေါင်းဆောင် ဆရာ တော်ဟုပင် ဆိုချင်ပါသည်။

Sunday, February 13, 2011

ဗာရာဏသီ ဆရာတော်

မြန်မာပြည်မှ ဆရာတော်တစ်ပါးသည် မြန်မာပြည်လွတ်လပ်ရေး မရမီ အချိန်ကတည်းကပင် အိန္ဒိယနိုင်ငံ ရှိ ဗာရာဏသီ တက္ကသိုလ်သို့ ပညာသင်ကြွရောက်ဖူးသည်။ ဘွဲ့တံဆိပ်လဲ ရရှိတော်မူခဲ့သည်။ 

ဆိုပါ ဆရာ တော် ကို မြန်မာသက္ကရာဇ် ၁၂၆၄ တွင် ဖွားမြင်သည်။ ရန်ကုန်မြို့ အရိယဓမ္မပညာတော်သင် အဖွဲ့၏ စေ လွှတ်ချက်ဖြင့် အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့ရှိ -Banaras Hindu University (B,H,U)တွင် တက်ရောက် ပညာသင်ကြားခဲ့သည်။ မြန်မာသက္ကရာဇ် ၁၃၀၈ ခုနှစ်တွင် ဆိုပါတက္ကသိုလ်မှပင် သက္ကတ၊ ဟိန္ဒီဘာသာ  ရပ်ဖြင့် မဟာဝိဇ္ဇာဘွဲ့( M,A) ရရှိတော်မူခဲ့သည်။

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း အိန္ဒိယနိုင်ငံ၌ ခြောက် နှစ်ကြာမျှ ပညာဆက်လက်သင်ကြားခဲ့သည်။ ဒုတိယ ကမ္ဘာ စစ်ကြီးအပြီးတွင် မြန်မာပြည်သို့ ပြန် လည်ကြွ ရောက်တော်မူခဲ့သည်။ ၀ိသုဒ္ဓါရုံ စည်ရှင် ဆရာ တော်မှ ဗာရာဏသီ ဆရာတော်ဟု ခေါ်ရာမှ စတင်ကာ ဗာရာဏသီ ဆရာတော်ဟု အမည်တွင် တော်မူ
သည်။ 

ဘွဲ့တော်မှာ ဘဒ္ဒန္တအာနန္ဒပဏ္ဍိတာဘိဝံသ ဖြစ်သည်။ ပြည်မြို့၊ ၀ိသုဒ္ဓါရုံ ဗာရာဏသီတိုက်၏ အဓိပတိ ဖြစ်တော်မူသည်။ 

မြန်မာသက္ကရာဇ် ၁၃၅၅ ခုနှစ်တွင် ပြန်လွန်တော်မူသည်။ အိန္ဒိယနိုင်ငံ ရှိ ဗာရာဏသီ တက္ကသိုလ်မှ ပထမ ဆုံး ဘွဲ့ရ ဆရာတော်ဟု ယူဆရဖွယ်ရှိပါသည်။

ငြင်းပယ်မှာ စိုးမိတယ်

မန္တလေးမြို့၊ အနောက်ပြင် ချမ်းသာကြီးကျောင်းတိုက်တွင် နေရစဉ်ကဖြစ်သည်။ ဦးသြဘာသသည် အိပ်ယာချင်းကပ်လျှက်က မိတ်ဆွေဖြစ်သည်။ ကန့်ကလူနယ်သား ဖြစ်သည်။ ပုံတိုပတ်စ ပြောရာတွင် တိုတိုနှင့် ထိမိအောင်ပြောလေ့ရှိသည်။ သူပါလျှင် လူ အုံတော့သည်။ ပြီးတော့ လူတိုင်း မျက်နှာ ပြုံပန်းဝေအောင် ပြုစား နိုင်စွမ်းရှိသည်။ 
သူ၏ အခြား ထူးခြားမှုမှာ ဆိုက် ဂိုက် ပေးတာ များလွန်း၍ ဂိုက် သြဟု ကင်ပွန်း တပ်ကြသည်။ သူ စိတ် မဆိုးပါ။ ပြုံး လျှက်ပင် ရှိနေတတ်သည်။
တစ်နေ့သူသည် လူစုစုဖြင့် စကားပြောကာ ပွဲကျအောင်ဖန်တီးနေသည်။ သူအနား ရောက်လာသော ဦးဇင်းတစ်ပါးကို-

" ဟာ ဦးဉေယျကြီး အသုပ်လေး ဘုဉ်းပေးသွားပါဦးဗျ"၊

"နေတော့ ဦးသြဘာရေ သွားစရာရှိနေသေးလို့ပါ"၊

"ကောင်းပါတယ်၊ တပည့်တော်ကလဲ ငြင်းမှ ငြင်းပါ့မလားလို့ ပူလိုက်ရတာဘုရား၊

ကြွကြွ မြန်မြန် နောက်ကျကုန်လိမ့်မယ်"။

ဆာဓုခေါ်ပါသည်



အသာရေ သာရမတိနော၊ သာရေစာသာရဒဿိနော။
တေ သာရံ နာဓိဂစ္ဆန္တိ၊ မိစ္ဆာသင်္ကပ္ပဂေါစရာ။ 

မြတ်စွာဘုရားရှင်သည် ပါဠိ ဘာသာသာအားဖြင့် သတ္တ၀ါဝေနေယျတို့အား ငြိမ်းချမ်းရေး လမ်းစဉ်ကို ဟော ဖော်ညွှန် ကြားတော်မူခဲ့ပါသည်။ ပါဠိဘာသာနှင့်တွဲလျှက် ထေရ၀ါဒ ဗုဒ္ဓဘာသာကို လူသိများသည်။ အချို့က ထေရ၀ါဒ ဗုဒ္ဓဘာသာကို ပါဠိ ဗုဒ္ဓဘာသာဟုပင် ခေါ်ကြလေသည်။ အကြောင်းမှာ မြောက်ပိုင်း ဗုဒ္ဓ ဘာသာကို သက္ကတဗုဒ္ဓဘာသာဟု ခေါ်ဆိုသောကြောင့် ဖြစ်သည်။ ထေရ၀ါဒ ရဟန်းတော်များ ပါဠိရွတ် ဖတ်မှု အသံ နေ အသံထားသည် စည်းဝါး ကိုက် ညီသည်။ သာယာနာပျော်ဖွယ်ရှိသည်။ 

မဟာဗောဓိစေတီတော်ကြီးအနီးတွင် ဘုရားသား တော်သမီးတော်များ ပါဠိဘာသာ၊ သက္ကတဘာသာတို့ဖြင့် ပူဇော်နေကြသည်ကို ကြည်ဖွယ် တွေ့ ရသည်။ ဘုရားကို မြတ်နိုးကြတာခြင်းတူ သည်။ ကြည်ညို လေးစားကြတာခြင်း တူသည်။ သို့သော် မြန်မာနိုင်ငံ အနေဖြင့်ကား သီခြား အသံထွက်ဖြင့် ရွတ်ဆိုကြသည်။ ဂရု၊ လဟု ထားပြီး အသံပြတ် ဖြင့် ရွတ်ဆိုလေ့ရှိသည်။ သ အသံ ကိုပီပီသသ ကြားရသည်။ အခြား ထေရ၀ါဒနိုင်ငံများတွင် မြန်မာကဲ့သို့ သ အသံ မရှိပါ။ ဆ အသံဖြင့် ဆိုသည်။ ဆာဓု သံမြိုင်မြိုင်ကို မကြာ ခဏကြားရသည်။

သီရိလင်္ကာနိုင်ငံ တွင်နေရစဉ်က အခါကြီး ရက်ကြီးများ၊ ( သူတို့ အခေါ် ပေါယ) နေ့မြတ်များတွင် ပါဠိတော် များကို ဗောဓိညောင်ပင်အနီးတွင် က၀ိဘာဏ ရဟန်းတော်တစ်ပါးက သာယာနာပျော် ဖွယ်ဖြစ် အောင်ရွတ် ဆိုသည်။ နောက်ပါ ဒကာ ဒကာမ များက အာရုံပြု ကြည်ညိုကြသည်။ အထက်ပါ အသာရေ သာရမတိနော ဂါထာကို ရဟန်းတော်တစ်ပါးက ရွတ်ဆိုသည်။ မြန်မာပြည် စာသင်ကြားရစဉ်က မြန်မာသံစဉ်ဖြင့် ရင်းနှီး ကျွမ်းဝင်ခဲ့သောကြောင့် သူတို့ရွတ်သံ ဆိုသံသည် တစ်မျိုးရှိလှသည်။ နားထောင်ကောင်းပါသည်။ 

အာရုံပြုနေသော သူတော်စင်တို့ကို ညွတ်နူးဖွယ်ဖြစ်အောင် ရွတ်ဆိုသည်။ ကောင်းကင်ပြင်က လသည် ပြည့်ပြည့် ၀န်းဝန်းသာလှသည်။ ဗောဓိပင်ခြေတွင် ဖြန့်ခင်းထားသော သဲနုဖြူဖြူတို့သည် လင်ရောင်တွင် တဖျတ်ဖျတ် တောက်လျှက် ကြွနေသည်။ အနီး မျက်ခင်းပြင်တွင် စုဝေးနေရာယူထားကြသော သူတော်စင် တို့သည် ဗောဓိပင်ကိုမျက်နှာမူလျှက် ကြည်ညိုနေကြသည်။ က၀ိဘာဏရဟန်းတော်၏ သာယာ နာပျော် ဖွယ် ဂါထာရွတ်ဆိုသံသည် မိုးယံသို့ပျံတက်လိုက်၊ ပင်ညောင်ခြေတွင် ရစ်သိုင်းလိုက်ဖြင့် သီရိလင်္ကာနိုင်ငံ သူနိုင်ငံသားတို့၏ နှလုံးသားဝယ် ပဲ့တင်ထပ်နေမည်ဖြစ်သည်။ 

ကွမ်းရွက်တွင် ဆီမီးခွက်တင်ပြီး ဗောဓိပင် ခြေရှိ သဲပြင်တွင် ထွန်းညှိပူဇော်သည်။ စေတီတော်တိုင်းတွင် ပန်းတို့ဖြင့်လည်းကောင်း၊ ဆီမီး တို့ဖြင့် လည်း ကောင်း ညလုံးပေါက်နီးပါး ပူဇော်ကြသည်။ ညသည် နက်လာလေ ပို၍ ငြိမ်သက်ပြီး က၀ိဘာဏ ရဟန်း တော်၏ ပါဠိရွတ်ဆိုသံသည် ပို၍ပီသလာလေ ဖြစ်၏။ သူတော်စင်တို့သည်လည်း ဈာန်ယာဉ်စီးနေရသလို ရှိနေမည်လား တွေးမိသည်။ ကြားရသူရင်ထဲ ဖော်မပြတတ်သော ဓမ္မရသ တစ်ခုကို ရှာဖွေ တွေ့နေသလိုရှိ နေတတ်သည်။ ကောင်းကင်တွင်လဲ လရောင်ကကွန့်၍ လှနေသည်။ တရားလွှမ်းသော ညသည် ဆိတ်ငြိမ် အေးချမ်းလှပါ၏။

သူတို့ဘာသာရေး အခမ်းအနားတွင် အပျော်အပါး တွေ့ရခဲသည်။ အဖြူရောင်ကိုယ်စီဖြင့် သန့်စင်စွာ လှ နေတတ်သည်။ ရင်ခွင်တွင်အိပ်ပျော်နေသော ကလေးငယ်များကို ထွေးပွေ့လျှက်ပင် ဘုရားရှင်၏ စကား တော်များကို တပည့်သား သံဃာတော်များ၏ ရွတ်ဖတ် ပူဇော်နေပုံတို့အား အလေးထား ကြည်ညိုကြသည်။ သီရိလင်္ကာနိုင်ငံသာများ၏ ပါဠိရွတ်ဆိုပူဇော်သံကို နေရာအနှံ့ကြားရသည်။ တစ်ချို့ မြန်မာစကားပြော နောက်ခံ ဗုဒ္ဓ၀င်များတွင်လဲ ရံခါတွေ့ရတတ်သည်။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ အစချီကာ ဘုရားဂုဏ်၊ တရားဂုဏ် နှင့် သံဃာဂုဏ် ရွတ်ဆိုသံတို့မှာ သာယာနာပျော်ဖွယ်ရှိလှသည်။ ဆာဓု အကြိမ် ကြိမ်ခေါ်မိသည်။

ပထမဆုံး Doctor of Literature ဘွဲ့ရ မြန်မာ ရဟန်းတော်

(က) ပြည်ထောင်စုမြန်မာနိုင်ငံအား အကျိုးပြုစေမည့်-

၁။ တိုင်းရင်းသား ယဉ်ကျေးမှုဆိုင်ရာ  ဘာသာရပ်တစ်ခုခုကိုသော်လည်းကောင်း၊
၂။ တိုင်းရင်းသား စာပေတစ်ခုခုနှင့် စပ်လျဉ်း၍သော်လည်းကောင်း၊
၃။ သိပ္ပံပညာရပ် တစ်ခုခုနှင့် စပ်လျဉ်း၍သော်လည်းကောင်း၊
၎။ သင့်လျော်သော ဘာသာရပ် တစ်ခုခုနှင့် စပ်လျဉ်း၍သော်လည်းကောင်း နောင်လာ နောက်သား များအတွက် မီးရှူးတန်ဆောင်သဖွယ်ဖြစ်စေသော ကျမ်းများ သို့မဟုတ် သူတေသနများပြုစုခဲ့သည့် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်။

(ခ) အစိုးရက ဂုဏ်ထူးဆောင်အပ်နှင်းရန် သင့်လျော်သည်ဟု ဆုံးဖြတ် ချီးမြှင့်ခြင်းခံရမည့် နိုင်ငံခြားသား ဖြစ်ရမည်။

ဗြိတိသျှ အစိုးရလက်ထက် ပထမဆုံး ဘွဲ့နှင်းသဘင် အခမ်းအနားကို ၁၉၂၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက် တွင် ဂျူဗလီဟော၌ ကျင်းပခဲ့သည်။ ထိုအချိန်တွင် ဘွဲ့နှင်းသဘင်  အဆောက်အအုံကြီး မဆောက် လုပ် ရ သေးပါ။

ပထမဆုံး Doctor of Literature ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်အပ်နှင်းခြင်းခံရသော ပုဂ္ဂိုလ်မှာ လယ်တီဆရာ တော်ကြီး ဖြစ်ပါသည်။ ၂၈၊ နိုဝင်ဘာလ၊ ၁၉၂၁၊ နေ့တွင်အပ်နှင်းသည်။

နောက်တစ်ဦးမှာလည်း ရဟန်း တော်တစ်ပါးပင်ဖြစ်သည်။ ဘွဲ့တော်မှာ ဦးဝိသုဒ္ဓ ဖြစ်သည်။ ဆရာတော်ကို ၂၉၊ ဇူလိုင်လ၊ ၁၉၃၇၊ နေ့ တွင် အပ်နှင်းသည်။

အင်္ဂလိပ်လက်ထက်တွင် မြန်မာရဟန်းတော်ကြီးနှစ်ပါး Doctor of Literature ဘွဲ့လက်ခံရရှိ တော်မူ ခဲ့ပါ သည်။

Friday, February 11, 2011

တစ်ဦးကမေတ္တာ တစ်ဦးကစေတနာ

မိတ်ဆွေတစ်ဦးရဲ့ အကူအညီနဲ့သူတို့နေတဲ့ကျောင်းကို ရောက်ခဲ့ရပါသည်။ မြေပြင်ပြန့်ပြန့်တွင် အကန့် လိုက်ဖြစ်အောင် တံမြက်စည်း လှည်းကျင်းထားသည်ကို ကြည်နူးဖွယ်တွေ့ရသည်။ 

သဲဝါ၀ါ နုနုလေးတွေ ခင်း ထားသည်။ ဗောဓိညောင်ပင်အောင်ခြေတွင် လေးမျက်နှာလှအောင် သဲပြင်ကိုခင်း ထားသည်။ သဲပြင် ပေါ် သို့ကြွေကျနေသော ညောင်ရွက်တို့သည်ပင် စိတ်ကို ညွတ်နူးဖွယ်ဖြစ်စေပါသည်။ ဗောဓိ ညောင်ပင်ကို ၀န်း ပတ် ကာရံထားသော အုတ်ရိုးတံတိုင်း၏ လေးမျက်နှာတွင် အရပ်လေးမျက်နှာ သို့ မျက်နှာမူလျှက် စံနေ တော်မူ သော ဗုဒ္ဓရုပ်ပွားတော်တို့ကို ကြည်နူးဖွယ်ဖူးတွေ့ရပြန်သည်။ 

ရင်းနှီးကျွမ်းဝင်နေသော ကျေး ငှက် တို့၏ သာ ယာငြိမ့်ငြောင်းသော သီဆိုနေဟန်တို့ကိုလဲ ကြားရ၊ မြင်ရပြန်သည်။ တခါတရံ တောမျောက်များ အုပ် လိုက်၊ အစုလိုက် လာတတ်သည် ကိုတွေ့ရသည်။ သတ္တ၀ါများကို ကြင်နာ စွာပြုမူဆက်ဆံသည်ကို တွေ့ ရ သည်။ ကြက်တူရွေးငှက်များကို လက်တစ်ကမ်းသို့ ရောက်အောင် ပျံသန်း နေကြသည်ကို တွေ့ရပြန်သည်။ ထိုကျောင်းလေးသည် ဥယျာဉ်တစ်ခုလိုဖြစ်နေပါသည်။

လိပ်များလဲ ရှိသည်။ သူတို့အခေါ် နဂါး များ ဖြစ် သော ဖွတ်သတ္တ၀ါကြီးများကိုလဲ တွေ့ရပါသည်။ ရောက်ခါစက ဘယ်က နေဘယ်လို မျက်စိလည်လာ သည် မသိ အိပ်ခန်းထဲ ၀င်လာသည်ကို တွေ့ရသဖြင့် အလန့်တကြားဖြစ် မိသည်။ ကျောင်းထိုင် ဆရာတော်မှာ သက်တော် ငါးဆယ်ကျော်ပြီဖြစ်၏။ သို့သော် ဗုဒ္ဓဝေယျာဝစ္စ ဆောင် ရွက်ရာတွင် အတုယူဖွယ် ကောင်းလောက်အောင်တွေ့ရသည်။ ဘုရားရှိခိုး အမြဲတမ်း ဦးဆောင်မှုပြုသည်။ မြို့တွင်း ကလာရောက်ပြီး ဘုရားဝတ်တက်ကြသော ဒကာ ဒကာမများကို သီလပေး၊ တရားဟော ၀တ်မြဲ သည်။ 

သူ့ကျောင်းတွင် တစ်နှစ် တာ နေခွင့်ပေးထားသာ မိမိတို့နှစ်ပါးကိုလဲ ဘုရာဝတ်တက်မြဲဖို့ အမြဲ ပြော ပါ သည်။ ဘုရားဝတ်မတက်မီ ဘုရား ပန်းကပ်ခြင်းကို ဒကာ ဒကာမများနှင့်အတူ ဆောင်ရွက် ဆက် ကပ်ရ သည်။ မြန်မာမှုနှင့် မတူထူး ခြားသော ကြည်ညိုဖွယ်ရာဖြစ်သည်။ ဒကာ ဒကာမတို့သည် ညနေတိုင်း ဘုရားဝတ်မတက်မီ ကျောင်းသို့ ရောက်အောင်လာကြပြီး သူတို့ယူခဲ့ကြသော ပန်းတို့ကို ကြည်နူးဖွယ် ဖြစ်အောင်စီမံကြသည်။ ပန်းတို့စုံသည်။ ရနံ့တို့လဲ ထုံကြိုင်သည်။ ပို၍ထူးခြားသည်မှာ ကလေးများကို လူ ကြီးများနှင့် အတူတူ ပန်းကမ်း ပန်းကပ် ကြခြင်း သည် တစ်မျိုးထူးခြားပါသည်။ မြန်မာမှုတွင် မတွေ့ရသ လောက် ရှိသည်။ ကလေးများ သည် လဲ အလေ့အကျင့် ဖြစ်နေသည့် အတိုင်း စိုးရိမ်ထိတ်လန့်မှုများ မရှိပဲ တွေ့ရသည်။ ဘုရားကြည်ညိုတတ်အောင် ရင်ခွင်ပိုက်ပြီး သင်ခန်းစား ပေးသည်ကို ဂုဏ်ယူစွာမြင် နေ ရ သည်။ နှလုံးသားနုနုကို တရားတော်များ လှပ သော ယဉ်ကျေးမှုတို့ဖြင့် အလှဆင်နေခြင်းဖြစ်သည်။ 

ထိုလှပသောမြင်ကွင်များကို ဆယ်လခန့် နေပြီး နေ့ စဉ်တွေ့ရသည်။ သူတို့နဲ့ အတူ ဘုရားဝေယျာဝစ္စ များးကို ပြုလုပ်ခွင့်ရပါသည်။ ဘုရားကြည်ညိုပုံကို အနီး ကပ်လေ့လာခွင့်ရသည်။ သူတို့နှင့် အတူစကားပြော ခွင့်ရသည်။ မြန်မာကိုသူတို့ သိကြသည်။ ပြီးတော့ လေးစားကြသည်။ အခွင့်အခါ သင့်လျှင် လာချင်သေး ကြောင်းပြောကြသဖြင့် ၀မ်းသာမိသေးသည်။ ဆရာတော် မရှိခိုက် သူတို့ကို ငါးပါးသီလပေးရသည်။ မြန်မာဟန်ပေါက်နေသော မိမိတို့အသံကိုနားလည် သဖြင့် ကြည်နူးဖွယ်ဖြစ်ရပြန်သည်။ သို့သော် မိမိတို့ ဘုရားဝတ်တက် အပြီးတွင်း ကျောင်းက ကိုရင်ကိုမေး ကြည့်ရာ " အရှင်ဘုရား သီလပေးတာက ငေါက်သ လိုပဲ" ဟုပြောသဖြင့် ရယ်မိကြသေးသည်။ 

ဟုတ်ပါသည်။ သီရိလင်္ကာဘုန်းကြီးများ သီလပေးရင် အသံရှည် ဆွဲပြီး သူတို့အသံအတိုင်း ဆိုကြသည်။ မိမိမှာမူ ထိုသို့ မဟုတ်ပါ။ ဂရု၊ လဟုပီပီ ဆိုလိုက်သဖြင့် မြန်မာဟန် ငေါက်သံပေါက်သွားခြင်း ဖြစ်ပေမည်။ လေ့လာ ရပေဦး မည်။ သီဟိုဠ်ရောက်တော့လဲ  ဆင်ဟာလီ လို ပြောတတ်၊ ဆိုတတ်၊ ရွတ်တတ်အောင် ကြိုးစားရပေ ဦးတော့ မည်။ တစ်ဦးက မေတ္တာ တစ်ဦးက စေတနာ လို ပေါ့လေ၊ သတိရနေပါသည်။

အလှည့်ကျ ကိုယ်တော်လေး


"အဘိဓမ္မာတရားတော်ကို နတ်ပြည်မှာဟောတယ်ဆိုတာ ဟုတ်တယ်ဘုရား၊ ဘာလို့ဆိုတော့ တပည့် တော် တို့ အဘိဓမ္မာဌာနမှူး ဆရာတော်ကို ကြည့်ပါလားဘုရား၊ အပေါ်မော့ကြည့်ပြီး စာချနေတာ မဟုတ် လား လို့'၊ မှန်ပါသည်။ ဌာနမှူးဆရာတော်သည် စာသင်ခန်း မျက်နှာကျက်က ပန်ကာကိုကြည့်ပြီး စာချလေ့ရှိသည်။

တပည့်တွေအကြား ပြောစရာဖြစ်အောင်ပင် အဘိဓမ္မဌာနက ထူးခြားပါသည်။ မန္တလေးမြို့၊နန်းရှေ့ရပ်ရှိ ပရိယတ္တိသာသနာ့တက္ကသိုလ်၏ မဟာဌာနကြီးသုံးခုတွင် နောက်ဆုံးဖြစ်၏။ စာချဆရာတော်များ စေ့စေ့ စပ်စပ် သေသေချာချာ ပို့ချပေးလေ့ရှိသည်။ ဌာနမှူးဆရာတော်နှင့် တွေ့လျှင် မှတ်သားရသည်က များလှ သည်။ ဟိုဟာလေးလဲ သိစရာပင် မှတ်လိုက်၊ ဒီဟာလေးလဲ သိစရာမို့မှတ်လိုက်ဖြင့် ငေးချိန်၊ တွေးချိန် မရှိ လှ၊ ရေးပြီးပြန်လျှင်လဲ တစ်ဦးချင်းစီပြန်ဆိုပြရသည်။ နေ့စဉ်၊ နံစဉ် အတိုင်းစဉ်ထားသော စာသင် သားများ မှာ တစ်လှည့်စီ စာဆို ကြရသည်။ နောက်နေ့မည့်သည့် အတန်းစာဆိုရမည်ကို သိသည်။ ကြိုတင်ပြီး လေ့လာလို့ရသည်။ 

ဌာနမှူးဆရာတော်မှာလဲ အမြဲတမ်းပြောလေ့၇ှိသည်။ "အလှည့်ကျ ကိုယ် တော်လေး ဆိုလိုက်ပါဦးဘုရား"၊ ဆရာတော်၏ ဆိုပါ စကားစုလေးသည် တပည့်များတွင် ရေပန်းစား လာသည်အထိ ဖြစ်လာသည်။ "အလှည့်ကျ ကိုယ်တော်လေး၊ အလှည့်ကျ ကိုယ်တော်လေး" ဟု အချင်းချင်း နောက်စရာဖြစ်လာသည်။ သို့သော်ဆရာတော်ရှေ့တွင်တော့ ထိုသို့မပြောရဲကြပါ။ အချိန်ကိုလဲ အတိအကျပို့ချသည်။ ရောက်လာလျှင်လဲ အတိအကျပင်ဖြစ်၏။ စာဝါသိမ်း ပြီးဆုံးချိန်သည်လဲ အချက်ပေး မောင်းသံနှင့် အညီ ဖြစ်၏။ ရေးလက်စ စာသားကိုပင် ကုန်အောင်ရေးပါ။ 

ဥပမာ ပြောရလျှင်-
ကျမ်းတက်တွင် ဖြစ်သည်။ အစမှ ကျမ်းတက်လာရာ ဤသို့မေးဖွယ်ရှိသောကြောင့် ခ ၀ါကျကိုမိန့်၊ အဓိပ္ပာယ်ကား နောက်နေ့မှဆက်ကြတာပေါ့ဘုရား၊ ဟုပြောပြီး ထားရစ်တတ်သည်။ မျှော်လင့်ချက်ဖြင့် လွမ်းအောင် ဖန်တတ်သည်။



ပေးတဲ့ ဆုနဲ့ပြည့်ပါစေ

ကျမ္မာပါစေ၊ ချမ်းသာပါစေ၊ လိုရာဆန္ဒပြည့်ပါစေ လို့ မိဘဆရာ၊ မိတ်ဆွေ၊ တစ်ဦးတစ် ယောက်က ပြောလို့ ရှိရင် တစ်ဘက်က ပြန်ပြောလေ့ရှိတယ်။ ပေးတဲ့ဆုနဲ့ပြည့်ပါစေတဲ့။  အတိုင်အဖောက်ညီတဲ့ မြန်မာ conversation လေးတစ်ခုဖြစ်ပါတယ်။ အင်မတန်လဲကောင်းပါတယ်။ မြန်မာ့ မူဟန်လဲ ပေါက်ပါတယ်။
 
ကျနော်ကို ပြောလာ ရင် လဲ သူတို့လိုပဲ ပေးတဲ့ဆုနဲ့ပြည့်ပါစေလို့ ပဲပြန်ပြောလိုက်ပါတယ်။ အဲဒါနဲ့ပတ်သတ်ပြီး ကျနော်ဖတ်ဖူး တာလေးကို ပြောပြချင်လို့ပါ။ တော်တော်တော့ ကြာပြီထင်တယ်။ အကုန်လုံးတော့ မမှတ်မိဘူးပေါ့။ အဓိက အပိုင်းကိုတော့ မှတ်မိနေတယ်။ တစ်ခါတုန်းက ဟိမ၀န္တာမှာ တရား အားထုတ်နေတဲ့ ယောဂီကြီးတစ်ဦး မြေပြန့်ကို ဆင်းလာတယ်။ တွေ့တဲ့ရွာလေးမှာ အလှူခံတယ်။ အိမ်တစ်အိမ်ရှေ့ရပ်ပြီး အလှူခံတော့ အိမ်ကြမ်းပြင်မှာထင်တယ်။ အဖေဖြစ်သူနဲ့သူ့ရဲ့သားတို့ ထမင်းစား တော့မလို့ ဖြစ်နေတဲ့ အခြေအနေ လေးပါ။ အလှူခံရောက်လာတော့ ကလေးက မလှူချင် ဘူး ဖြစ်နေ တယ်။ နောက်တော့ သူ့အဖေကတိုက်တွန်းတာနဲ့ သူ့ထမင်းကို လှူလိုက်တယ်။ အဲမှာတင် အခုန အလှူခံ ယောဂီကြီးက ဆုပေးပါတယ်။

'လူကလေး၊ အခုလို လှူရတဲ့ အကျိုးအားကြောင့် စားကောင်း သောက်ဖွယ်များ လူကလေး ရှေ့သို့ ရောက် မလာသေးသမျှ ကာလပတ်လုံး ဆာလောင်မွတ်သိပ်ခြင်း ဘေးမှ ကင်းလွတ်ပါစေတဲ့၊' ကျနော်မှတ်မိနေတဲ့ ဆုပေးလေပါ၊

ဘေးရန်ကင်းကြပါစေ


သူတို့ရွာဓလေ့ထူးပါသည်။ ယောင်္ကျားသားရှိသော အိမ်တိုင်း သေနတ်ရှိသည်။  ယောင်္ကျားသား ၅ဦးရှိလျှင် သေနတ် ၅လက်ရှိသည်။ တောလိုက်ရာတွင် အသုံးပြုသည်။ မနက်စောစောတွင် သေနတ်ထမ်းပြီး တောသို့ ၀င်သည်။ ညနေစောင်းတွင် သေနတ်ထမ်း သားကောင်ဆွဲပြီး ရွာပြန်ဝင်လေ့ရှိသည်။ ရွာနီးချုပ်စပ်တွင် သေ နတ်သံကြားလေ့ရှိသည်။ နာဂတစ်ယောက် အနေနှင့်  ဘုန်းကြီးတစ်ပါးကိုလမ်း တွင်တွေ့ပါကတောထွက် လာသူမိမိ အတွက် ကံမကောင်း ဟုပြောလေ့ရှိသည်။ ကျမ္မာရဲ့လား နေကောင်းလား ပင် မမေးရဟု ပြော ကြသည်။ အခြားရွာများတွင် ဘယ် သို့ ရှိမည်မသိရသော်လဲ ပဒူးမုန်းရွာလေးတွင်တော့ ဤသို့ရှိသည်။ 

တစ်ခါကမေးဖူးရာ မမေးပါနဲ့ ဘုန်းကြီး အဲလိုပြောရင် အဆင်မပြေတတ်ဘူးလို့ ပြန်ပြောပါသည်။ နောက်တာ့ လမ်းတွင် တွေ့ပါက မျက်နှာ ပြောင် ပဲတိုက်လိုက်ရတော့သည်။ နှုတ်မဆက်ရဲပါ။

ခပ်လှမ်းလှမ်း တောင်တန်းများဆီမှ သေနတ်သံကြားရလျှင် ရင်တွင် တထိတ်ထိတ် ရှိနေတတ်ပါသည်။ သားကောင်ရလျှင် ဘုန်းကြီးအတွက် ခွဲတမ်းဖြင့်ပို့ပေးတတ်သည်။ သွေးသံရွှဲရွှဲ အသားတွဲကို မကြည့်လို၊ မမြင်လိုသောကြောင့် အခြောက်လှမ်းပြီးမှ ပို့ရန်ရွာသားများ ကိုပြောထားရသည်။ ရယ်ချင်စရာတော့လဲ အကောင်းသားပင်၊  တောလုံးညံသော သေနတ်သံကြားလျှင် တောဝက် လေလား၊ ချေလေလား လို့ပင် အလိုလိုတွေး နေမိတတ်ပြန်သည်။ ခွင့်လွှတ်ကြပေရော့။ 
တစ်ခါက တစ်ဘ၀သည် အဲလိုရှိခဲ့ဖူးသည်။

၀၀စားပြီး

ဦဇင်းကြီးက သက်တော်ကြီးပါပြီ၊ ဗဟုသုတစုံတယ်။ တွေ့တဲ့လူလဲ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သူသိတာကိုတော့ မျှဝေလေ့ရှိတယ်။ တစ်နေ့ကျောင်းအောက် ဦးဇင်းကြီးနဲ့တွေ့ရာ

'ဟဲ့ကောင်လာစမ်း၊ မင်းကြည့်ရတာ ကျမ္မာရေး မကောင်းသလိုပဲ၊ ဘာဖြစ်နေလဲ ပြောစမ်း'၊

'တပည့်တော် ၀မ်းတွေချုပ်နေလို့ပါ ဘုန်းကြီး' လို့လျှောက်လိုက်တော့၊

'မင်းတို့က ကျမ္မာရေး ဂရုစိုက်မှပေါ့ကွ၊ အသက်ငယ်တယ်ဆိုပြီး ဖြစ်သလိုနေလို့ မရဘူးနော်။
မှတ်ထား၊ ဆရာတော်ကြီးတစ်ပါးရေးဖူးတယ်။

အေး ချို စိမ့် ဖန်၊
စားတုံပြန်၊
လေးလံကိုယ်ခန္ဓာ။
ပူ ငံ စပ် ခါး၊
စားတုံငြား၊ 
ပေါ့ပါး ကိုယ်ခန္ဓာ တဲ့ကွ၊

ငါ့ အလို ကတော့ ကျမ္မာချင်ရင် ၀၀စား ပြီးတော့  များများယိုပေးရတယ် လို့ယူဆတယ်'။


Saturday, February 5, 2011

ဒေါသကို ဘာသာ မပြန်ချင်ဘူး


မန္တလေးမြို့၊ နန်းရှေ့ရပ်၊ သာသနာ့တက္ကသိုလ်အတွင်း အဆောင်သုံးက အဖြစ် အပျက် လေးတစ်ခု ဖြစ်ပါ တယ်။ အသက်ကြီးမှ အင်္ဂလိပ်စာ သင်တန်း လာတက်သော နန်းရှေ့ တိပိဋက သန္တာဝါသ ကျောင်း တိုက်မှ ဘုန်းတော် ကြီး တစ်ပါး၏ ကိုယ်တွေ့လေးကို မျှဝေခံစားလိုက်တာပါ။

‘တပည့်တော် အဖြစ်လေး ပြောပြချင်လို့ပါ။ တပည့်တော်က ဆရာတော်နဲ့နိုင်ငံခြား ခရီးတွေ ဘာတွေ လိုက် ရတော့ တပည့်တော်လဲ နိုင်ငံခြားတွေဘာတွေရောက်တာပေါ့ဘုရား။  ခက်တာက တပည့်တော်က အင်္ဂလိပ်စာ မတတ် ဘူး ဖြစ်နေတယ်။ တခါတော့ ဆရာတော်နဲ့လိုက်သွားတာ အင်ဒိုနီးရှားကို ရောက်ပါ တယ်။

ကြိုဆိုရေးတွေက သူတို့ပြောသလို အချိန် က မတိကျတော့ တပည့်တော်တို့ ဆွမ်းကိစ္စ အခက်အခဲ ဖြစ် တယ်။ ဆရာတော် တွေလဲပါတော့ တပည့်တော်က အားနာတာပေါ့။ ဒါနဲ့ တာဝန်ခံလို့ပြောတဲ့ လူကို တပည့်တော်က စိတ်ဆိုးတယ်။ ခက်တာက တပည့်တော် စိတ်ဆိုးတာကို သူက ကောင်းကောင်း မသိ ဘူး ဖြစ်နေတယ်။ အဲမှာ တင် တပည့်တော်တို့နဲ့ပါလာတဲ့ ဘာသာပြန်ကို ပြောရတယ်။ ဟေ့ ဒကာ ငါစိတ် တို နေ တယ် လို့ပြော လိုက် ပါ၊ အဲလို ပြောတော့မှပဲ တပည့်တော် စိတ်တိုတာ သူတို့သိတော့တယ်။ 

အဲဒါကြောင့် စိတ်တိုတာတော့ ဘာသာ မပြန်ရအောင်ဆိုပြီး အခု အရှင်ဘုရားတို့နဲ့အတူတူ အင်္ဂလိပ်စာ သင်တန်းကို လာပြီး တက် တာပါပဲဘုရား’၊