Pages

Friday, September 27, 2013

လှိုင်းကလေး သင်


ဒီနေ့ သူငယ်ချင်းတစ်စုကို ပင်လယ်ကမ်းစပ်တစ်ခုကို အလည်အဖြစ်လိုက်ပို့ဖြစ်တယ်။
လှိုင်းတွေ ကြမ်းကြမ်း လေကလည်း သရမ်းဘိ။
အတွန့်တွန့်အခွေခွေနဲ့ ကမ်းကို ပြေးတက်လာတဲ့ လှိုင်းတွေက ကြီးမှကြီးပဲ။
ရှေ့ပြေးတယ်။
နောက်ကလိုက်တယ်။
သောင်ကမ်းကပ်တော့ ပြေပျော့ပျက်ပြယ်သွားတယ်။

တမီးစာသင်တော့ ဆရာက ပြောပြတယ်။
တမီး ပုံပြင်လေးတစ်ခုပေါ့။
ဟိုး ရှေးရှေးတုန်းက ချစ်သူနှစ်ဦှးရှိတယ်တဲ့။
အချစ်တာသာတူပြီး ဇာတ်၊ ဂုဏ်၊ ပကာသန စတာတွေက မမျှတော့ သူတို့ချင်းမနီးနိုင်ဘူး။
နောက်တော့ ပင်လယ်ထဲမှာ သူတို့ဘ၀ကို စတေးကြတယ်တဲ့။

ကမ်းစပ်မှာ လှိုင်းတွေပြေးနေတာက ရှေ့က မိန်းကလေးတဲ့။
နောက်က လှိုင်းက ယောင်္ကျားလေးတဲ့။
ဘယ်တော့မှ မနီးနိုင်ကြဘူးတဲ့။
ဖြတ်ကနဲ့ဝင်လာတဲ့ အတွေးစကို အသာဖယ်လိုက်ရတယ်။ 

“ငါနဲ့ ဘာဆိုင်တာမှတ်လို့.”

ခြေဖျားကို လှိုင်းလာခတ်တယ်။ 
ရင်ထဲစိမ့်ကနဲ့..။



ဂင်္ဂါရဲ့ တယောအို






ဟိမ၀န္တာက ဖြာဆင်းတယ်
နှင်းခဲတွေ အရေပျော်လို့
မြစ်ချော်ရေကြောင်းကြီးဖြစ်စေတယ်။ 

ခြေရာခံရင်းမျောပါ လှိုင်းကြမ်းများနဲ့
သောင်ကမ်းတိုင်းက လှနေတယ်။

သင် ချွေးသိပ်အပန်းဖြေရင်
လေညှင်းတစ်ချက်တော့ တိုက်လိမ့်မယ်။

ပူဇာတေးဖွဲ့သံနဲ့ တယောအို
နေညိုချိန်းတိုင်ကို လှစေတယ်။


Saturday, September 21, 2013

စိတ်၏ စေရာ


ဝိတက်သုံးပါး၊ စိတ်စေစား၊ တရားဝေးတတ်သည်။

အတွေးစေရာ၊ စိတ်လိုက်ပါ၊ လုံးခြာလည်တတ်သည်။

တွေးစိတ်ကို ထိန်း၊ တရားကိန်း၊ အေးငြိမ်းမှန်ပေသည်။

စိတ်နဲ့တရား၊ ညီစွာထား၊ အပူတရားကင်းဝေးသည်။ 



.......................................

မြတ်စွာဘုရားရှင်သည် နောက်ပါး ရဟန်းတော် မေဃိယကို အဖော်ပြုလျက် ခရီးတစ်ခုကြွတော်မူသည်။
စာလိကာတောင်တန်းအခြေတွင် ကိမိကာလာ မြစ်လေး စီးဆင်းသည်။ မြစ်လေးနှင့် မလှမ်း မကမ်းတွင် ဇန္တုရွာ ငယ်ရှိသည်။ သာယာကြည်လျင်သော မြစ်၊ အေးဆေးတည်ငြိမ်သော တောင်တန်းခြေတွင် ရွာငယ်လေးနှင့်လိုက်ဘက်စွာ သရက်ဥယျာဉ်လေးတစ်ခုလည်းရှိပြန်သည်။ 

စာလိကာတောင်တန်းနှင့် ရွယ်ငယ်ကို အမှီပြုလျက် မြတ်ဘုရားသည် တစ်ဆဲ့ သုံးဝါမြောက်၊ တစ်ဆဲ့ရှစ် ၀ါမြောက်နှင့် တစ်ဆဲ့ကိုးဝါမြောက်တို့ကို ၀ါဆိုတော်မူဖူးသည်။
.........................................

မြတ်စွာဘုရား၊ တပည့်တော်ကို သရက်ဥယျာဉ်သွားပြီး တရားအားထုတ်ခွင့်ပေးပါဘုရား၊
ချစ်သား၊ မေဃိယ အခြားအလုပ်အကျွေးရဟန်းတစ်ပါး ငါဘုရားထံ ရောက်မလာမချင်း စောင့်ဦးတော့။
မြတ်စွာဘုရားရှင်သည်ရှေ့ရေးမြင်တော်မူလျက် တားမြစ်သည်။ ထိုတားမြစ်ချက်ကို မေဃိယ အလိုမကျ
ဖြစ်သည်။

ဒုတိယ အကြမ်းထပ်မံလျောက်ထားသည်။ မြတ်ဘုရားရှင်သည်လည်း ဒုတိယအကြိမ်တားမြစ်သည်။
သုံးကြိမ်မြောက်လျောက်ထားသောအခါ မေဃိယရဟန်းအလိုကျ သရက်ဥယျာဉ်သို့ သွားရောက်တရား အားထုတ်ရန် ခွင့်ပြုလိုက်သည်။
သာယာအေးချမ်းသော မြစ်၊ ရွာငယ်နှင့် သရက်ဥယျာဉ်သည် မြတ်ဘုရားနောက်တော်ပါးကမေဃိယစိတ် 
ကို ဆွဲဆောင်သည်။ 



မြတ်စွာဘုရားခွင့်ပြုချက်ရပြီဖြစ်၍ မေဃိယရဟန်းတော်သည် သပိတ် သင်္ကန်းလွယ်လျက် သရက်ဥယျာဉ် သို့ ထွက်ခဲ့ပြီ။ 
ကိမိကာလာမြစ်လေးသည် ငြိမ့်ငြိမ့်စီးသည်။ အဝေးက ဇန္တုရွာငယ်သည် သာယာသည်။
သရက်ဥယျာဉ်အတွင်းက ကျောက်ဖြာပြန့်ပြန်တွင် ထိုင်လိုက်သည်။ 
မျက်လုံးကို အသာပိတ်လျက် စိတ်ကို တရားအာရုံသို့တင်လိုက်သည်။

စောင်းသံ၊ တူရိယာသံတို့နှင့်အတူ ကချေသည်တို့ ပေါ်လာသည်။ ယုယပွတ်သပ်ချော့မြှူကြသည်။ ခစားလုပ်ကျွေးကြသည်။ ချိုအီ၊ မွှေးအီသော ရနံ့တို့ကြိုင်လှိုင်နေသည်။ ပွတ်၊ ထိ၊ တို့၊ ဆိတ်၊ ကစားချော့မြှူကြသည်။ 

မျက်လုံးပိတ်လျက် တရားထိုင်နေသော မေဃိယမျက်လုံးကို အသာဖွင့်ကြည်သည်။
သရက်ဥယျာဉ်ကားပကတိငြိမ်ဆိတ်လျက်ရှိသည်။ မြစ်လေးသည် ငြိမ့်ငြိမ့်ညင်သာ။
ဟင်း..၊ ငါစိတ်ထဲ ကာမဂုဏ် အာရုံတွေပေါ်နေပါရော့လား၊ ရဟန်းတော်တစ်ပါး အနေနဲ့ ဒီအာရုံတွေ မဖြစ်အောင်ထိန်းသိမ်းရမယ့် တာဝန်ရှိပြီကော။

မျက်လုံးကို အသာပိတ်၍ နောက်တစ်ကြိမ်စိတ်ကို တရားအာရုံသို့ပို့သည်။
ရွှေပလ္လင်တွင် ဘုရင်တစ်ပါးစံမြန်းနေသည်။
ရှေ့တော်မှောက်သို့ အကျဉ်းသားတစ်ယောက်ကိုခေါ် လာသည်။ 
ပြစ်မှုကြီးမားသောကြောင့် အကျဉ်းသားကို သေဒဏ်ပေးရန် အမိန့်ထုတ်လိုက်သည်။
မေဃိယရဟန်းတော်သည် ဆတ်ကနဲ့ဖြစ်လျက် မျက်လုံးကို ဖွင့်ကြည့်သည်။
သရက်ဥယျဉ်ကားငြိမ်လျက်။ ကိမိကာလာမြစ်လေးသည် ငြိမ့်ငြိမ့်ညင်သာစီးလျက်။ 

ဟင်း၊ ရဟန်းတော်တစ်ပါးအနေနဲ့ဗျာပါဒ ၀ိတက်တွေနှိပ်စက်နေရပါရော့လား။
မြင်လိုက်ရသော ထိုခဏမြင်ကွင်းတွင် မိမိကိုယ်တိုင် ဘုရင်ဖြစ်နေသည်။ 
လက်ရှိအနေအထားတွင် ဘုရားရှင်ထံမှ တရား ထိုင်ရန် ခွင့်ပန်လာသော ရဟန်းတစ်ပါးမျှသာ။ 
သင်္ကန်းနှင့် သပိတ်ကြည့်ပြီး သက်ပြင်းမောချမိသည်။

မျက်လုံးကို အသာမှိတ်လျက် တရားအာရုံသို့ စိတ်ကို တင်လိုက်ပြန်သည်။
မြင်းခွာသံတွေကြားရသည်။ စစ်သည်ရဲမတ်များအသီးသီးပေါ်လာကြသည်။ 
သူတို့ကိုယ်စီတွင် လက်နှက် များဖြင့်။ 
တိုင်ပြည်ကိုသိမ်းရန်ချီတက်လာသော အိမ်နီးချင်းနိုင်ငံမှ ရဲမက်များဖြစ်နေသည်။

ထိုမြင်ကွင်းကြောင့် မိမိနောက်လိုက်နောက်ပါများကို စစ်အသင့်ပြင်ရန် အမိန့်ထုတ်သည်။ တစ်ဘက်နှင့် တစ်ဘက် သည်းသည်းမည်းမည်း တိုက်ခိုက်ကြသည်။ သွေးသံရဲရဲနှင့် စစ်မက်ဟစ်ကြွေးသံတို့သည် ကမ္ဘာပျက်သည့်အလားရှိသည်။ 

မေဃိယရဟန်း ဆတ်ကနဲ့ လှုပ်လာပြန်သည်။
သရက်ဥယျာဉ်ကားငြိမ်သက်လျက်သာ။ မြစ်လေးစီးဆင်းလျက်သာဖြစ်သည်။ မျက်စိမှိတ်၍ တရားအာရုံ တင်လိုက်တိုင်း ကာမ၀ိတက်၊ ဗျာပါဒ၀ိတက်၊ ၀ိဟိံသာတက် သုံးပါးတို့ဖြင့် လုံးထွေးရစ်ပတ် နေရသည်။ 

မေဃိယမထေရ်သည် အကြိမ်ကြိမ်အားထုတ်သည်။ ၀ိတက်သုံးပါးဖြင့်သာ လုံးခြာလည်နေသည်။
နောက်ဆုံးဘုရားရှင်ထံမှောက်ပြန်ရောက်လာသည်။ ဖြစ်ကြောင်းကုန်စင်လျောက်ထားသည်။

ချစ်သား၊ သင်သည် ထိုသရက်ဥယျာဉ်နေရာ၌ မင်းအဖြစ်နဲ့ နှစ်ပေါင်းများစွာနေထိုင်ခဲ့ဖူးသည်။
အတိတ်က အရိပ်များသည် သင့်စိတ်ကို လွှမ်မိုးနေခဲ့သည်။ 
ချစ်သား၊ စိတ်တုန်လှုပ်သည်။ စိတ်သည် ထိန်းသိမ်းရန်ခက်ခဲသည်။ သူလိုရာကျရောက်တတ်သည်။ 
စိတ်ကို ထိန်းနိုင်လျင် အငြိမ်းဓာတ်ကိုရစေနိုင်သည်။



ဘုရားရှင်ဟောတော်မူလိုက်သော တရားသည် မေဃိယသည် မိမိစိတ်ထဲသို့ ၀င်ရောက်ပြီး ဟောသည့် အလားအထင်ရှိသည်။ အကြိမ်ကြိမ်လွတ်သော စိတ်ကို ဖမ်းနည်းသိလိုက်ပြီ။ 

ဘုရားရှင်၏ စိတ်ထိန်းနည်းကို သိလိုက်သော မေဃိယသည် ဘုရားရှင်ရှေ့တော်မှောက်ပင် အငြိမ်းဓာတ် ကို ရရှိလိုက်သည်။
ဝိတက်ကင်းပြီး စိတ်ကိုလိုရာထားနိုင်ပြီ။ အပူသဘောများမှ ထုတ်နှုတ်လျက် အအေးဓာတ်သဘောတွင် ထားတတ်ပြီ။
သရက်ဥယျာဉ်လေးဆိတ်ငြိမ်သည်။ ကိမိကာလာမြစ်လေးစီးဆင်းသည်။ ဇန္တုရွာငယ်လေးသာယာသည်။
ဘုရားရှင်နောက်တော်ပါးက မေဃိယမထေရ်သည် တည်ငြိမ်စွာဖြင့် ခရီးဆက်နေသည်။ 

 ................................................
မေဃိယသုတ္တံနှင့် ဓမ္မပဒလာ မေဃိယ၀တ္ထုတို့ကို ဖတ်ရှုရေးဖွဲ့ပါသည်။


Sunday, September 8, 2013

သုခ ပုံတူ



သုခ သူ့အမည်။ ပစ္စည်းမဲ့ ဂုဏ်ကင်းလို့ ရွာအတွင်းက မည်သူမှ သူ့ကို မခင်ကြ။ 
သို့ အတွက် ဘယ်သူ ကိုမှလည်း သုခ အပြစ်မတင်။ 
မိဘများက ချစ်ခင်မြတ်နိုး၍ သညာဖွဲ့ခဲ့သည် မို့ မြတ်နိုးလှသည်။ 
သုခသည် သားသတ် မုဆိုးတစ်ဦးဖြစ်သည်။ သူ့အလုပ်သည် ကြမ်းတမ်းသည်။ 
ရွာအတွင်း အမြင်မတော်၍ ရွာ့အပြင်လမ်းက ပြန်သည်။ 

ရှောင်လွှဲ၍ မရသည်ကား ရွာဦးစေတီ။ စေတီတော်အနီးရောက်တိုင်း သုခ အေးချမ်းမှုကို ခံစားရသည်။ မိဘဘိုးများ၏ အရိပ်အငွေ့နှင့် သဒ္ဓါအားတို့ကို မှန်းဆရည်ရော်ပူဇော်မြဲဖြစ်သည်။
.........

"..သုခ"
အေးချမ်းတည်ငြိမ်သော ခေါ်သံ။
မည်သည့်အချိန်က ရောက်နေမှန်း မသိသော ငယ်ဆရာတော်ဦးသုမနသည် သုခနောက်တွင်ရပ် လျက်ရှိ သည်။
ဝမ်းစာရေး အတွက် ဘ၀ကြမ်းတမ်းပေမယ့် ဆရာ၊ မိဘ၊ သက်ကြီး ရွယ်အိုကို လေးစားတတ်အောင်သွန် သင်ပေးခဲ့သည့် ငယ်ဆရာသည် ဦးသုမနပင်ဖြစ်သည်။

ဘုရား...၊
အင်း..၊ မင်းမလဲ..၊ သုခအမည်နဲ့မလိုက်အောင် ကြမ်းတမ်းလှသကိုးကွ။
မှန်ပါ၊ ဆရာတော်ဘုရား။
အတိတ်ကံဘ၀ပေးလို့ တပည့်တော်ခံယူတတ်ပါပြီဘုရား။
ဦးတင်လျက် သုခပြန်လည်လျောက်ထားသည်။

ဟဲ့ သုခရဲ့ အတိတ်ကံချည်းရိုးမယ်ဖွဲ့ပြီး ဆိုးချင်တိုင်းဆိုးခွင့် မရှိဘူးနော်။
လက်ရှိ ပစ္စုပ္ပန် အလုပ်လေးနဲ့ ပြောင်းလိုက်ရင်လဲ ရတယ်ဟဲ့။
မှန်ပါဘုရား။
ခပ်လေးလေးသုခပြန်လည်လျောက်တင်သည်။

ရှေးကံလို့ရိုးမယ်ဖွဲ့ပြီး ဆိုးနေပါပြီတဲ့။ တို့ဘုရားက နောက်ဘ၀ဟောထားသေးတယ်။
အဲဒီနောက်ဘ၀ဆိုတာ လက်ရှိဘ၀ရဲ့ အကျိုးဆက်တစ်ခုမို့၊ မင်းအခုလိုဆိုးနေရင်ဖြင့် နောက်ဘ၀ဆို တာတွေးကြည့်စမ်းကွယ်။
သုခ တွေငေးသွား သည်။
ဤစကားမျိုး ငယ်ဆရာမိန့်နေကျမို့ ခဏခဏကြားဖူးသည်။ သို့သော် ငယ်စဉ်က ကြားတုန်းခဏမို့ ရင်တွင်းသို့မရောက်။ အခုတော့ သုခအတွေး၊ သုခ အမြင်တို့သည်လည်း ငယ်စဉ်ကလိုမဟုတ်တော့။
ရွာက ကျဉ်ဖယ်ခံထားရသည့်ဘ၀ကိုရေးရေးမြင်ယောင်သည်။ ရွာထဲ မ၀င်ဝံ့အောင်ဖြစ်ရသည့် သူ့အဖြစ် သည် ရင်ထဲကျဉ်ခနဲ့ဖြစ်ရသည်။ 

ဟဲ့ သုခ ဘာတွေများတွေးနေတာတုန်းဟဲ့....
ဆရာတော်ကားတည်ကြည်အေးချမ်းသော အပြုံးဖြင့် သုခကိုကြည့်နေသည်။
မှန်ပါ။ သိတော့သိပါတယ်ဘုရား..၊ ဒါပေမယ့်..
ဖြင့်သာဆုံးနေကျသူ့စကားကိုရှေ့မဆက်ဖြစ်။
အင်း..၊ သုခ..၊ မင်းဒီကိုကြည့်စမ်း၊
စေတီတော်ရဲ့ ဥပုသ်ဆောင်ဇရပ်ရှေ့မှာထားထားတဲ့ သစ်သားရုပ်ကို၊
သုခသည် မြင်နေကျပင်ဖြစ်သော်လည်း ဆရာတော်ပြသည့်မို့ အထူးတလည်ကြည့်မိသည်။

ဒီအရုပ်က သစ်သားက ဖြစ်လာတာ သုခရဲ့။ တမ်းပြီးသစ်သားကြီးကို ဟောဒီလိုလှတဲ့ အရုပ်လေးဖြစ်စေလို့ လုပ်လိုက်တာ မဟုတ်ဘူးဆိုတာမင်းသိပါတယ်။
မလိုတာတွေပယ်၊ ပိုနေတာဖယ်ထုတ်၊ ပန်းပုဆရာက အချိန်ပေးပြင်လိုက်တော့ အခုမင်းမြင်နေတဲ့ အင်မတန်ကြည့်လို့ကောင်းတဲ့ အရုပ်လေးဖြစ်လာတယ်။

သစ်သားချည်းဒီအတိုင်းထားရင် ဒီလိုဘယ်လှလာလိမ့်မလဲ သုခရယ်။
မင်းကလဲ မင်းပြောနေကျ ဆင်ခြေနဲ့..၊ အတိတ်ကံအကျိုးပေးမို့လို့ချည်း ပြောနေရင်..၊
မင်းအခုလို ဘ၀ကြမ်းတဲ့ သစ်တုန်းဘ၀က ဘယ်တော့ တက်လာနိုင်တော့မလဲဟဲ့...

သုခ သက်ပြင်းချရပြီ..၊ သူကြည့်နေသော အရုပ်လေးပိုလှလာသလိုရှိသည်။
ဆရာတော်ကိုမော့ကြည့်မိတော့ တည်ငြိမ်နေသည်။
လေနုအေးသည် ခပ်ပြေပြေလေးဖြူးလျက်။
ဆရာတော်စကားသည် ရင်တွင်းကို ဖောက်သည်။ 
ဦးနှောက်၊ အသည်နှလုံးအထိစူးဝင်သည် ထင်မိသည်။

ဒီတော့ သတိလေးထား၊ အတိတ်ချည်းအပြစ်မဆိုပဲ၊ လက်ရှိဘ၀ကို လိုအပ်သလိုပြင်နိုင်ရင်၊
မင်းဘ၀လဲ လှလာနိုင်တာပေါ့...

ဆရာတော်ကို ဦးကြိမ်ကြိမ်ချမိသည်။ စေတီတော်၏ ဆွဲလည်းသံသည် ငြိမ့်ညောင်းသာယာ ရှိလှသည်။
သုခ မျက်ရည်ကျရပြီ၊ မျက်ရည်များဖြင့် ဇရပ်လက်ရမ်းက အရုပ်လေးကိုကြည့်မိတော့ မျက်ရည်များ အကြားေ၀၀ါးလျက်ကပင် ကြွ၍ လှနေသည်။

ထိုနေ့က သုခသည် တကယ့် သုခအမည်နှင့်လိုက်အောင်နေမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။
...................................

ကောင်းမှုကုသိုလ်ရှင် အမည်တိုင်းတွင် ဘုရား ဒကာ၊ ကျောင်းဒကာ၊ ရဟန်းဒကာ၊ စေတီဒကာ၊ ရွှေထီး ဒကာကြီး ဦးသုခအမည်သည် ရှေ့ဆုံးကပါဝင်သည်။ လူတိုင်းကကြည်ညိုလေးစားကြသည်။

နှစ်တွေညောင်းခဲ့ပြီမို့ ငယ်ဆရာလည်းကွယ်လွန်ခဲ့ပြီ။ ရွာဦးစေတီတော် အနီးတွင် ဇရပ်ကြီးတစ်ဆောင်
ဆောက်လုပ်လှူဒါန်းသည်။ သုခသာလာ- ဦးသုခ ဇရပ်ဟု ထင်ရှားသည်။
ဇရပ်ဦးထိပ်ပိုင်းတွင် ငယ်ဆရာတော်ဦုးသုမန၏ ပုံတော်ကို ပူဇော်ထားရှိသည်။
ဇရပ်အတက်လက်ရမ်းတွင် အလွန်တရာ လက်ရာမြောက်သော ပန်းပုအရုပ်တစ်ရုပ်ရှိသည်။

မည်သည်ကို ရည်ရွယ်၍ ထုလုပ်ထားသည်ကိုရွာသူရွာသားများ ကောင်းကောင်းမသိကြ။
ကောင်းမှုရှင်ကြီး ဦးသုခ လှူဒါန်းထားသောကြောင့် “သုခရုပ်ထု”ဟုသာခေါ်ကြသည်။


ဆွဲလည်းသံသာသည်။
လေညင်းပြေပြေသုတ်ဖြူးသည်။ 
သုခသာလာတွင် ကုသိုလ်ပြုသူများဖြင့် စည်ဝေနေတတ်သည်။ 
ကြည်နူးဖွယ်တည်း။