Pages

Monday, August 6, 2012

သံဝေဇနိယ လေးဌာန


မြတ်ဗုဒ္ဓ၏ သံဝေဇနိယလေးဌာနသည် အိန္ဒိယနိုင်ငံကြီးတွင် ထင်ရှားသည်။ တစ်စုတစ်ဝေးတည်းတည်ရှိ မနေပဲ တစ်နေရာနှင့် တစ်နေရာ တိုင်းမတူ၊ ပြည်နယ်ခြားတည်ရှိနေခြင်းက ပိုမိုပြီးထင်ရှားနေသလိုရှိသည်။ ကမ္ဘာ အရပ်ရပ်မှ ဗုဒ္ဓဘာသာဝင် သူတော်စင်များအတွက်  ဓမ္မခရီး လှည့်လည်ဖူးမြော်ကြည်ညို စရာဖြစ်လာသည်။

ဟိမာလယတောင်တန်း အခြေတွင် တိုင်းပြည်တစ်ပြည်ရှိသည်။ သက္ကတိုင်းဟု ထင်ရှားသည်။ သကျလူ မျိုးနေ ထိုင်ကြသည်။ ဘုရင် သုဒ္ဓေါဓမင်း အုပ်ချုပ်သည်။ မာယာဒေ၀ီသည် မိဖုရားခေါင်ကြီးဖြစ်သည်။ ဟိမာလယ တောင်တန်းကြီးကို နောက်ကျောမှီထားသလိုရှိသော သကျလူမျိုးများ၏ သက္ကတိုင်းသည် အေး ချမ်းသည်။

သန့်စင်မြင့်မြတ်ဆုံးသောပန်းတို့သည် မြင့်မားအေးချမ်းသော နေရာများတွင် ပွင့်ပေါ်ဖူးပွင့်ကြသလို ထိုမြင့်မား သော ဟိမာလယတောင်တန်းကြီး၏ အခြေက သက္ကတိုင်းတွင် ဘုရင်သုဒ္ဓေါဓနမင်းကြီး၏ မိဖုရား ခေါင်ကြီးမှ သားတော်တစ်ပါးဖွားမြင်သည်။


ထိုနေ့မြတ်သည် ကမ္ဘာအရပ်ရပ်ရှိ ဗုဒ္ဓဘာသာဝင်များ အထွတ် အမြတ်ထားမြတ်နိုးရာ မဟာသက္ကရာဇ် ၆၈ခု၊ ကဆုန်လပြည့်နေ့ဖြစ်သည်။

လုမ္ဗိနီဥယျာဉ်တော်တွင် အလောင်းတော်သိဒ္ဓတ္ထမင်းသားကို ဖွားမြင်သည်။ အလောင်တော်မြတ်ဖွားတော် မူရာ အင်ကြင်းရဂုံရောက်ပါလျှင် အလောင်းတော်မြတ်၏ ဖွားလျှင်ဖွားချင်း “ လောကတွင် ငါအမြတ်ဆုံး” စသည်ကြွေးကြော်သံတို့သည် ကြားယောင်မိသည်။ ယခုတိုင် အင်ကြင်းတောသည် စိမ်းစိုညက်နေသည်။

ဖွားတော်မူ အထိမ်း အမှတ်ဖြစ်စိုက်ထူထားသော အသောကမင်း ကျောက်တိုင်နှင့် ဖွားတော်မူ အဆောက်အဦး တို့ကိုမြင်ရသော အခါ ဒေ၀ါနံပိတိဿ အသောကမင်း၊ မြန်မာ ရဟန်းတော်ကြီး ဦးစဒြမုနိနှင့် မြန်မာနိုင်ငံသား ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်တို့၏ ကျေးဇူးကို အမှတ် တရ အောက်မေ့ကြည်နူးမိသည်။

ဦးသန့်သည် လုမ္ဗိနီ အင်ကြာင်းတောကို ဗုဒ္ဓဘာသာဝင်များ သတ်သတ်မှတ်မှတ် ကြည်ညိုဖူးမြော်နိုင်ရန် အိန္ဒိယအစိုးရအား တင်ပြခဲ့သော သာသနာပြု မြန်မာ့ သူရဲကောင်းကြီးဖြစ်သည်။

နီပေါ အစိုးရသည် ဦးသန့်ကို ဂုဏ်ပြုကာ ဦးသန့်ခန်းမ အဖြစ်ဂုဏ်ပြုထားသည်ကိုတွေ့နိုင်သည်။ ဘုရားရှင် သည် ဖွားတော်မူရာအရပ်ကို သံဝေဇနိယတစ်ဌာန အဖြစ် ကိုယ်တော်တိုင်ဟောကြားခဲ့သည်။


မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊
လုမ္ဗိနီတော၊ သာမောရဂုံ၊
လောင်းတော်သိဒ္ဓတ်၊ ထွက်လတ်ကြာငုံ၊
ဖွားမြင်နေ့၊ လပြည့်နွေကဆုန်။

နိုင်ငံအသီးသီးမှ ဗုဒ္ဓဘာသာဝင် သူတော်စင်များသည် အပူရှိန် မပြင်းတော့သော ဆောင်းပေါက်ရာသီတွင် ဗီဟာပြည်နယ်၊ ဂယာမြို့လေးရှိ၊ ဂယာလေဆိပ်သို့ ဆင်းသက်ကြသည်။ ဂယာဒေသသည် မြတ်ဗုဒ္ဓ ၏ ခြောက်နှစ်တာ ကာလ ဒုက္ကရစရိယာ ကျင့်သုံးရာနှင့် သဗ္ဗညုတ ဉာဏ်တော်ရရှိတော်မူ ရာနေရာ ထူးဖြစ်သည်။

ထိုအရပ်မှစတင်ကာ ဘုရားရှင် လေးဆယ့်ငါးနှစ်တာ ဓမ္မခရီးရှည်ကြီးကို ကြွလှမ်းတော်မူသည်။ ယနေ့တွင် နိုင်ငံတကာမှ ဗုဒ္ဓဘာသာဝင်သူတော်စင်များဖြင့် စည်ကား ဝေဆာနေလေ့ရှိသည်။

မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်နေ့တွင် အလောင်းတော်သည် ယခုလက်ရှိ ဗောဓိပင်မြတ်တည်ရှိ ရာ နေရာတွင် အတုမဲ့ သဗ္ဗညုတဉာဏ်တော်ရှင် ဘုရားဖြစ်တော်မူသည်။


ဤဗောဓိပင် ၀န်းကျင်တွင် (၇) ရက်၊ ( ၇) လီ စံတော်မူသည်။ ထိုစံတော်မူရာ အရပ်တို့ ကို နှောင်း လူကြည်ညို သူများက အထွတ်အမြတ်ထား မှတ်သား ပူဇော်ကြသည်။ အသောကမင်းကြီးသည် မဟာဗောဓိစေတီတော် မြတ်ကြီးကို မှတ်သားတည်ထား ပူဇော်ခဲ့သည်။

မြန်မာဘုရင် မင်းတုန်းမင်းကြီးက ရတနာပေါင်းမြောက် များစွာဖြင့် ပြုပြင်ပူဇော်ထားခဲ့သည်။ သီရိလင်္ကာနိုင်ငံ သားကြီး အနာဂါရိကဓမ္မပါလသည် မဟာဗောဓိစေတီ တော်မြတ်ကြီးကို ဗုဒ္ဓဘာသာဝင်များ သူတော်စင်များ စိတ်တိုင်းကျဖူးမြော်နိုင်ရေး တိုက်ပွဲဝင်ခဲ့သည်။ 

ယနေ့ဖူးတွေ့နေရသော မဟာဗောဓိစေတီတော်နှင့်၊ ဗောဓိပင်မြတ်တို့သည် ဗုဒ္ဓဘာသာဝင်သူတော်စင် များ အတွက် သံဝေဇနိယတစ်ဌာနပင်ဖြစ်သည်။


တစ်ရာ့သုံးနှစ်၊ မဟာသက္ကရာဇ်၊ကြုံ
ဗောဓိပင်မင်း၊ မှီတင်းခိုလှုံ၊
မာန်စွယ်ငါးစင်း၊ အောင်ခြင်းဖုံဖုံ၊
ဗုဒ္ဓနေ့၊ လပြည့်နွေကဆုန်။


ဘုရားဖြစ်တော်မူပြီးနောက်လေးဆယ့်ကိုးရက်စံတော်မူပြီးနောက်တွင် ဘုရားရှင်သည် ဗာရာဏသီပြည်၊ မိဂဒါဝုန်တောသို့ကြွတော်မူသည်။ ထိုမိဂဒါဝုန်တောရှိ ဂယာဒေသတွင် ဒုက္ကရစရိယာ ကျင့်စဉ်က အလုပ် အကြွေး ပြုခဲ့ကြသော ကောဏ္ဍည၊ ၀ပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိဟူသော သူတော်စင်များရှိကြသည်။

အမှန်တရားသိရန် လမ်းစရှာတော်မူစဉ်က အပေါင်း အဖော်ဖြစ်ခဲ့ကြသော ထိုငါးဦးတို့အား မိမိရရှိ ထားသော တရားကို ဟောပြညွှန်ကြားလိုသောကြောင့် တရားဟောရန်ကြွလှမ်းတော်မူသည်။

မိဂဒါဝုန်တော်သို့ ရောက်သောအခါ ငါးဦးအစုဖြစ်သော ပဉ္စ၀ဂ္ဂီတို့အား” ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဗဖိတေန န သေ၀ိတဗ္ဗာ” အရှိသော ဓမ္မစကြပ၀တ္တနသုတ်တော်ကိုဟောတော်မူသည်။


တရားတော်အဆုံးတွင် အသက် အကြီးဆုံး ကောဏ္ဍည တရားသိမြင်ပြီး သောတာပန်ဖြစ်တော်မူသည်။ ထိုနေရာမြတ်သည် ဘုရားရှင် လက်ထက်တော်က ကာသိတိုင်း၊ ဗာရာဏသီမြို့၊ မိဂဒါဝန( မိဂဒါဝုန်) အဖြစ်ထင်ရှားသည်။

ယနေ့ ထိုနေရာမြတ်တွင် ဓမ္မေခစေတီတော်မြတ်ကြီးဖြင့် အမှတ်အသားပြု ပူဇော်ထားရှိကြသည်။ ကြီးမားခန့် ထည်သော စေတီတော်မြတ်ကြီးသည် မြတ်ဗုဒ္ဓဘုရားရှင်၏ ဓမ္မစွမ်းအားကို ပုံဖော်ပေးထား သကဲ့ သို့ရှိသည်။

ကမ္ဘာအရပ်ရပ်မှ ဗုဒ္ဓဘာသာဝင်သူတော်စင်များ အတွက် ဖူးမြော်ထိုက်သော သံဝေဇနိယဌာနတစ်ခု အဖြစ် ဘုရားရှင်ကိုယ်တော်တိုင် ဟောမြွက်ထားသည်။


ဘုရားစင်စစ်၊ ဖြတ်လတ်ခါတုံ၊
ပြည်ဗာရာဏ၊ မိဂဒါဝုန်၊
ဓမ္မစက္က၊ ဖွင့်ပြဖုံဖုံ၊
ဝါဆိုပြေ့၊ ဟောခြွေ့ တရားဂုဏ်။

ဘုရားရှင်သည် ဂင်္ဂါမြစ်ဝှမ်းတွင် တရားဒေသနာဟောကြီးပြသတော်မူရင်းဖြင့် လှည့်လည်ကြွချီတော်မူ သည်။ တစ်နေရာမှတစ်နေရာသို့၊ တစ်မြို့မှ တစ်မြို့သို့၊ တစ်ပြည်မှ တစ်ပြည်သို့ လှည့်လည် သွား လာတော်မူသည်။ 

ဘုရားရှင်၏ တရားသိမြင်သူများတွင် ဘုရင်ပါသည်။ အိမ်ရှေ့စံလဲပါသည်။ သူဋ္ဌေးပါသည်။ သူဋ္ဌေးကတော် ပါသည်။ ဗြဟ္မဏ၊ ခတ္တိယ၊ ၀ဿ၊ သုဒ္ဓဟူသော အမျိုးလေးပါးအပြင် အမျိုးဇာတ်တွင်ထည့်သွင်း မခံရသော သူများလည်းပါသည်။ သူတောင်းစာလဲပါသည်။ သူကြွယ်လဲရှိသည်။ လယ်သမား၊ အလုပ်ရှင်၊ သခင်၊ ကျွန်၊ ပြည့်တန်ဆာမစသည် များပြည့်စုံ လူသားတစ်ရပ်လုံး ပါဝင်ကြသည်။


သူတို့သည် မြတ်ဗုဒ္ဓလမ်းညွှန်ချက်ကို နားလည်သဘောပေါက်ကြသည်။ မြင့်မြတ်သော အရိယာ အဖြစ်ဖြင့် နေထိုင်သွားကြသည်။ ထိုအချိန်က ကမ္ဘာတွင် မပေါ်ပေါက်ဖူးသေးသော ဘိက္ခု(ရဟန်း) အဖွဲ့အစည်း၊ ဘိက္ခုနီ( ရဟန်းမိန်းမ) အဖွဲ့အစည်း၊ ဥပါသကာ( လူယောင်္ကျား) အဖွဲ့အစည်း၊ ဥပါသိကာ( လူမိန်းမ)အဖွဲ့အစည်းတို့ကို ဒီမိုကရေစီနည်းကျဖွဲ့စည်းတော်မူခဲ့သည်။

နောက်ပေါက်အိန္ဒိယဘာသာ အယူတစ်ချို့သည် မြတ်ဗုဒ္ဓလမ်းစဉ်များကို အတုလိုက်ပြုမူကြရသည်။ ဤကဲ့သို့ လေးပါးသော အဖွဲ့အစည်းကြီးကို စနစ်တကျ ထူထောင်ပြီးနောက် သက်တော် ရှစ်ဆယ်အရွယ်တွင် မလ္လာမင်း တို့၏ ကုသိနာရုံတွင် ပရိနိဗ္ဗာန်ပြုတော်မူသည်။

ထိုနေ့သည် မဟာသက္ကရာဇ်၊ တစ်ရာလေးဆယ့်ရှစ်ခု၊ ကဆုန်လပြည့်နေ့ဖြစ်သည်။ ဘုရားရှင်သည် တပည့်သား သာဝကတို့ အတွက် သုတ္တံ၊ ၀ိနည်း၊ အဘိဓမ္မာဟူသော တရားတော်များကို ကိုယ်စား အဖြစ် ကိုးကွယ်ရန်ဟောကြားထားတော်မူခဲ့သည်။

မြတ်ဗုဒ္ဓတရားတော်များသည် နှစ်ပေါင်း နှစ်ထောင့်ခြောက်ရာကျော်တိုင်အောင် တောက်ပ သစ်လွင် မြူ အညစ် အကြေး မတင်ပဲ သန့်စင်နေဆဲဖြစ်သည်။

နောက်ဆုံး ပရိနိဗ္ဗာန်ပြုတော်မူရာဌာနသည် သံဝေဇနိယတစ်ဌာန အဖြစ်ဘုရားရှင် ကိုယ်တော် တိုင်းဟောကြား ထားခဲ့သည်။


ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ကြုံ၊
မလ္လာမင်းတို့၊ အင်ကြင်းရဂုံ၊
ဇာတ်တော်သိမ်းလို့၊ အေးငြိမ်းခိုလှုံ၊
နိဗ္ဗူနေ့၊ လပြည့်နွေ ကဆုန်။


No comments:

Post a Comment