Pages

Thursday, October 16, 2014

ကိုကြီး ကေ

ဆရာတော် ဦးဉာဏိဿရရဲ့ ငယ်ဘွဲ့ အရှင်ဇောတိကတဲ့ ရဟန်းဖြစ်တော့ ဦးဉာဏိဿရဖြစ်တယ်။

နောက်တစ်ပါးက ငယ်ဘွဲ့က ရေ၀တ၊ နောက်တော့ ရာဇဓမ္မလို့
ပြောင်းတယ်။ နေ့နံမပြောင်းဘူးပေါ့။ ဘွဲ့အမည်ပဲပြောင်းတာပါ။
ဦးဇင်းကျတော့ ငယ်ဘွဲ့က ပညာဗလတဲ့၊ ဦးဇင်းဖြစ်လာတော့ ကေသရတဲ့..၊
ဘယ်လိုလဲ မသိနော်..၊

ဘယ်သိမလဲ ကိုယ်တော်..၊ ဆရာတော်ပေးချင်တာ ပေးတာပေါ့..။
ဘာလုပ်မလို့တုန်း ပေါက်ပေါက်ရှာရှာ..။
ထိုကဲ့သို့ တစ်ပေါက်ချိုးကြီးစကားပြောတတ်သည်။
ဤသည်ပင် သူ့အကျင့်ဖြစ်နေသည်မို့နားလည်သည်။

မန်းတက္ကသိုလ် မနက်ခင်းများ သင်တန်းမစသေးမီ၊ အရှင်ကေသရ( အင်းတော်) အခန်းသို့ ၀င်ပြီး စကားပြော မိသည်။
ဘွဲ့အမည်တူနေမှသာ ဒေသဖြင့် ခွဲမှတ်ကြသော ရိုးရာရှိရာတွင် အရှင်ကေသရကား တစ်ပါးတည်းဖြစ်လျက် သူ့အမည်နောက်တွင် ( အင်းတော်) ကို လက်သည်းကွင်းဖြင့် ပြထားသည်။
အဆောင် ၂၊ အခန်း ၁ တွင်နေသည်။ 
အဆောင်နေကျောင်းသားများတွင် အသက်၊ ၀ါ အကြီုးဆုံးဖြစ်သည်။

အဆောင်ကိစ္စရေးရာများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်သည်။ 
သူ့အခန်းကိုလည်း သန့်သန့်ရှင်းရှင်ထားသည်။
 စိတ်မထင်လျင် မထင်သည့် အတိုင်းပြောတတ်သည်။
တံမြက်စည်း၊ သောက်ရေအိုး၊ ရေခွက်၊ ဆပ်ပြာ၊ နာရီ စသည့် အဆောင်သုံးပစ္စည်းများကို သူနဲ့အတူ လိုက်ဝယ်ရသည်။ အဆောင်ရောက်လျင် စာရင်းရှင်းတမ်းထုတ်သည်။

အသေးစိတ်သိလိုပါက အဆောင် ၂၊ အခန်း ၁ သို့လာရောက်စုံစမ်းနိုင်သည်။
ပုံ- အရှင်ကေသရ( အင်းတော်)
ဟုရေးလေ့ရှိသည်။ 
မည်သူမှ သွားရောက်စုံစမ်းသည် မကြားဖူးပါ။
စိတ်ထဲမထင်လျင်အော်တတ်သောကြောင့်ဖြစ်သည်။

ရှိတာများကိုသဒ္ဓါရက်ရော ကျွေးမွေးတတ်သည်။ အသာတကြည်စားနေလျင် မဆိုသာ။
ကောင်းသည်။ မကောင်းဘူးပြောလျင် ထင်မိထင်ရာပြောလွှတ်တတ်သည်။
တစ်ခါကလည်း သူ့အရပ်ဖြစ် ခေါပုတ်များဖြင့်ဧည့်ခံသည်။

စားကောင်းကောင်းနှင့် တော်တော်စားပြစ်လိုက်သည်။
အင်း..၊ ကိုယ့်လူ စေတနာနဲ့ကျွေးတယ်ဆိုပေမယ့် ၊ ကြည့်လဲ စားဦးနော်..၊
တော်ကြာ ၊ နင်ပြီးသေနေဦးမယ်..၊
သူပြောလိုက်မှ လည်ချောင်းထဲ ကန့်လန့်ခံနေသလိုထင်မိသည်။

ထိုသို့သော အရှင်ကေသရသည် ဒုတိယနှစ်ကို ၂ နေလိုက်သည်။ 
စတုတ္ထနှစ်တွင်လည်း ၂ နှစ်နေလိုက်ပြန်သည်။
မိမိတို့မှာ စတုတ္ထနှစ်အောင်မြင်ပြီးနောက် တောင်တန်းဒေသဆီသို့ လှမ်းထွက်ခဲ့ရသည်။
အရှင်ကေသရကား အဆောင် ၂တွင် ညွှန်ကြားရေးမှူးလုပ်ရင်း ကျန်ရစ်သည်။
..................................

တစ်ခါသော် တောင်တန်းဒေသမှ မြေပြန့်ပြန်ရောက်ခိုက် အပေါင်းအသင်းဟောင်းကြီး ဦးကေသရ ထံရောက်မိသည်။
အဆောင် ၂ရှေ့တွင် ဗန်ဒါပင်လေးပိုမြင့်လာသည်။
မြက်ခင်းများပိုစိမ်းစိုလာသည်။ 
တိုးတက်လာသော ခေတ်နှင့် အညီ အင်တာနက်၊ ကွန်ပျုတာ စသည်ဖြင့် ကျောင်းသားများ အတွက် တစ်ဘက်တစ်လမ်းက အထောက်အကူပြုနေသည်ကို ၀မ်းသာအားရတွေ့ရသည်။

ဟာ..ဦးကေကြီး..နေကောင်းတယ်နော်...၊
အင်း နေကောင်းပါတယ်...၊
အပြန်အလှန်နှုတ်ဆက်မိသည်။

ပြီးတော့ လူကိုသေချာကြည့်သည်။
အင်..၊ ကိုယ့်လူတော့ မသေသေးဘူးနော်..၊
ဟာ ကိုကြီးကေကတော့ လုပ်တော့မယ်..
အေးလေ..၊ ကိုယ်ကြားဖူးတာကတော့ တောင်တန်းရောက်ရင် ငှက်ဖျားနဲ့သေရင်သေ၊ မသေရင် လူထွက်ကြ တယ်လို့ ကြားမိလို့ပါ..။

စိတ်ထဲထင်သည့် အတိုင်းပြောတတ်သည့် မူကိုကြည့်ပြီး အရှင်ကေသရ( အင်းတော်) အစစ်ဖြစ်ကြောင်းသိ ရသည်။
အခုတော့ ဘယ်ရောက်လို့နေလဲ စဉ်စားမိသည်။
အသေးစိတ်သိလိုပါက အဆောင် ၂၊ အခန်း ၁ သို့လာရောက်စုံစမ်းနိုင်သည်။
ပုံ- အရှင်ကေသရ( အင်းတော်)
ဆိုသည်ကို သတိရပါတော့သည်။

ဘ၀နဲ့ ပတ်သက်ပြီး မေးချင်စရာများ ရှိနေသေးသည်မို့ စိတ်ထဲထင်တိုင်းပြောတတ်သည့် ကိုကေကြီး အတွက် မေးခွန်းတစ်ချို့ရှိနေဆဲပါဗျာ။