Pages

Friday, August 3, 2012

အနတ္တနှင့် ကမ္မလမ်းစဉ်




အိန္ဒိယနိုင်ငံတွင် ပေါ်ထွန်းသော ဗုဒ္ဓဘာသာသည် အနိမ့်အမြင့်၊ အတက်အကျ စုံခဲ့သည်။ အဖိအနှိပ်ခံရ သည်၊ ပျောက်ကွယ်သည်တစ်ချို့ရှိသည်။ ရှိရင်းစွဲ အယူဝါဒ များနှင့် ရောနှောသွားကြသည်လည်းရှိသည်။ မည်သို့ဆိုစေ၊ ဗုဒ္ဓအယူဝါဒ၊ အကျင့်စရိုက်၊ ကျင့်သုံးမှုလမ်းစဉ် များသည် အိန္ဒိယနိုင်ငံ၏ ယဉ်ကျေးမှုစနစ် တွင် ကြီးမားစွားမြစ်တွယ်နေသည်။

ဗုဒ္ဓ၀ါနောက်မှပေါ်ထွန်းသော အိန္ဒိယ အယူဝါဒ၊ ဒဿနဟူသမျှသည် ဗုဒ္ဓ၀ါဒနှင့် အနည်းနှင့်အများ ဆက်စပ်သက် ဆိုင်နေသည်ချည်းဖြစ်သည်။ ဗုဒ္ဓ၀ါဒ၏ အရိပ်အငွေ့လွှမ်းမိုးမှု ခံရသည်ချည်းဖြစ်သည်။ အဆင့်ဆင့်တိုးတက် လာသော အိန္ဒိယနိုင်ငံ၏ ကြီးကျယ်သော အယူဝါဒများကို ခြောက်မျိုး ရှိကြောင်းပြ ဆိုကြသည်။

ထိုတွင် ရှန်ကရ ဒဿနသည် ဗုဒ္ဓ၀ါဒကို ပုံဖျက်ထား ခြင်းဖြစ်ကြောင်းဆိုကြသည်။ ရှန်ကရသည် ဗုဒ္ဓ၀ါဒလာ ဘိက္ခု အဖွဲ့အစည်းများကို ထူထောင်သည်။ ထိုစည်း စနစ်ရှိသော အဖွဲ့အစည်းများကို အိန္ဒိယ အယူဝါဒတွင် မပေါ်ပေါက်ဖူးကြောင်း သမိုင်းဆရာများက ဆိုကြသည်။

ရှန်ကရကို တစ်ချို့ပညာရှင်များက ရပ်ဖျက်ထားသော ဗုဒ္ဓဟုပင်ခေါ်ကြသည်။ ပုံဖျက်ရုံတင်မဟုတ်၊ ကြွင်းကျန် ရစ်သော ဗုဒ္ဓအမွေအနှစ်များကို ဖျက်သိမ်းသူ အဖြစ်ထင်ရှားသည်။ သို့သော် အေ ဒီ (၇) ရာမှပေါ်ထွန်း လာသော ရန်ကရသည် ဗုဒ္ဓ၀ါဒ၏ ကြီးမားသော လွှမ်းမိုးမှုကို အပြီးတိုင် မဖယ်ဖျောက်နိုင်ခဲ့ပါ။ ထိုအကြောင်းကို ၀န်ကြီးချုပ်နေရူး၏ The discovery of India အထင် အရှားတွေနိုင်သည်။


သုတေသီနှင့် သမိုင်းပညာရှင်တို့နှလုံးသားတွင် အရောင်တောက်နေသော ဗုဒ္ဓ၀ါဒသည် ကဏ္ဍအစုံဖြင့် လှသည်။ သမိုင်းရှုထောင့်မှလေ့လာကြသည်။ လူမှုရေး အမြင်ဖြင့်လေ့လာကြသည်။ စိတ်ပညာရှုထောင့်ဖြင့် ကြည်ရှုခြင်းခံရသည်။ ငြိမ်းချမ်းသော အတွေး အခေါ်တစ်ခု အဖြစ်လက်ခံထားကြသည်။ 

ကိုယ်ကျင့်သီလဖြင့် အခြေခံသော အယူဝါဒ အဖြစ်သိထားကြသည်။ အဟိံသဘောလဲပါဝင်ကြောင်း ဆိုပြန်သည်။ ဇာတ်စနစ်ကို တော်လှန်သော ကမ္ဘာ့ ပထမဆုံး ဘာသာတရားအဖြစ်မှတ်တမ်း ထိုးလိုကြ သည်။ အာဏာရှင် မထား အပြန် အလှန်ဆွေးနွေးတွေးခေါ်ထားခြင်းဖြင့် အသိဉာဏ် ပွင့်လင်းစေသော အယူဝါဒဆိုကြပြန်သည်။

ထိုအရာအားလုံး ဗုဒ္ဓ၀ါဒတွင်ရှိသည်။ ကြိုက်နှစ်ရာရှုထောင့်မှ ကိုယ်ပိုင် အမြင်ဖြင့် ဆင်ခြင်သုံးသပ်သော အခါ ဗုဒ္ဓကို သူတို့ တွေ့ရှိကြခြင်းဖြစ်သည်။ 

ယနေ့နာမည်ကြီး ခေတ်စားနေသော ဒီမိုကရေစီစနစ်သည် ဗုဒ္ဓ၀ါဒတွင် အထင် အရှားတွေ့နိုင်သည်။

ခေတ်ပညာရပ်တို့၏ အတွေးအခေါ်များဖြင့် ချိန်ထိုး စမ်းသပ်နိုင်သည်။ စမ်းသပ်ခဲ့ကြသည်။ စမ်းသပ် စိန်ခေါ် နေကြဆဲဖြစ်သည်။

သိပ္ပံခေတ်သို့ ရောက်လာသောအခါ ဗုဒ္ဓ၀ါဒသည် အကြီးအမားဆုံး ပွင့်လင်းလာခဲ့သည်။ အနောက် တိုင်း ခေတ်ပညာတတ်များသည် ဗုဒ္ဓကို မကိုးကွယ်စေကာမူ လေးစားကြသည်။ ကိုးကွယ်လာ သူများလည်း ထိထိရောက်လိုက်နာကျင့်သုံးကြသည်။ တဆင့်ပြော မဟုတ်သော တွေ့ရှိချက်များရရှိကြသည်။


သူတို့တွေ့ရှိချက်တွင် ငြိမ်းချမ်းခြင်းပါသည်။ မေတ္တာလမ်းစဉ်ပါသည်။ အကျိုးကြောင်းယုတ္တိရှိရှိတွေးခေါ် ဆင်ခြင်မှုပါသည်။ ဖန်ဆင်းရှင်မပါပဲ ဖြစ်တည်မှုလေ့လာခြင်းသည် အထင်အရှား ဆုံးဖြစ်သည်။ အိန္ဒိယ နိုင်ငံကြီးမှပေါ်ပေါက်သော ဘာသာများစွာတွင် ထာဝရဖန်ဆင်းမှုကို လက်မခံသော်လည်း အတ္တရှိကြောင်းလက် ခံကြပြန်သည်။

ဗုဒ္ဓ၀ါဒသည် ယုတ္တိရှိရှိဖြင့် အတ္တနှင့် ထာဝရဖန်ဆင်း မရှိခြင်းကို အကျိုး ကြောင်းပြ ရှင်းလင်းထားသည်။
အတ္တနှင့် ထာဝရဖန်ဆင်းချက် ရှိသည်ဟူသော ရှေးဟောင်း အိန္ဒိယ အယူအဆ အမှားကြီးကို မြတ်ဗုဒ္ဓ၏ ဓမ္မစက္က ပ၀တ္တနသုတ်တော်၊ အနတ္တလက္ခဏ သုတ်တော်များဖြင့် ဖွင့်လှစ်ရှင်းပြလိုက်ခြင်းသည် အိန္ဒိယနိုင်ငံ ကြီးရှိ ရှေးဟောင်း လမ်းစဉ်ကြီးကို အကြီး အမားဆုံး စိန်ခေါ်လိုက်ခြင်းဖြစ်သည်။

ထိုတွေ့ရှိချက်သည် အိန္ဒိယနိုင်ငံကြီးမှ တင်ပို့သမျှသော အရာတို့တွင် အကြီး အမားဆုံးဖြစ်လာ သည်။ ခေတ် စနစ်ပြောင်းချင် တိုင်း ပြောင်း လိုက်ပြင်စရာ မလိုသော အရာဖြစ်လာသည်။ အနောက်တိုင်း သိပ္ပံထွန်းကားလေလေ ထိုအရာနှစ်ပါးသည်  အရောင်တောက် လေလေဖြစ်လာသည်။


ထိုအရာနှစ်ခုသည်၊ ထာဝရဖန်ဆင်းမှုမရှိခြင်းနှင့်၊
အမြဲတည်ရှိသော အတ္တ မရှိမှုပင်ဖြစ်သည်။
မြတ်ဗုဒ္ဓ၏ ထိုတွေ့ရှိချက်သည် လူသား အားလုံးအတွက် စိန်ခေါ်မှုလည်းဖြစ်ပြန်သည်။
မြတ်ဗုဒ္ဓလမ်းစဉ်ကြီး၏ အလှဆုံး အရာနှစ်ခုဆိုလျှင်လည်းဖြစ်သည်။
မြတ်ဗုဒ္ဓသည် ထာဝရနှင့် အတ္တအစား ကမ္မနှင့် အနတ္တတို့ကို အစားထိုးပြသည်။ 


No comments:

Post a Comment