Pages

Wednesday, August 31, 2011

အိုးဈေးနားက လူတွေ

Example is better than precepts

ကိုယ်တိုင်ကျင့်သုံးပြလိုက်ခြင်းသည် စည်းကမ်း၊ ဥပဒေများပြပြီး သတ်မှတ်ရသည် ထက်သာလွန်သည်

လူတစ်ချို့ရှိသည်၊ အပြော အဆိုကောင်းသည်၊ အသွင်အပြင်ကောင်းသည်၊ ဟန်ကောင်းသည်၊ ကြည်ညိုဖွယ်ဆောင်တတ်သည်၊ ထိုအရာအားလုံးသည် လူကိုတင့်တယ်စေသည်၊ အပေါ်ယံလှသည်၊ အဖုံးလှသည် ဆိုနိုင်သည်၊

သို့သော် စိတ်သည် ယောက်ယက်ခတ်နေသည်၊ အမှားမှန်ကို မသိ၊ အရှိဓမ္မကို အသိဖြင့် မညှိနိုင်၊
ရုပ်၊ နာမ်ဖြင့်ဖွဲ့စည်းထားသော လူမို့ ရုပ်လှသည်၊ နာမ်အလှလိုသေးသည်၊ သူလိုလူအတွက် ဥပမာရှိသည်၊ ဘာမှမရှိပဲ၊ ဘာမှ ထည့်မထားပဲ ပိတ်ထားသော အိုးနှင့်တူသည်၊ အနီးကပ်ကြည့်လျှင်သိနိုင်သည်၊

နောက်တစ်ယောက် ရှိသေးသည်၊ အပြောအဆိုအနေအထိုင် အဆင်မပြေလှ၊ ယဉ်ကျေးသိမ်မွေ့မှုမရှိ၊ ကြညိုဖွယ်မဆောင်တတ်၊ အပြောအဆို အပြုအမူတို့၌ အိနြေ္ဒမရှိ၊ သို့သော် အမှားအမှန်ကို သိသည်၊ အကြောင်း အကျိုး အကောင်း အဆိုးကို သိသည်၊ အရှိဓမ္မနှင့် အသိတရားတို့ မျှနေသည်၊ စိတ်၌စောင့်စည်းမှု အိနြေ္ဒရှိသည်၊ စိတ်အလှဖြင့် မွေ့လျော်သူဖြစ်သည်၊ 

သူ့အတွက် ဥပမာပေးထားသည်၊ အပြည့်ရှိလျှက် ဟင်းလင်းဖွင့်ထားသော အိုးနှင့်တူသည်၊ ထိုလူမျိုးနှင့် စိတ်ချင်းပေါင်းမိသော် ပျော်စရာကောင်းသည်၊

ရှိပါသေးသည်၊ နောက်တစ်ယောက်၊ အပြောအဆိုအနေအထိုင်လဲ မကောင်း၊ ရုပ်တရား သမ္ပတ္တိမရှိပေ၊ ကြည်ညိုဖွယ်မဆောင်တတ်၊ ယဉ်ကျေးသိမ်မွေ့မှုမရှိ၊ အရှိဓမ္မကို နားမလည်သလို အသိလဲ ကင်းဆိတ်နေသောသူ၊ စိတ်လဲယောက်ယက်ခတ်နေသည်၊ အဆင်းမလှသလို၊ အချင်းလဲ မလှသူ၊ ဘာမှလဲ မရှိ၊ ဘာမှ မရှိလို့ ဟန်ဆောင်ပြီးလဲ ပိတ်မထားတတ်၊ သူ့အတွက် ဥပမာရှိသည်၊ ဘာမှ မရှိသောအိုး ပိတ်မထားသည်နှင့် တူသည်တဲ့၊

ကျုပ်ကတော့ သူ့ကို ပျံကျရပ်ကွက်တွေမှာ တွေ့ရလေ့ရှိတယ်၊

သူလိုလူလဲရှိသေးသည်၊ အပြောအဆိုကောင်းသည်၊ အကောင်းပြောတတ်ရုံသာမဟုတ်၊ အရှိဓမ္မနှင့် ညှိပြီးပြောတတ်သည်၊ သူ့စကားတွင် အသိတရားတွေပါသည်၊ ကြည်ညိုဖွယ်ဆောင်သည်၊ အိနြေ္ဒရှိသည်၊ ရုပ်တရားကို အလှဆင်ထားသလို၊ စိတ်ကို တင့်တယ်စေသူလဲ ဖြစ်သည်၊
'ရှေ့ကကြည့်လဲယဉ်တယ်၊ နောက်ကကြည့်လဲ ယဉ်တယ်၊ အတွင်းကျကျသိလဲ လှတယ်'

သူ့အတွက် ဥပမာရှိပါသည်၊ အနှစ်တရား၊ အဆံများ အပြည့်ထည့်ထားပြီး ပိတ်ထားသော အိုးနှင့် တူသည်၊
တွေ့ရခဲပါသည်၊ အဆံရှိပြီး အသံမထွက်တတ်လို့ပါ၊

လောကလူသား အားလုံးအတွက် မိတ်ဆွေကောင်းကြီးတစ်ယောက်ပါ၊ 
ကျုပ်လဲ အဲလိုလူ ရှာနေတာပဲ။

Tuesday, August 30, 2011

အောင်ပွဲ

တပေါင်းလနေသည်ပူသည်၊
တပြိုက်တပြိုက်တိုက်ခတ်လိုက်သောလေနုအေးသည် ရင်တွင်းစိမ့်ပြီး အေးသည်၊
တိုက်ခတ်သောလေသည် မိုးနံ့သင်းသည်၊
မိုးရိပ်တိမ်တောင်တို့လဲ အကွက်စုံဆင်လျှက် ကောင်းကင်တွင် ဖြန့်ကျက်ထားသည်၊
အေးချမ်းသာယာတော့မည့် အရိပ်အယောင်တို့သည် အထင်းသားပေါ်လွင်လျှက်၊

လူစုံလဲစုံပြီ၊တောင်တန်းဗဟိုဆရာတော်ကြွရောက်သည်၊ အေးချမ်းသာယာရေးအကြီးအကဲများပါသည်၊
ရွာသူရွာသားများ ကျောင်းတွင်းကျောင်းပြင်မြိုင်နေပြီ၊ အားထုတ်ကြိုးပမ်းခဲ့ရသမျှတို့အကောင်အထည်
ပေါ်လေပြီ၊

‘တပည့်တော်တို့ရွာမှာ ဘာသာတရား စုံပါတယ်၊ ရိုးရားတောင်ယာ နတ်ကိုးကွယ်တဲ့ သူတွေလဲ ရှိပါသေးတယ်၊ဘာသာတရားနဲ့မရင်းနှီးသေးတဲ့သူတွေလဲရှိပါတယ်၊ ခရစ်ယာန်ဘာသာဆို နှစ်မျိုးတောင်
ရှိပါတယ်၊ ကက်သလစ်တွေလဲ ရှိသလို၊ နှစ်ချင်းတွေလဲရှိပါတယ်၊ 

ဒါပေမယ့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းအနေနဲ့က အခုမှ စတင်ကြရမှာပါ၊ တပည့်တော်က ဘုန်းကြီးကျောင်းထွက်ပါ၊ ခန္တီးမြို့၊ ပေါမိုင်းကျောင်းထွက်ပါ၊ ဘုန်းတော်ကြီးတွေနဲ့ သက်ပတ်လို့ တပည့်တော်များ နားလည်တာက ဘယ်လိုလူပဲဖြစ်ဖြစ် ခွဲခြားမှုမရှိပဲ ရောက်လာတဲ့သူတွေကို ယဉ်ကျေးလာအောင်သင်ပြပေးခြင်းပါပဲဘုရား၊

တပည့်တော်တို့ ဘုန်းတော်ကျောင်းမှာ နေရစဉ်က မနက်တိုင်း ဘုရားဝတ်တက်ရပါတယ်၊ ကျောင်း သန့်ရှင်းရပါတယ်၊ အချင်းချင်းလဲ တဲ့အောင်နေရပါတယ်၊ ညီညွတ်ခြင်းဆိုတာ အဲဒီကတည်းက တပည့်တော်သိပါတယ်၊ 
ဒ်ီနေ့ကျောင်းတင်ပွဲဖြစ်တော့ကား ရွာသူရွာသားများကို သွန်သင်ပေမယ့် ခေါင်းဆောင် တစ်ဦးတော့ရပြီလို့ ၀မ်းသာမိပါတယ်ဘုရား’

အထက်ပါစကားများကို လျှောက်ထားသွားသူမှာ ပဒူးမုန်းရွာသစ်ရွာမှ ကျေးရွာဥက္ကဌဖြစ်သည်၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းထွက် ခရစ်ယာန်ဖြစ်သည်၊
ကျောင်းတင် ပူဇော်ပွဲနေ့က လျှောက်ထားသွားခြင်း ဖြစ်သည်၊

အခက်အခဲအမျိုးမျိုးကြားထဲမှ ၀ိုင်းဝန်းလုပ်အားများကြောင့် အိမ်ခြေတစ်ရာ့ရှစ်ဆယ်နီးပါးရှိသော
ကျေးရွာကြီးတွင် တောင်တန်းသာသနာပြု ဘုန်းတော်ကြီးကျောင်းပေါ်ထွန်းခဲ့ပြီ၊ ဗုဒ္ဓဘာသာဝင်များ 

အတွက်အားတက်စရာဖြစ်ခဲ့ပြီ၊ တောင်တန်းကျောင်းသည် ရွှေတူးဖော်ရေး ကုမ္ပဏီတစ်ခုမှ အသုံးမပြုတော့သော ဂိုထောင်ကို ကျောင်း အဖြစ်လှူထားခြင်းဖြစ်သည်၊

ခြေတိုင်ရှည် ခပ်မြင်မြင့် အဆောက်အဦးဖြစ်သည်၊ လူမနေတာကြာပြီဖြစ်သောကြောင့် ရောက်ခါစဘုန်းကြီး အဆင်ပြေစေရန် ကျောင်းကို ကျားကန် ထားရသည်၊

ကျောင်းတင်ပွဲနေ့က လူစုံသဖြင့် ကျောင်းသည် ယိမ်းထိုး လှုပ်ယမ်းနေသည်၊ ဘုရားတရသည်၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းနှင့် ကပ်လျှက် ခရစ်ယာန်ကျောင်းရှိသည်၊
ဤပဒူးမုန်းရွာသစ်သည် တစ်ချိန်က ကချင်လူမျိုးများနေထိုင်သော ရွာဖြစ်သည်၊ နတ်မှော်ရွာဟု ထင်ရှားသည်၊

၁၉၇၀ ကျော်ကာလများဆီက နတ်မှော်ရွာလေးတွင် သေနတ်သံတွေညံခဲ့ဖူးသည်၊ ချင်းတွင်းကမ်းပါယံတွင် ယမ်းခိုးငွေ့တို့ တလူလူ လွင့်ပျံ့အုံ့ဆိုင်းခဲ့ဖူးသည်၊ စစ်သားနှစ်ယောက် ကျဆုံးသည်၊ ထို့နောက် စစ်တပ်ရောက်လာပြီးနောက် ရွာလုံးကျွတ်ပြောင်းရွှေ့လိုက်သည်၊

ကချင်လူမျိုးများအများစုဖြစ်သောကြောင့် ထိုပြောင်းရွှေ့သွာသောရွာလေးကို ကချင်ရွာဟုခေါ်သည်၊ ယနေ့ ခန္တီးမြို့တဘက်ကမ်း တွင်ရှိသည်၊ တောင်တန်းသာသနာပြုရဟန်းတော်များ ကျေးဇူးကြောင့် ဗုဒ္ဓဘာသာကို အများစုကိုးကွယ်ကြသည်၊

ယခင်က နတ်မှော်ရွာလေးသည်၊ နှစ်အတန်ကြာ လူသူကင်းမဲ့ပြီး အထီးကျန်နေခဲ့သည်၊ ချင်းတွင်းနှင့် ပဏာရသော ထိုရွာလေးကို တောင်ပေါ်ဒေသမှ နာဂလူမျိုးများဆင်းလာကြသည်၊ တစ်စုရောက်၊ တစ်စုရောက်လာနှင့် ရွာပြန်ဖြစ်တော့သည်၊

‘ငါ့ကို ဒီနတ်မှော်ရွာမှာမွေးတာပေါ့၊ဟိုဘက်ကမ်းက သဲလုံလေ၊ အဲဒီနောက်ဘက်မှာ ပဒူးမုန်းရွာရှိတယ်၊
နဂိုက တို့ရွာကို ပဒူးမုန်းလို့ မခေါ်ဘူး၊ နတ်မှော်ရွာလို့ခေါ်တယ်လေ၊
ပြည်သူ့စစ်တွေနဲ့ တိုက်ပွဲဖြစ်လို့ တို့ပြောင်းကြရတာပေါ့’

တစ်ခါတစ်ရံ ရွာသားဟောင်းများကြီးများက ပြန်ပြောတတ်ကြသည်၊ သူ့ အပြောဖြင့် ကိုယ်တိုင်ပင် လွမ်းလိုက်မိသေးရဲ့၊

ယနေ့ကာလများတွင် ချင်းတွင်းမြစ်ရေကြည်လင်သည်၊ ကျေးငှက်မြည်သံ သာယာသည်၊
တောင်ကမ်းပါးယံက တောင်ယာခင်းတို့ စိမ်းစိုသည်၊ ရွာသူရွာသားများ ညီညီညွတ်ညွတ်ရှိကြသည်၊ ခရစ်ယာန်ကျောင်းခေါင်းလောင်းသံ ကြားရသည်၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းက အမျှဝေသံ ကြားရသည်၊

တစ်ချိန်က ယမ်းခိုးငွေ့တို့ အကြား ဓမ္မတေးသံတို့မြိုင်မြိုင်ဖြင့် သာယာဝေစည်နေပြီဖြစ်သည်၊

Saturday, August 27, 2011

အေးရိပ်တွင် ကွန်းခို

'ဘုန်းကြီးတို့ ဦးဆောင်ရင်ဖြစ်နိုင်ပါတယ်၊ တပည့်တော်တို့ရွာ ဒီလောက်ကြီးလဲ မဆိုးကြပါဘူး၊ အရင်တစ်တုန်းကဖြစ်တယ်ဆိုတာလဲ စိတ်ပါလို့ကြရယ် မဟုတ်ပါဘူး၊ ကလေးတွေဆိုတော့ မိုက်ရူးရဲဆန်ကြတာပါဘုန်းကြီး၊

ချင်းတွင်းမြစ်ဖျားတွင် တိုင်းရင်းသား မျိုးစုံနေထိုင်ကြသည်၊ ရှမ်းအမျိုးသားများလဲ ရှိသည်၊ ကချင်အမျိုးသားများလဲနေထိုင်ကြသည်၊ လီဆူလူမျိုး၊ နာဂလူမျိုး၊ ချင်းလူမျိုး၊ အောက်ရပ်အောက်ရွာက
မြန်မာအမျိုးသားများလဲ ပေါများသည်၊ 

ချင်းတွင်းထက်ဖျားရှိကျေးရွာ အားလုံးသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းကပင် ဗုဒ္ဓဘာသာဝင်များဖြစ်ခဲ့ကြသည်၊

တောင်တန်းဆရာတော်ဘုရာကြီး၏ ဦးဆောင်မှုဖြင့် ရစ်တူ၊ ဟဲပုံ၊ ဆာအစ်၊ သဲလုံ၊ ငါးကျွန်း၊ ဆံခါ၊ သုံးပန်၊ လပစ်၊ ယောင်ပေါ်ရွာတို့တွင်နေထိုင်ကြသော ချင်း၊ နာဂ၊ ကချင်၊ ရှမ်း၊ လီဆူးတို့သည် ဗုဒ္ဓဘာသာကို ရွာလုံးကျွတ်ခံယူခဲ့ကြသည်၊

ထိုရွာများထဲက တောင်ပေါ်ရွာလေး ရစ်တူနာဂအမျိုးသားများသည် နောက်ပိုင်းမြေပြန့်ဆင်းခဲ့ကြသည်၊ ဘယ်ညာခွဲပြီး ဆင်းခဲ့ကြရာ တစ်နေရာတွင် နန်ဖာရွာလေးဖြစ်လာသည်၊ 
နာဂလူမျိုးအများစုနေထိုင်ကြသည်၊ နောက်တစ်နေရာတွင် ပဒူးမုန်းရွာလေးဖြစ်လာသည်၊ 

နန်ဖာရွာလေးနှင့်ပတ်သက်ပြီး ရှေးသာသနာပြုဆရာတော်များက ကဗျာဖွဲ့ခဲ့ကြသည်ကို တွေ့ရသည်၊

စာဖွဲ့မမီလို့ မပြောတော့ပါ၊
လာကြည့်ပါကွဲ့ ဆွေသဟာ၊
မြန်ပြည်မှာ စံတစ်နှုံး၊
နန်ဖာရွာလေး ရှုမဆုံး၊

သူ့အပြောမလွန်ပါ၊ လို၍ပင်နေဦးမည်ထင်မိသည်၊ ရွာဦးထိပ်တွင် ဘုန်းတော်ကြီးကျောင်း ရှိသည်၊ ချင်းတွင်းမြစ်က တဖြေးဖြေး စီးလာခဲ့ပြီး  ရွာလေးကို ရုတ်တရက် နှုတ်ဆက်သွားသလိုဖြစ်နေသည်၊
တောင်မြောက်ဖြစ်နေသော ချင်းတွင်းသည် ဤရွာလေး အနားတွင် အနောက်ဘက်ဆီသို့ တစ်ဆစ်ချိုး ကွေ့ဆင်းသွားသည်၊

ထိုမြင်ကွင်းသည် လှ၏၊
မြင်နေရသူ အတွက် အရင်တွင်း တစ်ခုခုချန်ထားခဲ့သလိုခံစားရသည်၊

နန်ဖာရွာလေးအထက်နားတွင် ပဒူးမုန်းရွာရှိသည်၊ ဆွေရင်းမျိုးခြာများနေကြသည်၊ ဤနှစ်ရွာသည် လူမျိုးတူသည်၊ သာရေးနာရေး အတူတူဆောင်ရွက်ကြသည်၊ တစ်ရွာလုံးဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်၊
စာဖွဲ့ဖူးပါသည်၊

ဗုဒ္ဓဆုံးမ၊ နှလုံးသားတည်ကာ၊
ရွာသူရွာသား ယဉ်ကကျေးလှတာ၊
နတ်များ ဖန်ထား အလားတူစွာ၊
ရှာမှ ရှား စံထားသူတို့ရွာ။

ချင်းတွင်း တစ်ဘက်ကမ်းက ရွာလေးသည် တောင်ပေါ်ဒေသမှ လောလောဆယ် ဆင်းလာကြသော တောင်ပေါ်သား နာဂအများစုနေထိုင်သော ရွာကြီးဖြစ်သည်၊ 
ထူးသည်၊ တစ်ရွာထည်းပင်ဖြစ်သော်ငြား စကားမတူပါ၊ 
ဓလေ့မတူပါ၊ ကိုးကွယ်မှုအနေအားဖြင့် နတ်ကိုးကွယ်မှုများသည်၊ ဘာသာမဲ့လဲပါသည်၊

ထိုရွာလေးသို့ တစ်ခါက ခရစ်ယာန်သာသနာပြုများရောက်လာကြသည်၊
ပြီးတော့ သူတို့ ဘာသာသာလွန်ကြောင်း ပြောဆိုကြသည်၊

‘ဗုဒ္ဓဘာသာရဲ့ခေါင်းဆောင်ဖြစ်တဲ့ သိဒ္ဓတ္ထဂေါတမဆိုတာ အိန္ဒိယမှာမွေးတာပါ၊ ဝေးပါတယ်၊ ဒါကြောင့်မို့ ကျနော်တို့ ဘာသာကိုဝင်ပါ’စသည် ပြောဆိုစည်းရုံးသည်၊
ဤတွင် ကျေးရွာ၏ လူပုဂ္ဂိုလ်ဆိုင်ရာ ဗုဒ္ဓဘာသာ သာသနာပြုခေါင်းဆောင်က-

‘ကျနော်ပြောပါရစေ ခင်ဗျား၊ ကျနော်တို့က ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပါတယ်၊ အခုဆရာကြီးများက ကျနော်တို့ ကိုးကွယ်တဲ့ ဘုရားကို ကျနော်တို့နေတဲ့နေရာနဲ့ အဝေးကြီးလို့ ပြောပါတယ်၊ ကျနော်တို့ ဘုရားက အိန္ဒိယနိုင်ငံမှာမွေးတာပါ၊ မဝေးပါဘူး၊ ကျနော်တို့နဲ့ ရေ မြေချင်းစပ်နေပါတယ်၊ ဆရာကြီးတို့ရဲ့ ဘာသာရေးဆိုတာ ပိုပြီးဝေးပါတယ်၊ ကျနော်ကြားဖူးတာက ဆရာကြီးများရဲ့ ကယ်တင်ရှင်ဆိုတာ အရှေ့အလည်ပိုင်းမှလို့ပြောပါတယ်၊
ရေ မြေချင်းလဲ မစပ်ပါဘူး၊ ဘယ်လိုမှလဲ မနီးပါဘူး၊ 
ဘယ်မှာရှိတယ်ဆိုတာတောင် ကျနော် ပြောမပြတတ်ပါဘူး’

ဤသို့ဖြင့် ဗုဒ္ဓဘာသာဝင်များအတွက် အားတက်ခဲ့ကြရသလို ဤရွာလေးတွင် အခြားဘာသာဝင်များနှင့် အတူ ဗုဒ္ဓဘာသာဝင်များ၏ ဘုန်းတော်ကြီးကျောင်းလဲ လိုအပ်နေပေပြီ၊

ယခင်က ကြိုးစားခဲ့ကြဖူးသည်၊ 
သို့သော်မျှော်လင့်မထားသော အဖြစ်အပျက်များကြောင့်ရပ်ဆိုင်းထားခဲ့ရဖူးသည်၊
အခု မျှော်လင့်ခြင်းများ ပြန်လည် ရှင်သန်ခဲ့ကြပြန်ပြီ၊

‘ခရစ်ယာန်ဘာသာဆိုတာ အနေနီးတဲ့ တစ်စိမ်းပါ၊
ဗုဒ္ဓဘာသာဆိုတာ အနေဝေးတဲ့ ဆွေမျိုးပါ’တဲ့၊

ဆိုပါစကားစုလေးသည် ရင်တွင်းသို့ တွန်းအားတစ်ခုနဲ့ အတူ ရောက်လာသည်၊

မှတ်ချက်။ 
ကိုယ်တွေ့ဖြစ်ရပ်တစ်ခုပါ၊ ဘာသာရေး ပဋိပက္ခကို တင်ပြခြင်းမျိုးမဟုတ်ပါ၊ 
ရိုးသားသော တိုင်းရင်များ၏ အပြောများကိုပြန်လည်တင်ပြခြင်းသာဖြစ်ပါသည်၊

Thursday, August 25, 2011

ပဏ္ဍရင်္ဂပဗ္ဗဇ္ဇာ

‘နောက်တိုင်းယဉ်ကျေးမှုနဲ့ အရှေ့တိုင်းယဉ်ကျေးမှုဆိုတာ တစ်ချို့နေရာတွေမှာ တော်တော်လေးကို ဆန့်ကျင်ဘက်ဖြစ်နေတတ်တယ်၊ ဥပမာ တပည့်တော်တို့ အရှေ့တိုင်းမှာ အဖြူရောင်ဆိုတာ အပြစ်ကင်းခြင်း၊ သန့်စင်မွန်မြတ်ခြင်း၊ စင်ကြယ်ခြင်းတွေကို ညွှန်းဆိုလေ့ရှိပါတယ်၊

အာရှတိုက်ကြီးရဲ့ အစိတ်အပိုင်း တစ်ချို့ကို အနောက်တိုင်းသားတွေသိမ်းပိုက်ပြီးတဲ့နောက် အဖြူရောင်ကို အပြစ်ပေး အကျဉ်းသားတွေ အတွက်ဆိုပြီး သတ်မှတ်လိုက်ကြတယ်၊ တပည့်တော်တို့က မကောင်းတဲ့ အရောင်လို့ သတ်မှတ်တဲ့ အမည်းကြတော့ သူတို့က တရားသူကြီးတွေကို ၀တ်ပေးလိုက်ကြပြန်တယ်၊

ဘုရားဟော အဘိဓမ္မာမှာ 
သုက္ကဓမ္မ- အဖြူရောင်တရား၊ 
ကဏှဓမ္မ- အမည်းရောင်တရားလို့ ကုသိုလ်ကို အဖြူ၊ 
 အကုသိုလ်ကို အမည်း ညွှန်ပြထားတာရှိတယ်၊ 
ဘုရားရှင် လက်ထက်တော်ကတည်းက အရောင်တွေနဲ့ ကိုယ်စားပြုပြီးလူတွေနားလည်အောင်
ဟောပြောပြသချက်တွေရှိပါတယ်’

မန်း သာသနာ့တက္ကသိုလ် တက္ကသိုလ်နေရစဉ်က ဗုဒ္ဓဒေသနာပြန့်ပွားရေးဌာနမှ ကထိကဆရာတော်သည် မြတ်ဗုဒ္ဓဒေသနာတော် ရှုထောင့်ဖြင့် အဖြူ၊ အမည်းတို့ကို ရှင်းလင်းပြပါသည်၊ ပါဠိတော်များတွင် ပဏ္ဍရင်္ဂပဗ္ဗဇ္ဇာ ဟုတွေ့ရသည်၊ အ၀တ်ဖြူဝတ်သော သူဟုဆိုလိုသည်၊ ထိုအ၀တ်ဖြူဝတ်သောသူများသည် သူတော်စင်များဖြစ်ကြသည်၊ 

မြန်မာနိုင်ငံတွင် သီလရှင်များကို ဆယ်ပါးသီလယူစေရာတွင် ‘ပဏ္ဍရင်္ဂပဗ္ဗဇ္ဇသီလံ’ဟုဆိုရလေ့ရှိသည်၊ စင်ကြယ်သန့်ရှင်းသော အ၀တ်ဖြူဝတ်သူတို့ ယူအပ်သော သီလဟုဆိုလိုသည်၊

အသောကမင်းသည် သားတော်မဟိန္ဒကို သီရိလင်္ကာနိုင်ငံသို့ သာသနာပြု စေလွှတ်တော်မူသည်၊ မထေရ်မြတ်ရောက်ပြီးနောက်တွင် နှမတော်ဖြစ်သူ သင်္ဃမိတ္တာထေရီလဲ ဘုရားရှင် 'သမ္မာသမ္ဗောဓိဉာဏ်' ရတော်မူရာ မဟာဗောဓိပင်မှ လက်ယာတောင်ကိုင်းနှင့် အတူ သပိတ်တော်တို့ကို ယူလာခဲ့လေသည်၊

ထို့နောက်လာရောက်ကြသော သီရိလင်္ကာနိုင်ငံသူများကို ရဟန်းမပြုလုပ်ပေးသည်၊ ဘိက္ခုနီများဖြစ်သည်၊ ရဟန်းတော်များကဲ့သို့ပင် ဖန်ရည်စွန်းသော သင်္ကန်းတော်မျိုးများ ၀တ်ဆင်တော်မူကြသည်၊ ပရိက္ခရာ အစုံဖြင့် ဆွမ်းခံဝတ်ဖြည့်တော်မူကြသည်၊ ဘုရားရှင်ချမှတ်တော်မူသော ၀ိနည်း သိက္ခာပုဒ်များကို တလေးတစားလိုက်နာကျင့်သုံးကြသည်၊

သင်္ဃမိတ္တာထေရီသည်လဲ မိမိတပည့်မများဖြစ်သော ဘိက္ခုနီများနှင့် သီတင်းသုံးတော်မူသည်၊ စာပေများဟောပြော ပို့ချသည်၊ မောင်တော် မဟိန္ဒမထေရ်မြတ်နှင့် အတူ သာသနာ့ဝန် ထမ်းတော်မူသည်၊

ယနေ့ခေတ်တွင် သီရိလင်္ကာနိုင်ငံတွင် ဘိက္ခုနီ- ရဟန်းမတော်များ မျိုးဆက် သာသနာ့ဝန်းထမ်း ‘ဒသဿီ မာတာ’များကိုတွေ့နိုင်သည်၊ 

ဆယ်ပါးသီလစောင့်ထိန်းသူများဟု ဆိုလိုခြင်းဖြစ်သည်၊ မြန်မာနိုင်ငံတွင် သီလရှင်ဟု ခေါ်ကြသည်၊ သီရိလင်္ကာနိုင်ငံတွင် ဒသဿီမာတာများသည် အဖြူရောင်ကို ၀တ်ဆင်ကြသည်၊
ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီယားနိုင်ငံသူများလဲ အဖြူရောင်ကိုသာ ၀တ်ဆင်ကြသည်၊ ဘိက္ခုနီထေရီမတို့မွေးဖွားဖြစ်တည်ခဲ့ရာ အိန္ဒိယနိုင်ငံကြီးတွင် အဖြူဆင်မြန်းသူရှိသလို၊ အညိုရောင်ထေရီ မများကိုလဲ တွေ့နိုင်သည်၊

သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအို၊ ကမ္ဘောဒီးယာနိုင်ငံတို့မှ ‘ဒသဿီမာတာ’များကို တွေ့ရသည်၊ အဖြူရောင်များဖြင့်ငြိမ်းချမ်းသည်၊
သန့်စင်မှုများဖြင့် ထုံမွှမ်းသည်၊
တည်ကြည်မှုဖြင့်လေးနက်သည်၊

တစ်ခါတရံ မြန်မာနိုင်ငံသူသီလရှင်မ(သီလ၀တီ)များနှင့် မြန်မာနိုင်ငံ မျိုးဆက်ပွား သမီးချစ် (ဒေါ်သုဓမ္မ၀တီ)၏ ချစ်သည်းချာ နီပေါနိုင်ငံသူ သကျနွယ်ဖွား ပန်းဖျော့ရောင်ဆင်မြန်းထားကြသော သီလရှင်များကို မြင်ရသည်မှာ ရင်ကို အေးမြစေသည်၊

‘ဒသဿီမာတာ’ခေါ် အဖြူရောင်ဆင်မြန်းထားသော ဗုဒ္ဓသမီးတော်များ တင့်တယ် လှပသလို၊

ပန်းဖျော့ရောင်ဆင် သီလရှင်( သီလ၀တီ) တို့လဲ လှကြသတည်း။

သူတို့သည် ဖြုစင်သန့်စင်ခြင်းကို မြတ်နိုးကြသူများပင်ဖြစ်ကြသည်၊

Wednesday, August 24, 2011

စိတ်



ဆို့ထား ဆိုင်းထား၊
ချည်ထား နှောင်ထား၊
သိုင်းထား ၀ိုင်းထားမှ၊
လှတတ်တဲ့ အလှတစ်ပါးပါ။

ဒါပေမယ့်..
တစ်ခါတစ်လေ၊
ဟင်းလင်း ဖွင့်ထားရင်လဲ၊
လှနေတတ်ပါတယ်။

Tuesday, August 23, 2011

အသစ်တွက် တစ်ဖန်မွေးဖွားခြင်း

 အလင်းရောင်တွေ တဖျပ်ဖျပ်တောက်နေသော မနက်ခင်းတစ်ခုတွင်ဖြစ်သည်၊

‘ဘုန်းကြီး တပည့်တော် အရင်က ဘုန်းတော်ကြီးတွေကို အသံသာကြာဖူးပြီး၊ ရုပ်ကို မမြင်ဖူးပါဘုရား၊ အခု အရှင်ဘုရားကြတော့ အရုပ်ရော အသံပါ တွေ့ရလို့ ၀မ်းသာမိပါတယ်ဘုရား’

သူစကားပြောရင်း တစ်ချက်ရှိုက်သည်၊ ဝေ့၀ဲလာသောမျက်ရည်ကို ပုတ်ခတ်ထုတ်လိုက်သည်၊ မျက်ရည်မဝေးသို့ လွင့်မသွား ပါးပြင်ပေါ်သို့ စီးကျသည်၊

‘တပည့်တော်တို့ ဒီရွာလေးမှာ လာပြီးတာဝန်ထမ်းဆောင်ကြတဲ့ ဘုန်းတော်ကြီးငါးပါးကို မီပါတယ်၊ တစ်ပါးကိုတော့ ပထမနှစ်မှာ မြင်ဖူးလိုက်ပါတယ်၊ အဲဒီကနောက် လေးပါးဆက်တိုက် မမြင်ဖူးပါဘုရား’

သူ့စကားဆက်ရင်း မျက်နှာကို မော့ကြည့်သည်၊ ပြီးတော့ တစ်သက်မှာ တစ်ခါသာမြင်နိုင်သော အပြုံးမျိုးပြုံးပြီကြည့်သည်၊ ပြီးတော့ ရှိခိုး ဦးချသည်၊ ဆယ်နှစ်နီးပါး တုတ်ကောက်ဖြင့် လမ်းလျှောက်ခဲ့ရသောကြောင့် ကျောင်းပေါ်တက်လာသောသူ့ဟန်ပန်သည်ယိုင်တိယိုင်ထိုးဖြစ်နေသေးသည်၊ 

ကလေးငယ်တစ်ယောက် လမ်းလျှောက်သလိုမျိုးဖြစ်နေသည်၊
နေသားတကျလဲ မထိုင်တတ်သေးဖြစ်နေသည်၊

‘ဒကာကြီး ဦးဟမ်းကန်း ထိုင်ပါ၊ အဆင်ပြေသလိုထိုင်ပါ၊ ဦးဇင်းလဲ ရွာထဲကပြောတော့ ဘယ်ယုံလိမ့်မလဲ၊ မဖြစ်နိုင်တာပေါ့၊ ဒကာကြီးမျက်စိကွယ်တာပဲ ဆယ်နှစ်နီးပါးရှိပြီလေ၊ အခုလိုဒကာပြန်ပြီး မျက်စိမြင်ရတယ်ဆို ဘယ်လောက်ဝမ်းသာမလဲဆိုတာ ဦှးဇင်းကိုယ်တိုင်ခံစားမိပါတယ်၊

ဦးဇင်းပြောချင်တာက ဒကာကြီးက အရင်က အတော်ဆိုးတယ်လို့ ပြောကြပါတယ်၊ ဟုတ်တယ် မဟုတ်ဘူးတော့ အသေအချာ မသိရဘူးပေါ့၊
ဦးဇင်းတို့ဘုရား ဒကာကြီးတို့ဘုရားက ဟောပြတာလေး ပြောဦးမယ်၊
လောကမှာ လူလေးမျိုးရှိတယ်တဲ့၊

တစ်က အမှောင်ထဲက လာပြီး အမှောင်ထဲပြန်တဲ့လူတဲ့၊

ဘာပြောတာလဲဆိုတော့
မသိမိုက်မဲမှု၊ အကုသိုလ်တွေနဲ့ ဘ၀ကို စခဲ့တယ်၊ ဘ၀ဆုံးတော့လဲ မိုက်တုန်း မိုက်လျှက်၊ အကုသိုလ်တွေ နဲ့ပဲ ဘ၀ကို အဆုံးသတ်သွားတဲ့လူလို့ ပြောတာပါ၊

နှစ်က ဒကာကြီး လူတစ်ချို့ အမှောင်ထဲက လာပါတယ်၊ သို့သော် ဘ၀ဆုံးတော့ အလင်းထဲ ရောက်သွားတဲ့လူတဲ့၊

အဲဒါက မွေးလာတုန်းက ကုသိုလ်ရယ်၊ အကုသိုလ်ယ်လို့ ကွဲကွဲပြားပြား မသိဘူး၊

သို့သော် မိဘ၊ ဆရာသမား၊ အဖိုး အဖွားတို့ရဲ့ ညွှန်ပြမှုကြောင့် ကောင်းတဲ့သဘော၊ မကောင်းတဲ့ သဘောတွေကို သိပြီး အမှောင်လို့ ဆိုတဲ့ အကုသိုလ်တွေထဲက ထွက်ပြီး အလင်းလို့ပြောလို့ရတဲ့ ကုသိုလ်တရားတွေကို ကျင့်ကြံကြိုးကုတ်ပြီး ဘ၀ကို အဆုံးသတ်သွားတဲ့လူလို့ ပြောပါတယ်၊

ဟော သုံးကြတော့ကာ အလင်းထဲကလာပြီး အလင်းထဲပဲပြန်သွားတဲ့လူတဲ့၊

ဆိုလိုတာက မွေးလာတုန်းကလဲ ပတ်ဝန်းကျင်ကောင်းတော့ ကောင်း၊ မကောင်းကို သေသေချာချာသိတယ်၊ လိုက်နာတယ်၊ တစ်သက်လုံးကောင်းမြတ်တဲ့ အကျင့်တွေနဲ့ ဘ၀ကို အဆုံးသတ်သွားတဲ့လူလို့ အဓိပ္ပာယ်ရပါတယ်၊

နောက်ဆုံး တစ်ယောက်ကတော့ အလင်းထဲကလာပြီး အမှောင်ထဲသွားတဲ့လူတဲ့၊ 
ဒီလိုလူမျိုးလဲရှိပါတယ်တဲ့၊ ဘုရားကလေ ဒကာကြီး၊

ဘာပြောတာတုန်းဆိုတော့၊ တစ်ချို့လူတွေရှိတတ်တယ်၊ မွေးလာတုန်းက မိဘဆရာ သမားတွေက ပြောပြသွန်သင်လို့ ကောင်း မကောင်း သိတယ်၊ နောက်တော့ ပတ်ဝန်းကျင်က အဆိုးဘက်ပြောင်း၊ ဘ၀တွေက ပြောင်းတော့၊ ရောက်ရတဲ့ ဘ၀နဲ့ တူလူဘ၀လဲပဲ ဆိုးသွားတယ်တဲ့၊ ကိုယ်ခံအား တကယ်မကောင်းတဲ့ လူလို့ပြောရမလိုပါပဲ၊

အခုဒကာကြီးဘ၀ကြတော့ တွေးကြည့်စမ်းပါ၊ မွေးလာတုန်းက အလင်းရဖူးတယ်၊ နောက်တော့ အလင်းပျောက်ခဲ့ရတယ်၊ ဟော ကံကောင်းထောက်မတော့ အခု အလင်းပြန်ရပြန်ပြီ၊
ဝမ်းသာစရာကြီးပါ၊ အဲလိုအထဲ အခု ဦးဇင်းပြောတဲ့ ဘုရားရှင် တရားနဲ့ အညီ.... 

ငါဘယ်ကလာတာလဲ၊
အခုဘယ်ရောက်နေပြီလဲ၊
နောက်ရော ဘယ်ဆက်သွားရဦးမှာလဲ တွေးကြည့်ပါ၊

ဒကာကြီး ဆိုးသင့်သလောက်ဆိုးခဲ့ပြီ၊ ဘ၀မှောင်မိုက်ခဲ့ဖူးပြီ၊ ကိုယ်တိုင်ဘ၀ အမှောင်ကို ခံစားခဲ့ဖူးပြီ၊ အဲဒါ အကုသိုလ်လဲ အဲလိုပဲ အမှောင်ပဲ လို့ သိလိုက်ပါ၊ မမိုက်နဲ့တော့နော်’

ဘယ်တုန်းကမှ ဒီလိုတရားမျိုး မဟောဖူးပါ၊ တရားအဟောခံသူ မျက်ရည်လည်သလို၊ တရားဟောတဲ့သူကိုယ်တိုင်လဲ မျက်ရည်လည်ရတဲ့တရားပါ၊

သူ့အမည် ဟမ်းကမ်းလို့ခေါ်ပါသည်၊ နာဂလူမျိုးဖြစ်သည်၊ ဗသုသုတစုံသည်၊ မသိနား မလည်သူတွေအကြား ရရှိလာသော ဗဟုသုတလေးနဲ့ မိုက်မဲခဲ့ဖူးသည်၊ မိုက်ကြေးခွဲခဲ့ဖူးသည်၊ ချင်းတွင်းမြစ်တစ်လျှောက် ဟမ်းကမ်းရောက်ပြီဟေ့ဆိုလျှင် ကလေးတွေ ပျော်သလောက် လူကြီးတွေကြောက်ရသည်၊ သူသည် ကလေးတွေကို ချစ်တတ်သည်၊ မုန့်ဖိုးပေးသည်၊ ပွေ့ချီတတ်သည်၊ လူကြီးတွေကို ခြိမ်းခြောက်သည်၊ တောသူပုန်များနှင့် ရင်းနှီးသည်၊ ဟမ်းကမ်းလက်တို့လိုက်လျှင် ဘ၀ပါ ပြုတ်ထွက်သွားနိုင်သည်၊

လူတွေကိုနိုင်နိုင်ပေမယ့်၊ ကံက သူ့ကို နှိမ်နေပြီ၊

‘တပည့်တော်က ရွှေလုပ်ရင်း မျက်စိထဲ အမှိုက်ဝင်လို့၊ ရွှေလောင်းတဲ့ မျောပိုက်တဲ့ မျက်စိကို ဆေးမလို့ လုပ်လိုက်တာ၊ ရေကဆောင့်ထွက်လိုက်တော့ စူးကနဲ့ ဖြစ်သွားပါတယ်၊ အဲလို မျက်စိနာခဲ့ရာက နောက်တော့ ဆေးလဲ မကု၊ ဘယ်သူ့မှလည်း မပြတော့၊ မျက်စိကွယ်ခဲ့ရတာပါဘုရား၊

တစ်ရွာလုံးဟာ တပည့်တော်ဆွေမျိုးတွေပါ၊ ဒါပေမယ့် ဆွေမျိုးလို့ပြောရမှာရှက်တယ်၊ တပည့်တော်က ဆိုးခဲ့တော့ ပြန်ပြီး ဒဏ်ခတ်လိုက်သလိုပါပဲ၊ သာသနာပြု ကြွလာတဲ့ ဘုန်းကြီးတိုင်းက ခေါ်ကြွေးထားလို့သာ အသက်ရှင်ခွင့်ရခဲ့သူပါ၊ ဘုန်းကြီးကျေးဇူးကို ဘယ်တော့မ မမေ့ပါဘူးဘုရား’

သူမျက်ရည်ကျသည်၊ ကိုယ်ကိုယ်တိုင်လဲမျက်ရည် မဆည်နိုင်၊


မျက်စိနှစ်ကွင်း အလင်းမရတဲ့ ဆယ်နှစ်၊ အမှောင်ဘ၀ထဲက ဆယ်နှစ်၊

‘ပဒူးမုန်းဆရာတော်၊ ဘုန်းကြီးတို့ရွာမှာ မျက်စိမကောင်းတဲ့သူများရှိရင်ပြောပါဘုရား၊
အခုခန္တီးမြို့ကို ရန်ကုန်ကဆရာဝန်ကြီးတွေရောက်နေပါတယ်၊
ထောင်ထဲက အကျဉ်းကျလူနာတွေ မျက်စိလာကုတာလို့ပြောပါတယ်၊ 
အဲဒါနာဂလူမျိုးတွေကို မျက်စိကုပေးချင်လို့ လိုက်ပြီးပြောနေတာပါဘုရား၊ အဲဒါကြားခဲ့လို့ ဘုရား’

‘အော်၊ ဟုတ်ပြီဗျာ၊ ရွာပြန်ရောက်ရင် ပြောလိုက်ပါ့မယ်’

ကံသည်ဆန်းသည်၊ ထောင်ကျအကျဉ်းသားများ အတွက်ရောက်လာသော ဆရာဝန်များသည် ဘယ် အကျဉ်းသားကို မျက်စိမြင်အောင် လုပ်ပေးသွားသည် မသိရသော်လည်း ပဒူးမုန်းရွာလေးက အလင်းမဲ့ အကျဉ်းသား ဟမ်းကမ်း မျက်စိမြင်ရသည်၊ အလင်းပျောက်နေသူ လေးဆယ်ကျော်ကို ကုသသည်၊ ဟမ်းကမ်းတစ်ယောက်သာ၊

နောက်တော့ ဦးဟမ်းကမ်းချင်းတွင်းကို ဆန်ဦးမည်၊ ကျန်ရှိနေသေးသော ဘ၀ကိုသူများမမီခိုပဲ ကိုယ်တိုင်ကိုယ်ကျ ရုန်းကန်ဦးမည်ပြောကာ ဆန်တက်သွားခဲ့သည်၊

ပဒူးမုန်းရွာလေးတွင် နှစ်နှစ်နေပြီးတော့ အောက်ရပ်အောက်ရွာပြန်ခဲ့ရသည်၊ မနက်ခင်း တစ်ခုတွင်ဖြစ်သည်၊ တောင်တန်း သာသနာပြုဘ၀ကို နှင်းတွေဝေလုလု ရာသီတွင် အနားယူခဲ့သည်၊
တောင်ပေါ်နှင်းတို့ ဝေ့၀ဲလာသည်၊ မနက်ခင်း နှင်းထုနောက်တွင် နေရောင်က ဖြာဆင်းလျှက်၊ အလင်းပေးလျှက်၊ ရောင်နီတို့ လျှမ်းနေပြီ၊

အမှောင်တို့ ပြယ်စပြုပြီ………………။
အသစ်တွက်တစ်ဖန် မွေးဖွားခြင်းဆိုနိုင်သော နာဂလူမျိုးကြီးတစ်ယောက် အတွက် အလင်းအရုဏ်တို့ အမြဲရှိနေပါစေလို့ဆုတောင်းရင်း….။