Pages

Sunday, February 16, 2014

တို့ ဆရာကြီးသို့


ဆရာကြီးဦးမြင့်ဆွေ၏ Buddhist Academy တွင် ကျောင်းသားရစဉ်ကဖြစ်သည်။
အလှည့်ကျသင်ကြား ကထိကဆရာတော်များ သင်တန်း တိုက်ဆိုင်နေချိန်မျိုးတွင် Diploma တန်းသို့ ဆရာကြီးလာရောက်သင်ကြားတတ်သည်။

"တပည့်တော်ကို ဘုန်းကြီးတစ်ချို့ကပြောကြတယ်။ ဒကာကြီးလဲ အသက်ကြီးပဲ၊ အဲတော့ ဆရာကြီး သင်ကြားနေတဲ့ သက္ကတဘာသာဆိုင်ရာများနဲ့ တိုက်ဆိုင်ပြီးတော့ ပါဠိသဒ္ဒါ အကျဉ်းရေး စေချင်တယ်တဲ့ ဘုရား။ အဲတော့ တပည့်တော်က ပြန်ပြောပါတယ်။

အခုရှင်ဘုရားတို့ သင်ယူနေရတဲ့ ကစ္စည်းကျမ်းထဲက မလိုအပ်တဲ့ သုတ်နဲ့ စည်းမျဉ်းတွေ
ကို ပြင်ဆင်ခွင့်ရမယ်ဆိုရင်တော့ ရေးနိုင်ပါတယ်လို့ ပြောလိုက်တယ်။ နောက်သိပ်ပြီး အသံမကြားရတော့ ဘူးဘုရား" 

ထိုသဘောများကြောင့် ဆရာကြီးကို ပိဋကတ်စာပေလောကတွင် သက္ကတအားသန်သူ ပညာရှင်အဖြစ် မှတ်ယူကြသည်။

"ကိုယ်တော်တို့ ကစ္စည်း သဒ္ဒါကြီးကုန်အောင်ကျက် ရုပ်ပေါင်း ၆၀၀ (ခြောက်ရာ) ကျော်ပဲတွက် လို့ရတယ်။ ဟောဒီတပည့်တော်ရေးထားတဲ့ philology စာအုပ်ကို ကိုင်ပြီး တွက်ရင် ရုပ်ပေါင်း ၆၀၀၀ (ခြောက်ထောင်) ပြီးနိုင်တယ်" ဟုဆိုလေ့ရှိသည်။

ဘာသာဗေဒနှင့် ပတ်သက်ပြီး ဆရာကြီးသည် နာမည်ရသည်။ တက္ကသိုလ်များစွာတွင်  နှစ်ပေါင်းများ 
ပို့ချပေး ခဲ့သည်။ သီရိလင်္ကာနိုင်ငံသို့ ပညာသင်ရောက်ရစဉ် Kelaniya University စာကြည်တိုက်သို့ ရံခါရောက်ဖြစ်သည်။ ထူးထူးခြားခြား ကမ္ဘာအရပ်ရပ်မှ ဘာသာဗေဒပညာရှင်များရေးသား ထားသော ကျမ်းကြီးတစ်ခုတွင် ဆရာကြီးဦးမြင့်ဆွေ၏ ဆောင်းပါးပါသည်ကို တွေ့လိုက်ရသည်။

ဆရာကြီး၏ Buddhist Academy တွင် diploma တန်းတက်ရောက်ပြီးနောက်တွင် မန်းသာသနာ့ တက္ကသိုလ်သို့ ကျောင်းတော်သားအဖြစ်ရောက်ရသည်။ ဆရာကြီးကို အမြဲတမ်းပါဠိဌာန တွင် တွေ့ရ တတ်သည်။ M.A ကျမ်းစစ်နှင့် မန္တလေးသာသနာ့တက္ကသိုလ်ဌာန ပါဠိအဘိဓာတ်ပြုစုရေးတွင် ဆရာကြီး ဦးဆောင်နေသည်ကို B.A ကျောင်းသား အဖြစ်ဖြင့်မြင်နေကြဖြစ်သည်။

သို့သော် ဆရာကြီးသည် ကိုယ်ပိုင်Buudhist Academy တက္ကသိုလ်ကဲ့သို့ အောက်တန်းဖြစ်သော B.A တန်းသို့ လာရောက်ပြီး မသင်ကြားတော့ပါ။
မန်းသာသနာ့တက္ကသိုလ်တွင် လေးနှစ်တာကာလသင်ယူပြီးနောက် M.A တန်းသို့ မတက်ရောက်တော့ ပဲ တောင်တန်းဒေသသာသနာပြု အဖြစ်ဖြင့် နှုတ်ဆက်ရတော့သည်။
နှုတ်ဆက်ပွဲ အာစရိယပူဇာကို B.A ဖိုင်နယ်ကျောင်းသားစုပေါင်းပြီး ပြုလုပ်ကြသည်။ 
တိကျသော အခြေအနေတစ်ခုအတွက် အမှတ်တရ လမ်းခွဲပါ။

ထိုအခမ်းအနားတွင် ဆရာကြီးကို ရှေ့တန်းထွက်ခွာရမည့် ကျောင်းတော်သားများကိုသြ၀ါဒစကား
မြွက်ကြားပေးဖို့ တောင်းဆိုကြသည်။

တင်ပ..၊ B.A M.A,နဲ့ Ph.D ဘွဲ့တွေရနေပေမယ်လို့ ကိုယ်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ်ဘာသာအတွက် အလုပ်မလုပ်နိုင်ရင် အဲဒီဘွဲ့က အလကားပဲဘုရား။
နေပါဦးဘုရား၊ ဆရာတော်တွေကြွပါစေဦး။ တော်ကြာနေ သူတို့ ရွဲ့ပြောတယ်မှတ်ပြီး စိတ်ဆိုးနေရင် အခက်ရယ်.....

ဆရာကြီးက ထိုစကားပြောသော အခါ သင်ကြား၊ စီမံ၊ အုပ်ချုပ်ရေး၊ ကထိကနှင့် ပါမောက္ခချုပ် ဆရာတော် တို့သည် ခပ်ပြုံးပြုံးဖြင့် နားနေဆောင် အသီးသီးသို့ကြွတော်မူကြသည်။

....ဆိုတော့ အခု အရှင်ဘုရားတို့ ဟောဒီသာသနာ့တက္ကသိုလ်ကြီးကနေ ထိုက်သင်တဲ့ ပညာရပ်တွေကို သင်ယူပြီးကြပြီ။ အခုဆက်လက်ပြီးတော့ တောင်တန်းဒေသနေ ကိုယ့်နိုင်ငံ တိုင်းရင်းသားများ အတွက် ဆက်လက်ထွက်ခွာပြီး သာသနာ့တာဝန်ထမ်းဆောင်ကြရတော့မယ်။ ဒါက အလောင်းတို့ စိတ်ထားပါပဲ။

အရှင်ဘုရားတို့ သိတဲ့အတိုင်းပဲ ၁။ ဗုဒ္ဓတ္ထစရိယ.တဲ့..။ ဒီနေရာလေးပြောလိုက်ချင်သေးတယ်။ အမှန်က ဗုဒ္ဓိ အတ္ထစရိယလို့ ရှိမှမှန်တယ်။ သက္ကတမှာ အဲလိုရှိတယ်။ တောင်မြို့ဆရာတော်လဲ ဗုဒ္ဓိ အတ္ထစရိယ လို့ရေးတယ်။ ဗုဒ္ဓတ္ထစရိယလို့ ဖြစ်နေတာကတော့ ပါဠိရဲ့ အားနည်းချက်ပေါ့။
ထိုစကားကိုဆရာကြီးပြောသောအခါ ကျောင်းတော်များဝိုင်းရယ်ကြသည်။

နောက် ၂။ ဉာတတ္ထစရိယပေါ့. ကိုယ်ဆွေမျိုး၊ ကိုယ့်လူမျိုး အတွက် ဆောင်ရွက်တယ်။ အခုအရှင်ဘုရားတို့က တောင်တန်းဒေသနေတိုင်းရင်းသားများအတွက် တာဝန်ထမ်းဆောင်တော့မယ် ဆိုတာ အလောင်းတော်တို့ရဲ့ ဉာတတ္ထစရိယ လမ်းစဉ်ကိုလိုက်နာခြင်းပဲ။

၃။ လောကတ္ထစရိယပေါ့ ဗုဒ္ဓလမ်းစဉ်က လူတစ်မျိုးတည်းကို ဦးတည်ထားတာမဟုတ်ဘူး။ 
တတ်နိုင်ရင် တစ်လောက်လုံးမှာ ရှိတဲ့ လူတိုင်းကို ဗုဒ္ဓလမ်းစဉ်ပြောပြပေးနိုင်ရမယ်။

အခု အရှင်ဘုရားတို့က သင်ယူမှုပြီးတဲ့နောက် လက်တွေ့ ဘ၀ထဲကို အလောင်းတော်တို့ စိတ်ထားနဲ့ သွားရတော့မှာမို့ ရရှိလာမယ့် ဘွဲ့တွေက ထိုက်တန်သွားပါပြီ။ 
တပည့်တော်ရဲ့ သြ၀ါဒကတော့ ဒီလောက်ပါပဲဘုရား။

ဘွဲ့နှင်းဆောင်ကြီးသည် ကျောင်းတော်သားများ၏ အားမာန်ပါသော သာဓုသံဖြင့် ဟိုအဝေး တောင်တန်း 
များဆီ အထိပျံ့လွင့်သွားသယောင်ရှိသည်။

......................................

မှတ်ချက်။ ဆရာကြီး၏ နောက်ဆုံးခရီးသို့ ရည်ရော်လျက်...။

No comments:

Post a Comment