Pages

Sunday, January 8, 2012

ဘကြီးအောင် ညာတယ်


‘သံယောဇဉ်ဆိုး၊ တရားမျိုး၊ ပယ်ချိုးနိုင်ပါစေ
သံယောဇဉ်ကင်း၊ အမြင်ရှင်း၊ လက်ငင်းချမ်းသာမည်၊


 တောကျောင်းလေးဝန်းကျင်သည် သံယောဇဉ်ကင်းကြောင်း လင်္ကာလေးဖြင့် ညံစီနေသည်၊ ထိုမနက်သည် ဗုဒ္ဓဘာသာရဟန်းတော်များ ၀ါလသီတင်း စတင်ဆိုရသော နေ့ထူးတစ်နေ့ဖြစ်ပါသည်၊ မြန်မာရာသီလရာ များတွင် ဘုရားရှင်၏ သားရဟန်းတော်များ ၀ါ( ၀ါသ) စတင်ဆိုရခြင်းနှင့် ပတ်သက်ပြီး ၀ါဆိုလ၊ ၀ါခေါင်လ၊ သီတင်းကျွတ်လဟု ၀ါ(၀ါသ)နှင့်ပတ်သက်ပြီး သုံးလရှိသည်၊  

သီတင်းဝါလသည် သုံးလနေကြရသည်ဖြစ်သောကြောင့်၊ သုံးလတွင် အလယ် ဖြစ်သော ၀ါလကို ၀ါခေါင်လ၊ မြန်မာစကားတွင် ခေါင်သည် အလယ်ဟူသော အဓိပ္ပာယ်ကို ရစေသည်၊ အိမ်တွင် ခေါင်တိုင်သည် အလယ်က မြင့်မားသော တိုင်ကိုဆိုလိုသည်၊ သီတင်းဝါလကုန်ဆုံးပြီဆိုတော့ သီတင်းကျွတ်လဟုခေါ်ကြသည်၊ ရဟန်း တော်များဝါဆို၊ ၀ါကပ်ခြင်းနှင့် ဆက်စပ်ပြီး ရှေးမြန်မာများ ထိုသို့ ၀ါဆို၊ ၀ါခေါင်၊ သီတင်းကျွတ်ဟု မှည့် ခေါ်ခဲ့ကြသည်၊

ယနေ့ တောကျောင်းလေးတစ်ကျောင်းတွင် ၀ါဆိုရပါပြီ၊ မန္တလေးရွှေမြို့တော် နေရစဉ်ကတော့ ၀ါစဉ် အလိုက် ၀ါဆို၊ ၀ါကပ်ကြရသည်၊ ၀ါတော်ခြောက်ပါဘုရားဟု အသံအောင်သော ‘ဗျတ္တ၊ ပဋိဗလ’ ရဟန်းတော်တစ်ပါးက လျှောက် ထားလိုက်လျှင် သက်တော် ရှစ်ဆယ်ရှိပြီး ၀ါတော်ခြောက်ရရှိတော်မူသော မဟာထေရ်ကြီးတစ်ပါးမှ ‘ဣမသ္မိံ ၀ိဟာရေ ဣမံ တေမာသံ ၀ဿံ ဥပေမိ’ ဟုရွတ်ဆိုတော်မူသည်၊

ထို့နောက် အစဉ်အားဖြင့် နောက်ဆုံး ၀ါသို့ရောက်လာသည်၊ ဘုရားရှင်၏ သား ရဟန်းတော်တစ်ပါး အနေနဲ့ ပထမဆုံးဝါဆိုတော့ ရင်ခုန်မိဖူးသည်၊ သံဃာတော်များ အလည် အရွတ်၊ အဆိုများ မှားသွားလေမလားဟူသော စိတ်မျိုးကြောင့်လား၊ သို့မဟုတ် အော် ငါတော့ ဘုရားရှင် သားတော် ဦးပဇင်း အဖြစ်နဲ့ ၀ါတောင်ဆိုရပါကော ရယ်လို့ ကိုရင်ဘ၀ကို လွမ်းစိတ်ကြောင့်လား မသိ ရင်ခုန်ခဲ့ဖူးသည်ကတော့ အမှန်ပေ၊

အခုတော့ ချင်းတွင်းမြစ်နံဘေးက အိမ်ခြေ ၂၀ ကျော်ကျော်ရှိ ရွာလေး၏ ဦးထိပ်တွင် ဆောက် လုပ်ထားသော တောကျောင်းတွင်ဖြစ်သည်၊ အခုတစ်ကြိမ်ဝါဆိုရပြန်တော့လဲ ရင်ခုန်မိပြန်သည်၊ အော် မိဝေး၊ ဖဝေး၊ ဆရာသမားဝေးတဲ့ တောကျောင်းလေးမှာ တစ်ယောက်တည်း ၀ါဆိုရပြန်ပြီကောရယ်လို့၊

‘ကဲ  ဒကာကြီး၊ ဒကာမကြီးများ အခုန ဦးဇင်းဆိုပြလိုက်တဲ့ မြန်မာလင်္ကာလေးက ဘာပြောတာတုန်းဆိုတော့၊ သံယောဇဉ်ဆိုတာ မကောင်းဘူးလို့ ဆိုလိုပါတယ်၊ အဲလိုမကောင်းတဲ့ သံယောဇဉ်ကို ဖယ်ဖျက်ချိုးနှိမ်ရမယ်၊ သံယောဇဉ်ကင်းသွားရင်၊ အမြင်တွေလဲ ရှင်းသွားပါလိမ့်မယ်လို့ ဆိုလိုတာနော်၊ သံယောဇဉ်က ဆယ်မျိုးတောင် ရှိတယ်၊ ဆယ်မျိုးကို ထားလိုက်တော့၊ 

အဲဒီသံယောဇဉ်ဆိုတဲ့ စကားလုံးလေးရဲ့ အဓိပ္ပာယ်ကိုပြောပြမယ်၊ ဟောဒီ ဦးဇင်းကိုင်ထားတဲ့ ယပ်တောင်နဲ့ စားပွဲပေါ်က ရေခွက်လေးကို ကြိုးချည်လိုက်တယ်ဆိုကြပါစို့၊ အဲလိုချည်ထားပြီး ယပ်တောင်လေးကို ဆွဲလိုက်ရင်၊ ရေခွက်လေး လှုပ်မယ်၊ အဲလိုပဲ ရေခွက်လေးကို မလိုက်ရင် လဲ ယပ်တောင်လေး ပါသွားမယ်၊ ဘာလို့တုန်းဆိုတော့ ယပ်တောင်နဲ့ ရေခွက်အကြား ကြိုချည်ထားလို့ လို့ မှတ်ပါ၊

အဲဒီကြိုးလေးကို သံယောဇဉ်လို့ခေါ်လိုက်ပါ၊ တစ်ခုနဲ့ တစ်ခု ချည်မထားရင်ဘာမှမဖြစ်ပါဘူး၊ သံယောဇဉ် ဆိုတဲ့ ကြိုးက သက်ရှိကိုလဲ ချည်တယ်၊ စွဲတယ်၊ သက်မဲ့ကိုလဲ ချည်နှောင်တတ်၊ စွဲတတ်ပါတယ်၊
ဥပမာပြောပြမယ်၊ အမေရိကန် သမ္မတကြီးကခိုင်းလို့ သူ့စစ်သားတွေက အီရတ်က လူတွေကို သေနတ်နဲ့ ပစ်တာ နေ့တိုင်းသေကြတယ်၊ ထောင်ချီရှိနေပြီ၊ ဟောဦးဇင်းတို့၊ ဒကာကြီး၊ ဒကာမကြီးတို့ မတုန်လှုပ်ဘူး၊ သူတို့နဲ့ ကိုယ်တို့နဲ့ ကကြိုးနဲ့မှ ချည်မထားတာကိုး၊

ကဲ နောက်တစ်ခုကြတော့ မြန်မာပြည်အောင်ပိုင်း ငလျှင်လှုပ်လို့ဆူနာမီထ၊ ရေတွေကြီးပြီးလူတွေသေတော့ နဲနဲ တုန်လှုပ်တယ်၊ ဘာလို့ဆိုတော့ အော် တို့နိုင်ငံသားတွေ ဒုက္ခရောက်နေကြပါလားလို့ သိတဲ့ အသိလေးဆိုတဲ့ ကြိုးချည်ထားလိုက်လို့ပါ၊

ကိုင်း အခုနေများ ခန္တီးမြို့ပေါ်က ကိုယ်နဲ့ သိတဲ့လူတစ်ယောက် ဆုံးသွားတယ်ဆိုကြပါစို့၊ အော် သူကတော့ ငါနဲ့ အတော်ရင်းနှီးတယ်၊ လုပ်ငန်းလုပ်ဖော်ကိုင်ဖက်ပါလားလို့ သိပြီး တွေးတွေးပြီး တုန်လှုပ်တယ်၊ နေမထိ ထိုင် မသာတောင်ဖြစ်ကြမယ်၊
အဲ.. ကိုယ်မိသားစုထဲက တစ်ယောက်လောက်ဆုံးလိုက်ရင် ငိုရပြီကော၊ ပူဆွေးရပြီကော၊ ဘာလို့ဆိုတော့ ကိုယ်နဲ့ သူနဲ့အကြားမှာရှိတဲ့ ကြိုးကို ဆောင့်ဆွဲလိုက်သလိုဖြစ်တာ၊ အဲဒါ သက်ရှိပေါ်မှာ စွဲတဲ့ အစွဲ၊

သက်မဲ့အရာဝတ္တု အပေါ်စွဲတာပြောရရင်၊ ဒကာကြီးတို့၊ ဒကာမကြီးတို့ ကြားဖူးကြပါလိမ့်ယ်၊ ဘကြီးအောင် ညာ တယ်ဆိုတာလေ၊ ကြားဖူးကြတယ်နော်၊ အဲ. အဲဒီဇာတ်လမ်းထဲမှာဘုန်းကြီးကျောင်းသားလေး
မောင်ချစ် ရယ်၊ ပန်းပုထုတဲ့ ရွာလည်က ဦးအောင်ချိမ့်ရယ်၊ ပြီးတော့ မင်းသမီး အရုပ်လေးရယ်ပေါ့၊

မောင်ချစ်က နေ့စဉ် ပန်းပုဆရာကြီးဦးအောင် အိမ်ရှေ့ကနေကျောင်းကို ဖြတ်ဖြတ်ပြီး သွားရပါတယ်၊ တစ်နေ့ ကျတော့ ဦးအောင်က သစ်သားလေးတစ်ခုကို ပန်းပုစတင်ပြီး ထုတယ်ပေါ့၊ မောင်ချစ်ကမေးတယ်၊ မင်းသမီး အရုပ်ကလေးထုမယ်လို့ ပြောလိုက်တယ် ဘကြီးအောင်က၊ နှစ်ရက်လောက်နေတော့ မင်းသမီးပုံလေးက လှလာတယ်၊ မောင်ချစ်က လိုချင်တယ်၊

အဲဒါနဲ့ရောင်မလားမေးလိုက်တာ၊ ရောင်းမယ်တဲ့၊ ဘယ်လောက်လဲမေးတော့ တစ်ကျပ်တဲ့၊ တစ်ကျပ် နဲ့ ရောင်းမှာဆိုတော့ မောင်ချစ်ခများ တစ်နေ့ တစ်နေ့ရတဲ့ မုန့်ဖိုးလေးကိုစုထားတာ၊ မစားရက် မသောက်ရက် ပေါ့၊ အငတ်ခံပြီးစုရတာပါ၊  

တစ်ကျပ်ပြည့်လုလုမှာ ဘကြီးအောင်က မင်းသမီးရုပ်ကလေးကို မြို့ပိုင်းမင်း ကို ရောင်း လိုက်ပါ တယ်၊ မောင်ချစ်ခများ ဘယ်လိုပြောရမှန်းမသိဘူးဖြစ်သွားတယ်၊ မြို့ပိုင်မင်းဆီကနေ လုရအောင်လဲ မြို့ပိုင်း မင်းမှာက သေနတ်ကြီးနဲ့ဆိုတော့ မလုရဲဘူးပေါ့၊ 

ဒီလိုနဲ့ အိမ်ပြန်လာပြီး၊ ထမင်းလဲ မစားဘူး၊ ကျောင်းလဲမသွားတော့ဘူး၊ ဘာမှလဲမေးလို့မရတော့ဘူး၊ ဒီလိုနဲ့မောင်ချစ်လေး ဆုံးသွားပါတယ်၊ မောင်ချစ်ဆုံးတယ်ကြားကြတော့ လာမေးကြတဲ့ အထဲမှာ ပန်းပု ဆရာကြီး ဦးအောင်ချိမ့်လဲပါလာပါတယ်၊ မောင်ချစ်အမေကို မေးပါတယ်၊

မောင်ချစ်လေး ဟိုနေ့ကတောင် ငါနဲ့စကားပြောလိုက်သေးတယ်၊ ဘယ်လိုဖြစ်တာတုန်းမေးတာပေါ့၊ ဒီတော့မှသူ့ အမေက ဘကြီးအောင်ရယ် ကျုပ်သားလေး မသေခင်ပြောတာကတော့ ဘကြီးအောင်ညာ တယ်ပဲ ပြောပါတယ် ဘကြီးအောင်ရယ်တဲ့၊

ကဲ… သဘောပေါက်ပြီထင်တယ်၊ မောင်ချစ်လေး ဘာလို့ သေတာတုန်းမေးရင် လိုချင်တာ မရလိုက်လို့၊ ဘယ်လောက်လိုချင်နေတုန်းမေးရင် သံယောဇဉ်ဖြစ်ပြီး လိုချင်တောပေါ့၊ သံယောဇဉ်ဆိုတဲ့ကြိုးက သက်ရှိကို လဲ ချည်တယ်၊ သက်မဲ့ကိုချည်တယ်၊ ဒါကြောင့် သံယောဇဉ်မထားနဲ့လို သူတော်ကောင်းတွေက မိန့်ခဲ့ကြတာပေါ့၊ ပြောခဲ့ကြတာပေါ့၊

လူ့လောက၊ လူ့ဘ၀ထဲရောက်လာတာ ကံပေးလို့ပါလား၊ ကံပေးလို့ရ၊ ကံကြုံလို့ ဆုံကြရတဲ့ အဖြစ်တွေလို့ သိလိုက်ရင် သက်သာပါတယ်၊ ကိုယ့်ဘ၀ကို သက်သာအောင်နေတတ်ရမယ်၊ နောက်ဆုံး သံယောဇဉ်တွေ မရှိတော့တဲ့ ကြိုးတွေကင်းတဲ့ အငြိမ်းဓာတ်ကို ရအောင်အားထုတ်နိုင်ရမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးရှိရမယ်၊ ကျင့်ရမယ်ပေါ့၊

လာတုန်းကလဲ တစ်ယောက်တည်းနော်၊
လက်တွဲခေါ်ကာ ဖော်မပါဘူး၊
ဥစ္စာချည်းနှည်း၊ ကိုယ်ထည်းတည်း၊

ပြန်သွားတော့လဲ တစ်ယောက်တည်းနော်၊
လက်တွဲခေါ်ကာဖော်မပါဘူး၊
ဥစ္စာချည်းနှည်းကိုယ်ထည်းတည်း၊

လာပြီးတော့နား၊ မသွားသေးခင်၊
ချိန်လေးတွင်မှ၊ ၀န်းကျင်ယှက်နွှယ်၊
နှောင်ကြိုးသွယ်ကြ၊ ပြုံးရယ် မဲ့ငို၊
ချစ်မုန်းပိုကြ၊ မလိုဒေါသ၊
လိုလောဘဖြင့်၊ ဘ၀ဇာတ်ခုံ၊
ကကြိုးစုံခဲ့၊ ကံကုန်မိုးချုပ်၊
သုတ်သုတ်ဆောလျင်၊ ခရီးနှင်သည်၊
တို့လျှင်ဧည့်တို့ပါတကားလို့။

တောကျောင်းလေးဝန်းကျင်သည် သာဓုသံဖြင့် လှိုင်နေသည်၊ ၀ါဆိုမိုးဦးတို့လဲ ပြိုတော့ မယောင် ဟန်ဆောင်လျှက် တိမ်ကွန်ယက်ဖွဲ့နေသည်၊ လျှပ်ပန်း ဇာချည်တို့က တောင်ရိုးပေါ်တွင် ကခုန်နေသည်၊ တရားပွဲပြီးဆုံးသဖြင့်သတ္တ၀ါ အနန္တတို့အား ကြေးစည်ရိုက် အမျှဝေလိုက်သံသည် တောထပ်ထပ်၊
တောင် အသွယ်သွယ်မှသည် ချင်းတွင်းမြစ်ရိုးတစ်လျှောက် စုန်ဆန်နေတော့သယောင်...။
 .................................................................................................................................

မှတ်ချက်၊ အထက်ပါတရားတော်ကို လွန်ခဲ့သော ငါးနှစ်ခန့်က နာဂတောင်တန်း ပဒူးမုန်းနာဂ ရွာလေးတွင်ဟောပြောခဲ့ခြင်းဖြစ်သည်။


1 comment:

  1.ုဘုန်းဘုန်းရေ.................
    သံယောဇဉ်တွေမရှိတော့တဲ့ ကြိုးတွေကင်းတဲ့အငြိမ်းဓာတ်
    မလွယ်ဘူးဘုန်းဘုန်းရေ
    စာကလည်း မနေ့ကcommentရေးရင် ပျောက်ပျောက်သွားလို့ပါ။
    စာဆိုတာ ဖတ်နေတဲ့အချိန်မှာ ရင်ထဲထိရောက်ပြီးမှ ရေးလို့ကောင်းတာ
    သံယောဇဉ် ဆိုတာဖျက်ရအလွန်ခက်သား.......
    ပြောတော့လွယ်သလောက် လက်တွေ့မှာမလွယ်ဘူးကွယ်
    ကဗျာတစ်ပုဒ် ဖတ်ဖူးတယ်
    တစ်ပင်တည်း ရင်ထဲကနွယ်.........
    ခက်ညွှန့်သန်နုသစ်လို့ ရစ်ပတ်နှောင်တွယ်
    သံယောဇဉ်ဆိုတာရယ် .......
    နွယ်ကလေးတစ်ပင်ပေါ့
    ရာသီတွေ ဘယ်လိုပြောင်းပေမဲ့
    ခေါင်းထောင်လို့ကြော့ ။ ။
    သံယောဇဉ်က အရမ်းကို ခိုင်မာတယ်
    ချစ်တဲ့သူပေါ်ရော မုန်းပါတယ်လို့ပြောတဲ့သူပေါ်မှာရောပေါ့
    သံယောဇဉ်က သက်ရှိရော သက်မဲ့ရော
    ဘယ်လိုမှ မအေးချမ်းပါဘူးလေ။

    အမိုး(ဘကြီးအောင်ရယ်....ရှင်ညာတယ်ပေါ့)
    အမိုးရင်ထဲရှိတာတွေရေးမိတာပါ
    ဘုန်းဘုန်း စိတ်အနှောက်အယှက်ဖြစ်ရင် တောင်းပန်ပါတယ်။

    ReplyDelete