Pages

Wednesday, January 4, 2012

အစွန်းရောက်ကမ္ဘာ နှင့် ဗုဒ္ဓလမ်းစဉ်



အိန္ဒိယနိုင်ငံသည် ဂုရုပေါင်းထောင်ချီရှိသော နိုင်ငံကြီးဖြစ်သည်၊ ကိုးကွယ်ရာ နတ်တို့မှာလဲ အသိန်းအသန်း ချီပြီးရှိသည်၊ ကိုးကွယ်သူများကလဲ တစ်ယောက်တစ်မျိုးဆိုရလောက်များကြသည်၊ နွားကို ပန်းများဖြင့် အလှ ဆင်ပြီး လူကိုယ်တိုင်က ခေါင်းတွင် နွားချေးသုတ်ထားသော မြင်ကွင်းကိုတွေ့ရတတ်သည်၊ မေးကြည့်တော့ သူတို့ ရိုးရာပူဇော်တစ်မျိုးလို့ပြောကြသည်၊ ခန္ဓာကိုယ်အပေါ်ပိုင်း ဗလာကျင်းထားပြီးမှ နတ်ဘုရားပူဇော်ရ မည်ဟူသော ၀ါဒများလဲရှိနေပြန်သည်၊ 

မနက်လင်းသည်နှင့် တစ်ပြိုင်နက် မျက်နှာသစ်၊ ရေချိုင့်လေး ကိုင်ပြီ အရှေ့ရပ်ကနေ၀န်းကြီးကို ကြည့်ပြီး ကုလားကြီးများ အော်ဟစ်ပူဇော်လိုက်သော ရိုးရာတေးဓမ္မသည် အိန္ဒိယ၏ အလှတစ်ပါးဖြစ်သည်၊

ဗုဒ္ဓဘုရားရှင်မပွင့်ထွန်းမီက အိန္ဒိယနိုင်ငံသည် ဂုရုများနှင့်နတ်တို့ကိုသာ အားကိုးရာ အဖြစ်ကိုးကွယ်ကြ သည်၊ ဗုဒ္ဓဘုရားရှင်၏ ‘အတ္တာဟိ အတ္တနော နာထော၊ ကောဟိ နာထော ပရော သိယာ’၊ ကြားလိုက်ကြ ရသောအခါ အကိုးကွယ်ခံနတ်များ ကုဋေချီးပြီး နေရာပြောက်ကုန်ကြသည်၊ တစ်ချို့က ဗုဒ္ဓဘုရားရှင်ကိုပင် နတ်တစ်ပါးအဖြစ် ကိုးကွယ်ကြသည်၊ 
မဟာဗြဟ္မာကြီး၏ ကိုယ်ပွားတော် အ၀တာရ အဖြစ်ကိုးကွယ်သူများလဲ ရှိနေကြပြန်သည်၊ အိန္ဒိယနိုင်ငံသည် လူ့ဇာတ်ရှုပ်သာမက နတ်ဇာတ်လမ်းလဲ အတော်လေးရှုပ်ထွေးသော နေရာဖြစ်သည်၊ 


 မဟာဘာတရနှင့် ရာမာယဏတို့ခင်းကျင်းပြသော ဇာတ်လမ်းကြီးများသည် လူဖြူ၊ လူမည်း ကိစ္စပါဝင်သည်၊ ထိုစဉ်က အိန္ဒိယသည် ယနေ့ကမ္ဘာနှင့် အလားတူသည်၊ ဂုရုကြီးများကိုလဲတွေ့နိုင် သည်၊ ငြိမ်းချမ်းမှု ကို ဆောင်းကျဉ်းသူများ ပါဝင်ကြသည်၊ အေးချမ်းမှုကို ဖျက်ဆီးသော လူများကိုလဲ တွေ့ ရပြန်သည်၊ အပူ၊ အအေးတို့အားပြိုင်နေခြင်းမှ လွတ်လပ်နေသော သူများလဲ ရှိကြပြန်သည်၊ သူတို့ကို သညာသီ ဟုခေါ်သည်၊ 

ယနေ့တိုင်အောင်ပင် အိန္ဒိယနိုင်ငံတစ်ခွင်နေရာစုံတွင် သညာသီများကို တွေ့နိုင်သည်၊ အရင်တုန်းကလဲ ရှိခဲ့သည်၊ ဘုရားရှင်နှင့်တွေ့ခဲ့ကြဖူးသည်၊ ဗုဒ္ဓဘုရားရှင်သည် သညာသီတို့နှင့် ရင်ဆိုင်ဖြေရှင်းခဲ့ဖူးသည်၊ သညာသီတွေကို မောရိယရဲ့ အသောကတွေ့ခဲ့ရဖူးသည်၊ ပါရဂူလဲတွေ့ခဲ့ဖူးသည်၊ ဦးဆန်းထွန်းတွေ့ ခဲ့ဖူးသည်၊ သိန်းဖေမြင့် သူတို့ကိုသိသည်၊ ယနေ့တိုင် အိန္ဒိယတိုက်ကြီးတွင် ဆာဒူးများ အုပ်စုလိုက် ပူဇော်တေး ဖွဲ့နေသည်ကို တွေ့နိုင်သည်၊

ဒေသခံ ဒြာဗီဒီယန်နှင့် ဥရောပအလယ်ပိုင်းမှ ပြောင်းရွှေ့လာကြသော အာရယန်တို့၏ အားပြိုင်မှု သည် ခေတ်သစ် အိန္ဒိယ၏ လူနေမှုစနစ်၊ ဘာသာရေး အတွေးအခေါ်၊ ဘာသာစကား၊ အနုလက်ရာ၊ ၀တ်ဆင်မှု၊ စာပေ၊ ဒဿနတို့ကို ပေါ်ထွန်းစေသည်၊ အာရယန်များသည် လက်တွေ့ဘ၀ ဆန်သည်၊ လူ့ဘ၀အလှကို အနုအလှ၊ ကာမရသတို့ဖြင့် တည်ဆောက်ချင်သည်၊

ဘီ စီ ၂၅၀၀ ခန့်စတင်ထွန်းကားသော အိန္ဒိယယဉ်ကျေးမှုသည် အားပြိုင်မှုများနှင့် ကြီးမားခန့်ထည်လာ သည်၊ အသစ်ရောက်လာသော အာရယန်များက ဒေသခံများအပေါ်ခွဲခြားဆက်ဆံမှုများပြုလာကြသည်၊ ဇာတ်စနစ် ကျင့်သုံးလာကြသည်၊ ဘာသာရေးကဏ္ဍများတွင် ဇာတ်စနစ်ဖြင့် ကန့်သတ်ချုပ်ချယ်ကြပြန် သည်၊ ထို့အပြင် တမလွန်၊ နတ်ဘုံ၊ သမဏ၊ ဗြဟ္မဏ အယူအဆတို့မှာ ထွေပြားလာကြသည်၊ တစ်ဦးနှင့် တစ်ဦးမတူ၊ သူမြတ်သည် ငါသာလျှင်မြတ်သည်ဟူသော အယူအဆများထွက်လာသည်၊

မြတ်ဗုဒ္ဓဟောကြားတော်မူသော သုတ္တန္တဒေသနာတော်များတွင် ဗုဒ္ဓဘုရားရှင်နှင့် ခေတ်ပြိုင်ဝါဒများကို အများအပြားတွေ့နိုင်သည်၊ မြန်မာနိုင်ငံမှ ခေတ်သစ်မြန်မာ အဋ္ဌကထာဆရာတစ်ဆူဖြစ်သော တောင်မြို့ ဆရာတော်ကြီးမှ ၊ ၀ိနည်း၊ အဘိဓမ္မာတို့ကို မြန်မာပြန်ဆိုရသည်ထက် သုတ္တန် ဒေသနာများ ကို မြန်မာပြန်သော အခါ ဘုရားရှင်နှင့် ခေတ်ပြိုင် ဖြစ်သော အယူဝါဒများကို ထိမိအောင်ပြန်ဆိုရန်မှာ မလွယ်ကူပါ၊ အသေးစိတ် ကြည့်နိုင်မှ သဘော ပေါက်နိုင်သည့် ၀ါဒမျိုးဖြစ်သည်ဟု မှတ်ချက်ပြုဖူးသည်၊ အိန္ဒိယနိုင်ငံ၏ ဂုရုများဝါဒများကို မှတ်တမ်းထင်ထားသော ပိဋကမှာလဲ သုတ္တန် ဒေသနာက အများဆုံးဖြစ် သည်၊ဗုဒ္ဓ၀ါဒသက်သက်ကျွမ်းကျင်ရုံဖြင့် မလွယ်ကူ။

မြန်မာနိုင်ငံသို့ တတိယသင်္ဂါယနာ အခမ်းအနားအပြီးတွင် ကြွရောက်တော်မူကြသော မြန်မာသာသနာ့ ဦးကင်း သောဏမထေရ် ဥတ္တရမထေရ်ရဟန္တာ အရှင်မြတ်တို့နှင့်တကွ နောက်လိုက်ပါ သံဃာတော်များ သည် ဗြာဟ္မဇာလ သုတ်တော် ဟောကြားပြီး အဦးဆုံးသာသနာပြုတော်မူကြသည်၊

ဆိုပါ ဗြာဟ္မဇာလသုတ်တော်သည် ဘုရားရှင်နှင့်ခေတ်ပြိုင် အိန္ဒိယဂုရုကြီးများ၏ ၀ါဒများကို စစ်တမ်း ထုတ်ထား သော ဒေသနာတော်ဖြစ်သည်၊ ယနေ့တိုင်အောင် အိန္ဒိယနိုင်ငံတွင် ဘုရားရှင်တပည့် သာဝကများနှင့် အသွင်အပြင်တူသော မဟာဝီရဂုရုကြီး၏ တပည့်များကို တွေ့ရသည်၊ 

ရံဖန်ရံခါ ဗုဒ္ဓဘာသာရဟန်းတော်များကို ဂျိန်းဘာသာဝင်လားမေးကြသည်၊ မဟာဝီရသည် ဂျိန်းဂိုဏ်းကို ထူထောင်သော ဂုရုကြီးဖြစ်သည်၊ ပိဋကတ် တော်တွင် နိဂဏ်ဌ နာဋပုတ္တဟုမှတ်တမ်းတင်ခြင်းခံရသော ဂုရုကြီးဖြစ်သည်၊ တင်းကျပ်သော စည်းမျဉ်းများ ချမှတ်သည်၊ နိ အဓိပ္ပာယ်မှာ မရှိခြင်း၊ ကင်းခြင်းဖြစ်ပြီး၊ ဂဏ်ဌ အဓိပ္ပာယ်မှာ အနှောင်အဖွဲ့ ဖြစ် သည်၊ သူတို့သည် အ၀တ်မ၀တ်ဆင်ကြခြင်းဖြစ်သည်၊ ဤသည်မှလဲ အနှောင်အတွယ်ကင်းခြင်း နိဂဏ်ဌပင် ဖြစ်သည်ဟုဆိုကြသည်။

ရေ၌ အသက်ရှိသည်ဆိုကာ အသက်သတ်ခြင်းကင်းစေခြင်းငှာ ကျိုချက်သောက်စေခြင်းမျိုး၊ 
အသက်ရှုရ သော အခါ လေတွင်ပါသော ပိုးကောင်ငယ်များ သေစေသည် ဆိုသော မှတ်ချက်ဖြင့် ပါးစပ်၊ နှာခေါင်းတို့ကို အ၀တ်စီး ထားရခြင်းစသော စည်းကမ်းတို့သည် လိုက်နာရခက်ခဲပြီး အစွန်းရောက်သော လမ်းစဉ်ဖြစ်သည်၊ 

ယနေ့တွင်အ၀တ်ဝတ်ဆင်သော ဂိုဏ်းလဲရှိသည်၊ အ၀တ်ဝတ်ဆင်သော ဂျိန်းဘာသာဝင်များမှာ ဗုဒ္ဓဘာသာ ရဟန်းတော်များနှင့် တူသည်၊ အ၀ါရောင်ဝတ်ရုံကို ၀တ်ဆင်သည်၊ ခေါင်းရိတ်ထားသည်လဲရှိသည်၊ ဆံပင် ရစ်ခွေထားသော သူများလဲရှိသည်၊ တင်းကျပ်သော စည်းကမ်းများကြောင့် အိန္ဒိယနိုင်ငံပြင်ပသို့ ပြန့်ပွားမှု နည်းပါးသည်၊ ရှိရင်းစွဲဗြာဟ္မဏ၀ါမှာလဲ ဇာတ်စနစ်ဖြင့် ကန့်သတ် ထားသောကြောင့် ပြန်ပွားမှုနည်း ပြန် သည်၊ 


ဟိန္ဒူဝါဒကဲ့သို့ ဇာတ်စနစ်မရှိ၊ ဂျိန်းဘာသာကဲ့သို့ အစွန်းမရောက်သော ဗုဒ္ဓဘာသာသည် နေရာတိုင်း၊ လူမျိုးတိုင်းနှင့် သင့်လျော်သည်၊

အနုပညာ အနုအလှနှင့် ဘ၀ရသ ကာမဂုဏ်ကိုအမွှမ်းတင်သော အာရယန်တို့ အယူအဆနှင့် ဒေသခံ တိုင်းရင်းသားတို့၏ သမဏ ဗြာဟ္မဏ၊ ရှေ့ဘ၀၊ နောက်ဘ၀၊ ကမ္မ၀ါဒ၊ တောထွက်ပြီး ယောဂကျင့်သော သညာသီတို့ထိပ်တိုက်တွေ့သော ဘီ စီ ခြောက်ရာစုကာလတွင် ပွင့်ထွန်းတော်မူသော မြတ်ဗုဒ္ဓ၀ါဒသည် အစွန်းလွတ်သည်၊ ဇာတ်ဝါဒကင်းသည်၊

ယနေ့ကမ္ဘာလောကြီးသည် အစွန်းတွင် ကျရောက်နေသော အနေအထားရှိသည်၊ ထိုအနေအထား ကို မြတ်ဗုဒ္ဓ၏ လမ်းညွှန်ချက်ဖြင့် ကယ်တင်နိုင်သည်၊  

No comments:

Post a Comment