ဝိသုဒ္ဓိမဂ္ဂကျမ်းမြတ်ကို သံဃအလည် မထေရ်ကြီးများအထံ ပေးအပ်နေစဉ်
ထေရ၀ါဒ အဋ္ဌကထာကျမ်းပြု မထေရ် အရှင်မဟာဗုဒ္ဓဃောသသည် ပိဋကတ်သုံးပုံကို အကျယ်ဖွင့် ဆိုရေး သား တော်မူခဲ့သည်၊ ရေးသားခဲ့သော အဖွင့်ကျမ်းများစွာတို့တွင် ၀ိသုဒ္ဓိမဂ္ဂကျမ်းသည် လက်ရာ အမြောက် ဆုံး ဖြစ်သည်၊ ၀ိသုဒ္ဓိမဂ္ဂ တစ်ကျမ်းတည်းဖြင့်ပင် သီရိလင်္ကာသို့ ရောက်လာသော အိန္ဒိယနိုင်ငံသားကြီး ဗုဒ္ဓဃောသ ကို ဗုဒ္ဓမတ္တညူ အဖြစ်လက်ခံတော်မူကြသည်၊
ဝိသုဒ္ဓိမဂ္ဂကျမ်းသည် ၀ိပဿနာလမ်းစဉ်ကို ရှင်းရှင်း လင်းလင်းဖွင့်ပြသည့် ကျမ်းမြတ် မဟာတစ် ဆူဖြစ် သည်၊ မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင် အာရှရှိ ထေရ၀ါဒဗုဒ္ဓဘာသာ ပညာရှင်များသည် အကျင့်လမ်း စဉ် ၀ိပဿနာနည်းနှင့် ပတ်သက်လျှင် ၀ိသုဒ္ဓိမဂ္ဂကို ကိုးကားရေး သားပြောဆိုကြ ရသည်၊ မြန်မာနိုင်ငံ အနေနှင့် ယင်းဝိသုဒ္ဓိမဂ္ဂကျမ်းကို ၁၉၃၁ ခုနှစ်တွင် ဦးဖေမောင်တင်က အင်္ဂလိပ် ဘာသာသို့ ပြန်ဆိုသည်၊ Pali Text Society က မြန်မာ ပညာရှင်ကြီး ပြန်ဆိုသည့် ကျမ်းကို ထုတ်ဝေခဲ့သည်၊ အင်္ဂလိပ်ဘာသာဖြင့် ပထမဆုံး ပုံနှိပ်မူ ဖြစ်သည်ဟု ဆိုင်နိုင်ပါသည်၊
ထို့အပြင် အဖျောက်ဆရာတော် အရှင်နန္ဒမာလာနှင့် မဟာစည်ဆရာတော်တို့ကလည်း မြန်မာဘာသာဖြင့် အကျယ်ရေးသားဖွင့်ဆို တော်မူကြသည်၊ ခေတ်သစ် ၀ိပဿနာ နည်းပြတို့၏ ရှေ့သွားဦးဆောင် တစ်ဆူ ဖြစ်တော်မူသော မဟာစည် ဆရာတော်၏ ၀ိသုဒ္ဓိမဂ္ဂကျမ်းကို မြန်မာပြန်နှင့် ရှိသော ကျမ်းများတွင် အကောင်းဆုံး ဟု ဆုံးဖြတ်တော်မူကြ သည်၊
ယခင်သိထားသော အစဉ်အလာများနှင့် မတူထူးခြားချက်မှာ ဤကျမ်းမြတ် ၀ိသုဒ္ဓိမဂ္ဂကို ရေးသားရန် ကျမ်းပြု အရှင်ဗုဒ္ဓဃောသတောင်းပန်ရသည် မဟုတ်ပဲ သီရိလင်္ကာနိုင်ငံ သားရဟန်းတော်များက သာ တောင်းပန်ကြသည်ဟု ပညာရှင်များက ယူဆကြသည်၊ တောင်းပန်ရခြင်း အကြောင်းများစွာတို့တွင် ထူးခြားသော အချက်တစ်ချက်ပါဝင်နေသည်ကို တွေ့ရသည်၊ ထိုအကြောင်းမှာ မဟာဝိဟာရ၀ါသီ ဂိုဏ်းသားတို့နှင့် မတူ ထူးခြားသော အဘယဂီရိ ဂိုဏ်းသားများ၏ ပေထက် အက္ခရာတင် ပိဋကတ် များကို သာမက သက္ကတ ဘာသာပြန် ကျမ်းများကို သင်ယူလေ့ကျက်၊ ထို့နောက် ပိဋကတ်တော်များကို သက္ကတ ဘာသာဖြင့် ရေးသားဖွင့်ဆိုနေခြင်း ကြောင့်ဖြစ်သည်ဟု ပြောဆိုကြသည်၊
အဘယဂိရိဂိုဏ်းသားများသည် သက္ကတ ဘာသာနှင့် ရှိနေသော ဓမ္မရုစိ၊ မဟာယာနဂိုဏ်း၏ ကျမ်းစာများကို သင်ယူကြသည်၊ နောက်နောက်သော သူများကလဲ အသစ်ဖြစ်သော မဟာယာနအယူအဆများကို လိုက်ပါ သင် ယူလိုကြပြန်သည်၊ ထိုသို့သင်ယူခြင်း အားဖြင့် အဘယဂိရိဂိုဏ်းသားတို့၏ အယူဝါဒများ တိုင်းတစ်ပါး သို့ ပြန်နှံ့ရန်လွယ်ကူပြန် သည်၊
သီရိလင်္ကာတွင် တည်ရှိနေပြီဖြစ်သော ဘုရားဟောပါဠိတော်များကို အယူဝါဒ တစ်ပါးမဖက် အကျယ်ဖွင့် ဆိုရေး သားရန်လိုလားနေချိန်ဖြစ်သည်၊ ပါဠိဘာသာဖြင့် ရေးသားဖွင့်ဆိုလိုက်ခြင်းအားဖြင့် အခြားသူများ လဲနားလည် နိုင်ပြီး တိုင်းတစ်ပါးသို့ ပြန့်နှံ့ရန်လွယ်ကူသည်၊ ထိုသို့ဖွင့်ရန်ရေးသားရန် ပြည့်စုံသည့် ရဟန်းတော်မှာ ဗုဒ္ဓဃောသ မထေရ်သာ ဖြစ်နိုင်သည်ဟူသော အကြောင်းကြောင့် သီရိလင်္ကာနိုင်ငံသား မထေရ်များက ၀ိသုဒ္ဓိမဂ္ဂ ကျမ်းကို ရေးသားရန် တောင်းပန်ကြသည်။
ဗုဒ္ဓဃောသမထေရ်မြတ်နှင့် ပတ်သက်ပြီး ဖွားရာဒေသမှာ ဆွေးနွေးဖွယ်ဖြစ်နေသေးသော်လည်း အများစု ယူဆ သည့် အချက်မှာ မဟာဗောဓိတစ်ဝိုက်၊ ဂယာဝန်းကျင်ရှိ ပုဏ်ဏားရွာတွင် ဖွားမြင်ကြောင်း ယူဆကြ သည်၊ ထိုအရပ်မှာပင် ရေ၀တ မထေရ်ကြီး၏ လမ်းညွှန်ချက်ဖြင့် ရဟန်းဖြစ်တော်မူခဲ့သည်၊ ပိဋကတ်သုံးပုံကို သင်ယူ သည်၊ ထို့နောက်တွင် ယင်းဒေသရှိ ကျောင်းတိုက်၌ပင်နေလျှက် အဋ္ဌသာလိနီကျမ်းနှင့် ဉာဏောဒယကျမ်း တို့ကို စီရင်သည်၊
ထိုကျမ်းတို့ကို ရေးသားစဉ်နေထိုင်သော ကျောင်းတိုက်မှာ မဟာဗောဓိကျောင်း တိုက်ဖြစ်သည်၊ အဆို ပါ ကျောင်းတိုက်ကို လှူဒါန်းသူမှာ သီရိလင်္ကာနိုင်ငံသား မင်းတစ်ပါး ဖြစ်နေခြင်း ပင်ဖြစ်သည်၊ သိရီမေဃ၀နမင်း ( ၃၀၄- ၃၂၂) တည်ထောင်ခဲ့သော မဟာဗောဓိကျောင်းတိုက်သည် မဟာဝိဟာရ၀ါသီ ဂိုဏ်းသားများ အဆက်ကျောင်းတိုက် ကြီးပင်ဖြစ်သည်၊ ထိုစဉ်က ထင်ရှားနေသော မဟာယာနကျောင်း တိုက်ကြီးများဖြစ်သည့် ၀ိကရမသီလာ၊ နာလန္ဒာ၊ ဥဒန္ဒပူရီကျောင်းတိုက်ကြီးများနည်းတူ မဟာဗောဓိကျောင်း တိုက်မှာလဲ ထေရ၀ါဒ အယူအဆများကို သင်ယူရာ ဗုဒ္ဓတက္ကသိုလ်ကြီးပင်ဖြစ်သည်၊
ဆရာသမားများ၏ ယုံကြည့်အားကိုးမှုခံရသော ဗုဒ္ဓဃောသမထေရ်မြတ်သည် ဘုရားရှင်၏ပါဠိတော်များကို အကျယ်ဖွင့် ဆိုရေးသားလိုပြန်သည်၊ ထိုအချက်ကို ဖြည့်ပေးနိုင်သည့် အချက်မှာ ပါဠိတော်အစုံနှင့် အာစရိယ၀ါဒ အစုံရနိုင်သော သီရိလင်္ကာသို့ သွားရောက်ရေးသားမှ ဖြစ်နိုင်ကြောင်း ပြောဆို မိန့်ကြားခြင့်ခံ ရပေမည်၊ ဤသို့ဖြင့် လင်္ကာကျွန်းသို့ ကြွလာခဲ့ပေသည်ဟု ကောက်ချက်ချနိုင်သည်၊
မြန်မာနိုင်ငံသာသနာတော်တွင် ဗုဒ္ဓဃောမထေရ်မြတ်ကို ဒုတိယဘုရား အရာထားလျှက် ကြည်ညိုကြသည်၊
“ဗုဒ်စ၊ ဗုဒ်လယ်၊ ဗုဒ်ဆုံး” ဟုဆိုရိုးပြုကြသည်၊ ဗုဒ်စဆိုသည်မှာ ဘုရားရှင်ကို ဆိုလိုခြင်းဖြစ်သည်၊ သီလ၊ သမာဓိ၊ ပညာတို့ဖြင့် ထုံးမွှမ်းထားသော ပိဋကတ်သုံးပုံ သာသနာတော်ကို ဟောကြားတော်မူသည့် သဘောကိုဆို လိုသည်၊ ဗုဒ်လယ် ဆိုသည်မှာ ပါဠိပိဋကတ်တော်များကို အကျယ်ဖွင့်ဆိုရေးသားသည့် ဗုဒ္ဓဃောသမထေရ်မြတ် ကို ဆိုလိုသည်၊
ထူးထူးခြားခြား “ဗုဒ်ဆုံး” ဆိုသည်မှာ မြန်မာနိုင်ငံသား၊ အင်းဝခေတ်၊ ငယ်မည် မောင်ပုတ်( မောင်ဗုဓ်) ရဟန်းဘွဲ့တော်၊ ဇမ္ဗုဓဇမထေရ်၊ ညောင်ကန်ဆရာတော်ပင်ဖြစ်သည်၊ ဆရာတော်သည် ရှေးမထေရ်မြတ် များရေးသားတော်မူခဲ့သည့် အဋ္ဌကထာများကို နိဿယျ( ပါဠိတစ်ချက်၊ အနက်တစ်တန်) ရေးသားတော်မူ သည်၊ ခေတ်ပြိုင် မြန်မာ ရဟန်းပညာရှိ အလယ်တွင် စာတင်ကျန်ရစ်အောင် သိက္ခာ၊ သမာဓိ၊ စာဉာဏ်ကြီးသော မထေရ်မြတ်ကြီး တစ်ပါးပင်ဖြစ်သည်၊
ထေရ၀ါဒအဋ္ဌကထာကျမ်းပြုအရှင်မြတ်များပေါ်ထွန်းရာ ကိဉ္စိပူရမြို့
ဗုဒ္ဓဃောသမထေရ်မြတ်နောက်တွင် ပေါ်ထွန်းလာသော အဋ္ဌကထာဆရာ၊ ဋီကာဆရာ အများစုသည် အိန္ဒိယ နိုင်ငံတောင်ပိုင်း၊ တမီးနာဒူးပြည်နယ်၊ ကဉ္စီပူရ( kanchipuram) မြို့သားများဖြစ်ကြသည်၊ သမိုင်း မှတ်တမ်းများတွင် ကွန်ဂျီဗာရန်( conjeevaram) အဖြစ်လဲ ထင်ရှားသည်၊ ပလ္လ၀မင်းများ စိုးစံရာ မင်းနေပြည်ဖြစ်ခဲ့ဖူးသည်၊ ရွှေမြို့တော် အဖြစ်လဲခေါ်ဝေါ်ကြသေးသည်။
No comments:
Post a Comment