Pages

Tuesday, February 28, 2012

အကြည့်တတ်ဖို့လိုတယ်..



ဗောဓိပင်ခြေရင်းသည် ငြိမ်းချမ်းလှသည်၊ ကမ္ဘာအရပ်ရပ်က သူတော်စင်များဖြင့် စည်ကားနေသည်၊ ဗုဒ္ဓ သာဝက သကျပုတ္တ၊ သကျဓီတာတို့၏ ဘုရားရှင်အား ပူဇော်နေကြသည်မှာ ကြည်နူးစရာကောင်း လှသည်၊

အရှေ့နောက် ကမ္ဘာသွားလာလှည့်လည်လျှက်ရှိသော မြန်မာ့ဦးဆောင် မဟာထေရ်မြတ်ကြီးတစ် ပါးမိန့်ရှိဖူး တာ အမှတ်ရပါသည်၊ ဗောဓိပင်ခြေတွင်ဖြစ်သည်၊

တို့ဗုဒ္ဓတရားတော်ဆိုတာ လိုနေလို့ ထပ်ထည့်စရာမရှိဘူး၊ ပိုနေလို့နှုတ်ပယ်စရာလဲ မလိုဘူး၊
အနက်အဓိပ္ပာယ်ပြန်ချက် ဖြည့်စွက်စရာ မရှိဘူးစသည်ပါပြီးသားပဲ၊ သို့သော် တို့အရှေ့ကမ္ဘာက ပြင် လို ဖျက်လိုတဲ့ သဘောထားလေးတွေ တွေ့တွေ့နေရပါတယ်၊ 
တို့များအနောက်တိုင်းက လူတွေနဲ့ ခဏခဏတွေ့တယ်၊ သူတို့ဗုဒ္ဓဘာသာကို စနစ်တကျလေ့လာကြ တာတွေ့ရပါတယ်၊

စည်းကမ်းကြီးတယ်၊ဘုရားဟောလား၊ နောက်ထပ်ဖွင့်လားစသည်သိအောင်ကို လေ့လာကြပါတယ်၊
 လေ့လာပြန်တော့လဲ တို့လို ထေရ၀ါဒတစ်ခုတည်းကိုလေ့လာတာမဟုတ်ဘူး၊ မဟာယာန၊ ၀ဇရာယန စသည်စုံ အောင်လေ့လာ ကြတယ်၊ သူတို့ကောက်ချက်ပြုတာလေးတွေတွေ့ ရပါတယ်၊ ထေရ၀ဒါ က မြတ်ဗုဒ္ဓ လမ်းစဉ်နဲ့ပိုပြီးနီးတယ် ဆိုတဲ့သဘောလေးပေါ့၊ ပါဠိတော်ကို မူထားတယ်၊ ပါဠိဘာသာကို သုံးတယ်ပေါ့၊ 
အရှေ့အနောက်ကမ္ဘာမှထေရ၀ါဒ၊ မဟာယာန သကျပုတ္တ၊ သကျဓီတာများ စုဝေးလျှက်

အနောက်ကမ္ဘာ ဗုဒ္ဓသာသနာတော်အခြေခိုင်နေပြီ၊ ပြင်ပြီးရေးလိုက်တဲ့ ကျမ်းဆိုတာ မရှိဘူး၊ မှတ်တမ်း တင်ကျမ်းပဲရှိတယ်၊ ခေတ်အဆက် ဆက်လဲ စုပေါင်းစုပေါင်းပြီးတော့ ပြန်လည် အတည်ပြုခြင်းတွေ လုပ်ကြတယ်၊ မြန်မာလိုပြောရင် သင်္ဂါယနာတင် တယ်ပေါ့၊ အဲလို အတည်ပြုတဲ့အခါမှာလည်း ရှေ့မူကို ဖျက်ပြီး ပြန်လည်ရေး တာမျိုးမရှိဘူး၊ ရှေ့နည်းက နှောင်းလူများ အသိခက်နေလို့ တစ်မျိုးဖွင့်ပြတာ မျိုးပဲရှိတယ်၊ ဘုရားဟော တွေက ခေတ်နဲ့ညီအောင်လေ့လာလို့ရပါတယ်၊ ခေတ်မီအောင်ဆိုပြီတော့ မပြောင်း လိုက်နဲ့..၊

မြောက်ပိုင်းလို့ လူသိများတဲ့ မဟာယာနကတော့ စလိုက်ကတည်းက ပါဠိတော်ကို မူမထားဘူး၊ ခေတ် အလျှောက်ရှေ့ရောက်နေတဲ့ သက္ကတကို မူလုပ်လိုက်ကြတယ်၊ နောက်ရေးတွေလဲ များလို့ သုတေသီ ပြောပါတယ်၊ ဒိအပြင်လဲပဲ နောက် နောက်သော အကျယ်ဖွင့်ဆိုရှင်တွေက ဂိုဏ်း၊ ဂဏတစ် ခုဆန်ဆန် ပြုလိုကြတဲ့သဘောတွေပါနေတယ်၊ နာဂဇုန၊ မသင်္ဂ၊ ၀သုဗန္ဒုတို့ဆိုတာ မြောက်ပိုင်း အဋ္ဌကထာ ဆရာကြီးတွေပဲ သူတို့ဖွင့်ဆိုချက်လိုက်ပြီး ဒီကနေ့ တန္တရယာနတို့ ၀ဇရာယာန တို့ပေါ်လာတယ်၊

မြောက်ပိုင်းဗုဒ္ဓဘာသာကို အတိအလင်းခွဲလိုက်ရင် မဟာယာနကတော့ မူရင်းပေါ့သူတို့၊ နောက်တော့ သီးခြား တန္တရယာနရယ်၊ ၀ဇရာယာနရယ်လို့ ပြောကြပါတယ်၊ တို့တောင်ပိုင်းကျတော့အဲလို ကျယ် ကျယ်ပြန့်ပြန်ကြီးမူတစ်ခုအနေနဲ့မပေါ်ဘူး၊ ခိုင်ခိုင်မြဲမြဲလည်းရှိတယ်၊ အရင်ကပေါ့၊ အခုတို့ များဒီရောက် မှ မြန်မာနိုင်ငံမှာ ဂိုဏ်းကွဲလိုလို၊ ဂိုဏ်းသစ်လို လိုတွေ ပေါ်နေတယ် လို့ကြားရပါ တယ်၊ ပြင်လိုက်တာလား၊ လိုနေတယ်ထင် လို့ ဖြည့်လိုက်တာလား၊ ဘာရယ်တော့မပြောတတ်ဘူးပေါ့၊

နာမည်ကြီးချင်တာလား၊ ဒါလဲထည့်ပြောရမယ်၊ ဘာလိုဆိုတော့ ဘာသာရေးကို အသုံးချပြီး ဘယ်လို နာမည်ကြီးကြီး နာမည်ကြီးရင်ပြီးရောဆိုတဲ့ သူများကလဲ တစ်ရော ဂါဖြစ်နေတော့ ခက်တယ်၊ တပည့် တော်ကို ဆရာတော်ကြီးတစ်ပါး အမိန်ရှိဖူးတာ အမှတ်ရနေတယ်၊ တို့ အရှေ့တိုင်းမှာ ဗုဒ္ဓဘာသာ မူရင်းပျောက်လုလုဖြစ်နေတယ်၊ အနောက်ကမ္ဘာ ဘုရားပွင့်နေတယ်တဲ့၊ နောက်တော့ ရှိသေးတယ်၊  

ပါမောက္ခချုပ်တစ်ပါးပြောဖူးတာလေး၊ တော်တော်မှတ်သားဖို့ကောင်း တယ်၊ ကိုယ်ကသူများ ကို လေ့ လာတော့မယ်ဆိုရင် အထိုင်ကောင်းကောင်းတော့လိုမယ်၊ ထေရ၀ါဒမူ ဘက်ကကြည့်ပြီးလေ့လာ ရမည်၊ ထိုင်ပြီးလေ့လာရယ်၊ ကျောထောက်နောက်ခံပြုထားရယ်၊  မတောက်တစ်ခေါက်အသိလေး နဲ့ တွေ့ရာ ဖတ်ပြီး ၀ါဒတစ်ခုမလုပ်ဖို့ သိပ်အရေးကြီးတယ်၊

ဒါတွေကိုပြောနေတာက တို့က ထေရ၀ါဒ၊ သူတို့က မဟာယာနလို့အမည်တပ်ပြီး ပြောဖို့လေ့ လာ နေတာမဟုတ်ဘူး၊ ဗုဒ္ဓဘာသာအကြောင်းမေးလာရင်၊ ကိုယ့်နိုင်ငံကျင့်သုံးနေတဲ့ လမ်းစဉ်ကို ဗုဒ္ဓလမ်းစဉ်၊ ထေရ်မြတ်ကြီးများအယူအဆနဲ့တိုက်ဆိုင်ပြီး ပြောကြပြီဟေ့ဆိုရင် အရင်းအမြစ်ခွဲခြား တတ်အောင်လို့ပြောတာပါ၊

သီတဂူဆရာတော်ကြီး အမိန့်ရှိဖူးတာလေးကောင်းတယ်၊ သူ့ဆရာအနီးစခန်းဆရာတော်ကြီးက ဆရာကြီး ဦးဆန်းထွန်း( မန်းတက္ကသိုလ်) လူဝတ်မလဲမီကပြောတယ်လို့ပြောပါတယ်၊

ဆရာကြီး ဦးဆန်းထွန်းက ရဟန်းတော်ဘ၀နဲ့ အိန္ဒိယနိုင်ငံတစ်ခွင် လှည့်လည်ပြီး လေ့လာပါတယ်၊
ပြန်လာတော့ အနီးစခန်းဆရာတော်ကြီးကို လျှောက်တယ်ပြောပါတယ်၊ တပည့်တော် အိန္ဒိယတစ်ခွင် လိုက်ပြီးလေ့လာလိုက်တာဘုရား၊ တပည့်တော်တို့ လေ့လာထားတဲ့ ပိဋကတ်တော်ရဲ့ အဆို အမိန့် ဖြစ်တဲ့ နိဗ္ဗာန်တို့၊ ရှေ့ဘ၀၊ နောက်ဘ၀၊ ကမ္မစတာတွေကို သံသယဖြစ်မိပါ တယ်ဘုရားတဲ့၊

အဲဒီတော့ ဆရာတော်ကြီးက" အေးမင်းက ကမ္ဘာပတ်ပြီး လေ့လာလာတဲ့သူဆိုတော့ ငါမင်းကို ပြိုင်ပြီး မငြင်းလိုဘူး၊ ဒါပေမယ့် မင်းပြောတာတွေ ဟောဒီ ပိဋကတ်တော်တွေနဲ့တိုက်ပြီး ကိုက်ညီ ရင် တော့ ယူ ပေါ့ကွာ" ဆိုပြီး ပိဋကတ်တော်တွေရှေ့ချပေးလိုက် တယ်ဆိုပဲ၊ ပြီးတော့ အမိန့်ရှိလိုက်သေးတယ်၊
အေး မင်းက ပိဋကတ်သင်ပြီး မိစ္ဆာဒိဋ္ဌိဖြစ်နေတာကွတဲ့၊

ဒါကြောင့်တို့များပြောချင်တယ်..

၁၊ ပိဋကတ်သင်ပြီး မိစ္ဆာဒိဋ္ဌိမဖြစ်စေနဲ့၊
၂၊ ထေရ၀ါဒမူဘက်ကကြည့်ပြီးလေ့လာတတ်ပါစေ၊

 အရှေ့အနောက် ကမ္ဘာ မြန်မာ့ဦးဆောင် မထေရ်မြတ်သီတဂူဆရာတော်

အိန္ဒိယနိုင်ငံ၊ ဂယာဒေသတွင် လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ခြောက်ရာကျော်က နီပေါနိုင်ငံသား၊ သိဒ္ဓတ္ထမင်းသားသည် ဗောဓိပင်ခြေတွင် သဗ္ဗညုတဉာဏ်ရရှိတော်မူခဲ့သည်၊ ဂင်္ဂါမြစ်ဝှမ်းတစ်ခုလုံးသို့ သွားလာတော်မူလျှက် ငြိမ်းချမ်းရေးတရားဟောတော်မူသည်၊

ယနေ့ ဗုဒ္ဓဂယာ အရပ်ဒေသရှိ ဗောဓိပင်ခြေတွင် ဗုဒ္ဓသာဝကသကျပုတ္တ၊ သကျဓီတာတို့ဖြင့် အရောင် စုံလျှက် လင်းလက် တောက်ပ နေသည်၊ ဗောဓိညောင်ပင်မှ အလင်းဖြာဆင်းသက်လိုက်သော ရောင် ချည်တို့သည် ဗုဒ္ဓသာဝက သူတော်စင်များမျက်ဝန်းတို့တွင် အရောင်ဟပ်လင်းဖြာနေတော့ သည်။

.........................................................................................
အဘိဓမ္မာ မဟာသိပ္ပံတွင် သီတဂူဆရာတော်နှင့်၊ ပါမောက္ခချုပ်ဆရာတော်တို့၏ သြ၀ါဒတို့ကို ကြည်ညိုရေးသားပါသည်။ 


Saturday, February 25, 2012

ငြိမ်းချမ်းရေး နွေခရီးရှည်



ရာသီပြောင်းလုလု ဆောင်းနှောင်း၍ နွေဟန်တို့ ပေါက်လေပြီ တောင်ပြန်လေတွင် အမည်ဖော် မပြတတ်သော ဝေဒနာပါသည်၊ ရှိုးရှိုးရှဲရှဲ မြည်လိုက်သော သစ်ရွက်ခတ်သံများသည် ရင်ကိုထိတ်စေသည်၊ လမ်းများပေါ်ဝယ် အရှေ့၊ နောက်၊ တောင်၊ မြောက် အရပ်လေးနှာသို့ သုတ်ခြေတင်ပြေးလွှားနေရသော လူအုပ်ကြီးထဲတွင် မျော်ပါနေသည်၊ ကတ္တရာလမ်းပေါ်က အပူရှိဟပ်နေခြင်းသည် သိသာနေသည်၊ ကောင်း ကင်ပြန့်ပြန့်တွင် တိမ်မျှင်ကင်းလျှက် ရှင်နေမင်းလင်းလက်နေသည်၊ ပူ၏။

ဟိုအဝေးတွင် တိမ်တောင်လိုလို မင်းခိုရည်တို့က မြူနှင့်ရောပြီး ကနေသယောင်ထင်ရသည်၊ ယိမ်းထိုးနေ သည်၊ လေပြေအနွှဲ့တွင် တဖွဲတဖွဲကျရောက်လာသော ဖုန်ခိုးနှင့် မြေနံ့တို့ အထီးကျန်ဆန်ဆန်ပါနေသည်၊ ကွန်ကရစ် တောကြီးဖြစ်နေတဲ့ မြို့တိုက်တာ အဆောက် အဦးတွေဆီက ရောင်ပြန်ဟပ်နေခြင်းသည် အပူတစ်မျိုးတိုး စေသည်၊ တောစပ်စပ်တွင် ကျေးငှက် တို့သီချင်း ဆိုကြသည်၊ အဘယ်ကို ရည်၍ဆိုသည် မမှန်းနိုင်သော်လည်း ရင်တွင်သို့ထိုး ဖောက်ဝင်ရောက် သည်၊ ညဦးယံသည် နေမင်း သူရိန်အပူရှိန်ဖြင့် 

အိုက်စပ်စပ်ရှိသည်၊ သန်ခေါင်ယံတစ်ရေးနိုး လျှင် နှင်းပေါက်တို့ တံစက်မြိက်တွင် သီးနေတတ်သည်၊
နွေဦးမနက်ခင်းအလင်းရောင်တွင် ရိုးရိုးရဲရဲ အလင်းဓာတ်များပါသည်၊ ထိုအလင်းဓာတ်များသည် မြှူသလို ကလူသလို ဖြင့် ခဏ အကြာတွင် မခံသာအောင်ပူတော့သည်၊ လိုချင်တာ မရသေးသဖြင့် အမိမြေကိုပင် စွန့်ပြီး ပြေးနေရသော ဘ၀ကို တွေးမိတိုင်းရင်တွင်းကလဲ ပူသလိုလိုရှိသည်၊ အိုက်စပ်စပ် ညဉ့်ဦးယံတွင် အိပ်မပျော်နိုင် အားပဲ အတွေးများနှင့် လူးလွန့်ရင် ညဥ့်နက်နက်ကို ဖြတ်သန်းရသည်၊ ဘယ်ဆီဘယ် ၀ယ်က မှန်းမသိသော ဟိန္ဒူသူတော်စင်ဆာဒူးကြီးများ၏ ပူဇာတေးဖွဲ့လိုက်သော အသံသည် ညဥ့်ယံကို တစ်မျိုး သက်ဝင်စေသည်၊

တွေးရင်ဖြေရသည်၊
အန္တော တတ္တာ ဗဟိတတ္တာ၊ ဒွိဥဏှေဟိ ပဋာပိတာ။
သတ္တာ သောတ္ထိံ န ဂစ္ဆန္တိ၊ အဂ္ဂိ တတ္တာဝ အာတပေ။

အပြင်ကပူ အတွင်းကလဲ ပူ၊ အတွင်း အပြင် အပူနှစ်မျိုးဖြင့်
ပူလောင်နေသော သတ္တ၀ါတို့သည် နွေနေပူပူတွင်
နေလှန်းခံနေရသလိုရှိ၍ ချမ်းသားခြင်းကို ငါဘုရားမမြင်..။

ရာသီပူခြင်းသည် ရှောင်တိမ်း၍ရကောင်းသည်၊ အပူရှိန်အတိုင်းအတာ ကာလရှိသည်၊ ဘယ်လောက်ပူမည် ကြိုတင်ခန့်မှန်းနိုင်သည်၊ ခုခံကာကွယ်စရာရှိသည်၊ နွေကာလတစ်လျှောက်သာ ပူပေမည်၊ စိတ်ပူခြင်းသည် အတိုင်းမဲ့ဖြစ်သည်၊ လိုချင်မှုဖြင့်ပူရသည်၊ မလိုချင်တာရ၍လဲပူရပြန်သည်၊ ချစ်၍ ပူရသည်၊ မချစ်၍လဲ ပူရပြန်သည်၊ မသိလို့ပူရသည်၊ သိပြန်တော့လဲ ပူရပြန်သည်၊ သူ့ကြောင့် ကိုယ်ပူရသည်၊ ကိုယ့်ကြောင့် သူတို့ပူတာမြင်ရတော့လဲ ပူရပြန်သည်၊ အပူပတ်လည်ဝိုင်းတော့သည်၊

နွေနေပူပူတွင် ခယောင်းတောကြားထဲ တပင်တပမ်းအလုပ်လုပ်နေရသော မြင်ကွင်းသည် အိန္ဒိယနိုင်ငံကြီး၏ အရက်စက်ဆုံးပြကွက်ဖြစ်သည်၊ ရေရှားသည်၊ အလုပ်ကြမ်းသည်၊ လူဦးရေ အဆမတန်များပြားသည်၊ ပူလျှင်လဲ သူသာပဲရှိသည်၊ အေးပြန်လျှင်လဲ သူသာပဲ ကဲရော့မည်၊ အလွန်တရားများ ရှင်သန်ရာနေရာသည် အိန္ဒိယနိုင်ငံဖြစ်သည်၊ နွေပူပူကို ဖြတ်သန်းဖူးပြီ၊ ဆောင်းအေးအေးကို ခံစားဖူးပြီ၊ လွင်ပြင်တွေ ကို ဖြတ်ဖူးပြီ၊ တောင်တန်းများကို တက်ဖူးပြီ၊ ဟိမ၀န္တာတောင်တန်း များဆီအလည်ရောက်ဖူးပြီ၊ ဂင်္ဂ့ါကို အကြိမ်ကြိမ် ဖြတ်သန်းဖူးပြီ၊ မြစ်ပြင်ဂင်္ဂါတွင် ရွက်လွှင့်နေသော ကိုတံငါတို့တေးသံကို ကြားဖူးပြီ၊ အိန္ဒိယနွေ သည် လှသည်ဟုမဆိုနိုင်၊ 

ရက်စက်မှုတွေပါနေသည်၊ နွေအခါနေပူလျှင် လေလာအောင်မျှော်ရသည်မှာ ထုံးစံတစ် ခုဖြစ်သည်၊ သို့သော် ဗီဟာပြည်နယ်နွေခါရောက်လျှင် လေတိုက်ပင် လျှင် ရှောင်ပြေးရသည်၊ ထိုလေတွင် မခံမရပ်နိုင်လောက်အောင် အပူဓာတ်များပါဝင်နေသည်၊ လွင်ပြင်ပြန့်ပြန့် ကြီးကို ဖြတ်သန်းတိုက်ခတ် လာ သော လေသည် မပူပဲရှိရောမည်လား၊

သို့သော်ဤကဲ့သို့ နွေကာလကြီးတစ်ခုတတွင် စိတ်ငြိမ်းရေး အပြီးတိုင်ရပြီးသော ဘုရားရှင်နှင့် တကွ ရဟန်းတော်ပေါင်းများစွာသည် ဂင်္ဂါကို ဖြတ်လျှက် ခယောင်းကြမ်းလမ်းများကို ဖြတ်လျှက်၊ နွေလေပြင်း တို့ကို မမှုပဲ ခရီးရှည်ကြီးကို သွားဖူးကြသည်၊ မိုးလည်း မလာသေး၊ နှင်းလဲ ပျောက်စကာလမို့သာသည်ဟု ညွှန်းဆို သည်၊ ဘုရားရှင် ရာဇဂြိဟ်မြို့တွင် သီတင်းသုံးနေသည်၊ မွေးရပ်မြေမှ မင်းချင်းယောင်္ကျားတို့ အစုအစုဖြင့် လာရောက်ပြီး မွေးရပ်မြေသက္ကတိုင်းသို့ပြန်လည်ကြွရောက်ရန် လာကြသည်၊ သို့သော်ထို မင်းချင်းတို့ မင်းစေဘ၀ဖြင့် လာရသော စိတ်အပူများကင်းစင်စွာဖြင့် ရဟန်းဖြစ်ခဲ့ကြသည်၊ 

 သက္ကတိုင်းမှ ခရီးနှင်လာကြ သော မင်းချင်းတို့သည် ကိုယ်ပင်ပန်းခြင်းများကို အပြီးတိုင်ငြိမ်းကြလေသည်၊ ဘုရား ရှင် တပည့်သား သာဝက အဖြစ်ခံယူကြသည်၊ ဘုရင်သုဒ္ဓေါဓနမင်းသည် နောက်ဆုံး သားတော်ဘုရား နှင့်ဖွားဘက်တော် အမတ်ကာဠုကို ဖူးမြော်ခွင့်ရလိုကြောင်း လျှောက်ထားခိုင်းလေသည်၊ အမတ်ကာဠုဒါယီ သည် နောင်တော်ဘုရားနှင့် တွေ့ပါက ရဟန်းပြုခွင့်ပေးမည်ဆိုလျှင်ပင့်ပါမည့် အကြောင်း လျှောက်တင်လေ သည်၊ ဤသို့ဖြင့် တစ်ခုသော နွေဦးရဲ့ တပေါင်းလမှာ…..

တောလုံးစိမ့်မျှ၊ ချမ်းငြိမ့်ကြည်သာ၊
လေပြည်လာလျှက်၊ သည်ခါသာလှ၊
ကပ္ပိလသို့၊ ဇိနဘုန်းမော်၊
စက်တော်ချီကြွ……စသည် နွေမဆန်သေး၊ ဆောင်းရေး မပြယ် အလှကြွယ်သော တပေါင်းလ ရာသီတို့ကို အမတ်ကာဠုဒါယီ မြွက်ဆိုလျှက် ပင့်ဆောင်သည်၊ 

ဘုရားရှင်သည် မွေးရပ်မြေသို့ နောက်တော်ပါ သံဃာ ပေါင်းခြံရံလျှက် ခရီးရှည်ကြီးကို ဤလို နွေတပေါင်း တွင် ကြွလှမ်းတော်မူသည်၊

ဘုရားလွန်တော်မူပြီးသော်လည်း ဘုရားရှင် ဆံတော်ဓာတ်တို့ကိန်းဝပ်ရာ မြန်မာပြည်က မြတ်ရွှေတိဂုံသည် တပေါင်းလပြည့်တွင် ပူဇော်ပွဲကျင်းပသည်၊ မြစ်ရိုး ချောင်ကမ်းကမ်းတွင် ၀မ်းစာရေးရှာဖွေစားသောက် ရသော ကိုတံငါတို့ သောင်ပြင်သဲစပ်တွင် သဲကို စေတီပြုကာ ဘုရားရှင်အား ရော်ရည်မြော်မှန်း ပူဇော်ကြသည်၊

သောင်းကမ်းများထက်ဆီတွင် ရော်ရီကြွေလုလု ရွက်ဟောင်များ၊ ညွန့်နုစိုစို ပင်ပျို ရွက်သစ်များဖြင့် အရောင်စုံလျှက် လှနေသည်၊ တောလုံးလင်းလျှက်ကြွနေတော့သည်။

Saturday, February 18, 2012

စာကြိုးစား မိဘဆရာစကား နားထောင် ကောင်းကောင်းနေ.





၁၊ စာကြိုးစား၊
၂၊ မိဘ ဆရာစကားနားထောင်၊
၃၊ ကောင်းကောင်းနေ၊

 စာကြိုးစား

စာသင်သားတစ်ပါးအတွက် လုံလောက်သော သြ၀ါဒစကားစု ဖြစ်သည်၊ စာသင်သားတိုင်းလိုက်နာရန် အမြဲ တိုက်တွန်းချက်ပေးသော စကားစုလေးလဲ ဖြစ်သည်၊ အထက်ပါသြ၀ါဒ စကားစုလေးကို မန္တလေးမြို့ ကြီးတွင် နေရစဉ်က နားကြားခဲ့ရသည်၊

စာကြိုးစား ဆိုရာတွင် မရသေးသော စာကို ရအောင်ကျက်မှတ်ရမည်၊ ရပြီးသားစာကို မမေ့အောင်လေ့ ကျက်ပြန်ဆိုနေရမည်၊ အာဂုံရပြီ၊ အမှားမရှိပြန် ဆိုလေ့လာနိုင်ပြီးဆိုလျှင် စာ၏ သဘော အဓိပ္ပာယ်များ
ကို နုတ်ထုတ်လေ့လာရမည်၊ ဤသုံးချက်ပြည့်စုံလျှင် စာကြိုးစားဆိုသော စကားစုလေးပြည့်စုံသည်၊ ဤသို့ရှင်းပြသည်။

မိဘ ဆရာစကားနားထောင်၊

လောကတွင် လူဖြစ်လာလျှင် မိဘ ရှိကြစမြဲ ဖြစ်သည်၊ မိဘများသည် ရင်သွေးများကို မိမိတို့လက်မှ မလွတ်သေးခင် အရင်အဦးဆုံး လောက ကျင့်ထုံးများကို သင်ပြပေးသည့် သူများဖြစ်သည်၊ စကားပြော တတ်အောင်သင်ပေးသည်၊ စကားတတ်ပြန်လျှင် အပြစ်ကင်းစွာဆိုတတ်ပြောတတ်အောင် သင်ပေး ရပြန်သည်၊ ၀တ်တတ် စားတတ်အောင်သင်ပေးကြသည်၊

ပတ်ဝန်းကျင်နှင့် နေတတ်ထိုင်တတ်အောင် သင်ပေးကြသည်၊ မိဘဟူသည် သားသမီးကို လမ်း ကောင်းကို ညွှန်တတ်သည်၊ လောကတွင် မိမိထက် သာလွန်မှာ ကြောက်ကြသော သူများတွင် မိဘ များ မပါဝင်ပါ၊ မိမိတို့ ရင်နှစ်သည်းချာသား သမီးများကို မိမိတို့အောင်မြင်သည်ထက် ပိုမိုအောင် မြင်စေလိုသော   စိတ်ထား မိဘတိုင်းရှိတတ်ကြသည်၊

မိမိတို့ ရင်ခွင်ကနေ တစ်ပါးသူဖြစ်သော ဆရာသမားများလက်ထဲပြောင်းလိုက်ရပြီဆိုလျှင်လဲ ဆရာ သမား များနှင့် ပြောဆိုဆက်ဆံတတ်အောင် လေ့ကျင့်သင်ကြားပေးလိုက်သူများသည် အမေ အဖေတို့ သာဖြစ် သည်၊ ဆရာဆိုသည်မှာလဲ မြန်မာလူ့ဘောင်တွင် ဒုတိယမိခင် ဖခင်များ ပင်ဖြစ်သည်၊ ကျေးဇူး အထူးရှိကြ သူများတွင် မိဘပြီးလျှင် ဆရာသမားများ ဖြစ်သည်၊ အမေအဖေတို့က သာသနာ့ ဘောင်ပို့လိုက်သဖြင့် ကိုရင်ဖြစ်ရသည်၊

ဆရာသမားမှ ကိုယ်တိုင်သင်ပေး သူတစ်ပါးတို့ထံ သင်ယူစေသောကြောင့် အသိပညာတိုးတက်ရ သည်၊

ကိုယ်တွေ့ မိဘဆရာသမား မေတ္တာပေါ်လွင်စေသော အဖြစ်အပျက်လေး တစ်ခုရှိသည်၊ ကျောင်း တိုက်တစ် တိုက်တွင် ဖြစ်သည်၊ စာသင်များစွာကို ဦးစီး လမ်းညွှန်နေသော ဆရာတော်နှင့် ရဟန်းဖြစ်စ ဗီဒီယို ခိုးကြည့်မိသော ဦးဇင်းလေး တစ်ပါး၏ ဆရာ တပည့် ဆုံးမ နာယူခန်းဖြစ်သည်၊ 

ဦးဇင်းလေး၊ ဦးဇင်းတို့ကျောင်းမရောက်ခင်တုန်းကတော့ စာကြိုး စားပါ့မယ်ပြောပြီးရောက်လာတယ် နော်၊ ဂတိတည်မှပေါ့ ဦးဇင်းလေးရဲ့၊ အခုဦးဇင်း စာအံကျောင်း မတက်ပဲ စည်းကမ်းဖောက်ပြီး ဗီဒီယို သွားကြည့်တယ်၊ တော် မတော်စဉ်းစားပါ၊ အပြောနဲ့ အလုပ်ညီ မညီစဉ်းစားပါ၊ ဦးဇင်းလေးကို တို့ဘုရား သာသနာတော်က အသက်နှစ်ဆယ် ပြည့်လို့ လူကြီးဖြစ်ပြီ အသိဉာဏ် ရင့်ကျက်ပြီဆိုပြီး ဘုရားရှင် ကိုယ်တော်တိုင်ကပင် နည်းဥပဒေတွေနဲ့ ရဟန်းဘောင်တက် ခွင့်ပြုပြီး သာသနာတော် ကြီးပွားစည်ပင်ဖို့ တာဝန်ပေးအပ်လိုက်ပြီပဲ၊

အခုတော့ ဦးဇင်းလေးလုပ်ပုံက ကောင်းသေးလား၊ တော်သေးလားစဉ်းစားစမ်းပါ၊
မိဘ ဆရာသမားဆိုတာ ဦးဇင်းလေး ပြောသမျှ ယုံကြရမှာပါ၊ အဲတော့ ကိုယ့်ကိုကိုယ်တော့ မလိမ်ပါနဲ့ ဦးဇင်းလေးနော်၊ မိဘတွေက အရှင်ဘုရားကို တစ်ချိန်မှာတော့ တို့ရပ်ရွာတို့လူမျိုး အတွက် အကျိုး ဆောင်ဖြစ်အောင်ဆိုတဲ့ စိတ်ဆန္ဒ တွေနဲ့ တပည့်တော်တို့ဆီအပ်လိုက်တာ၊ အဲတော့ ရွာက မိဘ စကားလဲနားထောင်ပါ၊

တပည့်တော် ကျောင်းရောက်နေတော့လဲ တပည့်တော်တို့များက တိုးတက်စေချင်လို့ ချမှတ်ထားတဲ့ စည်းကမ်းကို လိုက်ပါ၊ အကယ်၍ မလိုက်နာနိုင်တော့ဘူးဆိုရင် မိမိတို့ဆန္ဒနဲ့ညီမယ့်နေရာမျိုး ကိုရှာ ပေါ့၊ ဘုရားရှင် အဆင့်မြှင့်ပေးတဲ့ အနေမျိုးနဲ့ လိုက်ဖက်အောင်နေနိုင်ရင်၊ မိဘဆရာစကား နားထောင် နိုင်ရင်တော့ နေပေါ့ဘုရား။

အခုတပည့်တော်တို့ နေရာစုံနယ်စုံကလာတဲ့ တပည့်တွေမွေးထားတယ်ဆိုတာ သူတို့ မိဘတွေနဲ့ခင် လို့ လဲ မဟုတ်ဘူး၊ လခရလို့လုပ်နေတာလဲ မဟုတ်ဘူး၊ တို့ဘုရားသာသနာတို့မှ မလုပ်ရင် ဘယ်သူ လုပ်မလဲ ဆိုတဲ့ အသိကြောင့် သူများ အငြိုအငြင်ခံပြီးလုပ်နေတာပါ၊ တပည့်တော်တို့လဲ မိဘဆရာ သမားနား ထောင် ခဲ့သူတွေပါဦးဇင်းလေ၊

မိဘ ဆရာဝေးနေတော့ ဘုရားစကား နားထောင်ရပါတယ်၊ ဦးဇင်းကို တစ်ခါ အမှားမို့ခွင့်လွှတ် တယ်၊ နောက်များဆိုရင် စည်ကမ်းဖောက်တော့မယ်ကြံမိတိုင်း မိဘ ဆရာစကားနားထောင်ဆိုတဲ့ စကားလေး ကို အမြဲမပြတ်ရွတ်နော်။

ကောင်းကောင်းနေ

မိဘ ဆရာသမားများ လမ်းညွှန်လိုက်သည့် အတိုင်း ကောင်းကောင်းလိုက်နာနေထိုင်နိုင်ပြီ ဆိုရင် လူ ကောင်းတွေသိတဲ့ အသိမျိုး သိရမယ်၊ ဘယ်ရောက်ရောက် မိမိကိုယ်ကိုကိုယ်ကောင်းအောင်နေနိုင် ရတယ်၊ ဘယ်သူမှ မသိဘူးဆိုပြီး မကောင်းမှု မလုပ်ရဘူး၊ ဘယ်သူမှ မသိလည်း ကိုယ့်ဘာသာကိုယ် သိတယ်၊ ကိုယ့်ကိုယ်သိနေတာက သူများတွေ သိနေတာထက် ခက်တယ်၊ လိမ်လို့မရတော့ဘူး၊

ဘယ်နေရာဘယ်ကျောင်းတိုက် ဘယ်နိုင်ငံရောက်ရောက် ကိုယ့်ကိုယ်ကို ကောင်းအောင်နေနိုင် ရမယ် ဆိုတဲ့စိတ်ဓာတ်မျိုးထားရမယ်၊ ကိုယ့်ကိုယ်ကို ထိန်းထိန်း သိမ်းသိမ်နေတယ်ဆိုတာ မင်္ဂလာတစ်ပါး၊ ‘အတ္တသမ္မာ ပဏိဓ’ ဆိုတာ ကိုယ်ကိုယ့်ကို ထိန်းနိုင်လို့ ကောင်းကောင်းနေထိုင်နိုင်လို့ တိုးတဲ့ ဘုရားဟော မင်္ဂလာတစ်ပါးပဲ၊


ဆရာမြတ်ဂုဏ်၊ လက်စုံဦးတင်၊
နားဆင်ကျင့်သုံး၊ သက်လုံးစွဲအောင်၊
ပမာဆောင်လျှက်၊ တပည့်သားမြေး၊
လက်ဆောင်ပေးသို့၊ ဖြန့်ဝေပြုကျင့်၊
အဆင်ဆင့်မြှင့်၊ မြင့်ထက်မြင့်အောင်၊
ကျင့်ဆောင်ပြသား၊ ဂုဏ်တော်များကို၊
မှန်းဆရော်ရည်၊ ဦးတင်ချီ၊
တပည့်စိတ်တွင် အစဉ်မြင်ယောင်လျှက်ပါဘုရား။ 


မှတ်ချက်။ မန္တလေးမြို့၊ အနောက်ပြင်၊ ချမ်းသာကြီးမြောက်တိုက်၊ အတုလဇေယျုံကျောင်း၊ ဆရာတော် ဦးဝိမလသို့  ရည်ညွှန်းပူဇော်ပါသည်။

 

Wednesday, February 15, 2012

အနာဂါရိက ဓမ္မပါလ စဒြမုနိ မဟာထေရ်



အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့ အကြား ကူးလူးဆက်ဆံမှုသည် အသောကမင်းနှင့် တိဿမင်းတို့ လက်ထက်တွင် အမြင့်မားဆုံးဖြစ်ခဲ့သည်၊ အသောကမင်းသြဇာအာဏာသည် မိမိနိုင်ငံ အပြင် အခြား နိုင်ငံ များအပေါ်တွင်လည်း သက်ရောက်ခဲ့သည်၊ 
အသောကမင်းသည် စစ်မတိုက်ရပဲ သီရိလင်္ကာနိုင်ငံ တစ်ဝှမ်းလုံး ကို ဓမ္မဖြင့် အောင်နိုင်သူဖြစ်ပြီး လင်္ကာ သားတို့နှလုံးသားဝယ် အသောကဟူသော အမည်ကို စွဲမြဲခိုင်မာ စွာရေးထိုးနိုင်ခဲ့သည်၊

သားတော်မဟိန္ဒနှင့် သမီးတော်သင်္ဃမိတ္တာတို့မှာ လည်းသေးငယ် သော ကျွန်းနိုင်ငံလေးတွင် အသက်ထက် ဆုံး သာသနာပြုတော်မူခဲ့ကြသည်၊ ရှင်မဟိန္ဒမထေရ်သည် ငယ်ရွယ်နုပျိုစဉ် သက်တော်( ၃၂) နှစ်တွင် အရွယ်တွင် သီရိလင်္ကာနိုင်ငံသို့ရောက်ခဲ့သည်၊ အနုရာဓ ပူရမြို့တွင် ဘုရင်ဒေ၀ါနံ ပိယတိဿမင်းနှင့် အတူ ဗုဒ္ဓသာသနာ့ သမိုင်း မှတ်တိုင်များစွာကို စိုက်ထူနိုင် ခဲ့သည်၊ သီရိလင်္ကာနိုင်ငံ မင်းအဆက်ဆက်တို့သည် မထေရ်မြတ်ကို နိုင်ငံ့ခေါင်းဆောင်ကြီး အဖြစ် လည်းတန်ဖိုးထားကြသည်၊

မထေရ်မြတ်နှင့်ဒေ၀ါနံ ပိယတိဿမင်းတို့သည် သီရိလင်္ကာနိုင်ငံ ရွှေရောင် ခေတ် အဆက်ဆက်၏ ဖန်တီး ရှင်များဖြစ်ခဲ့ကြသည်၊ ယနေ့ခေတ်တွင်လည်း သီရိလင်္ကာနိုင်ငံသည် ဗုဒ္ဓသာသနာတော် နှင့်ပတ် သက် ပြီး ရွှေရောင်ခေတ်ကို ပိုင်ဆိုင်ဆဲပင်ဖြစ်သည်၊ မထေရ်မြတ် သည် ဥတ္တိယမင်း လက်ထက် အနုရာဓပူရမြို့၊ စေတိယပဗ္ဗတ၌၀ါဆိုတော်မူစဉ် သက်တော်ရှစ်ဆယ် အရွယ်၌ ပရိနိဗ္ဗာန်ပြုတော်မူခဲ့သည်၊ 

နှမဖြစ်သော သင်္ဃမိတ္တာထေရီသည်လည်း မောင်တော်မဟိန္ဒ မထေရ်လွန်ပြီး နောက်နှစ်တွင် အနုရဓပူရမြို့ မှာပင် ဘ၀ဇာတ်သိမ်းခဲ့သည်၊ ရှေ့ဆင့်နောက်ဆင့်ဆို သကဲ့သို့ သီရိလင်္ကာနိုင်ငံသို့ ရောက်ခဲ့ကြသော အသောကမင်း၏ ရင်နှင့်ချစ်၍မငြီးသော သားတော်နှင့် သမီးတော်တို့သည် သာသနာတော်၏ တာဝန်ကို အသက်ထက်ဆုံး ထမ်းဆောင်သွားခဲ့ကြသည်၊ အသောက်မင်းသည် သီရိလင်္ကာ သာသနာတော်ကို ရင်မှ ဖြစ်သာ သွေးဖြင့် ရေးထိုးနိုင်ခဲ့သူဖြစ်သည်၊
 ဒေ၀ါနံပိယဒဿီ အသောကမင်းနှင့် ဒေ၀ါနံ ပိယတိဿမင်းနှစ်ပါးတို့သည် နေမင်း၊ လမင်းတို့အလား သာသနာ့ဝေဟင်တွင် အစဉ်ထွန်းလင်းနေဦးမည်သာဖြစ်သည်၊

နိုင်ငံ့ခေါင်းဆောင်၊ အိန္ဒိယနိုင်ငံ၏ အခြေခံဥပဒေကို ဦးဆောင်ရေးဆွဲသူ၊ တရားရေးပညာရှင် ဒေါက်တာ ဘင်မရာအို ရမ်ဂျိ အမ်ဘေဒကာသည် အများအားဖြင့် ဇာတ်နိမ့်များဟုခေါ်ဝေါ်သမုတ်ခြင်း ခံရသော အိန္ဒိယနိုင်ငံသား ငါးသိန်းနှင့်အတူ (၁၉၅၆) ခုနှစ် အောက်တိုဘာလ( ၁၄)ရက် တနင်္ဂနွေနေ့ တွင် နာဂပူမြို့၌ မြန်မာနိုင်ငံသား ကုသိနာရုံဆရာတော်ကြီး ဦးစန္ဒြမုနိထံမှ သရဏဂုဏ်သုံးပါးနှင့် ငါးပါးသီလ တို့ကို ခံယူဆောက်တည်ခဲ့ပြီး ဗုဒ္ဓဘာသာဝင် အဖြစ်ခံယူခဲ့ကြသည်။

ဆိုပါကူးပြောင်းမှုသည် အိန္ဒိယနိုင်ငံတွင် ကြီးကျယ် ထင်ရှားခဲ့သည်၊ ဤဖြစ်ရပ်သည် ဗုဒ္ဓဘာသာ ကိုစိတ်ဝင် စားကြသော အိန္ဒိယနိုင်ငံသားများအတွက် ဂုဏ်ယူဖွယ်ဖြစ်သကဲ့သို့ အားတက်ဖွယ်ရာ လည်း ဖြစ်ခဲ့သည်၊ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာကြသော နောင်လာနောက်သားမျိုးဆက်တို့ သည် မြန်မာရဟန်းတော် များကိုလေးစား ကြည်ညိုကြသည်၊ 

မဟာရဋ္ဌပြည်နယ်သား ဗုဒ္ဓဘာသာများ သည် ဦးစဒြရမုနိမဟာထေရ်မြတ်ကို မြတ်မြတ်နိုးနိုး တန်ဖိုးထားကြ သည်၊ ရဟန်းတော်များကိုလည်း ရိုသေလေးစားစွာဆက်ဆံကြသည်၊ ကုသိနာရုံကို ယနေ့တိုင် ထင်ထင် ရှားရှားမှတ်မှတ်သားသား ရှိစေရန် အားထုတ်ကြိုးပမ်းခဲ့သူမှာလည်း ဦးစဒြမုနိမဟာထေရ်မြတ် ပင်ဖြစ်သည်။

ဆရာတော်သည် ရှင်သာမဏေဘ၀ကပင် အိန္ဒိယနိုင်ငံတစ်ခွင်ခြေဆန့်ပြီး ဟိန္ဒူဘုန်းတော်ကြီးများ၊ လူ ပညာရှိများထံ ဟင်ဒီစာပေနှင့် သက္ကတစာပေတို့ကို လေ့လာသင်ယူခဲ့သည်၊ ဆရာတော် အိန္ဒိယ နိုင်ငံ သို့ရောက်ရှိခဲ့ခြင်း၏ နောက်ခံ သမိုင်းသည် သီရိလင်္ကာနိုင်ငံသား အနာဂါရိကဓမ္မပါလနှင့် ဆက် စပ်နေသည်။

(၁၈၉၁) ခုနှစ်တွင် သီရီလင်္ကာနိုင်ငံသား အနာဂါရိကဓမ္မပါလသည် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာဒေသရှိ မဟာဗောဓိစေတီတော်သို့ ရောက်ရှိခဲ့သည်၊ အနာဂါရိကဓမ္မပါလတွေ့မြင် လိုက်ရသော အခြေအနေ များသည် ဗုဒ္ဓဘာသာဝင်များအတွက် ၀မ်းနည်းဖွယ်ရာဖြစ်ခဲ့သည်၊

ဗုဒ္ဓဘာသာဝင်များ သဒ္ဓါတရားထက်သန်စွာ လှူဒါန်းကြသော လှူဖွယ်များကို ဟိန္ဒူဘုန်းတော်ကြီး မဟန့်က သိမ်းပိုက်နေသည်ကို မျက်ဝါးထင်ထင်တွေ့လိုက်ရသဖြင့် ထိတ်လန့်ခဲ့ရသည်၊ ဤသို့ဖြင့် အနာဂါရိက ဓမ္မပါလသည် မဟာဗောဓိစေတီတော်ကို ဗုဒ္ဓဘာသာဝင်များ၏ လက်ဝယ်သို့ပြန် လည် ရောက်ရှိရေးနှင့် ဗုဒ္ဓဘာသာပြန်လည်ထွန်းကားရေးအတွက် အားသွန် ခွန်စိုက် ကြိုးပမ်းတော့သည်၊ အိန္ဒိယနိုင်ငံတွင် မဟာဗောဓိအသင်းကိုလည်း ထူထောင်ခဲ့သည်၊

အနာဂါရိလကဓမ္မပါလနှင့်အမေရိကန်နိုင်ငံသားဗိုလ်မှူးကြီး အော်လကော့တို့သည် မြန်မာနိုင်ငံ ရန်ကုန်မြို့၊ မန္တလေးမြို့၊ မော်လမြိုင်မြို့၊ စစ်တွေမြို့များသို့လည်း မဟာဗောဓိအသင်းများ ထူထောင် နိုင်ရန်ရောက် ရှိခဲ့သည်၊ စစ်တွေမြို့သို့ ရောက်စဉ် မဟာာဗောဓိ အသင်း ဖွဲ့စည်းရေး အခမ်း အနားတွင် အိန္ဒိယနိုင်ငံ ဗုဒ္ဓဘာသာ ပြန်လည် ထွန်းကားရေး အတွက် သတ္တိ ဗျတ္တိနှင့်ပြည့်စုံသော ရဟန်း၊ သာမဏေ အလိုရှိကြောင်း တင်ပြသည်။

နောက်ဆုံးတွင် စန္ဒိမာရာမကျောင်းတိုက်တွင် ပိဋကတ်စာပေ သင်ယူနေသော ဆရာတော် စဒြမုနိေ လောင်းလျာ ကို တွေ့ရှိခဲ့ကြသည်၊ အနာဂါရိကဓမ္မပါလနှင့် အောလကော့တို့သည် ဆရာတော်
 လောင်း လျာကို ရလိုက်သဖြင့် များစွာဝမ်းမြောက်ဝမ်းသာ ဖြစ်ကြသည်၊

အနာဂတ်အိန္ဒိယ နိုင်ငံတွင် ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားရေး အတွက်လည်း အားတက်သရော ဖြစ်ခဲ့ကြ သည်၊ နောက်ပိုင်းတွင် ဦးစဒြမုနိသည် အနာဂါရိကဓမ္မပါလ၊ ဗိုလ်မှူးကြီး အော်လကော့ တို့နှင့် လက်တွဲကာ အိန္ဒိယနိုင်ငံ ဗုဒ္ဓဘာသာ ပြန်လည် ထွန်းကားရေးအတွက် အသက်ထက်ဆုံး ဆောင်ရွက်သွားခဲ့သည်။

သီရိလင်္ကာနိုင်ငံသား အနာဂါရိက ဓမ္မပါလသူတော်စင်၏ ကျေးဇူးဖြင့် မဟာဗောဓိစေတီတော်ကြီးကို ဗုဒ္ဓဘာသာဝင်များ စိတ်တိုင်းကျ ဖူးမြော်နိုင်သကဲ့သို့ ရခိုင်တိုင်းရင်းသား မြန်မာရဟန်းတော်ဦးစဒြမုနိ မဟာထေရ်မြတ်၏ ကျေးဇူးကြောင့် အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များတိုးပွားခဲ့ရပြီး ယနေ့ကုသိနာရုံ ကို ဗုဒ္ဓဘာသာဝင်များ စိတ်တိုင်းကျ ကြည်နူးချမ်းမြေ့စွာပူဇော်နိုင်ခဲ့ပြီဖြစ်သည်။ 

ကမ္ဘာ့ရေစီး ကြောင်းသည် အနှစ်တစ်ထောင်ကျလျှင် ကမ္ဘာကို တစ်ပတ်ပတ်မိအောင်စီးသည်ဟု ကြားဖူး သည်၊ မြတ်ဗုဒ္ဓ သာသနာတော်သည် အိန္ဒိယနိုင်ငံတွင် နှစ်ပေါင်း ( ၁၇၀၀) ကျော် ရှင်သန် ခဲ့သည်၊ ခရစ်နှစ် ( ၁၂၀၀) နောက်ပိုင်းတွင် အိန္ဒိယနိုင်ငံမှ ပျောက်ကွယ်သွားခဲ့ရသည်၊

သီရိလင်္ကာနိုင်ငံသို့ စီးဝင်သွားခဲ့သော ဗုဒ္ဓသာသနာ့ရေစီးကြောင်းသည်လည်းကောင်း၊ သုဝဏ်ဏဘူမိ သို့စီးဝင်သွားသော ဗုဒ္ဓသာသနာ့ ရေစီးကြောင်းသည်လည်းကောင်း နှစ်ပေါင်းတစ်ထောင်မပြည့်မီပင် မိခင်တိုင်းပြည် အိန္ဒိယနိုင်ငံ ကြီးသို့ ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်သည်၊

ဗုဒ္ဓသာသနာတော်ကို မိခင်တိုင်းပြည်ကြီးသို့ ပြန်လည် သယ်ဆောင်ရာတွင် မြန်မာနိုင်ငံသား ဦးစဒြမုနိ မဟာထေရ်သည် အဓိကနေရာက ပါဝင်ခဲ့သကဲ့သို့ သီရိလင်္ကာနိုင်ငံသား သူတော်စင်ကြီး အနာဂါရိက ဓမ္မပါလသည်လည်း မေ့၍ မရစကောင်းသော ပုဂ္ဂိုလ် ကြီးဖြစ်သည်၊ အဆိုပါပုဂ္ဂိုလ် ကြီးများ ကို ခေတ်သစ် ဗုဒ္ဓသာသနာ့ သမိုင်းတွင် ထာဝစဉ်ထွန်းလင်းနေမည့် ကြယ်စင်ကြီးများဟု ဆိုလျှင် ရနိုင်ပါ တော့သည်။ 

သီရိလင်္ကာနိုင်ငံ၊ မြန်မာကျောင်းသားများ ဦးစီးထုတ်ဝေသော တတိယ အကြိမ်မြောက် "လင်္ကာတမန်" မဂ္ဂဇင်းတွင် ဖော်ပြခဲ့သောဆောင်းပါးဖြစ်သည်၊  

Saturday, February 11, 2012

ဒေ၀ါနံ ပိယတိဿ



 သီရီလင်္ကာနိုင်ငံ၏ သမိုင်းဝင် စေတီတော်
သမိုင်းများတွင် သီဟဠဒီပဟုလည်းကောင်း၊ တမ္ဗပဏ်ဏိဟုလည်းကောင်းလူသိ များသော သီရိလင်္ကာ နိုင်ငံ သည် ထေရ၀ါဒ မြတ်ဗုဒ္ဓသာသနာတော် အတွက်အားကိုး အားထားလောက်သော နိုင်ငံဖြစ်သည်၊
ခေတ်အဆက်ဆက် တွင်ထေရ၀ါဒ သာသနာတော်အတွက် ပညာတတ် ရဟန်းတော်များကို မွေး ထုတ် ပေးခဲ့သည်၊ ထေရ၀ါဒနိုင်ငံများတွင်ဘုရားရှင်၏ ပိဋကတ်တော်များကို အကျယ်ဖွင့်ဆိုရေး သားကြ သော အဋ္ဌကထာဆရာနှင့် ဋီကာဆရာတို့အမည်များတွင် သီရိလင်္ကာနိုင်ငံသားများ၏ အမည်များ က ထိပ်တန်းတွင်ရှိနေသည်၊

ဗုဒ္ဓသာသနာတော် အတွက်ဝင်ရောက်လာသော မည်သည့်နိုင်ငံသားကို မဆိုကြိုဆိုသည်မှာလည်း ထူးခြား သည်၊ ထေရ၀ါဒ အဋ္ဌကထာကျမ်းပြု အကျော် ရှင်မဟာဗုဒ္ဓဃောသသည်ပင် အိန္ဒိယနိုင်ငံသား ဖြစ် သည်၊ သီရိလင်္ကာနိုင်ငံ၏သမိုင်းကြောင်းသည် ရှည်လျားပြီး စိတ်ဝင်စားဖွယ်များနှင့် ပြည့်နေသည်၊ သီရိလင်္ကာနိုင် ငံ၏ ပထမဆုံးဘုရင်မှာ ၀ိဇယမင်းဖြစ်သည်၊ ထိုမင်းသည် မိမိ၏၀န်ကြီးများကို ရွာများတည်ထောင်စေသည်၊ ရွာအမည်များကိုလဲ ရွာတည် ထောင်သော ပုဂ္ဂိုလ်များ၏အမည်များကို မှည့်ခေါ်စေခဲ့သည်၊ ထိုရွာပေါင်းများ စွာတွင် အနုရာဓဂါမ ဟူသော ရွာတစ်ရွာလဲပါဝင်သည်၊

ထိုရွာကိုအနုရာဓအမတ်ကြီးက တည်ထောင်ခဲ့ခြင်း ဖြစ်သည်၊ ကျေးရွာပေါင်းများစွာတွင် အနုရာဓ သည် ကျေးရွာအဆင့်မှ မြို့ပြ အဆင့်သို့ဆက်ပြီး အနုရာဓပူရ မြို့ဖြစ်လာသည်၊ ၀ိဇယမင်း၏ ထီးနန်းကို ညီဖြစ်သူ ပန္ဒုဝါသဒေ၀မင်းကဆက်ခံသည်၊ ထိုမင်းသည် အိန္ဒိယနိုင်ငံမှ ဆက်သည့် သကျမျိုးနွယ်ဖြစ်သော ဘဒ္ဒကဉ္စနာကို မိဖုရားမြှောက်သည်၊ ပန္ဒုဝါသဒေ၀ မင်း၏ အဆက်ဖြစ်သော ပန္ဒုကာဘယမင်းသည် အနုရာဓဂါမကို တိုးတက်အောင် ပြုလုပ်ခဲ့ပြီး အနုရာဓဂါမဟု အမည်ပြောင်းလဲ ခေါ်ခဲ့ကာ မင်းနေပြည်တော် အဖြစ်ပြောင်လဲနိုင်ခဲ့သည်၊ ဤမင်းသည် ဘီစီ( ၃၇၇)မှ ( ၃၀၃) အထိ အုပ်ချုပ်ခဲ့သည်၊

ထေရ၀ါဒဗုဒ္ဓ သာသနာတော်သည် ဒေ၀ါနံ ပိယတိဿ လက်ထက်တွင် စတင်ရောက်ရှိခဲ့ပြီး မိတ်ဆက် ပေး သူမှာ အသောကမင်းကြီး၏သားတော် ရှင်မဟာမဟိန္ဒမထေရ်ဖြစ်သည်၊ မထေရ်သည် အိမ်ရှေ့ မင်းစည်း စိမ်များကို ခုံမင်းတက်မက်ခြင်းမရှိပဲ ဖခင်အသောကမင်းကြီး၏ သာသနာပြုလုပ်ငန်း များတွင် ဘ၀တစ်ခု လုံးမြှပ်နှံ၍ ပါဝင်ကူညီခဲ့လေသည်၊ မထေရ်မြတ်သည်သီရိလင်္ကာနိုင်ငံ သူ နိုင်ငံသားများ အား ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည့်စေပြီးနောက် အမျိုးသားများကို ရဟန်းပြုပေးသည်၊ အမျိုးသမီးများ ကလည်း ဗုဒ္ဓသာသနာ့ ၀န်ထမ်းဖြစ်လိုကြောင့် မထေရ်မြတ်သည် နှမဖြစ်သူ သင်္ဃမိတ္တာထေရီ ကို ဗောဓိပင်ကို ပင့်ဆောင် ၍လာခဲ့ရန်မှာကြားခဲ့သည်၊

သင်္ဃမိတ္တာထေရီသည် ဗောဓိပင်၏ တောင်ဘက်ကိုင်းကို ဖြတ်ယူခဲ့ပြီး သီရိလင်္ကာနိုင်ငံသို့ ပင့် ဆောင်ခဲ့ သည်၊ ထို့နောက် ရှင်မဟိန္ဒမထေရ်မြတ်၏ လမ်းညွှန်ဦးဆောင်မှုဖြင့် သင်္ဃမိတ္တာ ထေရီသည် ဘိက္ခုနီ( ရဟန်းမိန်းမ) အဖွဲ့ကို တည်ထောင်နိုင်ခဲ့သည်၊ ယူဆောင်လာခဲ့သော ဗောဓိပင်ကိုလည်း အနုရာဓပူရမြို့ တွင်စိုက်ပျိုးနိုင်ခဲ့သည်၊ ယနေ့တိုင်အောင်ပင် ကြည်ညိုဖွယ်ရာ ဖူးတွေ့ရ သည်၊ ကမ္ဘာ အရပ်ရပ်မှ လာရောက် လေ့လာပူဇော်သူများဖြင့်လည်း စည်ကားလျှက်ရှိသည်၊ သီရိလင်္ကာနိုင်ငံ သူ နိုင်ငံသား တို့က လည်း အနုရာဓပူရမြို့မှ ဗောဓိပင်ကို တန်ဖိုးမဖြတ်နိုင်သော သာသနာ့ အမွေ အဖြစ်ခံယူ ထားကြသည်၊ 

 ရှင်မဟိန္ဒမထေရ်မြတ်နှင့် ဘုရင်ဒေ၀ါနံပိယ တိဿဘုရင် တွေ့ဆုံခန်း ပန်းချီ

ရှင်မဟိန္ဒမထေရ် စတင်ရောက်ရှိစဉ်က သီရိလင်္ကာနိုင်ငံ၏ အခြေအနေမှာ နောင်လာနောက်သား သာသနာပြုရဟန်းတော်များ အတွက် အတုယူဖွယ်ကောင်းလှသည်၊ ထိုစဉ်က ဘုရင်ဒေ၀ါနံပိယ တိဿ လက်ထက် အနုရာဓပူရတွင် အဆောက်အအုံအနည်းငယ်သာရှိသေးသည်၊ အဓိကအားဖြင့် ဆောက် လုပ်ရေးပစ္စည်းရှားပါးခြင်းနှင့် ဆောက်လုပ်ရေး အတတ်ပညာမထွန်းကားသေးသော ကြောင့် ဖြစ်နိုင် သည်၊ဘုရင်သည် မထေရ်မြတ် အတွက် သင့်လျှော်သောနေရာ ရုတ်တရက် ရှာမရသဖြင့် အလွယ် တကူ မြေဖြင့်ဆောက်လုပ်ထားသော ယာယီမြေတိုက်လေးတစ်ခုလှူဒါန်းခဲ့သည်၊ မြေညက် များဖြင့်မည်း နက် နေသော ထိုအဆောက်အအုံလေးကို "ကာလပါသာဒ ပရိဝေဏ" ဟုခေါ်တွင် ခဲ့ကြသည်၊ အနက်ရောင် စံ ကျောင်းလေးဟုခေါ်လျှင်ဖြစ်နိုင်သည်၊

ထိုအချိန်က အနုရာဓပူရမြို့တော်တွင် လူစုလူဝေးဖြင့်တရားနာနိုင်သော အဆောက်အအုံမျိုး ရှိသေး ဟန်မတူပါ၊ တရားနာရန်နှင့် တော်ဝင်မင်းသားတစ်ပါးကို ဖူးမြင်ရန် ရောက်လာကြသော မြို့သူ မြို့သားများ အတွက်လုံလောက်သော နေရာမျိုးမရှိသဖြင့် ဆင်များထားရာ အဆောက်အအုံများကို ရှင်းလင်းပြီး တရား နာရန် စီစဉ်ပေးခဲ့ရသည်၊ တရားနာပရိတ်သတ်မှာလည်း နေ့စဉ်တိုးပွားလာသည့် အတွက် တရားပွဲ ကျင်းပရာနေရာကို ဆင်တင်းကုတ်မှ အနုရာဓပူရမြို့တော်၏ တောင်ဘက်ရှိ နန္ဒန ဥယျာဉ် သို့ပြောင်းရွှေ့ ခဲ့သည်၊

အသစ်ပြောင်းရွှေ့လိုက်သော နန္ဒနဥယျာဉ်သည် လေကောင်း လေသန့်လည်းရသည်၊ အရိပ်ရ သစ်ပင် များပေါများပြီး အေးချမ်းသည်၊စိမ်းလန်စိုပြေသောသစ်ပင်များနှင့်လွှမ်းခြုံရစ်သိုင်းနေသည်၊ဗုဒ္ဓဘာသာ ရောက်
ရှိပြီးနောက် အနုရာဓပူရမြို့တော်တွင် ကြီးမားသော လောဟပါသာဒကဲ့သို့သော အဆောက် အအုံများ တဖြည်းဖြည်းတိုး ပွားလာခဲ့သည်၊ တော်ဝင်မင်းသားမှ ရဟန်းပြုလာခဲ့သော ရှင်မဟိန္ဒ မထေရ် သည် နှစ်ထောင်ပေါင်း များစွာတည် ရှိခဲ့ပြီဖြစ်သော အိန္ဒိယယဉ်ကျေးမှုကို သီရီလင်္ကာ နိုင်ငံသို့ သယ်ဆောင်လာနိုင်ခဲ့သည်၊

ထို့အထက် အရေးကြီးသော အရာမှာ သီရိလင်္ကာနိုင်ငံသူ နိုင်ငံသားများ နှလုံးသားဝယ် ရတနာ သုံးပါး အဆောက်အအုံများကို ခိုင်ခိုင်မြဲမြဲ တည်ဆောက်ပေးနိုင်ခဲ့ခြင်းဖြစ်သည်၊
ဘုရင် ဒေ၀ါနံပိယတိဿ၏ အမည်ရင်းမှာ တိဿသာဖြစ်သည်၊ ဒေ၀ါနံပိယတိဿ အမည်ကိုပေးခဲ့ သူ မှာ ဒေ၀ါနံပိဒဿီဘွဲ့ခံ အသောကမင်းတရားကြီးဖြစ်သည်၊ တိဿမင်း ထီးနန်းစံပြီနောက် အိမ်နီး ချင်းဖြစ်သော အိန္ဒိယနိုင်ငံ ဘုရင်ဧကရာဇ် အသောကထံသို့ တန်ဘိုးကြီးမားသော လက်ဆောင် ပဏ်ဏာ များပေးပို့ခဲ့သည်၊ 

သီရိလင်္ကာနိုင်ငံ၏ ကျက်သရေဆောင် ရှုမငြီးသော မြင်ကွင်း
အသောကမင်းသည် အပြန်လှန်အားဖြင့် လက်ဆောင်များပြန်လည်ပေးပို့ရန် အရွေးရခက်နေသည် ဟုဆိုသည်၊ သီရီလင်္ကာနိုင်ငံမှ သံတမန်ကိုခေါ်ပြီး တိဿမင်းအတွက်မည်သည့်လက်ဆောင် ပေးရမည်ကို တိုင်ပင်သည်ဟုဆိုသည်၊ ထိုစဉ်က သီရိလင်္ကာနိုင်ငံဘုရင်များအတွက် ထူးခြားသော နန်းတက် အခမ်းအနား မျိုးမရှိကြောင်း သိရသည်၊ ထိုအကြောင်းကို သိရှိကာ အသောကမင်းသည် ဘုရင်တိဿ အတွက် မင်းမြောက်တန်ဆာများနှင့်အတူ မိမိအမည်နှင့် ခပ်ဆင်ဆင်တူသော" ဒေ၀ါနံ ပိယ" ဟူသော ဂုဏ်ထူးဝိသေသကို လက်ဆောင်အဖြစ်ပေးလိုက်သည်၊

ဘုရင်တစ်ပါး၏ အမည်ရှေ့တွင် ဂုဏ်ပြုခံဘွဲ့များ အိန္ဒိယတွင်အသောက မတိုင်မီကပင် ရှိခဲ့သည်၊ သို့ရာ တွင် သီရိလင်္ကာနိုင်ငံ၌မူ ဗုဒ္ဓသာသနာတော်အတွက် ပထမဆုံးဘုရင်ဖြစ်ခွင့်ရသော တိဿမင်း သည်သာ မိမိအမည်ရှေ့တွင်" ဒေ၀ါနံပိယ"ဟု တိုးမြှင့်၍ မှည့်ခေါ်ခဲ့ကြသည်။  


Thursday, February 9, 2012

ဒေ၀ါနံ ပိယဒဿီ အသောက

 ဒေ၀ါနံ ပိယဒဿီ အသောက
ဗုဒ္ဓသာသနာတော်တွင် အဓိကအားဖြင့် ထေရ၀ါဒ၊ မဟာယာနဟု နှစ်မျိုးရှိသည်၊ ထေရ၀ါဒ အဆုံးအမ များသည် လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ကျော်ခန့်က အာရှတိုက် တစ်တိုက်လုံးနှင့် ဥရောပတိုက် တစ်စိတ်တစ်ပိုင်းသို့တိုင်အောင် ပြန့်နှံ့ရောက်ရှိခဲ့သည်၊ ထိုသို့ပြန်ပွားအောင် ဆောင် ရွက်ခဲ့သူ မှာ မောရိယအင်ပါယာကြီးကို အထွတ်အထိပ်သို့ ရောက်အောင် ကြိုပမ်းအားထုတ်ခဲ့သော သီရိဓမ္မာ အသောကမင်းတရားကြီးဖြစ်သည်၊

ကိုးတိုင်းကိုးဌာနသို့ သာသနာပြုရဟန်းတော်များစေလွှတ်ပြီး ဗုဒ္ဓအဆုံးအမများကို ကမ္ဘာသူကမ္ဘာသား အားလုံးခံစား နားလည်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့သည်၊ ဘုရားရှင်နှင့် သက်ဆိုင်သော နေရာတိုင်းနီး ပါးတွင် နောင်လာနောက်သားများ သိရှိကြည်ညို သံဝေဂပွားစေနိုင်ရန် ကျောက်တိုင် များစိုက် ထူခြင်း၊ ရေတွင်း၊ ရေကန်များတူးဖော်ခြင်း၊ ကြီးမားသော စေတီပုထိုးတော်များ တည်ထားကိုးကွယ်ခြင်း တို့ကိုပြုလုပ်ခဲ့သည်၊

ယနေ့ခေတ်တွင် အဆိုပါ အရာအားလုံးသည် ကမ္ဘာ အရပ်ရပ်မှ လာရောက်ကြသော ဗုဒ္ဓဘာသာဝင် သူတော်စင်များနှင့် သုတေသီများအတွက် အဖိုးမဖြတ်နိုင်သော သမိုင်းမှတ်တိုင်များဖြစ်လာကြသည်၊ ထို့အပြင် အိန္ဒိယနိုင်ငံကြီးတွင် ဗုဒ္ဓဘာသာ၏ အဆုံးအမများ မည်မျှခိုင်မာလေးနက်ခဲ့ကြောင်းကိုလည်း သက်သေထူနေကြသည်၊ 
အသောက ကျောက်တိုင်နှင့် ငြိမ်းချမ်းရေး အဆိုအမိန့်များ

ဘုရားရှင် သဗ္ဗညုတဉာဏ်ရရှိတော်မူရာ ဂယာဒေသတွင် မဟာဗောဓိစေတီတော်မြတ်ကြီးကို တည် ထား ကိုးကွယ်ပြီး နောင်လာ နောက်သားများအတွက် အဖိုးမဖြတ်နိုင်သော ဘာသာရေး အမွေအနှစ် ကို ပေးနိုင်ခဲ့ သည်၊

ရှေးခေတ်အိန္ဒိယမင်းများသည် ဘုရားသာသနာတော်ကို ကြည်ညိုခဲ့ကြသော်လည်း ဘ၀တစ်ခုလုံး မြှပ်နှံပြီး သာသနာပြုခဲ့သော မင်းကား အသောကမင်းတစ်ပါးသာဖြစ်သည်၊ ဘုရားရှင်လက်ထက် တော်က မင်းလုပ်အုပ်ချုပ်ခဲ့ကြသော ကာသိတိုင်းဘုရင် ကောသလ၊ မဂဓတိုင်းဘုရင် ဗိမ္ဗိသာရ၊ သားတော် အဇာတသတ်နှင့် ဥတေနဘုရင်တို့သည် ပိဋကတ်တွင် မှတ်တမ်းတင်ခံခဲ့ရသော် လည်း မောရိယအင်ပါယာ ရှင် အသောကမင်းလောက် ကမ္ဘာ့သမိုင်းတွင် ထင်ကျန်မှုမရှိပေ၊

အသောကမင်းသည် အိန္ဒိယနိုင်ငံကို အုပ်ချုပ်ခဲ့ကြသော မင်းတို့တွင် အကြီးမြတ်ဆုံးမင်း တစ်ပါး ဖြစ်သည်၊ ဘီစီ( ၄)ရာစုနောက် ဆုံးပိုင်းကာလများတွင် စန္ဒဂုတ်မင်းသည် မောရိယအင်ပါယာ ကို ထူထောင်ပြီး ခန့်မှန်းခြေအားဖြင့် အာဖဂန်နစ္စတန်မှသည် မိုက်ဆိုးပြည်နယ်များအထိ ကြီးမားသော ပိုင်နက်နယ်မြေကြီး တစ်ခုကို ဖန်တီးနိုင်ခဲ့သည်၊ စန္ဒမင်း၏သား ဗိန္ဒုသာရသည်လည်း ဖခင်၏အင်ပါယာ ကြီးကို တောင် ဘက် ဒေသများသို့ တိုးချဲ့နိုင်ခဲ့သည်၊

ဘီစီ (၂၇၄) ခုနှစ်တွင် အသောကသည် အဖိုးဖြစ်သူ မောရိယ အင်ပါယာ၏ ပထမဘုရင် စန္ဒဂုတ်မင်း နှင့် ဒုတိယဘုရင် ဖခင်ဗိန္ဒုသာရမင်း ထူထောင်ခဲ့သော အင်ပါယာကြီးကို ဆက်လက်ထိန်းသိမ်းပြီး တတိယဘုရင် အဖြစ် ထီးနန်းစိုးစံခဲ့သည်၊ အသောကမင်းသည် မောရိယအင်ပါယာကြီးကို တောင် ဘက်ပိုင်းတွင် စောဠ (cholas)နယ်၊ ပန်ဂျပ် (pandyas) နယ်၊ သတိယပုတ္တ (satiyaputras) နယ်နှင့် ကေလာရပုတ္တ (keralaputras) နယ် အထိသတ်မှတ်နိုင်ခဲ့သည်၊

မြောက်ဘက်ပိုင်းတွင် ဟိမ၀န္တာတောင်တန်းများတိုင်အောင် တိုးချဲ့နိုင်ခဲ့သည်၊ ဟိမန္တာဒေသ၊ ကက်ရှမီး ယားဒေသနှင့် နီပေါနိုင်ငံတို့တွင် မောရိယအင်ပါယာ၏ အစိတ်အပိုင်းများကို ယနေ့ တိုင် အောင်တွြေ့ မင်နိုင်သည်၊ အသောကမင်းသည် သူ၏အောင်မြင်မှုအတွက် စတေးခဲ့ကြရသော လူ ပေါင်းများစွာတို့၏ အသက်ဇီဝိန်မှာလည်း မရေမတွက်နိုင်အောင်များပြားခဲ့ ရပုံကို ကာလင်္ဂစစ်ပွဲ တွင် မျက်ဝါး ထင်ထင်တွေမြင်လိုက်ရသော အခါ စစ်တိုက်ခြင်းဖြင့် အပြီးတိုင်ငြိမ်းချမ်းမှုမရနိုင်ကြောင်း သိခဲ့ရသည်၊

အသောကမင်းသည် စစ်ကို အမုန်းတိုက်ခဲ့သူဖြစ်သည်၊ စစ်ကိုမုန်းပြီးနောက်ပိုင်းတွင် ဗုဒ္ဓဘာသာကို အားပေးထောက်ခံမှုပြုခဲ့သည်၊ ထို့နောက် မိမိအောင်နိုင်သော ဒေသများတွင် မြတ်ဗုဒ္ဓအဆုံးအမ များ ကို တည်တံ့အောင် ဆောင်ရွက်ခဲ့သည်၊ မင်းဆရာဖြစ်သော အရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ် မြတ်နှင့် တွဲဖက်ကာ ဗုဒ္ဓသာသနာတော်ကို ကမ္ဘာသို့ဖြန့်နိုင်ခဲ့သည်၊ 
အသောကမင်း ကျောက်စာတိုင်များ စိုက်ထူခဲ့ရာပြ မြေပုံ

ဘုရားရှင် ပရိနိဗ္ဗာန် ပြုပြီးနောက်ပိုင်း အသောကမင်း အုပ်ချုပ်စဉ်ကာလများကို ဗုဒ္ဓဘာသာ ၏ ရွှေရောင် ခေတ်များဟု ဆိုလိုနိုင်ပေသည်၊ အိန္ဒိယနိုင်ငံ သမိုင်းကြောင်းတစ်လျှောက်လုံးတွင် အသောက ကဲ့သို့ ကြီးကျယ် မြင့်မြတ်သော မင်းမျိုးကား မရှိခဲ့ပေ၊ လူသားတိုင်းက ချစ်ရုံမျှမက နတ်ဒေ၀ါများ ကပင် ချစ်ခင်မြတ်နိုးသောကြောင့် အသောကမင်းကို ဒေ၀ါနံ ပိယဒဿီ ဟု တင်စား ခေါ်ဝေါ်ကြသည်။  


Monday, February 6, 2012

သူယောင်မယ်နှင့် သူတို့မြေ

 တနိုင်းချောင်း၊ နတ်မှော်ချောင်းတို့ ဆုံရာ ချင်းတွင်းအစရှိ ဧည့်ကြိုဆိုင်လေး

ချင်းတွင်းမြစ်ဘေးတွင်ဖြစ်ခဲ့သည်၊

အရှေ့ဘက်ဆီက တနိုင်းချောင်း၊ အနောက်မြောက်ယွန်းယွန်းက နန်ပုတ်ခချောင်း၊ တောက်ဘက် အရပ်ဆီ က နတ်မှော်ချောင်းတို့ ပေါင်းဆုံ စီးဆင်းရာ ချင်းတွင်းမြစ်ဖြစ်လာသည်ဟု ဆိုကြသည်၊ ချင်းတွင်းသည် အရိုင်းဆန်သည်၊ 

ချင်းတွင်းမြစ် အထက်ဖျားသည် တောအထပ်ထပ် တောင် အသွယ်သွယ်တို့ကို တိုးဝှေ့ဖြတ်သန်းခဲ့ ရသောကြောင့် ရေစီးသံဖြင့် ပင်ပန်နွမ်းနယ်နေတတ်သည်၊ ပြီးတော့ မြစ်မင်းဧရာလို အဆင်းမလှ အရိုင်း ဆန်ပြီး ရေနောက်သည်၊

ချင်းတွင်းမြစ်ဖျားတွင် ရှမ်းလူမျိုးများနေထိုင်ကြသည်၊ နာဂတိုင်းရင်းသားများ နေထိုင်ကြသည်၊ 
ချင်း လူမျိုး များလဲရှိကြသည်၊ ခန္တီးမြို့သည် ချင်းတွင်းမြစ်ထက်ဖျားက ရွှေထွက်ရာမြို့ဖြစ်သည်၊
ရွှေမြို့ တော်ဟု ဆိုနိုင်သည်၊ 

ခန္တီးမြို့မှ အောက်ဘက်သို့ ချင်းတွင်း မြစ်တစ်လျှောက်စုံဆင်းပါက နေ့ဝက် ခရီးဖြင့် ထမံသီ ရွာကြီး ကို ရောက်နိုင်သည်၊ ရှမ်းလူမျိုး၊ နာဂလူမျိုးများစုနေထိုင်ရာ ရွာကြီးဖြစ် သည်၊ နောက် ခံသမိုင်း၊ ဒဏ္ဍာရီ အမျိုးမျိုးတို့ဖြင့် ထင်ရှားသော ရှေးဟောင်းရွာကြီးဖြစ်သည်၊

ချင်းတွင်း တစ်လျှောက် လူစင်စစ်က ကျားဖြစ်သော ဇာတ်လမ်းဖြင့် အာရုံကို ဖမ်းစားနိုင်စွမ်းရှိသည့် ရွာကြီးဖြစ်သည်၊ ထိုမှဆက်လက်စုန်ဆင်းလျှင် ဟုမ္မလင်းမြို့သို့ ၀င်လုလုတွင် ကောယား၊ မောင်ခမ်း ဆိုသော ရှမ်းရွာကြီးများကို ခန့်ခန့်ငြားငြားတွေ့နိုင်သည်၊

နေ၀င်ရိုးရီ အလှနှင့်အပြိုင်ဖြစ်နေတတ်သော ရှမ်းပျိုဖြူများရေခတ် ဆင်းကြသည်ကို မြင်နိုင်သည်၊ ကမ္ဘားပြတ်ကြီးတို့သည် မြင့်မား မတ်စောက်လှသည်၊ ကမ္ဘာပြတ်ကြီးများ အလွန်တွင် အုန်းပင်၊ ကွမ်းသီးပင် များဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်ရှိနေတတ်သော ရှမ်းရွာသူ လှပျိုဖြူများသည် မော်တော်နှင့် အတူ ပါလာသော လှိုင်းကြမ်းများကြောင့် ချင်းတွင်းသောင်ကမ်းတွင် အော်ဟစ်တတ်ကြသည်၊

ရှမ်းပျော်လျင် အော်တတ်ပါသတဲ့၊ လှိုင်းကြမ်းကြီးများနှင့် လုံးလားထွေးလားဖြစ်နေသည်မှာ ငွေမင် ရည်၊ ရွှေကညစ်ဖြင့် ရေးခြစ်သော်လဲ ပန်းချီကျော်ငေးမှိုင်လောက်သည့် ဆည်းဆာ အလှပုံရိပ်ဖြစ် သည်၊

ထိုမှ ဆက်ဆင်းလျင် ချင်းတွင်းမြစ်ကြီး အမောပြေကာ အပန်းဖြေနေသလို ပြန့်ပြန့်ပြူးပြူးဖြင့် လှနေ တတ်သော ဟုမ္မလင်းမြို့သို့ ရောက်ပါသည်၊ ချင်းတွင်း အထက်ဖျားတွင် သာယာစည်ပင်သာ နေ ရာ လေးဖြစ်သည်၊ ခရီးစဉ် မမှန်တတ်သော ခန္တီးမြို့ထက် ပုံမှန်ပျံသန်းသော လေကြောင်းခရီးသည် ဟုမ္မလင်းမြို့လေးတွင်ရှိသည်၊

ခန္တီးမြို့မှ မနက်ပိုင်းစောစော စုန်ဆင်းခဲ့သော မော်တော်ရေယာဉ်သည် ညနေခင်းနေရောင်ပျောက်ပြီး ကမ်းခြေ တွင် ပိုးစုန်ကြိုးများလို ဟိုလက်လက်၊ ဒီလက်လက်ဖြင့် မီးရောင်များနှင့်အတူ ညခင်းနိုးထ ချိန် ရောက်တတ်သည်၊ ဤခရီးအကြားကို ဆရာကြီးဇော်ဂျီရဲ့ မဗေဒါလို စုန်ချည်၊ ဆန်ချည်လုပ် ခါ နေခဲ့ရဖူးသည်၊

‘လေပြင်းငယ်လာ၊ လေပြေလျင်လည်း၊
ချောင်းကျယ်ဘယ်မငြင်း၊ ချောင်းကျဉ်းလျင်လည်း၊

အဖော်ရယ်စုံ၊ အဖော်မစုံလျင်လည်း၊
ပွင့်ဖူးငုံအကုန်လန်း၊ နွမ်းနယ်လျက်လည်း၊

စုံပြန်ရဖန်ဖန်၊ ဆန်ပြန်ရတလဲလဲ၊
မဗေဒါ ဒီရေကြောမှာ မျောလျက်သာပဲ’လို့

ချင်းတွင်းမြစ်ပြင်တွင် မဗေဒါကို တွေ့လိုတွေ့ငြားကြည့်မိရင်း ရွတ်ဆိုမိတတ်ပါသည်၊

“ဒကာကြီး၊ ဒကာမကြီးများ ပရလောကသားတွေက မေတ္တာတရားကို သက်ရှိလူတွေထက်ပိုပြီး နားလည် တတ်ကြပါတယ်”

ဒီလိုစတင်ရမယ့် ဖြစ်ရပ်လေးသည် ရွှေထွက်ရာ ခန္တီးမြို့တွင် ဖြစ်ခဲ့သည် မဟုတ်ပါ၊ လူက ကျားဖြစ်ကာ ဒဏ္ဍာရီဆန်သော ထမံသီရွာကြီးလဲ မဟုတ်ပါ၊

 နာဂရွာလေး ပဒူးမုန်း
နေ၀င်ချိန် တိမ်အတောက်တွင် သောင်ပြင်ကမ်းခြေ သူယောင်မယ်ခြောက်သလို လှပျိုဖြူတို့ ရေခတ် ကမ်းခြေများဖြင့်လှနေတတ်သော ကောယား၊ မောင်းခမ်းလိုရှမ်းရွာကြီးတွင် မဟုတ်ပါ၊ စည်ပင်ဝပြော ပြီး ချင်းတွင်း အမောပြေရာ ဟုမ္မလင်းမြို့လေးတွင်လဲ မဟုတ်ပါ၊

ချင်းတွင်းမြစ် အစကနာဂရွာလေးတွင်ဖြစ်ခဲ့သည်၊ တနိုင်းချောင်နှင့် နတ်မှော်ချောင်းဆုံရာတွင်တည်ရှိ သည်၊ အောက်ရပ်အောက်ရွာများသို့ သွားလိုသူ၊ စုန်ဆင်းလိုသူသည် ဤနာဂရွာလေးကို အစအဦး ဆုံးကျော်ဖြတ်၍သွားရသောကြောင့် မြို့တံခါးဝရွာဟု ခေါ်ကြသည်၊ ဒေသ အခေါ်အဝေါ်အားဖြင့် ပဒူးမုန်းဖြစ် သည်၊ တနိုင်းချောင်းတစ်လျှောက်တိုက်ခတ်လာသော လေနုအေးများ စတင်ဝင်ရောက်ရာ ဖြစ်သေကြောင့်
လေတံခါးဝဟုလဲ ဆိုပြန်သည်၊

အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် ဂျဝါဟလာနေရူးရောက်ခဲ့သော ရွာလေးဖြစ်သည်၊ ဆရာကြီးရန်ကုန် ဘဆွေ နန်းဟာဗီးကို တွေ့ခဲ့သော ရွာလေးဖြစ်သည်၊ စာရေးဆရာကိုတာ ဆရာဝန်ဘ၀နှင့် ရောက်တော့ နန်းဟာဗီး ကိုတွေ့ရလို တွေ့သောင်ကမ်းကို လှမ်းမှော်ဖူးခဲ့တဲ့ ရွာလေးဖြစ်သည်၊

“ဇရပ်ပေါ်မှာလူတွေတွေ့လို့တဲ့၊ ယောဂီတဘက်တွေ့နဲ့မို့ ဥပုသ်စောင့်ကြတယ်ထင်တယ်တဲ့၊
အာ အဲဒီနေ့က ဥပုသ်နေ့မဟုတ်ဘူး၊ ဒါဆိုဘယ်လိုဖြစ်တာတုန်း၊ အသက်တော့နည်းနည်း..အဲ.. အသက် ကြီးကြတဲ့သူတွေပဲ”

မြင်ရသူက တစ်ရွာလုံးမှ ခရစ်ယာန်ဆိုလို့ တစ်ယောက်တည်းဖြစ်တဲ့ မပေါင်းလိပ်၊ ရွာက ဥက္ကဌရဲ့ မိန်းမ၊ ချင်းတွင်းမြစ် တစ်ဘက်ကမ်းသူ၊ သူ့ ရွာက အပြန်နေ၀င်ရိုးရီတွင် ဇရပ်ပေါ်မှာ မြင်ခဲ့သည်တဲ့၊ ရွာထဲရောက် မှမေးကြည့်တော့ မဟုတ်မှန်းသိကြပါသတဲ့၊

“ဇရပ်ပေါ်မှာတွေ့တယ်ဆိုတော့ သူတော်ကောင်းတွေပေါ့၊ ပြီးတော့ ယောဂီတဘက်တွေ နဲ့ဆို ပိုပြီး တောင်သေချာပါသေးတယ်၊ မကျွတ်မလွတ်သေးတဲ့ အဖိုးအဖွားတို့ အမျှလိုချင်လို့ ဖြစ်မယ်၊ မနက်ဖန် လပြည့်နေ့နော်၊ ရွာထဲက ကလေး၊ လူကြီး အကုန်လုံး ရေရယ်၊ ဆွမ်းရယ် ပန်းရယ် ယူခဲ့ကြ ပါ၊ ပြီးတော့ ဇရပ်ပေါ်မှာ ဘုရားပန်းကပ်မယ်၊ ဆွမ်းကပ်မယ်၊ ပြီးတော့ နေမထွက်မချင်း ဇရပ်ပေါ် မှာ မေတ္တာ ပို့ကြ မယ်၊ မေတ္တာပို့တာ မိနစ်နှစ်ဆယ်လောက်ကြမယ်၊ ပြီးတော့ မင်းတို့ ရိုးရာနာဂစကားနဲ့ အမျှဝေမယ်”

နောက်နေ့မနက်အာရုဏ်ဦးတွင် ချင်းတွင်မြစ်ထက်ဖျားက နာဂရွာလေး ပဒူးမုန်းရှိ ဇရပ်ပေါ်တွင် ဆွမ်း၊ ပန်း၊ ရေတော်ကပ်ပြီး အမျှဝေကြသည်၊ အာရုဏ်နေရောင်အောက်တွင် မြစ်ပြင်သည် ကြည်လင် လျှက်ရှိ သည်၊ ရွာသူရွာသားများသည်လဲ ရွှင်လန်းနေကြသည်၊ စေတီတော်မြတ်ဆီက ခေါင်းလောင်း သံသည် ချိုလွင်အေးမြနေတော့သည်၊

“ဒကာကြီး၊ ဒကာမကြီးတို့ လပြည့်နေ့တိုင်းဇရပ်လာပြီး မေတ္တာပို့ကြနော်၊ ပရလောကသားတွေက သက်ရှိ လူတွေထက်မေတ္တာတရားကို မျှော်လင့်ကြပါတယ်၊ ပြီးတော့ပိုပြီးတော့လဲ နားလည်ကြပါတယ်”

ချင်းတွင်းမြစ်ဘေးရှိ နာဂရွာလေးတွင် ကိုယ်တိုင်တွေ့ကြုံခဲ့ရသော ဇာတ်လမ်းဖြစ်သည်၊