Pages

Monday, August 11, 2014

ကြိုးပြတ်သွားသော ပန်းတစ်ကုံးကို ခြေရာခံခြင်း


တပည့်တော်တို့ Final ကျောင်းတော်သားများ အနေနဲ့ ယခင့်ယခင် နောင်တော်ကြီးများ လုပ်ခဲ့ကြသလို၊ လိပ်စာ ပါတဲ့ ကဗျာစာအုပ်လေးလုပ်ဖို့ အစီအစဉ်ရှိပါတယ်။

ဤသို့ စကားအချီဖြင့် သင်တန်းအပြီး စတိတ်စင်နား ရောက်ရှိလာသူကား ဦးဝဏ်ဏိတ(ခ) ကိုချက်ကြီး
ဖြစ်သည်။ ကဗျာလေးလဲပါစေချင်တယ်။ ပြီးတော့ တပည့်တော်တို့က ဒီကျောင်းတော်ကြီးက ထွက်ခဲ့ကြရရင် ဘယ်ဆီဘယ်ဝယ်ရောက်ကြမယ် မသိနိုင်ကြဘူးဘုရား။ 

အဲဒီတော့ ခရီးကြုံခဲ့လို့ရှိရင် အလည်ဝင်လာရလို့ရအောင် လိပ်စာလေးလဲ ပါစေချင်ပါတယ်ဘုရား။
လုပ်တာတော့ ဟုတ်ပါပြီ..၊ ခေါင်းစဉ်ကျတော့ ဘယ်လိုပေးကြမလဲ..၊
စိတ်ပါဝင်စားသောကျောင်းတော်သားကြီးတစ်ဦးက စကားလမ်းခင်းဝင်ရောက်လာသည်။
တင်ပ..၊ တပည့်တော်များ ၀ိုင်းပြီး ဆွေးနွေးစဉ်စားကြဖို့လိုပါတယ်.....
ကျောင်းတော်သားကြီးဘ၀ကသူ့အမြင် ကိုယ့်အတွေးဖြင့် ဒီလိုလေး ဒီမိုကရေစီဆန်ခဲ့ကြဖူးသည်။
မိမိတို့ နှစ်သက်ရာ ခေါင်းစဉ်များကို အသီးသီးတင်ပြကြသည်။ 

ပေးသည့် ခေါင်းစဉ်များကို မကြိုက်ရင် မကြိုက်သည့် အတိုင်း ပွင့်ပွင့်လင်းလင်းဆွေးနွေးကြသော သူများတွင် ယခုတိုင်မှတ်မိနေသော ကျောင်းတော်သားကြီးတစ်ဦးမှာ အရှင်ပညာဇောတ (ကိုနတ်ကြီး) ဖြစ်သည်။ သူ့စိတ်ထဲထင်လျင် တစ်ဖွဲ့လုံးနှင့် တစ်ယောက်တည်းဖြစ်ပစေ။ အခြေအတင်ဆွေးနွေးငြင်းဆိုသည်။ 

ခေါင်းစဉ်တစ်ခုအတွက်တောင် ဤမျှဆွေးနွေးရပြီးဆိုလျင် ဘ၀တစ်လျောက်လုံးအတွက် ဆုံးဖြတ်ချက်ကား မည်မျှ အချိန်ယူစဉ်စားရမည်ဖြစ်ကြောင်း အချက်အလက်ကောင်းကောင်းကို ရစေသည်။
ကိုချက်ကြီးကား စိတ်အားထက်သန်စွာ စည်းရုံးသည်။
စိတ်ပါဝင်စားစွာပါဝင်ဆင်နွှဲသူတို့ဖြင့် ညံစီနေတတ်သည်။
ကျောင်းပိတ်လုနီးနီးတွင် ခေါင်းစဉ်တစ်ခုရလိုက်သည်။

“ကြိုးပြတ်သွားသော ပန်းတစ်ကုံးကို ခြေရာခံခြင်း”

ထိုခေါင်းစဉ်ကို ကျောင်းတော်သားတိုင်းနှစ်သက်ကြသည်။
စာအုပ်အဖြစ်ထွက်ပေါ်လာသောအခါတွင်လည်း စာနု၊ စာယဉ်၊ စာခန့်များဖြင့် ကြည်နူးစရာကောင်း ခဲ့ကြသည်။ 

တောင်တန်း သာသနာပြုဘ၀တွင် ကျောင်းတော်သားကြီးရေးသော ကဗျာများကို ဖတ်ရင်းအားတင်း အလွမ်းဖြေရသည်။ 

ယခုတိုင်းလည်း အားတင်းလျက်ဖြင့် အမှတ်ရနေဆဲပါ။
............................................
သို့.
ဦးဝဏ်ဏိတ( ခ) ကိုချက်ကြီး..
သတိတရဖြင့် စာရေးလိုက်ပါတယ်။ ၂၀၀၇ခုနှစ်၊ မန်းတက္ကသိုလ်ကျောင်းတော်များရဲ့ လက်ဆောင်မွန် address book လေးကို တိုင်ပင်ဆွေးနွေးကြတော့ “ကြိုးပြတ်သွားသော ပန်းတစ်ကုံးကို ခြေရာခံခြင်း”တဲ့။
စေ့စေ့တွေးတော့ ရေးရေးပေါ်ဆိုသလိုပေါ့ဘုရား။ 

အခုတော့ တပည့်တော်တို့နဲ့ အတူတက်ခဲ့ကြတဲ့ ကျောင်းတော်သားကြီးတွေထဲက တစ်ချို့ကတော့ အမိကျောင်းတော်ကြီးရဲ့ အင်္ဂလိပ်ဌာန၊ ပါဠိဌာန၊ ၀ိနည်းဌာန၊ သုတ္တဌာနစသည်တွေမှာ ဆရာတွေ အဖြစ်ကျန်ရစ်ခဲ့ကြတယ်ဘုရား။ 

တစ်ချို့ကတော့ လူအများကိုတရားဓမ္မဟောပြလမ်းညွှန်ရင်း နေရစ်ကြရဲ့။ 
တစ်ချို့ကတော့ ငယ်စဉ်က တောရွာကျောင်းလေးမှာ ရွာဦးဆရာတော် အဖြစ်နဲ့သီတင်းသုံးနေကြရဲ့။ တစ်ချို့တော့လည်း တောင်ပေါ်မြေမှာ သွေးချင်းတို့ အတွက် ပေးဆပ်ရင်း သာသနာဆက်ပြုနေကြတယ်။
ပညာရေးခရီးမဆုံးနိုင်သေးသူများကတော့လည်းသီရိလင်္ကာနိုင်ငံမှာလည်း ကျောင်းတက်နေကြတယ်ဘုရား။ 

တစ်ချို့ကြတော့လည်း အိန္ဒိယမှာ ကျောင်းတက်နေကြရဲ့။ တစ်ချို့က ထိုင်းနိုင်ငံမှာပေါ့ဘုရား။ 
စင်္ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံတို့မှာလည်းရှိကြရဲ့။ အမေရိကနိုင်ငံတောင် တစ်ချို့က ရောက်လို့ပေါ့ဘုရား။
တကယ်ကြိုးပြတ်သွားတဲ့ ပန်းတစ်ကုံးဆိုတာ သိလိုက်ရပါပြီ။
ဘယ်သူပြန်စီလို့ ရနိုင်ပါတော့မလဲဘုရား။

ရာသီတိုင်းမှာ ခရေတွေဝေ၊ လေပွေတွေထ၊ နန်း ကျုံးတော်နဲ့ ပနာရနေတတ်တဲ့ မန်းကျောင်းတော်သား များကို သတိရတရှိနေမြဲပါလို့။ အခုရော ကိုချက်ကြီးဘယ်ရောက်နေလဲဗျ။ 

စာသင်ခန်းအတွင်းက အရှင်ဘုရားရဲ့ ရယ်မောဖွယ်ပြောဆိုဟန်တို့ကို သတိတရရှိဆဲနေပါဘုရား။
နောက်ကြုံရင်လည်း စာရေးပါဦးမယ်။ 

ချမ်းမြေ့ပါစေဘုရားး။

ဘုန်းတော်ကြီး ဦးပဒုမ


တပည့်တော်တို့ ၊ ကိုယ်တော်တို့သင်နေတဲ့ ဘုရားဟော တရားတွေဆိုတာ ပါဠိဘာသာနဲ့မှတ်တမ်း တင်ထားတာပေါ့။ 

ဒါကြောင့် ပါဠိကို တတ်ကျွမ်းပြီး သဘော အဓိပ္ပာယ်ကို ကိုယ်တိုင်နားလည်သလို၊ သူများကိုလည်း ဘုရား အာဘော်ကျအောင်ပြောပြနိုင်ရမယ်။ ဒါဆို သာသနာပြုတယ်ခေါ်တာပါပဲ။

လူတွေ ပါဠိမသိလိုက်ပုံကို ကိုယ်တွေ့မို့ ပြောရဦးမယ်။
တပည့်တော်တို့ရွာမှာ ကထိန်လုပ်တော့ မန်းလေး အိမ်တော်ရာ သင်္ကန်းတန်းမှာ သင်္ကန်း လာဝယ်ရ ပါတယ်။

ကိုယ်လိုချင်တဲ့ သင်္ကန်း စုံရေပြည့်တော့ ပါဆယ်အထုပ်အကြီးကြီးထုပ်လိုက်ရတာပေါ့။
အဲဒါနဲ့ အရောင်းစာရေးလေးက လှမ်းမေးတယ်။
ဘုန်းဘုန်း ဘွဲ့တော်မိန့်ပါဦးဘုရား..ဆိုတော့..
တပည့်တော်က လှမ်းပြောလိုက်တယ် ဦးပဒုမလို့..၊

ခဏနေလို့ ပစ္စည်းစုံတော့ ပြန်မယ်ပေါ့။
ကိုယ်လိုချင်တာတွေစုံ မစုံစစ်လိုက်တော့..
အား လား လား တပည့်တော်ဘွဲ့ကို စာရေးလေး ရေးထားလိုက်ပုံများ..
ဘုန်းဦး ဦးဘလူးမ တဲ့..။
ပဒုမက ဘလူးမဖြစ်ရတယ် ..၊ ကိုယ်တော်တို့ရေ.
...............................................................
မန်း သာသနာ့ တက္ကသ်ုလ်၊ ပြန့်ပွားဌာနမှူး ဆရာတော် ဦးပဒုမသို့ ဦးညွတ်လျက်ဖြင့်။

ပြောတတ်သေးပါဘူး


ရှမ်းပြည်ကိုရောက်တယ်။
တို့သွေးချင်းများကို တွေ့ရလို့ ၀မ်းသာမိတယ်။
ရိုးသားခြင်းတို့ကို အထင်းသားတွေ့နိုင်တယ်။
ဗုဒ္ဓသားသားတော်မြေးတော်ရဟန်းငယ်များနှင့် ကိုရင်ပေါက်စနလေးများကိုတွေ့ရတယ်။

ကိုရင်..၊ မန်းလေးပြန်ရင် လိုက်ခဲ့လေ..၊
အာ..တပည့်တော် ဗမာစကားမပြောတတ်သေးဘူး..၊

ဟင် အခုကိုရင်ပြောနေတာ ဗမာစကားပေါ့..၊
အင်..၊ အဲလောက်လေးပဲပြောတတ်သေးတယ်..။
ရိုးသားခြင်းတို့ကို အထင်းသားတွေ့ရတယ်။

မနက်ခင်းများစွာ


မန်းတက္ကသိုလ်ကျောင်းတော်ကြီးဖွင့်ခါစအချိန်သည် ကျောင်းတော်ကြီးက သင်တန်းကင်းလို့ တိတ်ဆိတ်နေ သလောက် ရပ်ရွာ မြို့နယ် အသီးသီးက ပြန်ရောက်ကြသော ကျောင်းသားတို့ကား ရွှင်မြူးလျက်ရှိသည်။ 

အိပ်ဖောင်းနေသည်။ တက္ကသိုလ်ကျောင်းတော်သားကြီးကို ငယ်ဆရာတစ်ဖုံ၊ ခမည်းတော် မယ်တော်က တစ်မျိုး၊ ဆွေမျိုးများကလဲ လှူလိုက်ကြသည်မို့..၊
မနက်ခင်းဆွမ်းကျောင်းခေါက် အုန်းမောင်းသံသည် တစိမ်းဆန်နေတတ်သည်။
တိ-နိ ဆိုင်လေးဆီချီတက်ပြီး သင်တန်းမစမီ အပီနှပ်နေတတ်သည်။
ကိုယ်တင်မဟုတ် ကျောင်းသားတိုင်းလိုလိုဆုံတတ်ကြသည်။
အတန်းတက် အောင်မြင်သူတို့လဲ အောင်ပွဲအနေနဲ့ ဧည့်ခံတတ်ကြသည်။
ကျရှုံးသူတို့လဲ မမှုလောက်ပါဘူး အနေမျိုးနဲ့ ပျော်ပျော်ပါးပါးဧည့်ခံတတ်ကြသည်။
စားပွဲထိုးလေး မောင်အာနိုးကား လက်မလဲအောင်ရှိလှသည်။
................
.....................

ဝါတွင်းရောက်တော့ ခြေငြိမ်လာပြီ။ စာတွေလဲ များလာပြီ။
အိပ်ထဲကသာ နည်းလာသည်။
ဥပုသ်နေ့လောက်သာ မောင်အာနိုးနဲ့တွေ့နိုင်သည်။
“အာနိုးရေ ဖန်ချို...”
ဦးဇင်းမတွေ့တာကြာပြီနော်..၊
စာတွေများနေလို့ ညီလေးရေ..၊
အမှန်တိုင်းပြောရင် အာနိုးက အထင်သေးသွားမှာပေါ့။
မရတတ ရတတလိုမျိုးဖြစ်နေသော စာကို တွေးရင် ဖန်ချိုတွေ အေးကုန်တတ်သည်။
..............
....................
သီတင်းကျွတ်လုပြီ ကုသိုလ်တော်ဘုရားနားတွင် ၀ါးလုံးတွေပုံလာပြီ။
လမ်းဘေးတွင် ကြော်ငြာဆိုင်ဘုတ်ကြီးများကို တွေ့နိုင်သည်။
မိုးမင်းရဲ့ ဇာတ်ပွဲ။
မိုးကြိုးငှက်ငယ်တို့ရဲ့ ဟစ်ကြွေးသံ။
တင်မောင်ဆန်းမင်းဝင်းရဲ့ ကြွနေတဲ့ ကဟန်။
ဆယ့်နှစ်ပွဲ ဈေးသည်တို့ရဲ့ အတိုင် အဖောက် အငြင်းအခုန်များကြောင့် ခရေအကြွေတောင် မှန်မှန် မကောက်နိုင်တော့။
...................
....................
စာမေးပွဲဖြေဖို့ တစ်ပတ်အလို တိ-နိကိုရောက်ဖြစ်သည်။
“အာနိုးရေ ဖန်ချို”
စာတွေးရင်း ငေးနေခိုက် တက္ကသိုလ်တက်ပြီးကတည်းက မတွေ့ဖြစ်တဲ့ ငယ်သူငယ်ချင်းက..
ဟာ ကိုယ့်လူ အခြေအနေဘယ်လိုလဲ..
နီးရာခုံတွင်သူ ၀င်ထိုင်သည်။
ကိုယ်က အိမ်ရှင် သူက ဧည့်သည်ဖြစ်နေသည်။
ဒီလိုပါပဲ..၊ အခြေအနေကောင်းပါတယ်..
ကိုယ်တိုင်ကလဲ ဖန်ချို တစ်ခွက်စာသာပါလာသောကြောင့် ဧည့်ခံရေးခက်နေသည်။
အာနိုးရေ ဖန်ဆိမ့်တစ်ခွက်ချဟေ့..၊

ငယ်ပေါင်းနဲ့ ရွာ အကြောင်း၊ ရပ်အကြောင်း နှောင်းပုံပြင်တို့ကို ကုန်သလောက်ဖြစ်အောင်ပြောဖြစ်ကြ သည်။ သူပြန်တော့ ဆိုင်အပြင်လိုက်ပို့လိုက်သည်။
ပြီးတော့ အာနိုးဆီပြန်လာသည်။
အာနိုးရေ နောက်မှာတဲ့ ဖန်ဆိမ့် တစ်ခွက်ဖိုး မှတ်ထားနော်..၊
အာနိုးကား မဲ့ပြုံးလေးပြုံးပြသည်။
................
..................

မနက်ခင်းဆွမ်းကျောင်းအုန်းမောင်းခေါက်သံ နားဝင်ချိုလာသည်။
ဆွမ်းကျောင်းတက် စောင်းတန်းတွင် သူငယ်ချင်းက..
ဟာ ကိုယ့်လူ စောစောစီးစီးပါလားလို့..
အင်း စာလေးတွေ ကျက်ချင်သေးလို့ပါ..

မသိတာကြလို့ သူလဲ ကိုယ်လိုပါပဲ။
မကြာခင်သီတင်းကျွတ်ပါဦးမည်။

................................

မန်းသာသနာ့တက္ကသိုလ်ကျောင်းသားဘ၀ရဲ့ မနက်ခင်များကို လွမ်းမောလျက်။

 

ကျနော် ကိုထီးပါ


“အညာမြေဆီကို ရောက်လာ ကျနော်ဟာ တောင်ပေါ်သားပါ
ပညာသင်ချိန် မန်းမြို့တက္ကသိုလ်မှာ အချိန်တန်အိမ်ပြန်ရမယ်..”

ရှမ်းတောင်ကြီးရဲ့ ၀န်းခွေပတ်လည်နေသော ကားလမ်းလေးတွင် ခရီးသည်တင်ကားလေးပြေးနေသည်။

ချိုင့်တွေက ပေါပေါ ကျင်းတွေက ဆိုးဆိုး..ဇော်ချွေးလေးများ ပြန်နေအောင်မောင်း တယ်....ဆိုသလိုဖြစ်နေ သည်။ ရှမ်းအဆိုတော်များရဲ့ တောင်ပေါ်သီချင်းလေးများဖြင့် ပျော်စရာပါ။
တစ်ကွေ့ကျော်ပြီး တစ်ကုန်အတက်မှာ ခရီးသည်တင် ယဉ်လေးထိုးရပ်သွားသည်။

ဟာ..၊ မတက်နိုင်တော့ဘူးဗျာ..
ဆင်းပြီးတွန်းကြပါဦး..၊ မိန်းမသားနဲ့ကလေးတွေကလွဲလို့နော်..၊
ကားစပယ်ယာက ဆင်းပြီးတွန်းရင်းအော်သည်။

ကားခေါင်းမိုးပေါ်တွင် ခရီးသည် တစ်ဦးကား မျက်မှန်အ၀ိုင်းကြီးတတ်၊
ဂီတာကြီးလက်ကိုင်ကာ ထိုင်နေသည်။
ဟေ့လူ..၊ ဆင်းလေဗျာ..၊
ဒီမှာ ကားရှေ့ဆက်မတက်နိုင်တော့လို့ တွန်းပါဦးဆိုနေ..၊

ဗျာ..အော်..၊ ကားဆရာ ကျနော်.. ကိုထီးပါဗျ..၊
ဟေ့ ကောင် ထီးတွေ ဖိနပ်တွေ မလိုချင်ဘူး..၊
ဆင်းတွန်းမှာသာ တွန်းစမ်းပါ။

ထိုသောအခါ ရှမ်းအဆိုကျော်ကြီး စိုင်းထီးဆိုင် ကားဆင်းတွန်းရသတည်း။
ကြားဖူးတာပါ။
.....................

“မြင်စေချင်တယ် ရိုးရာ..
သင်စေချင်တယ် ရှမ်းစာ...
တောင်ပေါ်မြေဆီလိုက်ခဲ့စမ်းပါလား...”

ထို သီချင်းလေးဖြင့် ခရီးသည်တင်ကားလေးဆက်ပြေးနေလေသည်။