Pages

Tuesday, January 17, 2012

တက္ကသိုလ်ကျောင်းသား


“From sannna to panna
‘မှတ်ရတယ်ဘုရာ့၊ အရှင်ဘုရားတို့များများမှတ်မှ ပညာရတာ၊

အတ္ထော အက္ခရသညာတော တဲ့ ဆိုခဲ့ပြီးသားပဲ၊ သဘောမပေါက်ကြတာလို့ တပည့်တော်ထင်တယ်၊
နားလည်သဘောပေါက်တာကိုစာနဲ့လိုက်ပြီးမှတ်လို့သဒ္ဒါဆရာကြီးက ပြောတာပါ၊ အဲဒီဘေးကစာသားလေး
တွေက အလှတတ်ထားတာလို့ မယူဆနဲ့ ရေးပြီးမှတ်လိုက်ရတယ်၊ 

အင်္ဂလိပ်စာဆိုတာ အဖတ်ချည်းရနေလို့ မဖြစ်သေးဘူး၊ အသံလဲ ထွက်တတ်ရတယ်၊ တစ်ချို့က ပါးစပ် ရှက်လို့တဲ့ အသံထွက်ရမှာ၊ အဲဒါ ကွဲကွဲပြားပြား မသိတာပဲ၊ ရှက်တယ်ဆိုတာ စိတ်၊ ပါးစပ်နဲ့ ဘာဆိုင်လို့လဲ စိတ်ကိုပြောင်းလိုက်ပါ’၊

မန္တလေးမြို့၊ မြို့လယ်ဆူးခါးတိုက်တွင် ဖွင့်လှစ်ထားသော ဆရာကြီးဦးမြင့်ဆွေ ( မဟာဝိဇ္ဇာ လန်ဒန်) ၏ Buddhist academy ( ယခု၊ Buddhist university) တွင် ဒီပလိုမာကျောင်းသား အဖြစ်ဖြင့် ၂၀၀၁- ၂၀၀၂ ကာလတွင် နေခဲ့ရဖူးသည်၊

နေ့ဆွမ်းစားပြီး ခဏနား ( အိပ်ချိန်မရှိပါ) စာအုပ်၊ စာတမ်း များလွယ်အိပ်ထဲ့ပြီး၊ အနောက်ပြင်၊ ချမ်းသာကြီးမြောက်တိုက်မှ မိုးကောင်းကျောင်းတိုက်၊ ဒက္ခိဏ၀န်ကျောင်းတိုက်တို့မှသည် ၂၉ လမ်းသို့ ထွက်ပြီး ၈၄လမ်းမကြီးအတိုင်း တောင်ဘက်သို့ တက် ၀င်လိုက်ရုပ်ရှင်သို့ အရောက်တွင် အရှေ့ ဘက် ၈၃လမ်းသို့ ကွေ့လိုက်ရသည်၊ ထိုမှသည် တောင်ဘက်သို့ အနည်းငယ်သွားလိုက်ပါက ၈၃လမ်း ဘယ်ဘက် အခြမ်း sliver swan hotel နှင့် မျက်နှာချင်းဆိုင်သည် ဆူးခါးတိုက်၊ Buddhist academy ပင်ဖြစ်သည်၊ 


ထိုကျောင်းတွင် လေးပြင်လေးရပ်မှာ စာလိုက်သံဃာများသည် M.A တန်းမှသည် ဒီပလိုမာအထိသင် ယူနေကြသည်၊ ဒီပလိုမာတန်းတွင် ပါဠိ၊ သက္ကတနှင့် အင်္ဂလိပ်တို့ကို အချင်းချင်း နှိုင်းယှဉ်ပြီးလေ့လာ ရသည်၊ တစ်ပတ် တွင် လေးရက်ကျောင်းတက်ရသည်၊

နေ့လည်ပိုင်းတစ်နာရီတွင် သင်တန်းစသည်၊ ညနေပိုင်း လေးနာရီကျော်ကျော်တွင် အတန်းပြီးဆုံး သည်၊ နေ့ခင်းနှစ်နာရီဝန်းကျင်တွင် ခဏနားသည်၊ ခဏ အနားရချိန်တွင် တက္ကသိုလ် အ၀င်ဝ ဘယ် ဘက်ဘေးတွင်ရှိ သော ဥတ္တလွင်ပြင် စာအုပ်ဆိုင်တွင် စာအုပ် အဟောင်းရှာကြသည်၊ ခေတ်ကာလ အရ ထုတ်ဝေခွင့်မရကြသော စာအုပ်ထဲက မျက်နှာတစ်ချို့မှတ်မိနေသည်၊

တောင်တွင်းကြီး ဆရာတော် ဦးဥက္ကဋ္ဌရဲ့ ကပ္ပပြဿနာ၊ လူသေလူဖြစ် လိုစာအုပ်၊ မြန်မာ့ ရောင်ထုံးနှင့် အလွန် ခန့်ညားနေသော မျက်နှာရှင်ကြီး သခင် ကိုယ်တော်မှိုင်း၊ ကွမ်းအစ်ကြီး  ရှေ့ချလို့ပေါ့၊ ခပ်မော့မော့ အနေအထား နှင့် မြန်မာ လူထုကြီးကို မိန့်ခွန်းခြွေနေသော ဗိုလ်ချုပ် စသည်သည်ပေါ့၊ အခုတော့မြန်မာနိုင်ငံတွင် ဗိုလ်ချုပ် မိန့်ခွန်းခြွေနေဟန်ကို အဟောင်းဆိုင်တွင်ကြည့်ရန် မလိုတော့ပါတဲ့..၊

မန်းတောင်ခြေက ခြင်္သေ့ကြီးတွေနဲ့ အပြိုင်၊ ကျုံးရေပြင်ကြီးနဲ့ ယှဉ်လျှက်၊ နာရီစင်ကြီးကို ၀ိုင်းကြီးပတ်ခွေ လို့တစ်မျိုး၊ ညနေဈေးတန်းရဲ့ မီးမှိန်မှိန်အောက်တွင် အရောင်တောက်လျှက်တစ် ဖုံ၊ ကျောင်း သူ၊ ကျောင်း သားများရဲ့ ရင်ဘတ်နှင့် ကျောပေါ်စုံလို့ပါပဲ…၊ ပြန်တွေးကြည့်လိုက်တော့ ဗိုလ်ချုပ်ဆိုတာ အဟောင်းဆိုင်မှာ ထား ရမယ့် အရာမှ မဟုတ်တာပဲလေ..၊ 
အခုထိမြင်ယောင်နေမိပါသည်၊ အပြစ်ကင်းပြီး အားမာန် အပြည့်နှင့် ခပ်တောင့်တောင့်ကြီးရပ်နေတဲ့ ဗိုလ်ချုပ်ကို..။

Buddhist academyက အောင်လက် မှတ်ပေးတော့ မစိုးရိပ်တိုက်သစ် အဓိပတိဆရာတော် ဦးရာဇဓမ္မာဘိဝံသမှ ဆရာကြီးဇော်ဂျီ၏ သင်သေသွားသော်ကို ရွတ်ပြပြီး..

“ဒီကဗျာကို ဆရာကြီးရေးတော့ ဒို့နိုင်ငံလွတ်လပ်ရေး မရသေးဘူး၊ မျှော်မှန်းခဲ့တာကြာပေါ့၊ အခုဖြစ်ပြီလား၊ ဦးဇင်းတို့ ကဗျာ ထဲကအတိုင်း မဖြစ်သေးဘူးနော်၊ အားထုတ်ပြီးစာကို တတ်အောင်သင်ကြပါ၊ ပြီးရင် စာနဲ့ တိုင်းပြည်ကို ထွန်းပြောင်အောင်လဲ လုပ်ကြရဦးမယ်”။ မူရင်းကဗျာတွင် အဆုံးပိုဒ်တွင် “ပြောင်လျက် ၀င်းလျက် ကျန်စေသတည်း”ဟုရှိသည်၊

ဆရာတော်မှ “ရွှေရောင်ဝင်းလျှက် ကျန်စေသတည်း”ဟု သြ၀ါဒတွင် ထည့်သွင်းရွတ်ဆိုသွားသည်ကို အမှတ်ရ နေမိ ပါသည်။ 



ပြည်ပနိုင်ငံသို့ ထွက်ခွာပြီး နိုင်ငံတကာ တက္ကသိုလ်ကြီးများတွင် တက်ရောက်သင်ယူလိုသော စိတ်ဆန္ဒ သည် ဘ၀အချိုး အကွေ့ကို ဖြစ်စေခဲ့သည်၊ ထိုစဉ်က Buddhist academy သည် ပြည်ပနိုင်ငံ တက္ကသိုလ်တစ်ခုသို့ တက်ရောက်ခွင့် မရသေးပါ၊ ယခုကာလ ပြည်ပနိုင်ငံများတွင် Buddhist academy
( Buddhist university) မှကျောင်းသားများသည် ငါးဆယ်ကျော်လောက်ပင်ရှိနေပြီဟုသိရသည်။

‘ဦးဇင်လေးး ပါရာဇိကဏ်စည်းမျဉ်းဆယ်ချက်ပြောပြစမ်းပါ’၊

တစ်၊ အနက်ပေး၊
နှစ်၊ ကျမ်းတက်၊
သုံး၊ ၀ါကျခွဲ..

‘တော်ပြီရပြီ  ကိုယ်တော်လေး’၊

တက္ကသိုလ်တွင် ရေးဖြေတစ်ရက်၊ နှုတ်ဖြေတစ်ရက်ဖြေကြရသည်၊ ရေးဖြေအောင်လျှင် နောက် တစ်ရက်တွင်
နှုတ်ဖြေ ဖြေကြရသည်၊ နှုတ်ဖြေနေ့က အထက်ပါအတိုင်း လူပုဂ္ဂိုလ်တစ်ယောက်နှင့် ဌာနမှူး ဆရာတော်နှစ်ပါးမှ မေးခွန်းကိုယ် စီမေးကြပါ သည်၊ ဖြေဆိုသူ စာဖြေရှင်က ရလောက်သည်ထင်လျှင် ဆက် မမေးကြပါ၊

အမှတ်ရနေပါသည်၊ ဆရာတော်တစ်ပါးမှ “ဦးဇင်း တို့တက္ကသိုလ်က အင်္ဂလိပ်စာသင်ရတယ်၊ အေ ဘီ စီ ဒီ ရော ရေးတတ်လား”၊
တင်ပ၊

Buddhist academy တွင် ပူပူနွေးနွေးသင်ခဲ့တာလေးတွေတော့ ရွတ်ပြလိုက်မယ်ကြံတုန်း..

ပေါရိသျံကို ဉာသ်ကောက်ပြစမ်းပါတဲ့..၊

“ဘုရား..”၊

အဲဒီဘုရားဆိုတဲ့ အသံနည်းနည်းကျယ်သွားတယ် ထင်ပါသည်၊
စိတ်ကြံကြံ ထားတဲ့ ပါးစပ်ထဲက အေ ဘီ စီတွေထွက်မကျအောင်မနည်းထိန်းလိုက်ရပါသည်၊
မေးတဲ့သူဆိုတော့လဲ မေးကြတာပါ၊ ဘာမှကိုမဆိုင်ပါ၊ တက္ကသိုလ်ဝင်တန်းစာဖြေရှင်များသတိထားရန်ဖော်ပြ လိုက်သည်၊ အကွက်စုံအောင်ကြည့်ထားပါ၊

အဲလိုကောက်ကာ ငင်ကာဝင်လာတဲ့  မေးခွန်းတွေကို အနိုင်နိုင်ဖြေရင်းနဲ့ နန်းရှေ့ရပ်ကိုရောက်ခဲ့သည်၊
တက္ကသိုလ်ကြီးထဲဝင်လိုက်တော့ စိမ့်ကနဲ့နေသည်၊ အရှိန်အ၀ါကြီးလှပါလားလို့လဲ စိတ်ထဲတွေးနေမိပါသည်၊ တက္ကသိုလ်ကြီးကို ထူထောင်တော်မူသော မင်းကွန်း ဆရာတော်ကြီး၏ ရုပ်တုတော်ထားရှိရာ စံကျောင်း ဆောင်သည် ရွှေရောင်ပြေးလျှက်ရှိသည်၊

ဘယ်ဘက်ခြမ်းရှိ အဆောင်( ၂) ကိုလိုက်ရှာရသည်၊ မန်း သာသနာ့ တက္ကသိုလ်ကျောင်းသား ဘ၀တွင် အဆောင်( ၂) အခန်း ၁၉ တွင်နေခွင့်ရသည်၊ ရောက်ခါစဆိုတော့ ကျောင်းသားချင်းပင် လန့်နေကြသည်၊ အရပ်မြင့်ပြီး ဂိုက်ကောင်းလျှင် ဆရာမှတ်ပြီး လက်အုပ်လေးချီ ဦးညွတ်ပြီး တလေးတစားရှိနေရသည်၊ သူလဲ အဆောင်လိုက် ရှာနေသည်ဆိုသဖြင့် ကျောင်းသားသစ်မှန်းသိရသဖြင့် မလုံမလဲဖြစ်ရသည်၊ ထိုအဖြစ်မျိုး ကိုယ်မှာသာဖြစ် သလားမေးကြည့်တော့သူတို့လဲ ဖြစ်တာပါပဲတဲ့၊ နောက်တော့ ထိုဖြစ်ရပ်များသည် စာသင် ခန်း၌ ဆရာ မလာသေးခင် ရည်စရာဖြစ်နေတော့သည်၊ ရှိပါသေးသည်၊

မန်း သာသနာ့တက္ကသိုလ်ကြီးသည် မြောက်ဘက်တွင် အဆောင် ၁ မှသည် အဆောင် ၁၂ တိုင်အောင် တညီ တညာတည်းရှိသည်၊ လေးဆောင်တစ်တန်းဖြစ်သည်၊ တောင်ဘက်တွင် အဆောင် ၁၃ မှသည် အဆောင် ၂၂ အထိ ဆယ်ဆောင်ရှိသည်၊ စာသင်ခန်းမှ အပြန် အဆောင်ပျောက်သောကျောင်းသား များရှိသည်၊

အဆောင်မှား တက်တတ်ကြသည်၊ ခါးတွင် ပါသောသော့နှင့် အကြိမ်ကြိမ်လှည့်ဖွင့်ရာ မပွင့်သဖြင့် သေချာ ကြည့်မှ အဆောင်မှားတတ်မိခြင်းဖြစ်ကြောင်း သိရသည်၊ ရှက်ရှက်နှင့်ပြန်ဆင်းသည့် ဖြစ်ရပ်များ ကျောင်းဖွင့် ခါစ တွင်ကြားရလေ့ ရှိသည်၊ ပထမခြောက်လပတ် ဖြေခါနီးတွင် ခရေတောကို ခြေဆန့်နိုင်ပြီ၊ မန်းတောင်တော်သို့ ဘိုးဘိုးကြီးစောင်းတန်း၊ ခြင်္သေ့ကြီး နှစ်ကောင်စောင်းတန်း၊ သစ်ဆိမ့်တိုက် ဘက်နေ တက် သော အနောက် စောင်းတန်း၊ ရွှေကျင်တိုက်မကြီးဘက် ကနေတက်သော မြောက်စောင်း တန်းစ သည်ဖြင့် စောင်းတန်း အစုံက တက်ဖူးပါသည်၊ 



တစ်ခုသော ဆောင်းတွင်ဖြစ်သည်၊ ရွှေကျင်တိုက်မကြီးဘက်နေ မန်းတောင်တော်သို့ တက်ကြ သည်၊ တောင်ထိပ်အရောက်တွင် စောင်တန်းများမှ မဆင်းပဲ တောလမ်း အတိုင်းဆင်းလာရာ တောင်ခြေသို့ မရောက် ပဲ လက်ညှိုးထိုဘုရားကြီး နားသို့ရောက်လာသည်၊ ထိုမှဆက်ကာ ဘိုးဘိုးကြီးစောင်းတန်းဘက် ကနေ တက္ကသိုလ်ပြန်ရောက်သည်၊ ထိုနေ့သည် အပင်းပန်း ဆုံးနေ့တစ်နေ့ဖြစ်ခဲ့ရသလို မိတ်ဆွေ များနှင့် တောနင်း ပြီးပျော်ခဲ့ရဖူးပါသည်၊


အတန်းတင်စာမေးပွဲဖြေလုလု သီတင်းကျွတ်ခါနီးသည် ဘယ်သင်းနဲ့မှ မတူအောင် လွမ်းစရာကောင်းသည်၊ ကုသိုလ်တော်ဘုရားဝင်း အတွင်းက ခရေပင်တို့သည် ပွင့်ကျန် ပန်းခရေတို့ကို လေနဲ့အတူ သင်းပျံ့စေ သည်၊ ရွက်ခြောက်တောကို ဖြတ်တိုက်လိုက်သော လေခပ်ကြမ်းကြမ်းသည် အသည်းငယ်တတ်လျှင် လိပ်ပြာ လွင့်နိုင် သည်၊ 

ဘုရားစေတီမှ ဆွဲလည်းသံ ချိုချိုသာ မရှိပါမူ ရူးသွားနိုင်သည်၊ ခရေရွက်ခြောက်တောတွင် ပွင့်ကျန်ပန်း ခရေ ကောက်ရင်း စာငြင်းရသည်မှာလဲ လွမ်းမောစရာပင်ဖြစ်သည်၊
မန်း မြေတွင် ခရေတို့ ဝေတစ်ချို့၊ ကြွေတစ်ချို့၊ မခို့တရို့၊ ညှို့သလို့ဖြင့် လှနေဦးမည်မှန်း သိပါသည်။ 




No comments:

Post a Comment