Pages

Sunday, July 28, 2013

မေတ္တာ အဆောင်




ကျက်မှတ်နေကျ စာအုပ်၏ စာမျက်နှာတို့ကို တစ်ရွက်ချင်း ပြန်ကြည့်မိရာ အုန်းညွန့် ၀ါဖျော့ဖျော့လေးများ သည် အညွန့်လူနေဆဲပင်ရှိသည်။

တစ်ဆက်တည်း စာအုပ်စင်၏ ထောင့်တစ်နေရာတွင် ကျောက်ခဲလေးများသည် အေးဆေးတည်ငြိမ်လျက် 
ရှိသည်။
.................................................

အမေသည် ခရီးဝေးက မမောမပန်းလာရသည်။ နေပူကြဲကြဲတွင် ချွေးတစ်ရွှဲရွှဲဖြင့်..။

အောင်မလေး..ငါ့သားနှယ် နေများပူလိုက်ပုံနှယ် ပြောမပြောချင်ဘူး။

အော်...၊ ဒကာမကြီးကလဲ ဆိုက်ကားငှားခဲ့ ပြီးရောဟာကို..၊
နေပူကြီးထဲ တစ်ယောက်တည်းလာရတယ်လို့....။

အိုး..၊ ကိုရင်ကလဲ တပည့်တော်က လာနေကျ..။
ဆိုက်ကားငှားစီးရင် အနည်းဆုံး နှစ်ရာ သုံးရာတောင်းမယ့်ဟာကို.။

အမေသည် စာမေးပွဲရာသီ နီးတိုင်း ဟို အဝေးတောရွာကနေ  စာသင်တိုက်သို့ ရောက်လာတတ်သည်။

စာမေးပွဲစာကျက်ရင်တော့ အားဖြစ်အောင်လို့ ကိုရင်ရဲ့..ဟောဒီမှာ ငှက်ပျော်သီး၊ ပင်မှည့်နော်။
ဒါက ငါးခြောက်ကို ဆီးနဲ့ ကြော်ထားတာ၊ ကြာကြာထားလို့ရတယ်။
ဟောဒါက ကိုရင့် အစ်မကြီး ထည့်ပေးလိုက်တဲ့ ချဉ်ပေါင်ကြော်ပေါ့..။

အဲ..၊ အဓိကပေးရမယ့်ဟာက ဟောဒီမယ် ကိုရင် ဒါက အုန်းညွန့်..၊ ဗေဒင်မေးပြီးယူလာတာ၊
ကိုယ့်ကျက်မယ့် စာအုပ်ရဲ့ စာရွက်နှာအကြား ညှပ်ထား၊ စာမေးပွဲအောင်တယ်နော်..။
ကိုယ်ကျက်တဲ့ စာမျက်နှာတိုင်းမှာ ညှပ်ထား။

.............................

ဝါကျွတ်ခါနီးလျင် အမေလာပြန်သည်။ 

ဒကာမကြီး..၊ ကိုရင် ကျောင်းပိတ်ရင် သူငယ်ချင်းတွေနဲ့ ရှမ်းပြည်လိုက်သွားမလို့ပါ။
ရွာကိုနည်းနည်းနောက်ကျပြီးမှ ရောက်မယ်နော်..၊

တပည့်တော်မက အဲဒါသိလို့ ကိုရင်ဆီခဏလာတာပေါ့..၊
ရှမ်းပြည် ရှမ်းရွာဆိုတာ နီးတာမှတ်လို့..၊ အမေဖြင့် တစ်ခါမှ မရောက်ဖူးဘူး။
ကိုရင့် ဒကာကြီးတော့ တစ်ခါက ရောက်ဖူးတယ်လို့ပြောဖူးပါ့။
ရာသီဥတုနဲ့၊ အစားအသောက်က ကြမ်းတမ်းသလို၊ ခရီးကလည်း ခက်ခဲတယ်လို့ကြားဖူးလို့..၊

အဲဒါ......
ဟုဆိုတာ အမေသည် ခေါင်းပေါင်းထားလေ့ရှိသော တဘက်အကြားထဲမှ..
ကဲ..၊ဒါလေးဆောင်သွား..၊ ကိုရင်နော်...၊
ခရီးဝေးသွားတဲ့ အခါ ဖြစ်လာမယ့် အန္တရယ်ကို ကျောက်ခဲလေး မင်းသာခံတော့ဆိုပြီး..၊
စိတ်ထဲမှတ်သွား၊ ဘာမှမဖြစ်ဘူးနော်..ကိုရင်..။

ကဲ တပည့်တော်မလဲ ပြန်ဦးမယ်။ ရွာက အိမ်ကအလုပ်များတော့ တပည့်တော်မ မရှိလို့ မဖြစ်ဘူးရယ်။
ဆိုကာ အမေသည် မှာချင်သည်များကို မှာကာ ရွာသို့ ပြန်သည်။
.......................

ဘုန်းကြီးဘုရား..၊ တပည့်တော်မယ်တော်ကြီးက စာမေးပွဲနီးရင်လဲ လာပါတယ်။
ခရီးထွက်မယ်ကြားရင်လဲ လာတတ်ပါတယ်ဘုရား။
ပြီးတော့ အုန်းညွန့်တို့၊ အဆောင်တို့..၊
ပြီးတော့ ကျောက်ခဲစတာတွေကို အန္တရယ်ကင်း အဆောင်အဖြစ်ပေးလေ့ရှိပါတယ်။

မယ်တော်ကြီးပြောသလို အန္တရယ်ကင်းတယ်ဆိုတာ ဟုတ်သလားဘုရား။
ကျောက်ခဲတွေ၊ အုန်းညွန့်တွေက တော့ ဘာမှတတ်နိုင်မယ် မထင်ဘူးနော်ဘုရား။

ခရီးတစ်ခုသို့ ဆရာတော်နောက်မှ အတူလိုက်ပါရင်းမေးလျောက်မိသည်။

အဲ..၊ မိုက်လိုက်တဲ့..ကိုရင်ရယ်..။ မင်းလဲ ကြားဖူးမှာပေါ့..။  
အမေ့ ထမီစလေးနားပန်ထားရင် ကြီးမားတဲ့စစ်ပွဲကြီးတွေတောင်အောင်မြင်ရတယ်ဆိုလေ။

မင်းမြင်နေတဲ့ ကျောက်ခဲလေးဆိုတာကို သာမန်အမြင်နဲ့ မမြင်စမ်းနဲ့၊
အဲဒါ အမေ့မေတ္တာပြယုဂ်ဟဲ့။
စေတနာ အထိမ်းအမှတ်ဟဲ့။
အောင်မြင်စေချင်တဲ့ အမေ့မေတ္တာတွေနဲ့ ထုံထားတဲ့ သစ်ခက်ဟဲ့။

အခု မင်းကို မင်းမယ်တော်ကြီးက ပေးတဲ့ အုန်းညွန့်တွေ၊ကျောက်ခဲတွေဆိုတာ အမေ့ မေတ္တာရဲ့ အထိမ်း အမှတ်တွေမို့ မင်းဆောင်ထားရင် မင်းမယ်တော်ကြီးဖြစ်စေချင်တဲ့ မင်း အပေါ်ထားတဲ့ ဆန္ဒတွေစွမ်း အားတွေမေတ္တာ အစွမ်းတွေကြောင့် အောင်မြင်တာပေါ့ ကိုရင်ရဲ့..။ 
အန္တရယ်ကင်းတာပေါ့။ မင်းမယ်တော်ကြီးရဲ့ မေတ္တာတွေ လွှမ်းခြုံထားလို့ လုံခြုံတာပေါ့ ကိုရင်ရယ်။
................................
  
ကျက်မှတ်နေကျ စာအုပ်၏ စာမျက်နှာတို့ကို တစ်ရွက်ချင်း ပြန်ကြည့် မိရာအုန်းညွန့်ဝါဖျော့ဖျော့လေး 
များသည် အညွန့်လူနေဆဲပင်ရှိသည်။
 

Monday, July 8, 2013

ခရီးသည် အပိုင်း ( ၂)



သီရိလင်္ကာနိုင်ငံ၏ ရတနာ အမြတ်တစ်ပါး 

သီရိလင်္ကာ ကျောင်းများတွင် စေတီတော်ဖြူဖြူတစ်ဆူ၊ စိမ်းညို့ညို့ဗောဓိပင်နှင့် ဘုရားရှင် ရုပ်ပွားတော် သီးသန့် သီတင်းသုံးရာ ဂန္ဓကုဋိကျောင်းဆောင်ရှိသည်။ ရှေးယခင် ဗုဒ္ဓရုပ်ပွားတော်များ မပေါ်မီက ဗုဒ္ဓဘာသာဝင်သူတော်စင်များသည် ပထမဆုံး ဘုရားရှင် ကိုယ်စားတော်ပြုဖြစ်သည့် စေတီတော်ကို အရင်ဆုံးဖူးမြော်ကြသည်။ စေတီတော်ကို လက်ယာရစ်ပူဇော်သည်။ လက်ထဲတွင် ပန်းများကို ကိုင်ထား ပူဇော်လျှက်လှည့်လည်ကြသည်။ 

ထို့နောက် ဗောဓိပင်ကို ပူဇော်ကြသည်။ ပြီးမှ ကျောင်းတိုက် ရှိဆရာတော်အထံမှာ တရားနာ ယူကြ သည်ဟု သမိုင်းစာပေမှတ်တမ်းများ အရသိရသည်။ လက်ရှိ မျက်မြင်တွင်လည်း ယခင်ရှေးနည်း အတူ လာရောက်ပူဇော်ကြသည်များကိုတွေ့ရသည်။ 

ဘုရားပူဇော် ရန်ရောက်ရှိလာသော ဗုဒ္ဓဘာသာဝင် သူတော်ဝင်တိုင်းနီးပါးသည် အဖြူရောင်ကိုသာ ၀တ်ဆင်ထားကြသည်။ စေတီတော်ကို ပူဇော်ကြသည်။ ဗောဓိပင်ခြေတွင် ဆီမီးပူဇော်အာရုံပြုကြ သည်။  ဗောဓိပင်ခြေရှိ ပန်းတင်ခုံမှသည် ရုပ်ပွားတော်ကိန်းဝပ်ရာ ဂန္ဓကုဋိတိုင်အောင်ဘုရား ပူဇော်ရန် ယူဆောင်လာကြသည့် ပန်းများကို တစ်လက်မှတစ်လက် ကလေးလက်မှ လူကြီး လူကြီးလက်မှ ကလေးစ သည်ဖြင့် လက်ဆင့်ကမ်း တင်လှူပူဇော်ကြသည်မှာ အမြင်ထူး၍ကြည်နူးစရာကောင်းလှသည်။ 

ပန်း၊ ဆီမီးကပ်လှူပြီးလျှင် ကျောင်းရှိဆရာတော် အထံတရားမှ တရားနာယူကြသည်။ မိဘများသည် တရားနာနေစဉ်အတွင်း မိမိတို့ သားငယ်သမီးငယ်များကို ရင်ခွင်ပိုက်တင်ထားပြီး သီလယူ၊ တရားနာကြ သည်။ ဗုဒ္ဓဘာသာ အမွေအနှစ်ကို ရင်ခွင်ပိုက်၍ လက်ဆင့်ကမ်း သယ်ဆောင်ကြသည်မှာ ရင်တွင် လှိုက်လှိုက်လှဲလှဲကြည်နူးရသည်။

ကျောင်းရှိသံဃာများနှင့်အတူ ဘုရားဝတ်တက် ပူဇော်ရသည်။ ပါဠိဘာသာ အသွားဖြင့်ရှိခိုးပူဇော်ကြသည်။ အသံမှာမူ မိမိတို့ မြန်မာရဟန်းတော်များကဲ့ သို့မဟုတ်၊ သံရှည်နည်းနည်ဆွဲ၍ ကြည်နူးဖွယ်ရွတ် ဆိုကြ သည်။ 


 သီရိလင်္ကာနိုင်ငံ၊ Kelaniya Universityတွင် ကျောင်းတက်ရစဉ် အမှတ်တရ

ဝါဆိုကာလလွန်မြောက်သောအခါ ဆင်ဟာလီ ဘုန်းကြီးတို့ရွတ်ဆိုသံသည် နားယဉ်ပေပြီ၊ တစ်ခါတစ် ရံကျောင်းထိုင်ဆရာတော်မရှိလျှင် ဘုရားဝတ် တက်လာကြသော ဒကာဒကာမများကို သီလပေးရသည်။ အစတွင်မြန်မာသံမပျောက်သေးသောကြောင့်ရယ်စရာဖြစ်ရသေးသည်။

ရောက်လာ သော ဆင်ဟာလီဒကာဒကာမများကို မြန်မာသံစစ်စစ်ဖြင့် ဌာန်၊ ကရိုဏ်းကျကျရွတ်ဆိုပေး လိုက်သည်။ ဘုရားဝတ်တက်ပြီးသောအခါဒကာ ဒကာမများက မည်သို့မျှ မပြောသော်လည်း ကျောင်းတွင် ရှိသော ကိုရင်(ပေါတိ)မှ ဘန္တေတို့ မြန်မာ ဘုန်းကြီးတွေသီလပေးတာလဲ ငေါက်နေသလိုပဲဟုပြောပါသည်။

မြို့နေလူတန်းစားအားလုံးနီးပါးသည် နိုင်ငံဝန်ထမ်းများဖြစ်သဖြင့် စနေ၊ တနင်္ဂနွေတွင်သာ အိမ်တွင်ရှိကြသည်။ ထိုစနေ၊ တနင်္ဂနွေနေ့များတွင် မြို့ထဲသို့ဆွမ်းစားကြွရသည်။ မြို့ထဲတွင်လည်း ”ဘုရုမေ ဘန္တေ ပဉ္စသီလ”ဟု အမိန့်ရှိပြန်လျှင် ရံခါသီလပေးရသည်။ ကျောင်းတွင်ပေးစဉ် တုန်းကကဲ့ သို့ ငေါက်သံ မပေါက်အောင် သတိထားရသည်။   

တစ်ဝါတစ်သီတင်း သုံးပြီးဆိုတော့ အဆင်ပြေပါပြီ၊ ဆင်ဟာလီဘုန်းတော်ကြီးကျောင်းသည် မိမိတို့ ပညာရေး အတွက်လည်း နေရာကောင်းတစ်ခုဖြစ်သည်။ မြန်မာရဟန်းတော်များ အများဆုံး တက်ရောက်သော Kelaniya universityသည် မိမိတို့ နေထိုင်ရာကျောင်းနှင့်နီးသည်။ Private English school ဖြစ်သော s.v.sနှင့်လည်းနီးပြန်သည်။ ဤသို့ဖြင့် Kelaniya university သွားပြီးအတန်းတက်လိုက်၊ s.v.s privste English schoolသို့ အတန်းတက်လိုက်နှင့် ၀ါကျွတ်ခဲ့ရသည်။ 

ရံဖန်ရံခါ မကုဋာရာမမြန်မာကျောင်းသို့ရောက်သည်။ မြန်မာနိုင်ငံက အပေါင်းသင်း ရောင်းရင်း ဟောင်း ဘ၀တူ ကျောင်းသားဘ၀များ၏ ရှေးဟောင်း နှောင်းဖြစ်များကို ပြောပြီး အလွမ်းသင့်ရ သည်မှာ ရောက်ဖူးမှသာ သိနိုင်လိမ့်မည်ထင်သည်။ အမိမြေနှင့် ဝေးနေတော့လည်း စကားများသည် ပိုရသမြောက်ပြီး၊ ပိုလွမ်းရပြန်သည်။ 

 နီပေါနိုင်ငံ၊ လုမ္ဗီနီရောက် ခရီးသည်

ဆင်ဟာလီစကားနည်းနည်းပြောတတ်ပြီ၊ စာမေးပွဲလည်းနီးခဲ့ပြီ၊ စာမေးပွဲအတွက် စိတ်ကြိုက်ဘာသာ ( choising topic)ရွေးချယ်ခြင်း ရင်ခုန်သံများသည် ညံစီနေလေ့ရှိသည်။ မကုဋရာမမြန်မာကျောင်းတွင် စုပေါင်းတိုင်ပင်ကာ စိတ်ကြိုက် ဘာသာရွေးကြသည်။ ဘာသာရွေးရုံမျှမက တာဝန်ယူဆောင်ရွက် ရမည့် အပိုင်းကိုပါ ဆွေးနွေးကြရသည်။ ကျောင်းသားများထဲမှ နှစ်ပါး တစ်တွဲ၊ သုံးပါးတစ်တွဲစသည်ဖြင့် တာဝန်ယူကြရသည်။ 

မိမိတို့တာဝန်ယူထားသည့်ဘာသာရပ်ကို မပျက်မကွက်တက်ရောက်ပြီး မှတ်တမ်းတင်၊ နုတ်ထုတ်၊
ဆွေးနွေးခြင်းများပြုလုပ်ရသည်။ ဤသို့ဖြင့် ဒီဇင်ဘာလနှင်းတို့ဝေနေချိန် ( လင်္ကာမြေတွင်နှင်း တကယ် မဝေပါ၊ မြန်မာနိုင်ငံနှင့်နှိုင်း၍ဆိုသည်) တွင် ရင်ခုန်သံသည် အကျယ်လောင် ဆုံးဖြစ်ပေမည်။

နှစ်စဉ်ဒီဇင်လာသည် Kelaniya university ၏ အတန်းတက်စာမေး ပွဲ ဖြေဆိုရာကာလဖြစ် သည်။ ဆွေးနွေးကြရသည်။ တိုင်ပင်ကြရသည်။ ပို့ချချက်များကိုနုတ်ထုတ်ကြ ရသည်။ တိုက်ရိုက်လိုက် မမီနိုင် သော ဘာသာရပ်များကို recording လုပ်ရသည်။ ကျောင်းပြန်ရောက်မှ နှစ်ပါး၊ သုံးပါးတွဲ ကာ ပြန်လည် နားထောင်နုတ်ထုတ်ပြီး စာရိုက်ကာ ဖြန့်ဝေကြရသည်။ တိုင်တိုင်ပင် ပင်နှင့် ဘ၀အမော ထဲမှ ပျော်စရာများပင်။

ကြိုတင်ပြင်ဆင်မှုများဖြင့် စာမေးပွဲဖြေဆိုကြရသော ကျောင်းသားများတွင် မြန်မာရဟန်းတော်တို့ သည် အပြုံးအရွှင်ဆုံးမျက်နှာထားရှိကြသည်။ 

ပြုံးနေသောသူများတွင် မိမိကိုယ်တိုင်ပါဝင်နိုင်အောင်ကြိုးစားသည်။ စာမေးပွဲ အတွက်ပြုံးနိုင်ခဲ့ပေမယ့် မပြီးဆုံးသေးသော ခရီးတစ်ခု အတွက် လင်္ကာမြေကို နှုတ်ဆက်ဖို့ကြုံလာချိန်တွင် မျက်ရည်ဝဲ ရသည်။ ကျောင်းထိုင်ဆရာတော်ကြီးက “အာဝုသော တို့ကျောင်းကို ပြန်လာခဲ့ ဦးနော်”တဲ့။

ကျောင်းရှိ ကိုရင်ငယ်(ပေါတိ)မျက်ရည်ဝဲပြီ၊ အသိအကျွမ်းဖြစ်နေပြီဖြစ်သော ဒကာဒကာမများက ပြန်တော့ မယ်ဆို လို့ပြောတိုင်းရင်ထဲ တစ်မျိုးဖြစ်ရသည်။ 
ကိုယ်တိုင်မျက်ရည် မ၀ဲမိအောင်ထိန်းသည့် ကြားမှပင် သူတို့မြင်လေမလား စိုးရိမ်မိသည်။ 

ဒီဇင်ဘာဆောင်းနှင်းတို့ ဝေချိန်တွင် ရှင်မဟိန္ဒမထေရ်မြတ်နှင့်၊ နှမတော်သင်္ဃမိတ္တာတို့ လျှောက်လှမ်း ခဲ့ကြသော လမ်းကိုပြောင်းပြန်ဆန်ပြီးအိန္ဒိယနိုင်ငံသို့ရောက်ခဲ့သည်။ 
အိန္ဒိယရောက်ပြီး မဟာဗောဓိ စေတီတော်မြတ်ကြီးကိုဦးညွတ်ရှိခိုးမိချိန်တွင် အသောကမင်းမြတ်ကြီး၏ ရင်နှစ်သည်ချာ လင်္ကာမြေရဲ့ ဦးစွန်း ဗုဒ္ဓဘာသနာ့ သူရဲကောင်းမောင်နှမ၊ အနုရာဓပူရမြို့ဟောင်းနှင့် ကိုလံဘိုမြို့ရှိ မကုဋရာမ မြန်မာကျောင်းတို့ စိတ်တွင် တစ်ရိပ်ရိပ်ပေါ်လာကြသည်။ 

နိုင်ငံ အစုံက လာရောက်ကြသော ထေရ၀ါဒ၊ မဟာယာန ဗုဒ္ဓသားတော်များနှင့် ဗောဓိပင်ခြေသည်
ရောင်စုံတောက်ပနေသည်။ ဤကဲ့သို့ဗုဒ္ဓဘာသာဝင်များ လက်ထဲ ခိုင်ခိုင်မြဲမြဲနှင့် ဗုဒ္ဓဂယာဒေသ တည်ရှိ
အောင်ဆောင်ရွက်ခဲ့သော လင်္ကာမြေရဲ့ ဗုဒ္ဓသာသနာ့ ထာဝရသူရဲကောင်းကြီး အနာဂါရိက ဓမ္မပါလကို များစွာကြည်ညိုမိသည်။

မောရိယဘုရင် အသောကသည် သား၊ သမီး၊ မြေး သွေးချင်းပေါင်းများစွာဖြင့် လင်္ကာမြေကို ဗုဒ္ဓ သာသနာ့ အောင်လံ တံခွန်အဖြစ် အောင်နိုင်ခဲ့သည်။ လင်္ကာမြေက လင်္ကာသားကြီး အနာဂါရိက ဓမ္မပါလ က ညှိုးမှိန်နေသော အသောကမင်းမြတ်၏ လက်ရာများ ကိုပြန်လည် တောက်ပြောင်လင်းလက်စေသည်မှာ
ကြည်နူးမဆုံးဖြစ်ရသည်။ 

လွန်ခဲ့သော သုံးနှစ်ကျော်ကျော်က ဒေါက်တာဘွဲ့ရ ဆရာတော်၏ လမ်းညွှန်ချက်တို့ကိုပြန်လည်ကြားေ
ယောင်မိသည်။ 


 Annamalai university seminar ရောက် ခရီးသည်

သီရိလင်္ကာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံတစ်ခုဖြစ်၍မြန်မာစာသင်သား ရဟန်းတော်များ ပထမဆုံး သွား ရောက်ပြီးပညာသင်သင့်သည့်နေရာဖြစ်သည်။ ဆက်လက်လေ့လာလိုလျှင် အိန္ဒိယသည် ဒုတိယ အကောင်းဆုံးနေရာဖြစ်သည်ဟူသော စကားများပင်ဖြစ်သည်။ 

အခုတော့ အခြေအနေအရ အိန္ဒိယနိုင်ငံကြီး၏ သီရိလင်္ကာနိုင်ငံနှင့် အနီးဆုံးပြည်နယ်ဖြစ်သော တမီးနာဒူးပြည်နယ်တွင် ကျောင်းတက် နေရသည်။ တောင်ပိုင်းဘက်စွန်းကို ကြည့်ကြည့်ပြီး လင်္ကာမြေကို လွမ်းရသည်။ 

..........................................................................
 
မှတ်ချက်။ ၂၀၁၂၊ ခုနှစ်၊ သီရိလင်္ကာနိုင်ငံ၊ မြန်မာကျောင်းသားရဟန်းတော်များ စုစည်းထုတ်ဝေသော လင်္ကာတမန်မဂ္ဂဇင်းပါ၊ နယ်ကျော်အလွမ်း ဆောင်းပါးကို ပြန်လည်တင်ပါသည်။ 

Monday, July 1, 2013

ခရီးသည် အပိုင်း( ၁)



၂၀၁၀တွင် သီရိလင်္ကာနိုင်ငံသို့ ရောက်ခဲ့ရသည်၊ အခက်အခဲများစွာကိုကျော်ဖြတ်ပြီးရောက်လာခဲ့ ရခြင်းဖြစ်သည်၊ ၂၀၀၉ ဒီဇင်ဘာလတွင် “သာသနတက္ကသီလဓမ္မာစရိယဘွဲ့”ရပြီးနောက် သီရိလင်္ကာ
နိုင်ငံသို့ဆက်လက်ထွက်ခွာပြီး ပညာသင်ရန်စိတ်အားထက်သန်ခဲ့သည်။ 


ထွက်စရဖို့အရေး တောင်ပြေးမြောက်ပြေးပြေးပြီး စုံစမ်းသည်။ အကြံ ပေးချက်များစွာလည်းရပါသည်။ အကြံများနှင့် လုံးထွေးရစ်ပတ်နေရသည်။ အိန္ဒိယနိုင်ငံမှ ပြန်ကြွ လာသော မိတ်ဆွေများမှ အိန္ဒိယနိုင်ငံ သည် မြတ်ဘုရား ပွင့်ထွန်းတော်မူရာ နေရာဖြစ်၍ အခြေခိုင်မာကြောင်း ကြွရောက်ပြီး ပညာသင်ရန် သင့်တော်သည့်နေရာဖြစ်ကြောင်းအကြံပေးပြောဆိုကြသည်။ 

သီရိလင်္ကာနိုင်ငံတွင် ပညာသင်ပြီးပြန်ရောက်လာကြသော မိတ်ဆွေသူငယ်ချင်းများ ကလည်း ယနေ့ ကမ္ဘာတွင် ဗုဒ္ဓဘာသာ အခြေခိုင်ပြီး ခေတ်ပညာ နည်းလမ်းများဖြင့် ဗုဒ္ဓပိဋကတ် တော်များကို ကမ္ဘာသိအောင်ဆောင်ရွက်နေသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ထေရ၀ါဒရဟန်းတော်များဦးစီးဦးဆောင် ကာ တက္ကသိုလ်များထူထောင်၍ သင်ကြားနေသောနိုင်ငံ တစ်ခုဖြစ်ကြောင်း မိတ်ဆက်ပေးကြသည်။
 ကျေးဇူးတင်ရသည်။ အကြံပေးချက်များစွာရပါသည်။ 

ထိုအကြံပေးချက်များနှင့် လုံးထွေးနေရသည်ကို ညအိပ်မှပင် ကောင်းကောင်းသိရတော့သည်။ အိန္ဒိယနိုင်ငံ သွားရမလား၊ သီရိလင်္ကာနိုင်ငံကို ခရီးဆက်ရမည်လား မခွဲခြားနိုင်၊ ပြည်နိုင်ငံသို့ ထွက်ခွာရမည့် ပထမဆုံးခရီးဖြစ်နေ၍လည်း ရင်ခုန်နေမိသည်ကား အမှန်ပင်ဖြစ်သည်။ ရင်ခုန်သံကို အနိုင်နိုင်ထိန်းရင် အတွေးကြောဆန့်ရသည်။ သီရိလင်္ကာနိုင်ငံတွင် ပညာသင်ဖူးသူ၊ အိန္ဒိယနိုင်ငံ တွင်လည်း ပညာသင်ဖူးသူအထံမှ အကောင်းဆုံး အဖြေကိုရနိုင်သည်ဟုကောက်ချက်ချမိသည်။

တွေးသာတွေးမိသော်လည်း ထိုပုဂ္ဂိုလ်မျိုးကိုဘယ်အရပ်ဒေသတွင်လိုက်ပြီးရှာရပါ့။ အတွေးများဖြန့်ရ သည်။ မြင်ဖူးကြားဖူးသမျှကို စာရင်းချတွေးလိုက်မိသည်။ 



ဤသို့ဖြင့် သီရိလင်္ကာနိုင်မှ M.A ရရှိပြီး၊ အိန္ဒိယနိုင်ငံ မွန်ဘိုင်းတက္ကသိုလ်မှ Ph.Dဘွဲ့ရဆရာတော် တစ်ပါးကို အတွေးတွင်မြင်လိုက်ရသည်။ ဆရာတော်သည် သူကိုယ်တိုင် မွန်ဘိုင်းတက္ကသိုလ်၌ ပညာသင်ကြား၊ ကျမ်းရေးနေစဉ်မြန်မာနိုင်ငံသို့ ကြွရောက်လာတတ်သည်။ 

မြန်မာနိုင်ငံရောက်ရှိစဉ် မန္တလေးမြို့၊ သာသနာ့တက္ကသိုလ်တွင်တည်းခိုလေ့ရှိ သည်။ ရောက်တုန်း ရောက် ခိုက် နိုင်ငံခြားအတွေ့အကြုံများနှင့် အင်္ဂလိပ်စာပို့ချပေးရန် ဆရာတော်နှင့်ကျောင်းနေဘက် အဆောင်မှူး သူငယ်ချင်းက ပြောသဖြင့် breakthrought ပို့ချပေးသည်။ မှတ်မိနေသည်မှာ အင်္ဂလိပ်စာသင်တန်း ပို့ချမှုပြီးလျှင် အင်္ဂလိပ်စကားပုံတစ်ခုကို ပြောပြ၊ ရှင်းလင်းတတ်ခြင်းဖြစ်သည်။ 

မှတ်မိနေသေးသည်။ where there is will there is way တဲ့ လိုလျှင်ကြံဆနည်း လမ်းရတဲ့၊ ကောင်းလိုက်တာ ကွက်တိဖြစ်နေလို့ပါ။ ထိုဒေါက်တာဘွဲ့ရဆရာတော်၏ လက်ဆောင်စကား တစ်ရပ်။

ဤသို့ဖြင့် အိန္ဒိယနိုင်ငံလား၊ သီရိလင်္ကာလား မပြောနိုင်သေးသော အခြေအနေကို အဆုံးသတ်နိုင်ဖို့ “လိုလျှင်ကြံဆနည်းလမ်းရ”ကိုမိန့်ကြားခဲ့သော ဆရာတော်နေရာအရပ်ကို ကြိုးစာရှာဖွေရတော့ သည်။

 တွေ့ရပါပြီ၊ ထိုဆရာတော် အထံမှ တန်ဖိုး မဖြတ်နိုင်သော လမ်းညွှန်ချက်နှင့် အားပေးမှုတို့ကိုရရှိခဲ့ရ သည်။ ကိုယ်တွေ့များကိုစေတနာပါပါဖြင့်ပြောပြလိုက်သည်ကို ကြားယောင်နေဆဲပင်။

ဦးဇင်းအခုဝေခွဲရခက်နေတာက အိန္ဒိယနိုင်ငံသွားရမလား၊ သီရိလင်္ကာနိုင်ငံဆက်ရမလားဖြစ်နေ တယ်နော်။ တပည့်တော် အတွေ့အကြုံကိုပြောပြမယ်၊ ဆင်ခြင်သုံးသပ်ပေါ့ဘုရား။

နိုင်ငံခြားထွက်ပညာသင်တယ်ဆိုတာ တပည့်တော်လက်ခံပါတယ်၊ လက်ခံလို့လည်း တပည့်တော်တို့ ကိုယ်တိုင်ပဲ ခက်ခက်ခဲခဲနဲ့ပြည်ပခရီးထွက်ခဲ့ရပါတယ်။ သီရိလင်္ကာနိုင်ငံကိုပထမ ရောက်ပါတယ်၊ အဲဒီမှာ M.A ပြီးပါတယ်၊ နောက်တော့ အိန္ဒိယနိုင်ငံကို ကူးပြီး မွန်ဘိုင်းတက္ကသိုလ်မှာ Ph.D ဆက်လုပ်ပါတယ်။ 

တပည့်တော် အတွေ့အကြုံကတော့ ပြည်ပစထွက်တဲ့မြန်မာကျောင်းသားရဟန်း တော်တစ်ပါး အနေနဲ့ အကောင်းဆုံးနေရာကတော့ သီရိလင်္ကာနိုင်ငံပါပဲ။ ဘာလို့လဲဆိုတော့၊ သီရိလင်္ကာနိုင်ငံဆိုတာ ထေရ၀ါဒ ကျင့်သုံးတဲ့ တိုင်းပြည်တစ်ခုပါ။ ဗုဒ္ဓဘာသာရဟန်းတော်များ အပေါ် အင်မတန်မှ ကြည်ညိုကြတဲ့ တိုင်းပြည်တစ်ခုပါ။ နောက်ပြီးဘယ်နိုင်ကပဲလာလာ သူတို့ ဆင်ဟာလီကျောင်းတွေမှ ကျောင်းနေ၊
 ကျောင်းစားလျှောက်ပြီးနေထိုင်လို့ရပါတယ်။ 

ကုန်ကျစရိတ်သက်ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံလိုပဲ အလှူ၊ ဆွမ်းကပ်ဆိုတာရှိပါတယ်၊ ကျောင်းနေ သံဃာဖြစ်ရင် ကျောင်းထိုင်ဆရာတော်နဲ့အတူ သူတို့ဆွမ်းစားအပင့်အဖိတ်ကိုလိုက်ပါတယ်။ တပည့်တော် အထင်ပြောရရင် မြန်မာနိုင်ငံထက် အပင့် အဖိတ်ပိုများတယ်ထင်ပါတယ်။ ပြီးတော့ တက္ကသိုလ်တွေမှာ ပို့ချတဲ့ ပညာရပ်ကလည်း တပည့်တော်တို့သိအပ်၊ လေ့လာအပ်တဲ့အပိုင်းတွေ ပါပဲ။
ပြီးတော့ သီရိလင်္ကာပညာရှင်တွေဆိုတာ ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး ကမ္ဘာကအသိအမှတ်ပြုရတဲ့ သူများ ပါတယ်၊ 

ဒီတော့ တပည့်တော်အနေနဲ့ပြောရရင် ဦးဇင်းအနေနဲ့ သီရိလင်္ကာနိုင်ငံကိုပဲ သွားစေချင်တယ်။ အဲဒီမှာ M.A ပြီးရင် အိန္ဒိယနိုင်ငံက တက္ကသိုလ်တွေမှာ ဆက်လက်လေ့လာနိုင် တယ်။ ပညာရေးခရီးဆက်နေ သရွေ့တော့ အိန္ဒိယနိုင်ငံကို ရောက်မှာပါပဲ။ 


ဤသို့ဖြင့် သီရီလင်္ကာနိုင်ငံသို့ရောက်ခဲ့ရသည်။ ပထမဆုံးအနေနဲ့ လေယျာဉ်ကွင်းမှထွက်လိုက်စဉ် ပင် ဖြူဖွေးသန့်စင်နေသော ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်များကို ဖူးမြင်လိုက်ရသည်။ လင်္ကာမြေ၏ ဤချစ်ခင်မြတ်နိုးဖွယ် ထုံးစံဓလေ့ကို အများ အပြောရကြားဖူးနေပေမယ့် ကိုယ်တိုင်ကိုယ်ကျဖူးတွေ့ လိုက်ရသောအခါ ရင်ထဲအေးနေသည်။ ဗုဒ္ဓ အရိပ်ပွင့်ထွန်းရာ အမိမြန်မာနိုင်ငံမှ ထွက်ခွာလာသော သကျပုတ္တများ အတွက် ရင်အေးစရာ အကောင်းဆုံးမြင်ကွင်းတစ်ခုဖြစ်ပါသည်။ 

သီရိလင်္ကာနိုင်ငံ၏မြို့ တော်၊ ကိုလံဘိုမြို့ရှိ မြန်မာကျောင်းသားများသီတင်းသုံးပညာသင်ကြားရာ
နေရာ မြတ်သို့ ရောက်သော အခါတွင်လည်း မန္တလေးမြို့၊ သာသနာ့ တက္ကသိုလ်မှ စီနီယာကျသော စာသင်ဘက် ညီတော် နောင်တော်များ အပြင် မန္တလေးမြို့လေးပြင်လေးရပ်မှ မိတ်ဆွေများကို တွေ့ ရသောအခါ ကြည်နူး မဆုံးဖြစ်ရသည်။ မကုဋာရာမ မြန်မာကျောင်း တွင် နှစ်ရက်သာ နေလိုက်ရ သည်။

ကောဟုဝါလရပ်ကွက်၊ ပိပ္ပလိယာနလမ်းဆုံ၊ သီရိသုမနာရာမ သီရိလင်္ကာကျောင်းသို့ ရောက်သည်။ လိုက်လံအပ်နှံကျောင်း လျှောက်ပေးသော မိတ်ဆွေသည် လင်္ကာမြေသို့ခြေမချခင်ကပင် ကျောင်းမှာ
လျှောက်ထားပြီးဖြစ် ကြောင်းပြောပြသည်။ 
 ...............................................

မှတ်ချက်။ ၂၀၁၂၊ ခုနှစ်၊ သီရိလင်္ကာနိုင်ငံ၊ မြန်မာကျောင်းသားရဟန်းတော်များ စုစည်းထုတ်ဝေသော လင်္ကာတမန်မဂ္ဂဇင်းပါ၊ နယ်ကျော်အလွမ်း ဆောင်းပါးကို ပြန်လည်တင်ပါသည်။