Pages

Friday, November 30, 2012

ဗန်ဒါလမ်း တက္ကသိုလ်


တက္ကသိုလ်ဟူသောလမ်းကို စတင်လျှောက်လှမ်းမိတော့ မန်းမြို့ကြီးရဲ့ အထင်ကရ ၈၄ လမ်းပေါ်က ထူးထူခြားခြား ဗန်ဒါပင်ရဲ့ ကြွေကျရွက်အို၊ စိမ်းစိုနေသော ပင်ယံထက်ရွက်ပျို၊ မိုးရေနဲ့ အတူ မျောပါးသွား တဲ့ ရွက်မျောတို့ကိုမြင်ယောင်မိသည်။

ထိုစဉ်က မန္တလေးမြို့၊ ဗုဒ္ဓတက္ကသိုလ်သည် university မဟုတ်သေးပါ။ Buddhist academy ဟုသာ ခေါ်သေးသည်။ သိရီပ၀ရ ဓမ္မာစရိယ၊ မဟာဝိဇ္ဇာ၊ လန်ဒန်၊ ဆရာကြီး ဦးမြင့်ဆွေတည်ထောင် ထားသော private school ဖြစ်သည်။ မန္တလေးမြိုရှိ၊ လေးပြင်လေးရပ်မှ သံဃာတော်များနှင့် လူပုဂ္ဂိုလ်များ တက် ရောက်ကြသည်။ 

တက်ရောက်လိုသော ရဟန်းတော်သည် p.s.e ( pali, Sanskrit and English) ဒီပလိုမာအတွက် ပထမကြီးတန်းအောင် မြင်ရမည်။

  

.......…………ဤသို့ဖြင့် ရောက်ခဲ့ရသည်။ ဖြစ်ခဲ့ရပြီ တက္ကသိုလ်ကျောင်းသား၊ မနက်ပိုင်းဆွမ်းခံကြွ ၊ နေ့လည်ပိုင်း ဆွမ်းစား အပြီး ခဏနားကာ ကျောင်းသို့လာခဲ့ရသည်။

ကျောင်းတက်ဖော်သူငယ်ချင်းများအဖြစ် ဦးသောဘိတ နှင့် အရှင်သြဘာသတို့ ဖြစ်သည်။ 

အရှင်သြဘာသ သည် စီနီယာကျသည်။ တစ်နှစ်စောပြီး တက္ကသိုလ်ကျောင်း သားဖြစ်သည်။ တစ်ပတ် လျှင်လေးရက် တက်ရသည်။ p, s,e ဒီပလိုမာ အတွက် သင်ကြားသော ဘာသာရပ်တို့မှာ ပါဠိ၊ သက္ကတနှင့် အင်္ဂလိပ်တို့ဖြစ် သည်။

ပါဠိနှင့် သက္ကတသည် စိတ်ဝင်စားစရာကောင်းသည်။ သဘောသွား တူညီပြီး အချင်းချင်း မျိုးတူစုများဖြင့် အပြောင်းအလဲလုပ် နိုင်သည်။

အင်ဒိုအာရယန်( indo- Aryan) ဟုခေါ်သည်။ အိန္ဒိယနိုင်ငံကြီး မှပေါ်ထွက်သော စာပေများဖြစ်ကြသည်။ ထို့အပြင် ပြာကတ၊ မာဂဓီ၊ သောရသေနီ၊ ပေသာစီစသည့် ဘာသာစကား အသုံး အနှုံးများကိုလည်း ကြား ရသည်။ ကျောင်းတက်ဖက်ဦးသောဘိတသည် နေ့လည်ဆွမ်းစား အပြီး ၁၂နာရီတွင် ကျောင်း သို့သွား သည်။

  
အရှင်သြဘာသည်တစ်တန်းစောသောကြောင့် ကျောင်းတက်ရက်တူသည်ကနည်းသည်။
ပြီးတော့ ကျောင်းမ တက်သည်ကလည်းများသည်။ မိမိကိုယ်တိုင်မူ ဆွမ်းစားအပြီးတွင် ခဏအိပ်လိုက်သေး သည်။ 
၁၂ နာရီအခွဲတွင် ကျောင်းမှထွက်သည်။ ဂွေးချိုကျောင်းတိုက်၊ မိုးကောင်းကျောင်းတိုက် ဒက္ခိဏ၀န်ကျောင်း တိုက် စသည့်ကျောင်း တိုက်များကို ဖြတ်ပြီး ၃၁၊ ၃၂ လမ်း၊ ၈၃လမ်းပေါ်ရှိ ဗုဒ္ဓတက္ကသိုလ်သို့ သွားရသည်။

မိုးရွာလည်းကျောင်းသွားသည်။ နေပူသည်က များသည်။
ဆောင်း အခါဝယ် လမ်းလျှောက် ရသောကြောင့် ဆောင်း အရသာကောင်းကောင်း မပေါ်ပါ။ 

စာသင်ခန်းအတွင်းရောက် မှ အေးစိမ့်စိမ့်ဓာတ်ကိုရတတ်သည်။ နေ့လည် တစ်နာရီမှ အတန်းတက်ရပြီး ညနေ လေးနာရီအထိဖြစ် သည်။ အတန်းအချိန်းပြောင်းတွင် နားရ သည်လည်းရှိသည်။ ရံခါကြားကလာ မရှိပဲ  ပါဠိ၊ သက္ကတဆရာနောက် အင်္ဂလိပ်ဆရာ တိုက်ရိုက်ဝင်သောကြောင့် မနား လိုက်ရသည်လည်း ရှိသည်။ ထိုအခါမျိုးတွင် သူငယ်ချင်းက စိတ်တိုသည်။ အချိန်မတိကျဟုတိုးတိုးလေးပြောသည်။

တက္ကသိုလ်ကျောင်းသား ဘ၀သည် ဤသို့ရှိသည် သိလိုက်ရပြီ၊ ကိုယ့်စားစရိတ်ဖြင့် ပညာကို သာသက်သက် သင်ပေးသည့် စနစ်ဖြစ်သည်။ ဤတက္ကသိုလ်ကြီးသို့ ကျောင်းဆရာ၊ အငြိမ်းစားကြီးများ လည်းလာရောက် တက်ကြသည်။

မြို့လယ်ဆူးခါးတိုက်ရှိ ဗန်ဒါပင်တို့သည် နေ့လည်နေ့ခင်းလေတ အနွဲ့တွင် ဘယ်ညာယိမ်းနေ တတ်သည် ကို သတိရသည်။ 

  

မိုးရွာသော အခါ အတန်း တက်ရာ အခန်းဆောင်မှ စီးကျလာသော မိုးရေတို့ဖြင့် သဲချောင်း
ပေါက်နေသော ရေစီးကြောင်းတို့သည် နေရောင်တွင် လက်လက်ထနေတတ်သည်။

ဤကျောင်းတော် တက္ကသိုလ်သို့တက်လာသော ကျောင်းသားများတွင် ရဟန်းတော်များသည် ပါဠိနှင့် သက္ကတတွင် အလွယ်တကူ အဖြေရှာနိုင်သည်။ အင်္ဂလိပ်ဘာသာရပ်တွင် အငြိမ်းစား ဆရာကြီးများနှင့် လူဘွဲ့ရ ဆရာလေးများပိုမိုသွက်လက်ကြသည်။ 

ဘာသာရပ်များ အချင်းချင်းမေးမြန်းပြီး အတန်းတက်ရသည်မှာ ကြည်နူး စရာကောင်းသည်။ 
တက္ကသိုလ် အရသာပေါ်လာ သလိုလိုရှိသည်။

  

အထက်တန်းရှေ့နေအဖြစ်မှ သီလရှင်ဝတ်ကာကျောင်းသူကြီးဖြစ်နေသော ဒေါ်ကဉ္စ၀တီသည် လီယိုတော် စတွိုင်း၏ war and peace ကိုအင်္ဂလိပ်လိုပဲ ဖတ်သည်ဟု မကြာခဏပြောတတ်သည်။ 

မိမိတို့ဘုန်းကြီးများ ကား ပါဠိသမားများဖြစ်သောကြောင့် မျက်လုံးအပြူးသားဖြစ်ရသည်။  war and peace ဖတ်သော ဆရာမကြီးကား ခင်မင်စရာကောင်းသည်။

တစ်တန်းနှင့်တစ်တန်း အချိန်းအပြောင်းကြာကာလတွင် တက္ကသိုလ် အနီးက စာအုပ်ဆိုင် ဥတ္တရာလွင်ပြင် တွင် စာအုပ်ဟောင်းရှာကြသည်။ ညနေစောင်းလေးနာရီ၊ လေးနာရီကျော်ကျော်တွင် အတန်းသိမ်းသည်။

အပြန်လမ်းတစ်လျှောက်က နဂါးစာပေ၊ ထွန်းဦးစာပေ၊ မြညွန့်ဆွေနှင့် လမ်းဘေးပုံရောင်းသော အဟောင်း စာအုပ်ဆိုင်များတွင် မွှေနှောက်ရင်းဖြင့် နွေ၊ မိုး၊ ဆောင်းတို့တဖြုတ်ဖြုတ်ကြွေကုန်သည်။ 

မှတ်မိနေမိသည်ကာ ကျောင်းသွား ကျောင်းပြန် လမ်းပေဘးက ဗန်ဒါပင်လေးဖြစ်သည်။
နွေတွင် ကြွေတစ်ချို့၊ ဝေတစ်ချို့၊ ၀ါဆိုဦးတွင် အဖူးအညွန့်အစုံစုံ၊ ဆောင်းတွင် အစိမ်း ရင့်ရင့်နှင့် နီ အ၀ါကျင်ကျင်တို့သည် တစ်မျိုးစီ လှနေသည်။ 



Tuesday, November 27, 2012

တက္ကသိုလ် နိဒါန်း



  
တက္ကသိုလ်ဟူသော အမည်သည် မြို့တစ်မြို့၏ အမည်ဖြစ်သည်။ taxila ဟုခေါ်ကြသည်။ ပညာရပ်များ စွာပို့ချ သင်ယူကြသည်။ ကမ္ဘာ အရပ်ရပ်မှ ကျောင်းတော်သားများဖြင့် စည်ကားသည်။

ဗုဒ္ဓဇာတက ဖြစ်တော်စဉ်များနှင့် ကြီးပြင်း လူလားမြောက်ခဲ့ကြသော ရှေးမြန်မာ ပညာရှိကြီးများသည် ပညာရေး အရိပ်အမြုံ အဖြစ်တည်ထောင် ဖန်တီးကြသောအခါ တက္ကသီလကိုပင် မြတ်နိုးစွာဖြင့် ပွားယူခံစားလျက် တက္ကသိုလ်ဟု အမည်ပေးလိုက်ကြသည်။

မြန်မာ့ဟန်၊ မြန်မာ့အတွေး၊ မြန်မာ့အနုပညာ၊ မြန်မာမိဘနှစ်ပါးမှ လူဖြစ်လာရသောကြောင့် တက္ကသိုလ်ကို ကလေးငယ်ဘ၀ကတည်းက ကြားဖူးသည်။ ဘုရားအလောင်းတော်သည် တက္ကသိုလ်ပြည်သို့ ပညာသင် သွားသည်ဟု မကြာခဏကြားရသည်။

လူဝတ်ကြောင်ဘ၀ဖြင့် ကြာကြာ မနေလိုက်ရပဲနှင့် ကိုရင်ဝတ်ရသောအခါ တက္ကသိုလ်အမည်နှင့် ပိုမိုနီး စပ်ပြန်သည်။ ဆရာတော်ဆုံးမသော သြ၀ါဒများတိုင်းတွင် တက္ကသိုလ်ပြည်သွားကျောင်းတော်သားကြီးများ
အကြောင်းနာယူခွင့်ရသည်။ 

ရွာဦးကျောင်းတော်သာသည်လည်း ရပ်၊ ရွာ၊ နယ်ပယ် အစုံအလင်မှ လာရောက်ကြသော လူငယ်များကို အသိအမြင်ပေးနေသော ဌာနကြီးဖြစ်သောကြောင့် ဇာတ်တော်များလာ တက္ကသိုလပြည်ကြီးရောက်ရသလို ထင်မြင်မိသည်။

လူ့ဘ၀ဖြင့်ဆိုသော ဆယ်တန်းအောင်မှ တက္ကသိုလ်ရောက်ကြသင်ရသည်။ ကိုရင်ဝတ်လိုက် သောကြောင့် တက္ကသိုလ်မြန်မြန်ရောက်သည်ဟု ပြောနိုင်သည်။ တက္ကသီလ၊ တက္ကသိုလ်သည်ပင် ဘုန်းကြီးရှင်းပြသော အခါ ပါဠိစကားဖြစ်နေသည်ကို သိရသည်။

လောက အတတ်၊ လောကဓာတ်ပညာများနှင့် အကျင့်သီလ ( မင်းကျင့် တရားဆိုင်ရာများကို သင်ကြားပေးသော ဌာန၊ သင်ယူရာဌာနဟုသိရသည်။

ငယ်စဉ်ဘ၀ စည်းကမ်း မကျန၍ အဆုံးအမခံရတိုင်း တက္ကသိုလ်ပြည်ရောက် ကျောင်းတော်သားများ ၏ ကောင်း သော အကျင့်ကြောင့် တိုးတက်သွားပုံ၊ မကောင်းသော အကျင့်ကြောင့် ဆုတ်ယုတ်သွားပုံ များနှင့် ချိန်ထိုး ပြလေ့ ရှိသည်။

  

ဘုရားအလောင်းတော်သည် တက္ကသိုလ်ကျောင်းသား ဖြစ်ဖူးသည်။ ဒေ၀ဒတ္တ(ဒေ၀ဒတ်) သည်လည်း အတိတ် ဘ၀များစွာက တက္ကသိုလ်ကျောင်းသားဖြစ်ဖူးသည်။

ရှေးခေတ် အိန္ဒိယနိုင်ငံကျောင်းသားများ သာမက နီးစပ်ရာ ဟိမ၀န္တာတောင်တန်းဒေသမှကျာင်း တော်သား များလည်းလာရောက်သင်ယူကြသည်။ တိုင်းကြီးဆဲ့ခြောက်တိုင်းမှကျောင်းတော်သားဖြစ်သည်။

ထို့အပြင် ဖီလော်ဆော်ဖာများနိုင်ငံဆိုနိုင်လောက်သော ယောနကတိုင်း( ဂရိ) တို့မှလည်း လာရောက်သင် ယူကြသည်။

အိန္ဒိယနိုင်ငံသည် အတတ်ပညာ အားလုံးနှင့် ကိုးကွယ်မှု ဘာသာပိုင်းဆိုင်ရာအားလုံး၏ အရင်းအမြစ်ဟု ဆိုကြ သည်။ ဤတက္ကသိုလ်အမည်သည် ရှေးခေတ်အိန္ဒိယသမိုင်းများတွင် နေရာအယူများသည်။

အရှေ့တိုင်းနှင့် အနောက်တိုင်းပေါင်းစပ်ထားသော အနုလက်ရာများဖြင့် ယနေ့တိုင်အောင် အနုပညာ၊ အနုစိတ် တွင် ဦးထိပ်ကနေရာ ယူထားဆဲဖြစ်သည်။

ဗုဒ္ဓဘာသာဆိုင်ရာ ကိုးကွယ်မှုသမိုင်းအရ ဘုရားရှင်လက်တော်က ဘုရားရှင် ကိုယ်ပွားရုပ်ပွားတော်ကိုး ကွယ်မှု မရှိခဲ့သော်လည်းနောက်ပိုင်းတွင် ဗောဓိပင်၊ ဓမ္မစင်္ကြာအ၀န်း၊ ကြာပန်း၊ လှည်းဘီးဝန်းပုံနှင့် ပလ္လင်ပုံတော်များကို ဘုရားရှင်ကိုယ်စားပူဇော်ခဲ့ကြသည်။

  

အိန္ဒိယ( မဇ္ဈိမ) အနုလက်ရာ၊ ဒဿန၊ အကျင့်စရိုက်များဖြင့် ထုံမွှမ်းထားရာ (အလောင်းတော် အဖြစ်ဖြင့် အကြိမ်ပေါင်းများစွာပညာဆည်းပူရာ) တက္ကသီလာမြို့သို့ ရောက်ရှိလာသော ဂရိတို့၏ ဥရောပလက်ရာ များဖြင့် ပေါင်းစပ်လိုက်သောအခါ ဗုဒ္ဓဘာသာ၏ကိုးကွယ်မှုသမိုင်းသည် ပိုမိုထွန်းလင်းလာခဲ့သည်။

ရုပ်တုများထုလုပ်လာကြသည်။ ဥရောပလည်း မဆန်လွန်း၊ ကုလားဟန်လည်း မပေါက်လွန်းသော မြတ် ဗုဒ္ဓ၏ ကိုယ်ပွားတော်၊ ရုပ်ပွားတော်များသည် တက္ကသိုလ်မြေကစခဲ့သည်ဟုပြောနိုင်သည်။

တက္ကသိုလ်သည် ဗုဒ္ဓ၊ ပိဋက၊ ဇာတက၊ အနုအလှ၊ စာပေ၊ ရသ၊ သမိုင်းများတွင် အဘက်ဘက်က ပါဝင်နေသည်ကိုတွေ့ရသည်။ 

Friday, November 23, 2012

တောင်တစ်ရိုး မြူခိုးတို့ဝေ


ရွာကနေလှမ်းကြည့်လျှင် တောင်တန်းတစ်ခုကိုမြင်ရသည်။ ဇော်ဂျီတောင်လို့ အမည်ရသည်။ 
ထိုတောင် ထိပ်တွင် ရေကန်တစ်ကန်ရှိသည်ဟု သိရသည်။ 
လူတိုင်း မတွေ့ပါ။ ကံကောင်းသူများသာ မြင်ရသောက်ရသည်ဟု အဆိုရှိသည်။

အဖေနှင့် ခရီးသွားဖူးပါသည်။ ချောင်းရေစပ်စပ်တွင် မိုးဖွဲဖွဲဖြင့်ပြေးရသည်ကို သတိရနေမိသည်။
လှည်းလမ်းကြောင်းတွင် ရေကြည်ကြည်များ စီးဆင်းကြသည်။ ထိုလမ်းအတိုင်း လမ်းလျှောက်ရသည် အရ သာသည် ကြည်နူးပျော်ရွှင်စရာကောင်းသည်။

အင်းရွက်ပေါ် တင်ကျန်နေသော မိုးရေပေါက်တို့ကို စုတ်သောက်ရသည်မှာ ပြန်မရနိုင်တော့သည့် အရာ များသာဟု သိလိုက်ချိန် အဖေ့ကို လွမ်းပါသည်။ 

  

ထူးခြားသော ရေကန်ရှိသည့် ဇော်ဂျီတောင်ကို အဖေနှင့် တက်ဖူးပါသည်။ ထိုတောင်ခါးပန်းမှ ရွာထိပ် က ရေကန်ကို လှမ်းကြည့်ရာတွင် ရေကွက်ပြာပြာနှင့် ဗေဒါတို့ အကွက်လိုက် စီတန်းနေသည် ကို ရေးပြပြမြင်ရသည်။

တောင်တစ်ကြောတွင် စိမ်းစိမ်းစိုနေသည်။ ရင်ခတ်ပန်းတို့ ပွင့်ကြသည်။ ရှုမျှော်လိုက်တိုင်း ကြည်နူး စရာတွေ ချည်းဖြစ်သည်။ 

တောင်တစ်ကြောတွင် ဟိုဒီလှည့်လည်ရင်း မွန်းလွဲနေအစောင်း တွင် တောင်ခြေရင်းကို ပြန်ဆင်း ကြသည်။ အဖေသည် နီးရာသစ်ပင်ကို ဓါးဖြင့်ခုတ်ထစ်လိုက်သည်။

တောင်ခြေပြန် အရောက် တောင်ခါးပန်းတွင် ဓားခုတ်ထစ်ထားသော သစ်ပင်ကိုပြန်ကြည့်ပြီး “ငါ့သားရေ တို့ ဟိုနားအထိရောက်ခဲ့တယ်၊ နောက်တစ်ခါဆို နတ်ရေကန်ရှိတဲ့ အနားထိတက်ကြမယ်”

ထိုဇော်ဂျီတောင်ထိပ်က ရေကန်ကို အဖေက နတ်ရေကန်ဟုခေါ်ပါသည်။
တောင်ထိပ် တွင် မြူခိုးတွေ တို့ ဝေနေသည်။ 

ညနေ အစောင်းတွင် နေရောင်ဖြင့် အရောင်ဟပ်နေသော တောင်ထွတ်သည် ညို့ညို့ဆိုင်းနေသည်။
အပြန်ခရီးတွင် ၀ါးရုံပင်များ အုပ်ဆိုင်းနေသော လှည်းလမ်းကြောင်းတွင် မိုးရေစပ်စပ်ဖြင့် အိမ်ပြန်ခဲ့ကြသည် မှာ ပျော်စရာကောင်းသည်။

  
လမ်းဘေးတစ်ဘက်တစ်ချက်ရှိ ပင်အို ပင်ပျိုနှင့် တောင်ယာစိုက်ခင်းတို့သည် တစ်မျှော်တစ်ခေါ်ရှိသည်။  

..............
.................... 

အတိတ်က ဖြစ်ရပ်တို့ကို ဇော်ဂျီတောင်နှင့်တွဲလျက်မြင်ယောင်မိပါသည်။ ထိုတောင်ထိပ်၌ နတ်ရေကန်ရှိ၊ မရှိ တကယ် မသိလိုက်ရပါ။ အဖေသည်လည်း လိုက်မပို့နိုင်ခဲ့ပေ။

တောင်တစ်ရိုး၌ မြူခိုးတို့ဝေတိုင်း အဖေ့ကို သတိရမိပါသည်။ ကံကောင်းသူများသာ မြင်နိုင်သည်ဆိုသော ထိုရေကန်ကို အဖေနှင့် အတူ မမြင်လိုက်ရခြင်းသည်ပင် ကံမကောင်းခြင်းဖြစ်နေတော့သည်။ 


Friday, November 9, 2012

ဗုဒ္ဓလမ်းစဉ်



လူတစ်ဦး တစ်ယောက်ရသင့်ရထိုက်သော အသုံး အဆောင်များနှင့် အခွင့် အရေးများကို လူပီပီသုံးဆောင် ရပေမည်။ ရာသီဥတု၊ စရိုက်၊ ဒေသ ပုဂ္ဂလအားဖြင့် လျော်ညီစွာနေထိုင် ကျင့်ဆောင် နေခြင်း သည် ကောင်းမြတ်ခြင်း အပြစ်ကင်းခြင်းတစ်မျိုးဖြစ်သည်မှာ သေချာလှသည်။

လက်ရှိရထားသော အခြေအနေကို အလွန် အကျွံလုပ်ဆောင်ကျင့်ဆောင်ခြင်းကို ထိန်းသိမ်းပေးရသည်။ ဘာသာတရားဟူသည် ထိုလောကနှင့်လျော်ညီစွာနေထိုင်ကျင့်သုံးတတ်အောင် လမ်းညွှန်ပေးခြင်းဖြစ် သည်။

ဘာသာတရား အားလုံး၏ လမ်းညွှန်ချက်တိုင်းသည် လောက စည်စိမ်းထက် စိတ်ပိုင်းဆိုင်ရာ တိုးတက်မှု ကို ဟောညွှန်ပြသသည့် ချည်းဖြစ်သည်။

မြတ်ဗုဒ္ဓသည် မိမိသိရှိထားသော အသိကို သိထိုက်သည့်သတ္တ၀ါတို့အား စရိုက်နှင့်လျော်ညီစွာ သွန်သင်ပြ သခဲ့သည်။ ခိုင်မာသော၊ စည်းစနစ်ကျနသော အဖွဲ့အစည်များကိုလည်း စနစ်တကျထူ ထောင်ခဲ့သည်။

ဗုဒ္ဓဘာသာကို ကောင်းစွာ နားမလည်သူများက မြတ်ဘုရားတရားတော်များသည်……
ဘိက္ခု-ရဟန်းတော်များ အတွက်သာဖြစ်သည်ဟု မှားယွင်းစွာကောက်ချက်ချကြသည်။ မြတ်ဗုဒ္ဓထူထောင်ခဲ့ သည်မှာ ဘိက္ခုများချည်း မဟုတ်ကြောင်းသိသာသည်။

၁။ ဘိက္ခု-ရဟန်းတော်များ အဖွဲ့အစည်း။
၂။ ဘိက္ခုနီ- ရဟန်းမများအဖွဲ့အစည်း။
၃။ အမျိုးသား လူပုဂ္ဂိုလ်အဖွဲ့အစည်း။
၎။ အမျိုးသမီးလူပုဂ္ဂိုလ် အဖွဲ့အစည်းဟုလေးဖွဲ့ဖွဲ့စည်းခဲ့သည်။ 


ဟောကြားတော်မူသော တရားတော်များတွင်လည်း ရဟန်းတော်များချည်း မဟုတ်၊ လေးဖွဲ့လုံးနှင့်သက် ဆိုင်သော အဆုံး အမများကို အဖွဲ့ အလိုက်ဟောတော်မူခဲ့သည်။ အချင်းချင်း အပြန်အလှန် ထောက်တည် ကူမနိုင်သော မင်္ဂလသုတ်၊ သိင်္ဂါလောဝါဒသုတ် စသည်ဖြင့် ဟောညွန်ခဲ့သည်။

လင်နှင့် မယားတို့၏ ကြာရှည်စွာ လက်တွဲ ခိုင်မြဲစေရန် လင်ကျင့်ဝတ်၊ မယားကျင့်ဝတ် စသည်ဖြင့် ဟောကြားခြင်းသည် သိသာလှသည်။ ဆရာကျင့်ဝတ်၊ ဒကာကျင့်ဝတ် စသည်ဖြင့် ဟော ညွှန်ခြင်းဝယ် အဖွဲ့အစည်းနှစ်ခု၏ ဆက်ဆံရေးကို အထင်းသားမြင်နိုင်သည်။

ဆရာနှင့် တပည့်၊ မိတ်ဆွေ သူငယ်ချင်း၊ အရှင်နှင့် ကျွန်စသည်ဖြင့်ဟောညွှန်ပြသခြင်းသည် လူ့ဘောင် အဖွဲ့ အစည်းများကို လိုအပ်ချက်များဖြင့်ထောက်မ ကူညီခြင်းပင်ဖြစ်သည်။ လူမှုကျင့်ဟောကြားရာတွင် လည်း သေချာ သုံးသပ်ကြည့်ပါလျင် ကိုယ်ကျင့်တရားနှင့် စိတ်ပိုင်းဆိုင်ရာမြင့်မြတ်မှုကို ဦးတည် ထားကြောင်း မြင်သာသည်။

မည်သည့်အယူဝါဒကိုမှ စော်ကားခြင်း၊ နှိမ့်ချပြောဆိုခြင်း၊ ပုဂ္ဂိုလ်ရေးရာစော်ကားခြင်း များမပါရှိပေ။

မြတ်ဗုဒ္ဓ တရားတော်များသည် ရဟန်းတော်များ အတွက်သာ ဟုပြောဆိုနေခြင်းသည် လည်းကောင်း၊
လောကီ လူ့ဘောင် ကနေခွါရှောင်ပြီးမှကျင့်သုံးနိုင်သည် ဟုပြောဆိုနေကြခြင်း သည် မြတ်ဘုရား၏ ရည်ရွယ် ချက်နှင့် အလှမ်းကွာပါသည်။


ခိုင်မာပြီး စည်းစနစ်ကျနသော မြတ်ဘုရား၏ အဖွဲ့အစည်းများသည် ဘာသာရေး သမိုင်းတွင် ယနေ့တိုင်မူ ရင်း အတိုင်း ကျင့်ဆောင်ခြင်ဖြင့်ထင်ရှားသည်။

မြတ်ဗုဒ္ဓထက်နှစ်ပေါင်း များစွာစောသော ဟိန္ဒူဝါဒသည်ပင် မြတ်ဗုဒ္ဓ၏ စည်း စနစ်ကျသော ဘိက္ခု အဖွဲ့ အစည်း၏ နည်းနာများကိုယူပြီး အေ ဒီရှစ်ရာစုတွင် ရှန်ကျာယနက ဗြဟ္မဏအဖွဲ့အစည်းကို ထူထောင်ကြောင်း သမိုင်းက ဆိုသည်။ မြတ်ဗုဒ္ဓ၏ သစ္စာလေးပါနှင့်ပတ်သက်၍ တစ်ချို့ ပညာရှင်များက ဆိုကြသည်။

မြတ်ဗုဒ္ဓတရားတော်များသည် ဘ၀ကို အဆိုးမြင်လွန်းသည်ဟုဖြစ်သည်။ ထိုအဆိုသည် မဟာယာန ထက်ထေရ၀ါဒကိုပိုပြီး သက်ရောက်သည်။ 


မြတ်ဗုဒ္ဓတရားတော်များသည် ကာမသုခလ္လိကနုယောဂဖြင့် ကာမဂုဏ် အပျော်ကို အလွန်အကျွံ လိုက်စားမှု ဆိုသော လောကီ အကောင်းမြင်ကိုလည်း ပယ်သည်။

ရှိသမျှစွန့်ပြီး ခေါင်းခေါင်းပါးပါး အ၀တ်မ၀တ်၊ အစာမစား၊ စသည့် အကျင့်များကိုပယ်ပြီး၊ အလယ်အလတ် လမ်း ကို ဟောကြားခြင်းဖြစ်သည်။

အဆိုးမြင်လွန်း သည်ဟူသော သူတို့အဆိုသည် သစ္စာလေးပါးတွင် ဒုက္ခကို အစအဦး ထားဟောကြား ထားသော ကြောင့်ဖြစ်သည်။ 

ထိုသဘောနှင့်ပတ်သက်ပြီး ရောဂါခံစားနေရသော လူတစ်ဦးကို ဥပမာထားပြရမည်ဖြစ်သည်။ 

မသက် မသာခံစားနေရသည် ဒုက္ခကိုဦးစွာ သိပြီးမှ ရောရင်းမြစ်ကို ရှာဖွေနိုင်မည်။
ရောဂါ၏ မသက်မသာ ဖြစ်နေခြင်းကို နားလည်ခြင်းသည် ဒုက္ခကိုသိရခြင်းဖြစ်သည်။ 
 ရာသီဥတု၊ အစား အစာ၊ အနေ အထိုင်ကြောင့် ရောဂါဖြစ်သည်ဟု သိရခြင်းသည် အကြောင်း သမုဒယဖြစ်သည်။ အကြောင်း သိလျှင် ဆရာဝန်ဆီသွားရမည်။ 
လွတ်မြောက်ရာကိုရှာဖွေခြင်း မဂ္ဂသစ္စာနှင့် ကိုက်ညီသည်။

ဆေးညွှန်အတိုင်း လိုက်နာ သောက်သုံးပါလျှင် ငြိမ်းချမ်းခြင်းကိုရမည် အမှန်ဖြစ်သည်။ ဘ၀ပြဿနာကို ဒုက္ခ အစထား အဖြေရှာခြင်းကို သဘောမကျသူများအတွက် ကိုယ်တိုင်ရောဂါ၊

သို့မဟုတ် ပြဿနာဖြစ်သည့် အခါ မည်သည့်နေရာက စတင်ရှင်း လင်းရမည်ကို သိလိုက်ခြင်းသည် လမ်းမှန်ဖြစ်သည်။

မြတ်ဗုဒ္ဓတရားတော်များသည် ဘ၀ပြဿနာကို အရင်း အမြစ်က တွန်းလှန်လိုက်ခြင်းဖြစ်သည်။ 
အဆိုးမြင် ဟု မြင်နေခြင်းသည် အမြင်ဆိုးသူများဖြစ်နိုင်သည်။