Pages

Monday, January 2, 2012

နှုတ်ဆက် ဆောင်းည

 ဆီမီးမျှောသည့်ညက ပဒူးမုန်းရွာသူရွာသားများ

ဆောင်းညတစ်ညရဲ့အလှကို မေ့မရနိုင်ပါ၊ ချင်းတွင်းမြစ်သည် ငြိမ့်ငြိမ့်လေးစီးဆင်းနေသည်၊ မြစ်ပြင်ကို ရှပ်တိုက်ပြေးလာသော မြောက်ပြန်  ဆောင်းလေတွင် အအေးဓာတ်သိသိသာသာပါနေသည်၊ ကမ်းပေါ်က ရွာသူရွာများ ပစ်ဖောက်နေသော ဗြောက်အိုးတို့အသံသည် ကမ်းကို ပဲ့တင်ထပ်စေလျှက် သိမ့်သိမ့် တုန်နေ သည်၊

မြစ်လယ်တွင်ကျောက်ချထားသော လှေတို့သည် ဘယ်ယာယိမ်းနေသည်၊ မိုးတိမ်မည်းမည်းတို့ အကြားက လ၀န်းသည် ပုန်းချည်တစ်ခါ ပေါ်ချည်တစ်လှည့်ဖြင့် ချင်းတွင်းမြစ်နှင့် နာဂတောင်တန်းကို ပြုစားနေသလို ထင်မိသည်၊ ချင်းတွင်းမြစ် ကမ်းနှစ်ဘက်လုံးက ဘိုင်ပင်မြင့်မြင့်ကြီးတို့သည် လေနှင့်အတူ ဘယ်ယာ ယိမ်းနေ သည်၊ 

ရိုးသားသော တောင်ပေါ်သားတို့၏ အားရ ရွှင်မြူးအော်ဟစ်လိုက်သော အသံတို့သည် ရင်ကိုခုန်စေပြန် သည်၊ ပျော်လိုက်တာ၊ ရေထဲတောင် ခုန်ချလိုက်ချင်တယ် မြစ်ပြင်တွင် ဆီမီးမျှောနေသော နာဂတောင် တန်းရောက် ကျောင်းဆရာမ လေးပြောသံကြားလိုက်မိသည်၊ သူပျော်နေသတဲ့၊

ဆောင်းညသည် အေးသည်ဟုဆိုနိုင်သော်လဲ ရင်တွင်းက ပူနေသလိုလိုထင်မိသည်၊ ချင်းတွင်းမြစ်ပြင်တွင် အစီအရီမျောပါနေသော ဆီးမီးရောင်တို့သည် ရောင်စုံကျင်းလျက် တစ်လက်လက် တောက်နေသည်၊ တိမ်ညိုတစ်ချို့နှင့်ရောထွေးလျက်မိုးရိပ်တို့မစင်သေးသော ညတစ်ညရဲ့ လရောင်က ပြုစားထားရာ မြစ်ပြင် သည် စိမ်းညို့ညို့ဖြင့် အနက်ရောင်ဘက်သို့ လုနေသည်၊

သူနိုင်ကိုယ်နိုင် အပြိုင်ဆီမီးမျှောနေကြသော နာဂလှပျိုဖြူတို့ အော်ဟစ်သံသည်လဲ ညကို ပိုပြီးလှစေသည်၊ သူတစ်ယောက်မှာဖြင့် ရင်တွင်းပျော်ရွှင်မှုတို့ ရှိနေသော်ငြား မအော်ဟစ်နိုင်၊ သိမှ သိကြပါစလေ၊ အနက်ရောင်မြစ်ပြင်တွင် နီသည်လဲတစ်ချို့၊ ၀ါသည်လဲတစ်မျိုး၊ အစိမ်းရောင်၊ ရွှေဝါရောင်၊ ပန်းဖျော့၊ ပန်းရင့် ရောင်တို့လဲ ရောင်စုံ ခင်းပြီးလှနေပြန်သည်၊ လှိုင်းနဲ့အတူ တလှုပ်လှုပ်ဖြင့် အဝေးဆီသို့ ခရီးနှင်နေ သော ညဆီမီးတို့သည် အဝေးက မြစ်ကွေ့တစ်ခုတွင်  ရောထွေးနေ၏၊ ပို၍လှသည်၊

ဆောင်းညသည် အအေးပိုလာသည်၊ ညဥ့်လဲနက်ပြီ၊ ဆီမီးရောင်တို့လဲ မမြိုင်တော့ပြီ၊ လမင်းလဲ အနောက် သို့ယွန်းပြီ၊

‘အော် ဆောင်းည၊ ခွဲခွာရဦးတော့မည်’

‘ဒကာကြီး၊ သီတင်းကျွတ်လကြရင် ချင်းတွင်းမြစ်မှာ ဆီမီးမျှောကြမယ်၊ အဲဒါဒကာကြီးက ရွာသူရွာသားတွေကို ပြောပါ၊ ဖယောင်တိုင်တစ်ထုပ်နဲ့ ပိုက်ဆံတစ်ထောင်စီကျောင်းကို လာပို့ကြပါလို့’
‘တင်ပ၊ ဘုန်းဘုန်း’
‘တပည့်တော်တစ်ခုမေးပါရစေဘုရား’
လူသာသနာပြုပုဂ္ဂိုလ်နာဂလူမျိုးကြီးဦးကြယ်ရောင်ကဆိုလာသည်၊
‘ပြောပါ ဒကာကြီး၊’
‘ဘုန်းဘုန်း၊ တပည့်တော်တို့ရွာကို ပြန်လာဦးမှာလား’

ခက်ပြီ၊ ဘယ်လိုဖြေရပါ့၊ ဤပဒူးမုန်းနာဂရွာလေးတွင်တောင်တန်းသာသနာပြုအဖြစ်ဖြင့် နေခဲ့ရသည်မှာ ဤသီတင်းကျွတ်တွင် နှစ် နှစ်ပြည့်ခဲ့ပြီ၊ တာဝန်ပြီးလေပြီ၊ သာသနာရေးက ပို့လွှတ်သော တာဝန်ဖြင့် သာသနာ ပြုဘ၀သည် ကုန်ဆုံပြီ၊ ဆက်လက် ထမ်းဆောင်ရန်၊ မထမ်းဆောင်ရန်ကား ကိုယ်ပိုင်ဆုံးဖြတ် ချက်ဖြစ်သည်၊ ဆုံးဖြတ်ချက်လဲချပြီးပြီ၊

‘ဒကာကြီး၊ ဦးဇင်း တာဝန်ထမ်းဆောင်တဲ့သာသနာပြုအနေနဲ့ ပြန်မလာတော့ပါဘူး၊ ဒါပေမယ့် ဒကာကြီးတို့ ရွာကို ပြန်လာခဲ့ပါဦးမယ်’

‘တင်ပ၊ အရင်ဘုန်းဘုန်းတွေတုန်းကလဲ ဒီလိုပြောခဲ့ကြတာပါပဲ၊ တပည့်တော်တို့ရွာက ဘာမှ မပြည့်စုံတော့ လဲ ဘယ်နေနိုင်ပါ့မလဲဘုရား၊ တပည့်တော်တို့သိပါတယ်’

‘အင်းပေါ့ ဒကာကြီးရယ် ဦးဇင်းတို့လဲ ပညာရေး မကုန်ဆုံးသေးတော့ ဆက်ပြီးလေ့လာဖို့အတွက် ခရီးဆက်ရ ဦးမယ်၊ ဦးဇင်းနေခဲ့တဲ့ ကာလတစ်လျှောက်လုံးမှာ ဒကာကြီးတို့ရွာက တာဝန်ကျေကြပါတယ်၊ ဦးဇင်းအနေနဲ့လဲ အတတ်နိုင်ဆုံး ဆောင်နိုင်ရွက်ခဲ့ပါတယ်၊ အဲဒါတွေထားပါတော့၊ သီတင်းကျွတ် လပြည့်နေ့ကျရင် ဆီမီးမျှောနိုင် အောင်ပဲကြိုးစားကြစို့ဗျာ’

ထိုညက ကောင်းကင်က ပြည့်လုလုလ၀န်းကြီးသည် နာဂရွာလေးနှင့် တောကျောင်းလေးကို ငုံ့ကြည့်နေ သလို ထင်မိသည်၊ ဆောင်းကြိုညသည် နှင်းပေါက်တို့ဖြင့်စီဝေနေသည်၊ တောကျောင်းလေး အစပ်က ဇီးဖြူပင် မြင့်မြင့်ကြီးဆီမှာ နှင်းပေါက်တို့ ကြွေကျသံသည် ည၏တေးဖြစ်နေသယောင်ထင်ရသည်၊ ထိုညက ညဥ့် အတော်လေးနက်မှ အိပ်ပျော်သည်၊

နောက်နေ့များတွင် ဖယောင်းတိုင်လာလှူကြသော ဒကာမကြီးများနှင့် အပျို၊ အအိုတစ်စု တို့ကျောင်း ရောက်လာသည်၊ သူတို့သည် အခြားသော စကားကို မဆို၊ ရင်ထဲရှိသည့် အတိုင်း ရိုးရိုှး ရှင်းရှင်းကြီးမေးကြသည်၊

‘ဘုန်းဘုန်းပြန်တော့မလို့ဆို၊ တပည့်တော်ရွာကို ပြန်မလာတော့ဘူးဆိုဘုရား၊
တပည့်တော်တောင်ပေါ်ရောက်နေတာကြာပြီဘုရား၊
အခုဘုန်းဘုန်းပြန်တော့မယ်ကြားလို့ လာကန်တော့တာပါ’

‘ဒကာမကြီး ဦးဇင်းက ဒီရွာကို ကျောင်းထိုင်အနေနဲ့ ပြန်မလာပေမယ့် အလည်တော့ပြန်လာဦးမှာပါ၊
တပည့်တော်တို့ရွာလေးကို လာပြီးသာသနာပြုကြတဲ့ ဘုန်းဘုန်းတွေများပါပြီ၊ အဲလိုပဲပြောခဲ့ကြတာ ပါ၊ နောက်တော့လဲပြန်ကြွလာကြတယ်ဆိုတာ မရှိပါဘူးဘုရား’

သီတင်းကျွတ်လပြည့်ညတွင် မိုးရွာသဖြင့် ဆီမီးမမျှောနိုင်၊ လပြည့်ကျော်နှစ်ရက်နေ့တွင် ရွာသူရွာသား များ နှင့်အတူ ချင်းတွင်းမြစ်တွင် ဆီမီးမျှောကြသည်၊ မီပုံးပျံလွှတ်ကြသည်၊
ဆောင်းကြိုည ချင်းတွင်း အလှသည် အေးချမ်းမှုအပြည့်ဖြင့် အပူရင်ကို ဆူဝေစေသည်၊ သီတင်းကျွတ် လပြည့်ကျော် ( ၅) ရက်နေ့တွင် အောက်ရပ်သို့ပြန်ခဲ့သည်၊

ချင်းတွင်းမြစ်ကမ်းက မနက်ခင်းလေးတစ်ခုသည် တိတ်ဆိတ်နေသည်၊ အပြန်လမ်းကိုလိုက်ပို့ကြသူ အနည်း အကျဉ်းရှိသည်၊ ရွာသူရွာသားတစ်ချို့ကိုပြန်လာဦးမည်ပြောခဲ့သည်၊ 
တစ်ချို့ ပြန်မလာတော့မှန်းသိကြသည်၊ ပြန်မလာမှန်းသိသူတို့က ဖက်လည်းတကင်းနှုတ်ဆက်ကြသည်၊ မသိသူတစ်ချို့ ခပ်ဝေးဝေးကနှုတ် ဆက် ကြသည်၊


 ချင်းတွင်းအစုန် အပြန်ခရီး လိုက်ပို့သူများ

ရင်တွင်လဲ ဝေးတစ်ချို့၊ နီးတစ်ချို့ရှိနေသည်၊
မော်တော်စုန်ဆင်းနေပြီ၊ မြောက်ပြန်လေတစ်ချက်ဝှေ့တိုက်သည်၊ ရင်ကပူကို မသက်သာစေနိုင်ပါ၊
ဆောင်းညတစ်ညရဲ့အလှကို မေ့မရနိုင်ခဲ့၊ ချင်းတွင်းမြစ်သည် ငြိမ့်ငြိမ့်လေးစီးဆင်းနေသည်။


No comments:

Post a Comment