Pages

Tuesday, December 27, 2011

ခန္ဓာအားဖြင့်.....



အဘိဓမ္မာ ကျမ်းများတွင် အစဉ်အားဖြင့် ခြောက်ခုမြောက် ကျမ်းမှာ ယမကကျမ်းဖြစ်သည်၊ ရုပ်တရား၊ နာမ် တရားများကို ရေတွက်ပြသော ကျမ်းဖြစ်သည်၊ ဘုရားဟော ရုပ်နာမ်တရားများကို အရေကောက်ပြီး ထိုတရား ကို ရုပ်ခန္ဓာအားဖြင့် ရေတွက်အပ်သည်၊

ကျန်ခန္ဓာလေးပါးဖြင့် မရေတွက်အပ် စသည်ဖြင့် ခက်ခက်ခဲခဲ အရကောက်ရသော ကျမ်းတစ်ဆူဖြစ်သည်၊ ဘုရားဟော ပရမတ္ထတရားများကို အရေအတွက်အားဖြင့် ပြရပါလျှင် ခန္ဓာ အနေအားဖြင့် ငါးပါး၊ သစ္စာအနေ အားဖြင့် လေးပါး၊ အာယတနအားဖြင့် တစ်ဆယ့်နှစ်ပါး၊ ဓာတ်အားဖြင့် တစ်ဆယ့်ရှစ်ပါးဖြစ်သည်၊

ယမကကျမ်းသည် အဘိဓမ္မာလာ သဘောတရားများကို ကုသိုလ်၊ အကုသိုလ်စသည် ခွဲပြရပြီး၊ ဆိုင်ရာ ခန္ဓာ၊ သစ္စာ၊ အာယတန၊ ဓာတ် သဘောတရားများထဲ ထည့်သွင်း ရေတွက်ပြရသည်၊

တစ်ခုသော ယမကသင်တန်းတွင်ဖြစ်သည်၊ အသက်ကြီးမှ ရဟန်းဝတ်လာသော ဦးဇင်းတစ်ပါးသည် သူ၏ ကြိုးစားအား ထုတ်မှုကြောင့် ပထမလတ်တန်းသို့ တက်ရပြီး၊ ယမကကျမ်းကို သင်ယူနေရသည်၊

ယမကကျမ်းလာ ဘုရားဟောတရားများကို အရကောက်ပြီးတိုင်း၊
ခန္ဓာအားဖြင့် တစ်ဆယ့်နှစ်ပါး ဟူသောကားဟုလဲကောင်း၊
တစ်ခါတစ်ရံ ခန္ဓာအားဖြင့် တစ်ဆယ့်ရှစ်ပါး ဟူသောကားဟုလဲကောင်း၊
မှားမှားပြီး ဆိုလေ့ရှိသည်၊

စာချဆရာတော်မှာလည်း ဦးဇင်းကြီးကို  ပြင်ပေးရဖန်များလာသဖြင့် ရှေ့သို့ မရောက်နိုင်သောကြောင့်ထင် သည်၊

‘ကဲ ကဲ ကိုယ်တော်ကြီး၊ ကိုယ်တော်ကြီး စာချဘုန်းကြီးဖြစ်တော့မှ ခန္ဓာအားဖြင့် ၁၂ ပါးတို့၊ ၁၈ပါးတို့ ဆိုတော့ကြားလား၊ အခုတော့ ခန္ဓာအားဖြင့် ငါးပါးလို့ပဲ ဆိုဗျား…’။


No comments:

Post a Comment