Pages

Sunday, December 11, 2011

ကမ္ဘာမကြေတဲ့ တမီးနာဒူးသား



တော တောင် ရေမြေပတ်ဝန်းကျင်သည် အမိမြေ၏ အောက်ပိုင်း အရပ်များနှင့်ဆင်တူသည်၊ အုန်းပင်များ ကို တွေ့ရသည်၊ ငှက်ပျောပင်များ အစီအရီတွေ့ရသည်၊ မာလာကာပင်၊ ဇီးပင် တစ်ချို့နှင့် ရံခါ မန်ကျီးပင် တန်း ကြီးများကိုတွေ့ရသည်၊ ဒီဇင်ဘာဆောင်လပင်ဖြစ်သော်လဲ ရာသီဥတုမှာ မြန်မာနိုင်ငံလောက်ပင် မအေးပါ၊ နှင်းဆိုသည်မှာဤအရပ်တွင် မကျရော့ထင်မိသည်။

ထိုနေ့ကမိုးပင်ရွာလိုက်သေးသည်၊ နှင်းဖြစ်လုလု မိုးရိပ် တိမ်တောင်တို့ ပင်လယ်ပြင်၏ ငြှို့ယူဖမ်းစားခြင်ခံ လိုက်ရဟန်ရှိသည်၊ တဗြုန်းဗြုန်း သွန်ချသည်၊ အဝေးပြေးလမ်းပေါ်တွင် တက်ရောက်ခါစကားလေးသည်
စွေစောင်းစောင်း ဖြတ်ဝင်လာသော မိုးစက်များကို အတင်းတိုးဝှေ့ရင်း အမော တကောပြေးနေ ရသည်။

အိန္ဒိယနိုင်ငံတောင်ပိုင်းပြည်နယ် တမီးနာဒူနယ်၊ချင်နိုင်းမြို့မှ ပြည်နယ်ဒုတိယတောင်ဖက်အကျဆုံး မြို့တော် ချစ်ဒမ်းပဒမ်းသို့ မောင်းနှင်နေသောကားလေးသည် အရှိန်ရနေသဖြင့်တစ်ချက်တစ်ချက် ငြိမ့်ကနဲ့သိမ့်ကနဲ့
ဖြစ်နေသည်၊ ကားလမ်းပေါ်က မိုးရေကွက်များကို ဖြတ်ကျော်လိုက်တိုင်း ကားတာယာနှင့် ထိခတ်လိုက်သော အသံတို့သည် တဗြင်း တဗြောင်းဗြောင်းရှိနေသည်၊

တောင်ပိုင်းရောက်လေ ပင်လယ်နှင့်နီးလေဖြစ်သည်၊ ပင်လယ်အကြောင်းပြောရင်း အင်္ဂလိပ်လို sea ဟုခေါ်
ကြောင်း မြန်မာလို ပင်လယ်ခေါ်ကြောင်းရောက်သွားသည်၊ ဆင့်ပွားတွေးရာ မြန်မာစကားမှန် လျှင်လုံးချင်း အဓိပ္ပာယ်ရှိ ရကြောင်းရောက်သွားသည်၊ ပင်လယ်ဟူသောစကားသည် ရှမ်းစကားမှဆင်း သက်လာသည် ဟု ကြားရဖူးသည်၊

ရေပြင်ကျယ်ကြီးဟု ဆိုလိုပါသတဲ့၊ ဆရာကြီးမောင်ထင်၏ မြန်မာ လ၊ ရာသီများ ကိုလေ့လာထားရာတွင် တစ်ချို့သော မြန်မာလအမည်များသည် တိုင်းရင်းသားများ၏ အခေါ်အဝေါ များဖြစ် ကြောင်းတွေ့ရသည်၊ စကားတပြောပြောဖြင့်လိုက်ပါလာရာ အပြင်ကိုသတိထားမိချိန်တွင် မိုးသည် ကြဲပါးနေပြီ၊ မိုးရိပ်ကင်းသော တိမ်တောင်ဖြူဖျော့ဖျော့တို့နောက်ကွယ်တွင် နေမင်းအလင်းရောင်ကိုတွေ့ရပြီ၊

တစ်နေရာ အရောက်တွင် ကားလေးသည် ဘယ်ညာဘက်ဘေးသို့ ထိုးဆင်းလိုက်သည်၊ ခမ်းခမ်းနားနား မဟုတ်သော လမ်းဘေး လ္ဘက်ရည်ဆိုင်လေးဖြစ်သည်၊ မိုးတိတ်စမို့ထင်သည်၊ လူတွေစုပြုံတိုးပြီး လ္ဘက်ရည် (ကျရည်) သောက်နေကြသည်၊ တစ်ခါသောက်ခွက်လေတွင် ဖျော်ပေးသော လ္ဘက်ရည်ကို တစ်ယောက်တစ် ခွက်ကျ သောက်ကြသည်၊ မြင်တွေ့ရသမျှလူတို့သည် မိမိတို့ မြန်မာဘုန်းတော်ကြီးများကို အထူးတဆန်း ကြည့်ကြ သည်၊ ကုလားမလေးများလဲကွက်ကြည့်ကွက်ကြည့်လုပ်နေကြသည်၊ တစ်ချို့မှာရပ်ပြီး အချိန်ယူပြီး ပင် ကြည့်ကြ သည်၊

ထိုစဉ်ကုလားတစ်ယောက်လက်လာတို့သည်၊ ပြန်ကြည့်လိုက်တော့ အသားမည်းမည်းကုလား၏ သွား များဖွေး တောက်နေသည်၊ လွယ်ထားသော လွယ်အိပ်မှ မြန်မာစာလုံးများကို လက်ညှိုးထိုးပြနေသည်၊ ဘုန်းကြီးဟုလဲခေါ်လိုက်သလိုလိုထင်မိသည်၊ သူအင်္ဂလိပ်စကားမပြောတတ်၊ ကိုယ်ကလဲ တမီးစကား မပြောတတ်၊ အ,အချင်းတူနေသည်၊တမီးစကားနားလည်သောသူကရှင်းပြမှပင် နှုတ်ဆက်သော ကုလားကြီး သည် မြန်မာ နိုင်ငံတွင် မွေးဖွားသူဖြစ်သည်၊ အသက်၁၂ နှစ်တွင်အိန္ဒိယနိုင်ငံသို့ပြန်ခဲ့ကြောင်းပြောသည်။

အစက သီရိလင်္ကာရဟန်းတော်များဟုထင်မိကြောင်း လွယ်အိပ်တွင်ပါသော မြန်မာစာလုံးများကို ကြည့်မိ မှ မြန်မာ ရဟန်းတော် များဖြစ်ကြောင်း သိရပါသည်တဲ့၊ လက်ဆွဲပြီး ၀မ်းပန်းတသာနှုတ်ဆက် သည်၊ ရန်ကုန်မြို့၊ ကြည့်မြင်တိုင်တွင်နေခဲ့ကြောင်းသိရသည် ၊နောက်ဆုံးသူဆိုပြလိုက်သောစာသားကိုဘယ်တော့ မှမေ့တော့မည်မဟုတ်ပါ၊

‘ကမ္ဘာမကျေ… မြန်မာပြည်.. ဒို့ဘိုးဘွား အမွေအစစ်မို့ ချစ်မြတ်နိုးပေတဲ့………’ အံ့ရော၊

ရဟန်းတော်များကို အထူးတဆန်းကြည့်နေသော လူအများထဲက မြန်မာများ၏ အသည်းစွဲ နိုင်ငံ တော်သီ ချင်း ကြားရသည်မှာ ဘာစကားမှပြန်မပြောနိုင်တော့ပါ၊ ရင်ထဲလဲ နွေးသလိုလိုဖြစ်နေသည်၊

တိမ်တောက်နေသည်၊ မိုးတိမ်ကင်း၍လဲမိုးကောင်းကင်သည်လှနေသည်၊ 
သစ်ပင်များ အပေါ်ဖြန်းပက်နေ သော နေရောင်ခြည်သည် ရောင်ပြန်ဟပ်နေ တော့သည်၊

No comments:

Post a Comment