Pages

Sunday, December 18, 2011

သီဟိုဠ်နှင့် မြန်မာ


မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့သည် ရှေးယခင်ကတည်းကပင် အဆက်အသွယ်ရှိခဲ့ကြသည်၊
နှစ်ပြည် ထောင်မင်းများသည် ဗုဒ္ဓသာသနာတော်နှင့်ပတ်သက်ပြီး ဓမ္မညီအကိုများဖြစ်ခဲ့ကြသည်၊

အသောကမင်း ကိုးတိုင်း ကိုးဌာနသို့ သာသနာပြုစေလွှတ်ရာတွင် သီဟိုဠ်သို့ သားတော် မဟိန္ဒနှင့် သမီးတော် သင်္ဃမိတ္တာတို့ကို စေလွှတ်ခဲ့သည်၊ သုဝဏ်ဏဘူမိသို့ကား ရှင်သောဏနှင် ရှင်ဥတ္တရမထရ်တို့ ကိုစေလွှတ်ခဲ့ သည်၊ 

သို့ဖြစ်၍ အသောကမင်းလင်ထက်ကတည်းကပင် မြန်မာနိုင်ငံနှင့် သီရီလင်္ကာနိုင်ငံတို့၌ ဗုဒ္ဓသာသနာ ထွန်းကားပြန့် ပွားနေပြီဖြစ်သည်၊ သို့သော်မြန်မာနိုင်ငံဖို့မူ အနော်ရထာမင်းမတိုင်မီရောက်ရှိ နေသော သာသနာတော်မှာ ထေရ၀ါဒစစ်စစ်မဟုတ်ဟု ယူဆကြသည်၊ ထိုအချိန်ကတည်းကပင် သီဟိုဠ်တွင် မူ ထေရ၀ါဒ စစ်စစ်တို့ခိုင်မာစွာ တည်ရှိနေပြီဖြစ်သည်၊

ဗုဒ္ဓဘုရားရှင်၏ အစစ်အမှန်သာသနာတော်ကိုလိုလားနေသော ဘုရင်အနော်ရထာနှင့် သီဟိုဠ်ဘုရင် ၀ိဇယဗာဟုမင်းတို့သည် ထေရ၀ါဒသာသနာတော် အတွက်လက်တွဲဆောင်ရွက်ခဲ့ကြသည်၊ အနော်ရထာ မင်း သည် သီဟိုဠ်သို့ ရဟန်းတော်များစေလွှတ်ပြီး ဥပသမ္ပဒကံဆောင်စေတော်မူသည်၊ 
သီဟိုဠ်ဘုရင် ၀ိဇယဗာဟု မင်းသည်လည်း မြန်မာနိုင်ငံသို့ ပိဋကတ်တော်များပေးပို့လှူဒါန်းခဲ့သည်၊ ဤသို့ဖြင့် မြန်မာနှင့်သီဟိုဠ်သည် ထေရ၀ါဒမြတ်ဓမ္မ လမ်းစဉ်းပေါ်ဝယ် ယှဉ်တွဲလျှောက်လှမ်းခဲ့ကြသည်၊

အနော်ရထာဘုရင်သည် ရှင်မဟိန္ဒနှင့် နှမတော်သင်္ဃမိတ္တာတို့ အခြေချသာသနာပြုရာ အနုရာဓပူရကို အားကျနှစ်သက်ပြီး သူ၏နေပြည်တော်ကို အရိမဒ္ဒပူရ ဟုမှည့်ခေါ်ခဲ့ပုံရသည်၊ ထိုမှစကာမြန်မာနိုင်ငံတွင် ပူရပါသောမင်းနေပြည်များ ပေါ်ထွန်းခဲ့သည်၊ ရတနာပူရခေါ်အင်းဝ၊ အရမပူရခေါ် တောင်မြို့၊ အယုဇ္ဇပူရခေါ် ကုန်းဘောင်နေပြည်၊ ဇေယျာပူရခေါ် စစ်ကိုင်းမြို့တို့မှာထင်ရှားသည်၊ အချို့သောမြို့အမည်များပြောင်းလဲ ခဲ့ပြီဖြစ်သောလဲ အမရပူရကိုကား ယနေ့တိုင်း သုံးစွဲနေကြဆဲဖြစ်သည်။

အနော်ရထာဘုရင်နှင့် ၀ိဇယဗာဟုမင်းတို့၏ အပြန်အလှန်လုပ်ဆောင်ချက်များကြောင့် နှစ်ပြည်ထောင်လုံး
တွင် ထေရ၀ါဒဗုဒ္ဓသာသနာတော် စည်ပင်ထွန်းလင်းခဲ့သည်၊ ဥတ္တရာဇီဝ မထေရ်မြတ်သည် ဆပ္ပဒသာမဏေ ကိုလိုက်ပါစေလျှက် သီဟိုဠ်ကျွန်းသို့ဘုရားဖူးကြွခဲ့သည်၊ မထေရ်မြတ်သည် သာမဏေကို သီဟိုဠ်ကျွန်း မဟာဝိဟာရကျောင်းတိုက်တွင် ပိဋကတ်တော်များသင်ယူနိုင်ရန် ချန်ထားခဲ့သည်၊   

ဆပ္ပဒသာမဏေသည် မဟာဝိဟာရကျောင်းတိုက်တွင် ဆယ်နှစ်ဆယ်မိုးပိဋကတ်တော် များ သင်ယူခဲ့သည်၊ သာမဏေသည် သီဟိုဠ်ကျွန်းမှာပင် ရဟန်းဖြစ်ခဲ့သည်၊
ဆပ္ပဒမထေရ်သည် စာသင်ဘက်ဖြစ်သော ရဟန်းတော်လေးပါးနှင့် အတူ အရိမဒ္ဒနပူရသို့ပြန်ခဲ့သည်။ ဤသို့ဖြင့် မြန်မာရှင်ဘုရင်များသည် သီဟိုဠ်သို့ရဟန်းတော်များစေ လွှတ်ပြီး ထေရ၀ါဒမူ များကို ယူဆောင်ခဲ့ကြသည်၊

ရွှေတိဂုံစေတီတော်ဒကာလဲဖြစ်၊ ဓမ္မစေတီခေါင်းလောင်းကြီးကို သွန်းလုပ်ပူဇော်ခဲ့သော ဓမ္မစေတီမင်းသည် လဲ မြန်မာရဟန်းတော်များကို သီဟိုဠ်သို့စေလွှတ်ပြီး သံဃကံများကိုဆောင်စေတော်မူခဲ့သည်၊ သီဟိုဠ်မူ အတိုင်းပင် မိမိ၏နေပြည်တော် ဟံသာဝတီတွင် ကလျာဏီသိမ်ကိုဆောက်လုပ်လှူဒါန်းခဲ့သည်၊

အဆိုပါသိမ်သည် ယနေ့တိုင်ပဲခူးမြို့၌ သမိုင်းအထောက်အထားအဖြစ်ခိုင်မာစွာတည်ရှိနေသည်၊ သံဃာ့ကံ များ ဆောင်ရွက်ဆဲဖြစ်သော ထိုကလျာဏီသိမ်ကြီးမှာ သီဟိုဠ်နှင့်မြန်မာတို့၏ဗုဒ္ဓသာသနာနှင့်ပတ်သက်
သောဆောင်ရွက်ခဲ့မှုများကို လှစ်ဟဖော်ကျူးနေသည်၊

No comments:

Post a Comment