၁၈၆၀ ခုနှစ်တွင် မြန်မာနိုင်ငံသို့ သီဟိုဠ်မှ သံတမန်အဖွဲ့ရောက်လာသည်၊ မြန်မာဘုရင်ဘိုးတော်ဘုရား ကိုယ်တိုင် ခရီးဦးကြိုဆိုခဲ့သည်၊ မင်းဆရာ သံဃရာဇာမထေရ်မြတ်ကိုယ်တော်တိုင် ဦးစီးပြီးသီဟိုဠ်သား သာမဏေများကို ဥပသမ္ပဒကံဆောင်ပေးတော်မူခဲ့သည်၊
မြန်မာနိုင်ငံသို့ကြွရောက်ပြီး ဥပသမ္ပဒကံဆောင်ရခြင်းသည် သူ့ကျွန်ဘ၀ရောက်နေသော သီဟိုဠ်အတွက် ခက်ခဲသောကြောင့်ဖြစ်သည်၊ မြန်မာနိုင်ငံ အမရပူရတွင်ကံဆောင်ပြန်လာသော ရဟန်းတော်များဦးဆောင် မှုဖြင့် သီဟိုဠ်သားတို့သည် သာသနာ့ဘောင်သို့ဝင်ရောက်ခွင့်ရကြတော့သည်၊
ယနေ့သီရိလင်္ကာတွင် ထင်ရှားနေသော အမရပူရဂိုဏ်းသည် မြန်မာနိုင်ငံဘိုးတော်ဘုရား၏ မင်းနေပြည်ကို အစွဲပြုခေါ်ထားသော အမည်ဖြစ်သည်၊ သီရီလင်္ကာနိုင်ငံတွင် သံဃာဂိုဏ်း သုံးဂိုဏ်းရှိရာတွင် အမရပူရနှင့် ရာမညဂိုဏ်းတို့မှာ မြန်မာနိုင်ငံမှဖြစ်သည်၊ စိရနိကာယ(ရှမ်းဂိုဏ်း) ကား ထိုင်းနိုင်ငံမှဖြစ်ကြောင်းသိရသည်၊ သီဟိုဠ်နှင့် မြန်မာ၊ မြန်မာနှင့် သီဟိုဠ်သည် ထေရ၀ါဒသာသနာ အရှည်တည်တံ့ရေးအတွက် တစ်လှည့်စီ အကူအညီအထောက်အပံ့ပေးခဲ့ကြသည်ကို ၀မ်းမြောက်ဖွယ်တွေ့ရှိရပါသည်။
သီဟိုဠ်နှင့်မြန်မာတို့သည် တစ်ကမ္ဘာလုံးရှိ ဗုဒ္ဓဘာသာအတွက် မေ့မရနိုင်သော လုပ်ငန်းကြီးတစ်ရပ် ကို ရှေ့ဆင့် နောက်ဆင့်ဆောင်ရွက်ခဲ့ကြသည်၊ မြတ်စွာဘုရား သဗ္ဗညုတဉာဏ်တော်ရရှိတော်မူရာ မဟာဗောဓိ စေတီတော်အနီးတွင်တည်ဆောက်ထားသော မဟာဗောဓိစေတီတော်သည် ဟိန္ဒူဘာသာဝင် များလက်ထဲ ရောက်ရှိခဲ့ ရပြီး၊ ယိုယွင်းပျက်စီးနေသည်ကိုလည်း မပြုပြင်ပဲထားခဲ့ကြသည်၊
၁၈၇၅ ခုနှစ်တွင် ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီးသည် အိန္ဒိယနိုင်ငံအစိုးရခွင့်ပြုချက်ဖြင့် မဟာဗောဓိစေတီတော်ကြီးကို ပြုပြင်မွမ်းမံမှုများပြုလုပ်ခဲ့သည်၊ သို့သော် အုပ်ချုပ်မှု အပိုင်းတွင် ဟိန္ဒူတို့၏ လက်အောက်တွင်သာ ထားရှိခဲ့သည်၊ ဟိန္ဒူနတ်ဘုရားများကို စေတီတော်အတွင်း၌ ထားကာ ဟိန္ဒူဘုရား ကျောင်းအသွင်ဖန်တီးခဲ့ကြသည်၊
ဗုဒ္ဓဘာသာဝင်များလက်ဝယ်မရှိပဲ အခြေအနေ အမျိုးမျိုးအောက်တွင် ငြှိုးငယ်စွာတည်ရှိနေမှုကို လင်္ကာ သားကြီး အနာဂါရိကဓမ္မပါလတွေ့မြင်ရသောအခါ အကြီးအကျယ် ထိတ်လန့်ခဲ့ရသည်၊ မိမိကိုယ် တိုင်မြင်နေရသော အဖြစ်ကိုပင် မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရသည်၊ ထို့ကြောင့် ဗုဒ္ဓဘာသာဆိုင်ရာ မဟာဗောဓိစေတီတော်နှင့် ဗောဓိပင်အခြေအနေတို့ကို ကမ္ဘာလုံးဆိုင်ရာ ဘာသာရေး အစည်းအဝေး များတွင် တင်ပြဆွေးနွေးခဲ့သည်၊ ဗုဒ္ဓဘာသာနိုင်ငံများသို့ သွားရောက်ပြီး မဟာဗောဓိစေတီတော်နှင့် မဟာဗောဓိပင်တို့၏ အခြေအနေ ကိုတင်ပြပြီး ဗုဒ္ဓဘာသာဝင်များပိုင်ဆိုင်ရေးအတွက်ကြိုးပမ်းခဲ့သည်၊
ယနေ့ကမ္ဘာတွင် ၀င့်ဝင့်ထည်ထည်ဖြင့် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ နှလုံးသားဝယ် မဟာဗောဓိမြေမြတ် တည်ရှိနေအောင် မြန်မာဘုရင် မင်းတုန်းမင်း ကြီးနှင့် သီဟိုဠ်သားကြီး အနာဂါရိကတို့၏ လုပ်ဆောင်မှုမှာ များစွာအရေးပါကြောင်း သမိုင်းမှတ်တမ်းများက သက်သေခံလျှက်ရှိသည်။
ယနေ့ခေတ်တွင်လည်း သီရိလင်္ကာနိုင်ငံရှိဗုဒ္ဓဘာသာဆိုင်ရာ တက္ကသိုလ်ကြီးများတွင်တက်ရောက်နေသော
ကျောင်းသားအများစုမှာ မြန်မာသံဃာတော်များပင်ဖြစ်သည်၊ သို့ဖြစ်၍ သီရိလင်္ကာနှင့်မြန်မာတို့သည် အနာဂတ် ဗုဒ္ဓသာသနာတော်အတွက် ဓမ္မညီအကိုများအဖြစ် လက်တွဲဆောင် ရွက်နေကြဦးမည်ဖြစ်သည်၊
တွေးမိတိုင်းပီတိဖြာရပါသည်။
ထို့ထက်ပို၍ထူးခြားသည်မှာ ဆရာတော်ကြီးဦးဝိနယာလင်္ကာရသည် သီဟိုဠ်ကျွန်းတွင် မြန်မာကျောင်းတိုက် (၅) တိုက်တည်ထောင်တော်မူခဲ့သည်၊ ယနေ့အချိန်တွင် မြန်မာသံဃာအများဆုံးမှီခိုအားထားရာ ကိုလံဘိုမြို့ရှိ၊ မကုဋာရာမမြန်မာကျောင်းတိုက်သည်လည်း တစ်တိုက်အပါအ၀င်ဖြစ်သည်၊ မြန်မာသက္ကရာဇ် ၁၂၈၆ ခုနှစ်တွင် တည်ထောင်ခဲ့သောကြောင့် ရတုအကြိမ်ကြိမ်ကို တည်ငြိမ်စွာဖြတ်သန်းခဲ့ပြီဖြစ်သည်၊
ခေတ်ပညာတတ် ရဟန်းတော်များစွာကို လည်းမွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်သည်၊ ခေတ်ပညာသင်ကြားရေးကို ဦးစီးဦးဆောင်ပြုခဲ့သော ဆရာတော်ဦးအာဒိစ္စ၀ံသလည်း သီတင်းသုံးနေထိုင်ခဲ့ဖူးသည်။ ဆရာတော်သည် ဘာသန္တရနှင့်ပတ်သက်ပြီး အများလေးစားရသော ပုဂ္ဂိုလ်ဖြစ်သည်၊
ဆရာတော်သည် မကုဋာရာမကျောင်းတိုက် စည်းကမ်းများကိုလည်း ဆရာတော် ဦးဝိနယာလင်္ကာရနှင့် အတူ ရေးဆွဲခဲ့ကြောင်းသိရပြန်သည်၊
ယနေ့မြန်မာနိုင်ငံတွင် ခေတ်ပညာသင်ယူမှု အပိုင်း၌ အားကြိုးမာန်တက်ဆောင်ရွက်ခဲ့သော ဆရာတော် ကြီးများ၊ ဆောင်ရွက်ဆဲ ဆရာတော်ကြီးများသည် မကုဋာရာမမြန်မာကျောင်းတိုက်ကြီးနှင့် ပတ်သက်ခဲ့ ဖူးသော ပုဂ္ဂိုလ် များဖြစ်ကြသည်ကို တွေ့ရပါသည်။
ဆက်လက်၍လည်း ဘာသန္တရကျွမ်းကျင်သော ခေတ်ပညာတတ်ရဟန်းတော်များ အစဉ်အဆက်မပြတ် ထွက် ပေါ်နေဦးမည်ဖြစ်ပါသည်၊ ဤအကျိုးကျေးဇူးများသည် သမိုင်းကြောင်း တစ်လျှောက် မြန်မာနှင့် သီဟိုဠ်တို့၏ အပြန်အလှန်ကြိုးပမ်းအားထုတ်မှုများကြောင့်ဖြစ်ပါသည်၊
ဗုဒ္ဓသာသနာတည်ရှိနေသမျှကာလပတ်လုံးမြန်မာနှင့်သီဟိုဠ်တို့သည် အတူတကွဆက်လက်ရှင်သန်
နေဦးမည် ကို ၀မ်းမြောက်ကြည်နူးစွာ မျှော်တွေးနေမိပါတော့သည်။
မှတ်ချက်၊ အထက်ပါဆောင်းပါးသည် 'လင်္ကာတမန် မဂ္ဂဇင်း' ဒုတိယ အကြိမ်တွင် စန္ဒနသာရ၊ မန်း ကလောင် အမည်ဖြင့်ဖော်ပြခဲ့သော ဆောင်းပါးဖြစ်သည်၊
မှတ်ချက်၊ အထက်ပါဆောင်းပါးသည် 'လင်္ကာတမန် မဂ္ဂဇင်း' ဒုတိယ အကြိမ်တွင် စန္ဒနသာရ၊ မန်း ကလောင် အမည်ဖြင့်ဖော်ပြခဲ့သော ဆောင်းပါးဖြစ်သည်၊
No comments:
Post a Comment