Pages

Thursday, December 8, 2011

က ကလေးငယ် ချစ်စဖွယ်


ကလေးတိုင်း ချစ်စရာကောင်းသည်ချည်းဖြစ်သည်၊ ဖွေးဖွေးဥဥလေးများသည် ပိုကောင်လေးပမာရှိ လှသည်၊ လူတိုင်းကလေးဖြစ်ဖူးသည်၊ သင်လဲကလေးဖြစ်ဖူးသည်၊ ကမ္ဘာကို စိုးမိုးရဆုံးအချိန်သည် ကလေး ဘ၀များ ဖြစ်သည်၊ အဲ့ကနဲ့ငို လိုက်ရုံဖြင့် လိုချင်တာ အားလုံးပြီးစီးသည်၊ လောဘအရိပ်၊ ဒေါသအရိပ်တို့ အကင်းဆုံး အချိန်များလဲဖြစ်သည်၊

ဤအချိန်တွင် မြတ်မာတာသည် ကလေး၏ကျေးကျွန်ဖြစ်ရသည်၊ အော်ဟစ်ငိုကြွေးလိုက်သောအသံသည်ပင် ပတ်ဝန်းကျင်ကို ငြိမ်းချမ်းခြင်းဖြစ်စေသည်ဟုပြောကြသည်၊ အဖွားကပြောဖူးသည်၊ အဲ ကလေးဆိုတာ ငိုမှအား ရှိတာတဲ့၊ အားရှိပါးရှိ ငိုလိုက်သောသံသည် အမေ့ကိုပီတိဖြာစေသည်၊ အဖေ့ကို အင်အားတစ်မျိုး တိုးစေသည်၊

မျက်လုံး လေးများကြည်လင်တောက်ပလို့၊ အသားအရေများဝင်ပလို့၊ သွားမပါသေးပဲ သွားဖုံးသက် သက် ဖြင့်ပြုံးလိုက်သော အလှသည်လဲ အတင့်တယ် ဆုံးဖြစ် သည်၊ ရှေ့သွားနှစ်ချောင်းပေါက်တော့ ပိုလှသည်၊ စကား ပြောတတ်ခါစသည် အကောင်းဆုံးစကား ကိုဆို တတ်သည်၊ အမေသည် ကလေး၏ စကားပြန်ဖြစ်သည်၊ သူ့စကားကို ရင်တွင်းထွေးပွေ့ထားရသူမို့ အမေက နှလုံးသား ဖြင့်နားလည်သည်၊

နာဂတောင်တွင်သာသနာပြု တာဝန်ထမ်းဆောင်ရစဉ်က နာဂကလေးများနှင့်တွေ့ရသည်၊ သူတို့လေးတွေ လဲ ချစ်စရာကောင်းသည်၊ရေကန်တွင်သူတို့နှင့်တွေ့ပါက ရေချိုးပေးလိုက်သည်၊ 
မနိုင်တစ်နိုင်ရေလာခတ်လျှင် ကူညီပေးလိုက်သည်၊ ရိုးသားသော နာဂကြီးများက သူတို့ကလေးများကို ချစ်ချစ်ခင်ခင်နားလည်ပေးသဖြင့် သာသနာပြုပိုပြီးလွယ်ကူသည်၊  

ဖိုးချစ်လို့ခေါ်သောနာဂလေးတစ်ယောက်ရှိသည်၊ သူ့အမေတွင် ကလေးတွေအများ ကြီးရှိ သည်၊
နောက်ထပ် ကလေးတစ်  သူ့အမေမွေးတော့ ဖိုးချစ်ဘုန်းကြီးကျောင်း ကို ပြေးလာသည်၊ သူ့ အမေက ‘အဲ အဲ’ လေးတစ် ယောက်မွေးပြီတဲ့၊ နာဂလို ကလေးကို အဲ ဟုခေါ်သည်၊

သူတို့ပြောတာမှန်ပါသည်၊ ကလေးသည် မွေးခါစက အဲ အဲ သာပြောတတ်သည်၊ အဓိပ္ပာယ် အပြည့်အ၀ဆုံးနှင့် အမေ့နှလုံးသားကို အားသစ်တဖန်ပွားစေသော စကားလုံးဖြစ်သည်၊ အမေသည်လဲ ကလေးနားလည်အောင် အဲ အဲ အဲ ဆိုကာ ချော့သိပ်သည်၊ က ကလေးငယ် ချစ်စဖွယ်တည်း။

ခ ခရေကုံး မလေးပြုံး

ခရေသည် ဖွေးဖွေးဖြူလေးများဖြစ်၏၊ မာန်မ၀င့်ပဲလှပါသည်၊ ခရေသည် မနွမ်းခင် ချွေချပြီး လောကကို အလှဆင်သည်၊ မန်း တက္ကသိုလ်ကျောင်းသားဘ၀တွင်  ခရေတွေကောက်ဖူးပါသည်၊ မင်းတုန်းမင်း တရားကြီး ကောင်းမှုတော် ကုသိုလ်တော်ဘုရားပရ၀ဏ်တွင် ခရေပင်တွေ အစီအရီပေါက်ကြသည်၊ ခရေရိပ်သည် အေးမြသည်၊ ခရေတောသို့ အပေါင်းအသင်းများဖြင့် ရောက်ကြသည်၊ စိမ်းစိမ်း ညိုညို့ ညှို့ယူဖမ်းစားသည်၊ မန်း- သာသနာ့တက္ကသိုလ်ကျောင်းသားဘ၀တွင် ပင်ခရေတော၌ အမော မဖြေဖူးပါက မပြည့်စုံနိုင်ပါ၊

ပိဋကတ်တော်စေတီများအကြားက ပင်ခရေတို့ ထုံးဖွေးဖွေးစေတီတော်များကို ပန်းချွေပူဇော်ရင်း ရနံ့တို့ပျံ့ သင်းနေတတ်သည်၊ စာကျက်ရင်း ခရေကောက်ကြသည်၊
လူထုဒေါ်အမာငယ်စဉ်က ဤခရေပင်တွေ အကြားပြေးလွှားရင်းဆော့ ကစားခဲ့ဖူးသည်တဲ့၊
သူမ၏ ကမ္ဘာ့ အကြီးဆုံး စာအုပ်အမည်ရှိစာတမ်းတွင်ပြန်ရေးပြသည်၊

မှန်ပါသည်၊ မင်းတုန်းမင်းကုသိုလ်တော် ပိဋကတ်စေတီများသည် သူတို့အကြားဝယ် ပြေးဟယ် လွှား ဟယ်ဖြင့် တူတူပုန်းတမ်းစကားနိုင်အောင်ကြီးကြယ်သော စာအုပ်ကြီးဖြစ်သည်၊ အခုတော့ စေတီတော်တွေ အကြား ခရေပြန်ကောက်ချင်နေမိသည်၊

အဲတုန်းက ‘ပန်ချင်တယ် ခရေဖူးဆိုလို့’လဲမှာလိုက်သူမရှိတော့ လက်တွင်းရှိဖြူလွလွပန်းခရေတို့ကို အကြည် တနူးဖြင့်  ဘုရားတင်လှူပူဇော်ရသည်၊ ယခုတိုင်းလဲ ကြည်နူးနေမိပြန်သည်၊ 
ထူးပါဘိ၊ ကြည်နူးရပါသည်၊

လေးပြင်းလေးရပ်က မန်းသူတို့ ခရေလာကောက်ကြသည်၊ ခရေသည် ရက်ရက်ရောရော မိုးသို့ ရွာချသည်၊ အလုအယက် ကောက်ကြသည်၊ မန်းသူတို့ခရေပန်းတို့ဖြင့် ပြုံးနေတတ်သည်၊ သက်ရှိရုပ်ကြွပန်းချီ များဖြစ်သည်၊ တောင်လေအလေအသွေး ဖွေးကနဲ့ တစ်ပြိုက် နှစ်ပြိုက် ချွေချလိုက်တဲ့ ပန်းခရေတို့သည် သံစဉ်တစ်ခုကို တီးနေသည်သို့….။ ကြားယောင်မြင်ယောင်မိပါသည်။

 ........
မန်း- မြေမှာ ခရေပြန်ကောက်ချင်နေမိသည်။

No comments:

Post a Comment