Pages

Tuesday, November 22, 2011

တောင်ကြီးသို့ အလည်တစ်ခေါက် ကိုယ်ရောက်တယ်



မောရှမ်းရဲ့အလှတောင်တန်များကို တစ်စတစ်စကျော်ခဲ့ပြီ၊ 
တစ်ရိပ်ရပ်ပြေးနေသော ကားလေးသည် ဘယ်ကွေ့ ညာယိမ်းဖြင့်၊ 
ညနေခင်းနေရောင်သည် မြူမှုံများအောက် တွင်ပျောက်ကွယ်တော့ မယောင်ဖြစ်ေ နပြီ၊ 

အရှေ့ လောကဓာတ်မှထွက်ပေါ်လာသော လမင်းသည်လဲ တောင်တန်းများတွင် မေးတင်နှုတ်ဆက်နေပြီ၊ လ၀န်းသည် တိပ်ပန်းချီနောက်ခံလျှက် တန်ဆောင်တိုင်ညကို လှစေဦးတော့မည်၊

အို..အို မြောက်ပိုင်းလမ်း လမ်းတွေက ဆိုးဆိုး… 
ကျင်းတွေပေါ…ဇောချွေးလေးများ ပျံနေအောင်မောင်းတယ်… 
တစ်ခါတစ်လေ ကုန်ချိန်များလို့ ......
လေးကျိုးရင်  ဒရိုင်ဘာ အိမ်ပြန်နောက်ကျခဲ့ရတယ်...
ဒီလိုလမ်းတွေနေမှာပါလို့ တွေးမိသည်၊ အောင်ပန်းရောက်တော့ ခဏနားကြသည်၊ မောရှမ်းအလှကို စတင် ခံစားနိုင်ပါပြီ၊ စိမ့်စိမ့်လေးအေးသည်၊ လမ်းဆင်းလမ်းတက်စုံလို့နေသည်၊ မြို့လေးကို နှင်းတွေရံထားသည်၊ ချိုင့်ဝှမ်းများတွင် မြူတွေဆိုင်းနေသည်၊ လိမ္မောခြံတွေဝေနေသည်၊ အရာအားလုံး တိမ်ပေါ်ရောက်နေ သည် ထင်ရသည်၊

တောင်ကြောစပ်တို့တွင် နှင်းတို့ဝေနေသည်၊ အဆင်း အတက် အပြိုင် အဆိုင်ဖြင့် မြွေလိမ် မြွေကောက် လမ်း တို့သည် အသဲတစ်ယားယားဖြင့် ချွေးပြန်စေသည်၊

ရိုးသားလှတဲ့ရှမ်းလေး.. စားတဲ့မထင်းဆန်း ကောက်ညှင်း ရှင်းရှင်းပြောတတ်တာ…တို့ရှမ်းပဲ…အညာသူရယ် … တောင်ပေါ်မြေမှာ ပဲပုပ်စားနိုင်ရင်.. လိုက်ခဲ့ပါ…

စိုင်းဆိုင်မော့ကလဲ သူ့ပြည်ကို ခေါ်နေပါသည်၊ တွေ့ရပါပြီ၊ မောတို့ပြည်ကို၊ မောတို့ပြည်သည် ကြယ် စင်တွေ ကုဋေကုဋာ နောက်ခံထားပြီး လှနေသည်၊ ကားလေးသည် အနိမ့် အမြင့် အဖုံဖုံဖြင့် ဖိုးရွှေလကို ခုန် နမ်းလိုက် တောင်ကြောတွေထဲပြေးပုန်းလိုက်နှင့် တောင်ကြီးမြို့တက်နေသည်၊ လူတွေစုံလှသည်၊

ဒုတိယမ္ပိ တောင်ကြီးမြို့ရောက်ပြန်ပြီ၊ လွန်ခဲ့သော လေးနှစ်ခန့်က တောင်ကြီးမြို့ကို ရောက်ဖူးသည်၊ အဲဒီတုန်းက အင်းလေးထဲရောက်သည်၊ ဇင်ယော်တွေကို အစာကြွေးသည်၊ ဖောင်တော်ဦး ဘုရားကို ဖူးကြ သည်၊ ဟဲယားရွာမ ကျောင်းနီကျောင်းက သူငယ်ချင်းများက လိုက်ပို့ပေးကြသည်၊  

အခုမီးပုံပျံလွှတ်ကြမည့် တောင်ကြီးကွင်းကို ရောက်ပါပြန်ပြီ၊ တစ်မျှော်တစ်ခေါ်ကား တန်းကြီးကို နှစ် နှစ် နာရီ ကျော် ကျော်ဖြတ်ရသည်၊ 
အဝေးကပင် ဟော မီးပုံးပျံ တစ်လုံးတက်လာပြီ၊ မီးရောင်စုံ တို့ဖြင့် ပြွတ်သီးနေသည်၊ 

မီးပန်းဆိုင်းကြီးကောင်းကင်းသို့ထိုးတက်သွားချေပြီ၊ သူနိုင်ငါနိုင် အပြိုင်ကြဲပြီ အော်ဟစ်အားပေးကြသည်၊ အပြိုင် အဆိုင်တီးလိုက်သော ဗုံ၊ မောင်း၊ လင်းကွင်းသံတို့သည် ပွဲခင်းကို တစ်သိမ့်သိမ့်တုန်းဟီးစေပြီး၊ ရင်ကို စည်းချက်ကျ တစ်ဒိမ်းဒိမ်း ခုန်စေသည်၊  

ကောင်းကင်သို့ ထိုးတက်သွားသော မီးပုံးပျံသည် အပြာရောင်ကောင်းကင်၊ ဘောငွေရောင်လမင်း၊ ကြယ် စင်များ တွဲရရွဲ၊ တိမ်ပန်းချီဇာတွန့် အလွန့်လွန့်ဖြင့် လှချင်းတိုင်းလှနေသည်၊

လမင်းကြီး ရင်ထဲပြိုဆင်းလာသည်၊ မီးကျည် မီးပန်းတို့ကောင်းကင်းထိုးတက်သွားကြသည်၊ ရှမ်းပျိုဖြူတို့ ကကြသည်၊ လင်းကွင်း၊ ဗုံ၊ မောင်း တစ်ဒိန်းဒိန်းသံသည် မိုးယံသို့ ပျံလွင့်နေတော့သည်၊ စည်းချက်ကျကျ က ခုန်လိုက်သောသူတို့ဟန်သည် မြေပြင်ကို တုန်းဟီးစေပြန်သည်။

အညာသူရယ်….. တောင်ပေါ်မြေမှာ…. ပဲပုပ်စားနိုင်ရင် လိုက်ခဲ့ပါ…..

No comments:

Post a Comment