Pages

Thursday, June 28, 2012

ပေးဆပ်သူ အပိုင်း( ၄) ဗောဓိဓမ္မ



အိန္ဒိယနိုင်ငံကြီးသည် ဘာသာ အယူဝါဒတို့ဖြင့် ကြွယ်ဝချမ်းသာသည်။ အတိတ်ကလည်း ကြွယ်ဝခဲ့သည်။ ယခုတိုင်းလည်း အသစ်သစ်သော ယုံကြည် ကိုးကွယ်မှုများဖြင့် သက်ဝင်လှုပ်ရှားနေဆဲရှိသည်။ ကမ္ဘာအရပ် ရပ်မှ သုတေသီတို့သည် အိန္ဒိယကို ဦးညွတ်ကြရသည်။ 

ကမ္ဘာအရပ်ရပ်မှ ဦးညွတ်လေးစားခြင်းတွင် ဗုဒ္ဓဘာသာ၏ အခန်းကဏ္ဍသည် ကြီးကျယ်သည်။ အထူးသဖြင့် အနောက်တိုင်းသားများကို ဆွဲဆောင်နိုင်စွမ်းရှိသည်။ ခရစ်နှစ် ၁၈နောက်ပိုင်းကာလများသည် အိန္ဒိယ သမိုင်း၏ ခေတ်သစ်တစ်ခုပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။ အိန္ဒိယတိုက် ငယ်သို့ရောက်ခဲ့ကြ၊ တာဝန် ထမ်းဆောင်ခဲ့ကြသော ဗြိတိသျှ အရာရှိများသည် အိန္ဒိယနိုင်ငံကြီး၏ ကြီးမား ကျယ်ပြန့်သော ယဉ်ကျေးမှု အ၀န်းအ၀ိုင်းကြီးကို စိတ်တိုင်းကျ ရှာဖွေဖွင့်လှစ်ခဲ့ကြသည်။ အင်ဒိုလော်ဂျီ( indology) တစ်ရပ်အဖြစ်ဖြင့် ပင် တစ်သီးတစ်ခြားလေ့လာကြသည်။

အကျိုးအမြတ်ကား အံ့သြဖွယ်ကောင်း လှသည်။ ဗုဒ္ဓသာသနိက အဆောက်အဦးများကို ရှာဖွေဖော် ထုတ်ပြီး ကမ္ဘာသိ အမွေ အနှစ်များ အဖြစ် ထိမ်းသိမ်းနိုင်ခဲ့ကြသည်။

ရုပ်ပိုင်းဆိုင်ရာသာမက နာမ်ပိုင်းဆိုင်ရာ အမွေ အနှစ်များ အနေနှင့်လည်း ထင်ရှားခဲ့သည်။ ဆာအက်ဒွင် အားနိုးသည် တယ်လီဂရပ်သတင်းစာကြီးတွင် ခေတ်သစ် ဗုဒ္ဓ၀င်ဖြည့်သည့် အာရှတိုက် အလင်းရောင် ” the light of Asia” ကိုဖွဲ့ဆိုပြီး နာမ်ပိုင်ဆိုင်ရာ အလှ၊ အမွေကို အနောက်ကမ္ဘာနှင့် မိတ်ဆက်ပေးနိုင်ခဲ့သည်။

အာနိုး၏ အာရှ အလင်းရောင်သည် မဟာယာန သုတ္တန်ဖြစ်သော လလိတ၀ိတ္ထာရကို မှီးငြမ်းပြုရေးဖွဲ့ သည်ဟု မှန်းဆရသည်။

အေ ဒီတစ်ရာစု၊ သို့မဟုတ် ဘီ စီ ကုန်ဆုံးကာနီးကာလတွင် ကသ္မီရနယ်တွင် ကနိသျှကမင်း အထောက် အပံ့ဖြင့် မြောက်ပိုင်း သင်္ဂါယနာတင်ကြသည်။ သက္ကတဘာသာကို အဓိကထား သင်္ဂါယနာတင်ကြသည်။ သက္ကတဘာသာဖြင့်ပင် အဖွင့်ကျမ်းများရေးသားကြသည်။ နောက်ပိုင်းတွင် သက္ကတ ဘာသာဖြင့်ရေးသား ထားသော ဗုဒ္ဓပိဋကတ်တော်များကို မြောက်ပိုင်း ဗုဒ္ဓဘာသာ အဖြစ်ခေါ်တွင်ကြသည်။ သက္ကတဗုဒ္ဓဘာသာ ဟုပင်ခေါ်ကြသည်။ တောင်ပိုင်းဗုဒ္ဓဘာသာကို ပါဠိဗုဒ္ဓဘာသာဟုဆိုကြသည်။

သက္ကတဗုဒ္ဓဘာသာသည် မြောက်ပိုင်းတွင်ကြီးစိုးသည်။ ပါဠိဗုဒ္ဓဘာသာသည် တောင်ပိုင်း တွင် ပြန့်ပွား သည်။ အိန္ဒိယအလယ်ပိုင်းသားကြီးဖြစ်သော ဗုဒ္ဓဃောသသည် သက္ကတဗုဒ္ဓဘာသာကို မလေ့လာ ပဲတောင် ပိုင်းသို့ ကြွပြီး ပါဠိဗုဒ္ဓဘာသာကိုလေ့လာပြီး အဖွင့်ကျမ်းပေါင်းများစွာရေးပြီး သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့ သည်။ ထေရ၀ါဒ သမိုင်းတွင် ဗုဒ္ဓဃောသမထေရ်မြတ်သည် ထာဝရတည်ရှိနေမည်ဖြစ်သည်။

 အမှန်ဆိုရသော် အိန္ဒိယတိုက်ငယ်ပေါ်တွင် မဟာယာနဗုဒ္ဓဘာသာက ပိုမိုထင်ကျန်ရစ်သည်။ ထေရ၀ါဒဗုဒ္ဓ ဘာသာကား အေ ဒီထောင့်နှစ်ရာ စုတွင် အိန္ဒိယတိုက်ငယ်မှ ပျောက်ကွယ်ခဲ့ရသည်။ မဟာယာနသည် ရှိရင်းစွဲဖြစ်သော ဗြဟ္မဏ၀ါဒများနှင့် ရောနှောသွားသည်။ ဗြဟ္မဏ အယူအဆများနှင့် ရောထွေးကာ ဗုဒ္ဓကိုပင် ပရိနိဗ္ဗာန်ပြုပြီးနောက်တွင် ကောင်းကင်ဘုံ၌ တည်ရှိနေသည်ဟု ဆိုကြသည်။


ဗြဟ္မဏ၀ါဒ၏ လွှမ်းမိုးခြင်းကို ခံလိုက်ရခြင်းဖြစ်ဟု ဆိုချင်သည်။ မဟာယာနဆရာအများစု သည် မြောက် ပိုင်းမှ အများစုဖြစ်ကြသည်။ နာဂဇုန၊ အဿဂေါသ၊ ၀သုဗန္ဓုစသော မဟာယာန ပညာရှင်များ သည် မြောက်ပိုင်းသားများဖြစ်ကြသည်။ မဟာယာန သမိုင်းတွင် သူတို့ထာဝရတည်ရှိ၊ မှတ်တင်တင်ခြင်း ခံကြရမည်။
 ဗောဓိဓမ္မ

ထိုအထဲတွင် ထူးထူးခြားခြား တောင်ပိုင်း အဋ္ဌကထာဆရာ အများစု၏ မွေရပ်မြေ ကဉ္စီပူရမြို့မှ မဟာယာန ပညာရှင်တစ်ယောက်ပေါ်ထွန်းသည်။

ဗောဓိဓမ္မသည် ခရစ် ငါးရာစုနှောင်းပိုင်း၊ ခြောက်ရာစု အစောပိုင်းဖွားမြင်သည် ဆိုကြသည်။ သူသည် အိန္ဒိယနိုင်ငံ၊ တောင်ပိုင်း တမီးနာဒူးပြည်နယ်သားဖြစ်ပြီး၊ ပလ္လ၀မင်း အဖြစ်ဆက်ခံနိုင်သော တတိယမြောက် အဖြစ်ဖော်ပြကြသည်။ ပလ္လ၀မင်းဆက်တို့သည် ခရစ်လေးရာစုမှ ကိုးရာစုအထိ အုပ်ချုပ်ခဲ့ကြသည်။

သူတို့ အုပ်ချုပ်ရာဒေသသည် အရှေ့တောင် အာရှနိုင်ငံများနှင့် ရေလမ်းကြောင်း ဆက်သွယ်မှုရှိ သည်။ မြန်မာအက္ခရာ များသည်ပင် ပလ္လ၀အက္ခရာ၊ ပလ္လ၀ အရေးအသားများဖြစ်ကြောင်း သမိုင်းရှိသည်။ ဗောဓိဓမ္မ ကိုယ်တိုင်လည်း ဂျားဗားကျွန်း၊ မလယ(မလေးရှား) ဒေသသို့ရောက်ဖူးသည်။

တမီးနာဒူးသားအများစု( အနုရုဒ္ဓါ၊ ဗုဒ္ဓဒတ္တ၊ အာစရိယ ဓမ္မပါလ) သည် ဗုဒ္ဓသာသနာနှင့် ပတ်သက်ပြီး သီရိလင်္ကာနိုင်ငံသို့ ကူးပြီး ပိဋကတ်တော်များကို လေ့လာကြသည်။ သို့သော် ဗောဓိဓမ္မသည် လင်္ကာကျွန်းသို့ ကူးခဲ့သည်ကို မတွေ့ရပါ။ နောက်ပိုင်းတွင် မဟာယာနထွန်းကားရာ တရုတ်နိုင်ငံသို့ ခရီးထွက်သည်။ နောက်တွင် မဟာယာန ဘုန်းတော်ကြီး၏ တပည့်ခံယူကာ မဟာယာနရဟန်းတော် အဖြစ်ခံယူသည်။ သမထလုပ်ငန်းကို ပြင်းပြင်းထန်ထန်ပြုလုပ်သည်။

 ဇင်ဂိုဏ်း ခေါင်းဆောင်
ဈာနဂိုဏ်းကိုထူးထောင်သည်။ တရုတ်တွင် ချင်( chan) ဂိုဏ်း အဖြစ်ထင်ရှားသည်။ ဂျပန်တွင် ဇင်( zen) ဂိုဏ်းအဖြစ် ထင်ရှားသည်။

တရုတ်နိုင်ငံတွင် အခြေတည်သော ကာယလေ့ကျင့်ခန်းဖြစ်သည့် ရှောင်လင်ဂိုဏ်းကို ဦးစီး ထူထောင်သူ အဖြစ် အဆိုရှိပြန်သည်။

မင်းစည်းစိမ်းကို စွန့်လွှတ်၊ နေရပ်ကို စွန့်ခွာကာ မိမိယုံကြည်မှု၊ ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေး အတွက် စံပြလုပ်ဆောင်ပြခဲ့သည်။ ဗောဓိဓမ္မသည် ဘုရားရှင်မှစပြီး အစဉ်အဆက်မပြတ် ဆင်းသက်လာသော ၂၈ ဆက်မြောက် ဇင်ခေါင်းဆောင်ကြီး အဖြစ် ကိုးကွယ်ကြသည်။

ဗောဓိဓမ္မသည် မြောက်ပိုင်း ဗုဒ္ဓသာသနာတော် အတွက် အဖိုးမဖြတ်နိုင်သော အမွေ အနှစ်တို့ကို ပေးဆပ် ခဲ့သော သာသနာ့ သူရဲကောင်းကြီး တစ်ဦးဖြစ်သည်။ 

Monday, June 25, 2012

ပေးဆပ်သူ( ၃) မဏိမေခလိုင်.



အိန္ဒိယနိုင်ငံကြီးသည် ရှေးနှစ်ပေါင်းများစွာ ကတည်းပင် ဟိန္ဒူဘာသာ၊ ဂျိန်းဘာသာ၊ ဗုဒ္ဓဘာသာဟူသော ဘာသာကြီးသုံးခုအပြင် များပြား ရှုပ်ထွေးသော ကိုယ်ပိုင် အယူ အဆများကို ယုံကြည်ကိုးကွယ်ခြင်းကို ခွင့်ပြု ထားခဲ့သည်။ ဟိန္ဒူယဉ်ကျေးမှု၊ ဂျိန်းယဉ်ကျေးမှု၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုတို့သည်ပင် အိန္ဒိယနိုင်ငံကြီး ၏ နိုင်ငံပိုင် အမွေ အနှစ်များဖြစ်နေကြသည်။ တစ်ခုနှင့်တစ်ခု တိုက်ခိုက်ခြင်းဆိုသည် မှာ တွေ့ရခဲ သည်။ ဘေးချင်း ယှဉ်ကာ ရှင်သန်လာခဲ့ကြသည်။

ထိုဘာသာကြီးသုံးခု( ဟိန္ဒူ၊ ဂျိန်း၊ ဗုဒ္ဓဘာသာ) တို့သည် ငြိမ်းငြိမ်း ချမ်းချမ်းနေခဲ့သည်မှာ မူဆလင် ကျူးကျော်သူများ အိန္ဒိယတိုက်ပေါ် အခြေမချခင် ကာလအထိဖြစ်သည်။ ဟိန္ဒူဘာသာ၊ ဂျိန်းဘာသာ၊ ဗုဒ္ဓဘာသာတို့သည် အိန္ဒိယတိုက်ဖွား စစ်စစ်များဖြစ်သဖြင့် အဟိံသ၀ါဒကို ပြင်းပြင်းထန်ထန် လိုက်နာစေ သည်။ အိန္ဒိယတစ်တိုက်လုံးကို အောင်မြင်နိုင်ခဲ့သော မောရိယဘုရင် အသောကသည် ဘာသာဝါဒ ညီညွတ်ရေးကို ဖော်ဆောင်၊ အကောင်ထည်ဖော်လုပ်ဆောင်ခဲ့သည်။

ဘာသာတရား အားလုံးကို အလေးထားသည်။ မိမိအယူဝါဒကိုသာ ချီးမွမ်း၊ အမွှန်းတင်ခြင်းနှင့် သူတစ်ပါး ၀ါဒကို ရှုတ်ချ အပြစ်တင်ခြင်အား အန္တရယ်တစ်ခု အဖြစ် မှတ်တမ်းတင်ရေးထိုးထားခဲ့သည်။ အသောက ရင်ထဲနှလုံးသားထဲရှိ ထိုကဲ့သို့သော အမြင်များသည် ဗုဒ္ဓ၀ါဒမှ ရရှိလိုက်ခြင်းဖြစ်သည်။

အသောကမင်းသည် ဗုဒ္ဓဘာသာ၏ အကြီးမြတ်ဆုံး မင်းတစ်ပါး ဖြစ်သည်။ ကမ္ဘာကိုလွှမ်းမိုးနိုင်ဆုံးသော မင်းတို့တွင် အသောကသည် ထိပ်ဆုံးကရှိသည်။

ဗုဒ္ဓသာသနာ ပြန့်ပွားထွန်းကားရေးအတွက် ရင်နှစ်သည်းချာဖြစ်သော သားတော်မဟိန္ဒနှင့် သမီးတော် သင်္ဃမိတ္တာတို့ကို သီဟိုဠ်ကျွန်းသို့ စေလွှတ်သည်။

ဂင်္ဂါတစ်လျှောက် စုန်ဆင်းလာခဲ့ကြသော နန်းတော်ဝင် မောင်နှမတို့သည် တောင်ပိုင်းပြည်နယ်တွင် လင်္ကာကျွန်းသို့ မကူးမီ အခြေချ နေထိုင်ခဲ့ကြရသည်။

သူတို့နေထိုင်ခဲ့ရာ နေရာဒေသည် မြောက်ပိုင်းမှသည် တောင်ပိုင်းသို့လာခဲ့သော ထေရ၀ါဒလမ်းကြောင်း
ကြီး ၏အဓိကမြို့တစ်မြို့ ဖြစ်လာခဲ့သည်။ ထိုမြို့လေးသည် ထေရ၀ါဒ၊ မဟာယာန ပညာရှင် အစုံတို့ မွေးရပ်မြေ ကဉ္စီပူရမြို့ပင်ဖြစ်သည်။

ဘီ စီ သုံးရာစုမှသည် ခရစ်နှစ် ထောင်နှစ်ရာကာလ တစ်လျှောက်လုံး ဗုဒ္ဓဘာသာ၏ အခိုင်အမာ ဆုံးနေရာ ဖြစ်ခဲ့သည်။

ထိုဒေသမှ ဗုဒ္ဓသာသနာတော် အတွက်ပေးဆပ်ခဲ့သော အမျိုးသမီးတစ်ဦး၏ ဇာတ်လမ်းသည် လွမ်းဆွတ် ဖွယ်၊ ကြည်နူးဖွယ်၊ သံဝေဂယူဖွယ်၊ နာကျည်းဖွယ်၊ ဂုဏ်ယူဖွယ်၊ြ မတ်နိုးဖွယ် တို့နှင့် ပြည့်နှက်နေသည်။


အစဘ၀ အနုအလှ

ကာဝေရိပတ္တနန်တွင် ချမ်းသာသော ကောဝလန်သည် ဇနီးသည် ဖြစ်သော ကချေသည် မာဓ၀ီနှင့် အတူ နေထိုင်ကြသည်။ သူတို့၏ သမီးသည် မဏိမေခလိုင်ဖြစ်သည်။ သူမသည် ချမ်းချမ်းသာသာဖြင့် ကြီးပြင်းလာခဲ့ရသည်။

သမီးဖြစ်သူသည် အမေကဲ့သို့ပင် ကျွမ်းကျင်လိမ်မာသော ကချေသည်တစ်ယောက် ဖြစ်လာ သည်။ စောဠတိုင်း ဘုရင်ဥဒယသည် မဏိမေခလိုင်၏ အလှတရား၊ လိမ္မာပါးနပ်မှုတို့ဖြင့် ဆွဲဆောင် ခံရကာချစ်ခင် စုံမက် နှစ်သက်ခဲ့သည်။ ဤသို့ဖြင့် ဥဒယမင်းသည် မဏိမေခလိုင်နှင့် ပေါင်းဖက် ချစ်ကြည် ရေးအတွက်  သဘော မတူသော ဖခင်ဖြစ် ကောဝလန်အား သတ်ဖြတ်လိုသည်။

ထိုကြောင့် ဥဒယသည် ကောဝလန် မဓုရာသို့ အရောက်တွင် မဟုတ်မမှန် လုပ်ကြံ စွပ်စွဲလေ သည်။ ကောဝလန်သည် ထိုစွပ်စွဲချက်ဖြင့် ပင် အသတ်ခံရသည်။ ရှုပ်ထွေးပွေလီလှသော သတင်းစကားနှင့် လင်ယောင်္ကျားအသတ်ခံရကြောင်းကြား သိရသဖြင့် စိတ်ပျက်အားငယ်နေသော မာဓ၀ီသည် သမီးဖြစ် သူနှင့် အတူ ရဟန်းတော် အာရ၀ဏ အဒိဂေါထံသို့ ရောက်လာကြသည်။

ရဟန်းတော်သည် သောကရောက်သော သားအမိအား မြတ်ဗုဒ္ဓ၏ သောကပြေကြောင်းတရားနှင့် နိမ့်ချည် မြင့်ချည် လောကဒဏ်အကြောင်းကို ဟောပြီး သက်သာရာရစေသည်။

သောကပြေပြီးသော သားအမိသည် ဗုဒ္ဓဘာသာဝင်များ ဖြစ်လာကြသည်။ သို့သော် မဏိမေခလိုင်၏ အဖွား သည် သူတို့ သားအမိကို ကချေသည် အဖြစ်ဆက် လက်လုပ်ကိုင်စေလိုသည်။ ဥဒယမင်း သည်လည်း မဏိမေခလိုင်ကို ဆက်လက် သွေးဆောင်ဖျားယောင်းသည်။ ထိုသို့သော ကြိုပမ်းအား ထုတ်မှုများ သည် အချည်နှည်းသာဖြစ်ခဲ့သည်။

လောက စည်းစိမ်၏ ဖျားယောင်း လှည့်ဖြားမှုက မဏိမေခလိုင်ကို မတုန်လှုပ်စေနိုင်ခဲ့။ ဗုဒ္ဓဘာသာ အပေါ်ခိုင်မြဲသော ယုံကြည်ချက်များနှင့် ဘိက္ခုနီ-ရဟန်းမ ဖြစ်လာသည်။ ဥဒယသည် ဘိက္ခုနီအထံသို့ မပြတ်လာကာ လူထွက်ဖို့ ဖျားယောင်းသည်။ မဏိမေခလိုင်ကား မတုန်လှုပ်၊ ခိုင်မြဲသော မြတ်ဗုဒ္ဓ တရားတော် များနှင့် ဘ၀ကို အသာကျအောင် နေထိုင်ကျင့်သုံးနေသည်။


ထောင်ကို ထမင်းကျွေးဆောင်အဖြစ်ပြောင်းစေ

ထို့နောက် ရေလက်ကြားကို ဖြတ်ပြီး (နာဂဒီပခေါ် မြောက်ပိုင်းဒေသ) လင်္ကာကျွန်းသို့ ဘုရားဖူးသွားသည်။ ထိုဒေသရှိ ဘုရားရှင် ခြေတော်ရာကို ဖူးမြော်သည်။ ဘုရားရှင်ခြေတော်ရာကို ဖူးမြော်နေစဉ် ရှေးဘ၀ တို့ကို မြင်နိုင်စွမ်းသော ဇာတိဿရဉာဏ်ကို ရရှိသည်။ ဥဒယ မင်းသားသည် သူမ၏ ယခင်ဘ၀က လင်ဖြစ်ခဲ့ဖူး ကြောင်းကိုလည်းသိလိုက်ရသည်။

စေတီစောင့်နတ်က မဏိမေခလိုင်ကို လူပေါင်းများစွာကို ယုတ်လျှော့သည် မရှိပဲ အစား၊ အစာကျွေးမွေးနိုင်သော ခွက်(အိုး) တစ်လုံးပေးလိုက်သည်။ မဏိမေခလိုင်သည် မွေးရပ်မြေ ကာဝေရိ ပတ္တနန်သို့ ပြန်ရောက်သော အခါ မရှိဆင်းရဲသားများကို နေ့စဉ်နေ့တိုင်း အစာကျွေးမွေး သည်။ စောဠရှင်ဘုရင်သည် မဏိမေခလိုင်၏ လုပ်ရပ်ကို သဘောကျ နှစ်သက်သဖြင့် လိုရာ ဆုတောင်းစေသည်။

သူမသည် အကျဉ်းထောင်ကို ထမင်းကျွေး အဆောင် အဖြစ်ပြောင်းလဲပေးဖို့တောင်းဆိုသည်။ သူမတောင်းဆို ချက် ကို ဘုရင်က ဖြည့်ဆည်းပေးလိုက်သည်။


ကံကြမ္မာ ရိုင်းရိုင်း

ကာယဆန္ဒိကာ မည်သော မိန်းမတစ်ဦးသည် လင်ယောင်္ကျားကို ထားခဲ့ပြီး မဏိမေခလိုင် ထမင်းကျွေးမွေးရာ ထမင်းဆောင်သို့ အခြား တောင်ယမ်းစားသောက်သူများနှင့် အတူရောက်လာသည်။ ကာယဆန္ဒိကာသည် လှပတင့်တယ်ပြီး မဏိမေခလိုင်နှင့် ခပ်ဆင်ဆင်တူသည်။ 

ကာယဆန္ဒိကာ၏ ယောင်္ကျားသည် သူ့မိန်းကိုလိုက်ရှားရင်း မဏိမေခလိုင် ရှိရာသို့ရောက်လာသည်။ ကာယဆန္ဒိကာ၏ လင်ယောင်္ကျားသည် မဏိမေခလိုင်ဘိက္ခုနီမအား သံယောဇဉ် မပြတ်သေးသဖြင့် ကိုလာရောက် ပိုးပန်းသော ဥဒယမင်းနှင့် စကားပြောနေသည်ကို တွေ့ရလေသည်။

မဏိမေခုလိုင်ပြောနေသည်မှာ မင်းသား ရုပ်ခန္ဓာသည် အသုံးမကျပါ၊ ရွံ့ရှာဖွယ်ရာသာဖြစ်သည်။ အသုံးမကျသော မိမိခန္ဓာကို စွဲလမ်းမနေပါနှင့် စွဲလမ်းခြင်းကို စွန့်လွှတ်ပါဟု တရားဟောနေခြင်းဖြစ်သည်။
ကာယဆန္ဒိကာ၏ လင်ယောင်္ကျားသည် မဏိမေခလိုင်ကို သူ၏ ဇနီးမယားဟုထင်နေသည်။ ဥဒယမင်းကိုလည်း မိမိ မိန်းမကို ချစ်ရေးဆိုနေသည်ထင်နေသည်။ ထို့နောက် ပုန်းနေလိုက်သည်။ 

အခွင့်အရေးရသောအခါ ဥဒယမင်းကို သတ်လိုက်သည်။ ထိုအဖြစ် အပျက်သည် လူသိထင်ရှားဖြစ်လာ သည်။ အဖြစ်မှန်ကို မသိကြသူများက မဏိမေခလိုင်သည် ဥဒယမင်း အပေါ်အငြှိုးထား သတ်သည် ထင်ပြီး ထောင်သွင်း အကျဉ်းချ ထားလိုက်သည်။ အဖြစ်မှန်ပေါ်သော အခါ မဏိမေခလိုင်သည် ထောင် မှလွတ်သည်။


မတည်ငြိမ်ခြင်းမှ တည်ငြိမ်ခြင်းသို့

လောကီလူ့ဘောင်၏ အရှုပ် အထွေးများဖြင့် ပွေလီနေသော ဤနေရာတွင် မလုံခြုံတော့ မှန်းသိသဖြင့် ဂျာဗားကျွန်းသို့ ဘုရားဖူးသွားသည်။ ထိုမှ ပြန်ကြွလာသော အခါ ကဉ္စီပူရမြို့တွင် နေထိုင်သည်။ ပိဋကတ်မြို့ တော်ကြီးလိုဖြစ်သော ကဉ္စီပူရမြို့တွင် ဆရာများစွာ အထံမှ ပိဋကတ်တော်များကို သင်ယူ သည်။

နောက်ဆုံးတွင် မိမိ၏ ဆရာရင်းဖြစ်သော အာရ၀ဏ ဒိဂေါရှိရာ ပြန်ပြီး ပိဋကတ်တော်များကိုလေ့လာ ရင်း မြင်မြတ်သော ဘိက္ခုနီမ အဖြစ်ဖြင့်နေထိုင်လျှက် ဘ၀ကို အေးအေးချမ်းချမ်း ကုန်ဆုံးစေခဲ့သည်။

မဏိမေခလိုင်၏ ဘ၀သည် အစက အနု၊ အလှ ဆန်သည်။ အလယ်ပိုင်းတွင် သောကများနှင့် ကြုံရသည်။
ငြမ်းချမ်းလုလု အခြေအနေတွင် လောကကြီး၏ ပြုစားချက်ကို ပြင်းပြင်း ထန်ထန်ခံရသည်။

ဗုဒ္ဓတရားတော်များတွင် ခိုင်မြဲသော အသိစိတ်ကြောင့် ဘ၀သည် ဗရမ်းပတာ မဖြစ်ခဲ့။
နောက်ဆုံးတွင် လောကကြီးကို ငြီးငွေ့ပြီး ပိဋကတ် လေ့လာခြင်းများနှင့် ဘ၀ကို မြှပ်နှံလိုက်သည်။

သူမသည် ပေးဆပ်ခြင်းများစွာနှင့် ဗုဒ္ဓသာသနာတော် အတွက် ပေးဆပ်ခဲ့သည်။ 


Monday, June 18, 2012

ပေးဆပ်သူ အပိုင်း( ၁ )




သမင်၊ ဒရယ်၊ ချေ၊ သစ်ကျားတို့စုံသည်။ တောမြိုင်တစ်ခုလုံးသည် ဆိတ်ငြိမ်အေးချမ်းသည်။ တရားရှာ သူ ယောဂီသူတော်စင်တို့ရှိကြသည်။ လောကီ လူ့ဘောင် ခွါရှောင်ကာ တောဝင်သူ တို့ပျော်မွေ့ ရာ မြိုင်ရဂုံ၊ ကောင်းကင်ပျံ ဈာန်ရှင်ရသေ့တို့ ဤတောမြိုင်တွင် ဆင်းသက်နား ခိုခြင်းဖြင့် အေးချမ်း မှုရှာကြသည်။ အေးချမ်း သော ထိုတောရဂုံကို “ ရသေ့ကျတော” ဟုခေါ်ကြသည်။

 အသောကမင်း ကောင်းမှု မဟာဗောဓိစေတီတော်နှင့် ဗောဓိပင် ရုပ်ပွားတော်
သားသမင်တို့ပျော်မွေ့ ရာလဲဖြစ်သောကြောင့် “ မိဂဒါဝန” သားပေါင်း ရဂုံဟုလဲခေါ်ကြပြန်သည်။ ထိုဖြစ်ရပ်နှစ် မျိုးကို ခြုံငုံကာ “ဣသိပတန မိဂဒါဝန” ဟူသော တောရဂုံသည် ဗုဒ္ဓသာသနာတော်တွင် ထင်ရှားသည်။ မြတ်ဗုဒ္ဓသည် မဟာသက္ကရာဇ်( ၁၀၃) ခုတွင် အိန္ဒိယရှေးဟောင်း နည်းဖြင့်တရား ရှာသော ယောဂီ သူတော်စင်ကြီးငါးဦးကို တရားဦးဟောသည်။ ထိုတရားတွင် အလယ်အလတ်လမ်းစဉ် ကို ဟောပြသည်။

“ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေ၀ိတဗ္ဗာ”
ရဟန်းတို့၊ ရဟန်းဖြစ်သောသူသည် အစွန်းနှစ်ပါးကို မမှီဝဲအပ်ပေ။ ဤသို့ဟောပြလိုက်ခြင်းဖြင့်

အိန္ဒိယရှေးဟောင်း သူတော်စင် ငါးဦးသည် ဗုဒ္ဓသာဝကများဖြစ်လာကြသည်။ သံဃာရတနာပေါ်ထွန်းသော
 နေ့ထူးဖြစ်သည်။

ဝါဆိုလပြည့်ည၏ လ၀န်းသည် ထူးထူးခြားခြား အရောင်ပိုတောက်နေသည်။ 
မိဂဒါဝုန်တောအလုံးကို လရောင်ဖုံးထားသည်။

မိဒါဝုန်တောသည် ဆိတ်ငြိမ်အေးချမ်းသည်။ သားသမင် အပေါင်းတို့ဖြင့် အေးချမ်းသည်။ ဈာန်ပိုင်ရှင်ရသေ့ တို့ဖြင့် အလှဆင်ကြသည်။ ဗုဒ္ဓသည် သာဝက ပဉ္စ၀ဂ္ဂီငါးဦးဖြင့် တရားဦးဟောကာ မဇ္ဈိမလမ်းစဉ် ကို ဟောပြလိုက်ခြင်းသည် အသာလွန်ဆုံးဖြစ်သည်။ အလှဆုံးလည်းဖြစ်သည်။

ရဟန်းတော်တို့၊ ခရီးသွားကြ၊ လောကလူသားချမ်းသာ အတွက်၊ လောကလူသားအကျိုး အတွက် ခရီးထွက်ကြသည်။

 နာလန္ဒာ မဟာဝိဟာရ တက္ကသိုလ်ကျောင်းတိုက် 

သကျပုတ္တများသည် အိန္ဒိယတစ်ဝန်းသို့ ခရီးဆက်ကြသည်။ ဗုဒ္ဓဘုရားရှင်နှင့် ဗုဒ္ဓသာဝကရဟန်းတော်များမှ တဆင့် မဇ္ဈိမဒေသသည် “အလယ်အလတ်လမ်းစဉ်”ကို တွေ့ခဲ့ကြသည်။

ဘုရားရှင်၏ အလယ် အလတ်လမ်းစဉ်သည် ဇာတ်စနစ်မရှိ၊ တရားသိရန် ယောင်္ကျား၊ မိန်းမ၊ ကျွန်၊ သခင်၊ ဘုရင်၊ အခစား၊ သူတောင်းစား၊ သူတော်စင်ခွဲခြားမထား၊ တရား သိနိုင်စွမ်းသော အသိကိုသာ အဓိက 
ထားသည်။

ဗုဒ္ဓလမ်းစဉ်သည် ခေတ် အဆက်ဆက် အိန္ဒိယသားတို့နှလုံးသားကို ဆုပ်ကိုင်ဖမ်းစား ငြိမ်းချမ်းရေး တရားများ ရှိစေခဲ့သည်။

ဗုဒ္ဓတရားတော်များကို ပြင်ပနိုင်ငံများသို့ ဖြန့်ဖြူး ပို့ဆောင်ပြန့်ပွားစေခဲ့သည်မှာ အသောကမင်းဖြစ် သည်။ မဇ္ဈိမလမ်း စဉ်ပေါ်ထွန်းရာနေရာမြတ်တွင် စေတီတော်ကြီး တစ်ဆူတည်ထားပြီး ဘုရားရှင်ကို ဦးညွတ် ပူဇော်ထားသည်။ ဓမ္မစင်္ကြာတံဆိပ်ကို မြတ်နိုးတန်ဖိုးထားခဲ့သည်။ 
သူတည်ထားခဲ့သော စေတီတော်ကြီးများတွင် လှည်းဘီးပုံစက်ဝန်းကြီးများကို ထွင်းထုထားခဲ့ခြင်းသည် သက်သေဖြစ်သည်။
 အသောက ကျောက်စာတိုင်
သူလျှောက်လမ်းခဲ့သမျှသော ဗုဒ္ဓနှင့် သက်ဆိုင်သော နေရာတိုင်းတွင် ကြီးမားသော ကျောက်တိုင်ထိပ်တွင် အားမာန်ပါပါ ၀င့်ကြွားနေသော ခြင်္သေ့ကြီးများ၏ စွမ်းအားဖြင့် ဘုရားရှင်၏ အတုမဲ့ စွမ်းအားတော်နှင့် တရားဟောကြားခြင်း အဓိပ္ပာယ်ကို ဖော်ဆောင်ခဲ့သည်။

ယနေ့ထိုအမှတ် အသားသည် အိန္ဒိယနိုင်ငံ၏ အမှတ် အသားပင်ဖြစ်တော့သည်။

Wednesday, June 13, 2012

အစ၊ အဆုံး..


ရှုပ်ထွေးလူ့ဘုံ၊ အလုံးစုံ၊ အကုန်ရှင်းထားသည်။
အရှင်း အရှုပ်၊ စာရင်းထုတ်၊ ဘုရားသမ္ဗုဒ်ဟောကြားသည်။
အရှင်း အမှန်၊ အလင်းပြန်၊ ဧကန်ချမ်းသာမည်။
အရှုပ်အထွေး၊ သောကရေး၊ ပူရေးကြွယ်ရသည်။ 
အရှုပ်မရှာ၊ အရှင်းရှာ၊ လောကသူ့ရွာသာယာသည်။ 
အိန္ဒိယနိုင်ငံတွင် ပေါ်ထွန်းသမျှသော ဘာသာတိုင်းသည် အဟိံသ၀ါဒကို အခြေခံကြသည်ချည်းဖြစ် သည်။ လူနဲ့လူခြင်းခွဲခြားမှုကို တားမြစ်ခဲ့ကြသည်။ ယနေ့တိုင်အောင်လည်း အိန္ဒိယနိုင်ငံသူ နိုင်ငံသား များသည် အသက်မသတ်ခြင်း အဟိံသ၀ါဒကို လက်ကိုင်ထားကြသည်။

မဟတ္တမဂန္ဓီသည် တိုက်ခိုက်ခြင်းမပါ ငြိမ်းငြိမ်းချမ်းချမ်းဖြင့် အိန္ဒိယနိုင်ငံလွတ်လပ်ရေးကို ရယူခဲ့သည်။
ရှေးယခင်ကတည်းကပင် ဘာသာတရားများ ပူးတွဲရှင်သန်ခဲ့သည်။ ဗုဒ္ဓဘာသာခေါင်းဆောင်များသည် ဟိန္ဒူဘာသာရေး ခေါင်းဆောင်များနှင့် နှစ်ပေါင်းထောင်ချီ ငြိမ်းငြိမ်း ချမ်းချမ်းနေထိုင်ခဲ့သည်။
 ငြိမ်းငြိမ်း ချမ်းချမ်းဖြေရှင်းသော နည်းသည် ဘုရားရှင် အဆုံးအမကို လိုက်နာသူတိုင်းကျင့်သုံးကြသည်။

ခေတ်ပြိုင် ဂျိန်းဘာသာရေးသမားများနှင့်လည်း အပေး အယူမျှတစွာ ရှင်သန်ခဲ့သည်။ 
အတိုက် အခိုက်မပါ အေးဆေးစွာရှင်းလင်းခြင်သည် ဗုဒ္ဓလမ်းစဉ်ဖြစ်သည်။

တစ်ခါတစ်ရံ ဗြဟ္မဏခေါင်းဆောင်များ ဘုရားထံလာရောက်မေးမြန်းကြသည်။ ဘုရားရှင်သည် ဗြဟ္မဏ တို့သိလိုသမျှကို အမေးရှင်များ ကျေနပ်အားရ၊ သဘောကျနှစ်သက်အောင် ဖြေကြားခဲ့သည်။ 

တစ်ခါက ဗြဟ္မဏကြီးတစ်ဦး သူ့ကိုယ်သူ သင်္ချာပါမောက္ခ တစ်ဦးဖြစ်ကြောင်း မိတ်ဆက်သည်။ သူ့လုပ်ငန်းဖြစ်သော သင်္ချာသင်ကြားခြင်း နည်းစနစ်များကို စနစ်တကျရှင်းပြသည်။ အစမှသည် အဆုံး တိုင်အောင်ပင် ရှင်းပြပြီးနောက်၊

ဘုရားတပည့်တော်တို့ သင်္ချာ အတတ်သည်ပင်၊ အစတို့၊ အဆုံးတို့ဆိုတာရှိပါတယ်။
ရှင်တော်ဂေါတမက တပည့်သာဝကပေါင်းများစွာ ထူထောင်ပြီး ဆရာတစ်ဆူ ဘုရားအနေအားဖြင့် တပည့် များကို သွန်သင်ဆုံးနေတယ်ကြားရပါတယ်။

တပည့်တော်တို့သင်္ချာပညာရပ်လိုပဲ အစတို့၊ အဆုံးတို့ဆိုတာရှိပါသလားဘုရား၊

ရှိပါတယ်၊ ဗြဟ္မဏကြီး။


ငါဘုရားသာသနာတော်မှာ သရဏဂုံသုံးပါသည် အစဖြစ်တယ်။ အလယ်မှ ကျင့်သုံးရမယ့် သီလ၊ သမာဓိ၊ ပညာတို့ဆိုတာ အလယ်ဆင့်ပါ။ နောက်ဆုံးကတော့ အပူခပ်သိမ်း တို့ငြိမ်းရာ၊ ရုပ်နာမ် ခပ်သိမ်းတို့ချုပ်ရာ နိဗ္ဗာန်သည် အဆုံးဖြစ်ပါတယ်။

ဗြဟ္မဏကြီးခဏငြိမ်သက်နေသည်။ ဗုဒ္ဓသာသနာတော်တွင် အစရှိသည်။ အဆုံးရှိသည်သိရပြီ။
အစရောက်လာသူတိုင်း အဆုံးတိုင်အောင်ရောက်ကြသလားသိလိုသေးသည်။

ရှင်တော်ဂေါတမ သရဏဂုံဆောက်တည်သူတိုင်း အဆုံးပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကို ရကြတာချည်းပဲလား ဘုရား။

ဘုရားရှင်သည် တစ်ချို့ အမေးများကို အပြန် အလှန်မေးမြန်းခြင်း၊ ဖြေဆိုခြင်အားဖြင့် အဖြေရစေသည်။ ကိုယ်ပိုင်း အသိကိုထူထောင်ပေးလေ့ရှိသည်။ ဤသည်မှာဗုဒ္ဓလမ်းစဉ်ဖြစ်သည်။

ဗြဟ္မဏကြီး၊ ဒီနေရာမှ သင့်ကိုပဲ ငါဘုရား ပြန်မေးပါရစေ၊ သင်က ဒီမြို့မှာနေတော့ ဒီမြို့ကနေ သာဝတ္ထိမြို့ကို သွားတဲ့လမ်းကိုကောင်းကောင်းသိပါတယ်။

လူတစ်ယောက်က လာပြီးတော့ သာဝတ္ထိသွားချင်ပါတယ်။ လမ်းပြပေးနိုင်ပါသလားမေးရင်ပြပေးနိုင် မယ်ပေါ့။ ဘာလိုဆိုတော့ သင်ကိုယ်တိုင် အခေါက်ခေါက် အခါခါသွားဖူးလို့ပေါ့။ မိမိသွားဖူးသည့် အတိုင်ညွှန်လိုက်တဲ့သူက သင်ညွှန်လိုက်သလိုမဟုတ်ပဲ၊ ပြောင်းပြန် အနေအားဖြင့် သွားလျှင် သာဝတ္ထိမြို့ ကို ရောက်နိုင်ပါမလား ဗြဟ္မဏကြီး။

မှန်ပါ၊ မရောက်နိုင်ပါ။

ဗြဟ္မဏကြီး၊ ငါဘုရားအဆုံးအမမှာလည်း သင်လမ်းညွှန်လိုက်သလို၊ ငါဘုရားကညွှန်လိုက်တာပါပဲ။ ငါဘုရားညွှန်တဲ့ အတိုင်းသွားရင်တော့ အဆုံးဖြစ်တဲ့ နိဗ္ဗာန်ကို ရောက်မည်။ ပြောင်းပြန်လျှောက်လျှင် မရောက်နိုင်ဘူးပေါ့။

မှန်ပါ။ ရှင်တော်ဂေါတမ။


ဗြဟ္မဏကြီးရင်ထဲသိချင်သည့်အရာများရှင်းလင်းသွားသည်။

ဘုရားသာသနာတော်သည် အခြားကြီးကျယ်သောလောကီလုပ်ငန်း များကဲ့သို့ အစရှိသည်။ အဆုံးရှိသည်။ လမ်းမှန်မှန်လျှောက်လျှင်ရောက်နိုင်သော အဆုံးပန်းတိုင်ရှိသည်။

ဗုဒ္ဓလမ်းစဉ် တရားအဆုံးအမများသည် လူသားအချင်းချင်းအမေးအဖြေပြုထားသည်။
လူသားများ မှတ်တမ်းတင်သည်။ လူသားများကိုသာ အဓိကထားဟောကြားသည်။
လူ့ပြဿနာ ဖြေရှင်းနည်းများစွာပါဝင်သည်။
ဘုရားရှင်သည်လည်း လူသားစစ်စစ်ကပင် ဗုဒ္ဓအဖြစ်သို့ရောက်ရှိတော်မူခဲ့သည်။ 




Monday, June 4, 2012

ဗဟုဇနဟိတ လမ်းစဉ်.





ဗုဒ္ဓဘာသာသည် ကိုယ်ကျိုးစွန့်ဝါဒဖြင့် အခြေတည်ခဲ့သည်။ မြတ်ဗုဒ္ဓသည် တစ်ယောက်တည်း ချမ်းသာ ကိုမယူပဲ အများချမ်းသာကို ဆောင်ရွက်မည်ဟူသော ရည်ရွယ်ချက်ဖြင့် လေးသင်္ချေ ကမ္ဘာတစ်သိန်းကာလ ခရီးရှည်ကြီးကို ဖြတ်သန်းခဲ့ခြင်းဖြစ်သည်။

ဖြစ်တော်စဉ် ဘ၀များကိုလေ့လာ ကြည့်သော အခါတွင်လည်း အများ အကျိုးအတွက် မိမိရပိုင်ခွင့်၊ အာဏာ၊ ရာထူး၊ နောက်ဆုံး အသက်ကိုပင်စွန့်လွှတ်ခဲ့သည်များကိုတွေ့နိုင်သည်။

မိမိငယ်သားနောက်လိုက်များအတွက် အသက်စွန်ခဲ့သော ဇာတ်တော်များရှိသည်။ မိမိကိုယ်တော်တိုင် ဘုရားဖြစ်တော်မူသော အခါတစ်ယောက် တည်းချမ်းသာ ခံစားတော်မူသေး၏။ ထို့နောက်ဖြည့်ဆည်း ခဲ့ဖူးသော ပါရမီများသည်သတ္တ၀ါများ အတွက် ဖြစ်စေမည်ဟူသော ရည်ရွယ်ချက်တော်ဖြင့် ဗာရာဏသီ၊ ဣသိပတန အရပ်တွင်ရှိသော ပဉ္စ၀ဂ္ဂီတို့ထံသို့ သွားသောခရီးမှ အထံမှစတင်ကာ လေးဆယ့်ငါးနှစ်တာ ကာလကြီးကို ကြွလှမ်းတော်မူခဲ့သည်။

မိမိကိုယ်တော်တိုင်သာမက တပည့်သားသာဝက တို့အားလည်း ဗဟုဇနဟိတာယ၊ ဗဟုဇနသုခါယ အတွက် ခရီးထွက်ကြွစေတော်မူခဲ့သည်။ မိမိကိုယ်တော်တိုင် ဂယာသီသသို့ကြွရောက်ပြီး အများ အကျိုးဆောင်တော်မူသည်။ တစ်နေရာတည်း နေတော်မမူ၍ အခါအားလျှော်စွာဒေသ အလိုက် သီတင်း သုံးတော်မူရင် ဂင်္ဂါလွင်ပြင်တစ်ခွင်လှည့်လည် တော်မူသည်။

အမျိုးဇာတ်၊ အသားအရောင်၊ ရာထူး၊ အာဏာ၊ မိန်းမ ယောင်္ကျားခွဲခြားမထားပဲ လောက အကျိုးဆောင်တော်မူသည်။ ဤသို့လျှင် ဘုရားရှင်ကိုယ်တိုင် အများ အကျိုးဆောင်ရွက် တော်မူသလို တပည့်သား သာဝကတို့အားလည်းနေ့ညမနား ဆောင်ရွက်စေတော်မူခဲ့ခြင်းကြောင့် အများ အကျိုး ဆောင်ဗုဒ္ဓ၀ါဒသည် အိန္ဒိယတစ်ခွင်တွင် ယခင်ရှိပြီးသား ဂျိန်းဝါဒ၊ ဗြဟ္မဏ၀ါဒတို့နှင့် မတူ တစ်မူထူးခြားပြီး လျှင်လျှင်မြန်မြန်ပြန့်ပွားခဲ့သည်။ 


အများအကျိုးလိုလားတောင့်တသော တိုင်းပြည်ရှင် ဘုရင်များကလည်း ဘုရားရှင်နှင့် တပည့် သားသာဝက တို့အားထောက်ပံ့အားပေးခဲ့သည်။ ထိုခေတ် အခါကတိုင်းပြည်ခေါင်းဆောင်များဖြစ် သော ရာဇဂြိုဟ် ဘုရင် ဗိဗ္မိသာရမင်း ၊ မြောက်ပိုင်းကောသလတိုင်းမှ ကောသလမင်းတို့သည် ဘုရားရှင်နှင့် တပည့်သား သာဝကတို့အား ကြည်ညိုလေးစားထောက်ပံ့ခဲ့သည်။

ဗုဒ္ဓနှင့် တပည့်သား သာဝကတို့ကလည်း အပြန်အလှန်နေအား ဖြင့် ဓမ္မလမ်းညွှန် ချက်များကိုပေးခဲ့ကြ သည်။ ဘုရားရှင်သက်တော် ထင်ရှားရှိစဉ်ကာလအတွင်း တပည့်သာဝသများသည် တစ်ညီတစ်ညွတ်၊ တစ်သဘောတည်းဖြင့် အများအကျိုးဆောင်တော်မူကြသည်။ 

ဘုရားရှင်သည် နေရာစုံဒေသစုံဟောကြားတော်မူခဲ့သော အများအကျိုးဆောင် ဓမ္မများသည်တစ်စု တစ်စည်းတည်းရှိခဲ့ကြသည်။ ဤကဲ့သို့ရှိနေအောင်လည်း တပည့်သားများက ဆောင်ရွက်တော် မူခဲ့ကြသည်။ ဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူပြီးနောက် တပည့်သာများသည် ဒေသအားလျှော်စွာ ဗုဒ္ဓတရားတော်များကို သယ်ဆောင်ကြသည်။

ယခင်ရှိပြီးသားဝါဒများနှင့် ရောထွေးခဲ့သည်လည်းရှိကြသည်။ သို့သော် မူရင်းသဘောတရားများဖြစ် သည့် သည်းခံခြင်းတရား၊ မျှတခြင်းတရား၊ အများအကျိုးဆောင်ခြင်းတို့ကားရှိနေဆဲပင်ဖြစ်သည်။ ဗုဒ္ဓ၀ိဟာရ ကြီးများထူထောင်ကာ အများအကျိုးဆောင်ရွက်ခဲ့ခြင်းသည် ဗုဒ္ဓ၀ါဒတွင် အစောဆုံး တွေ့နိုင် သည်။ ခေတ်အလိုက် အတတ်ပညာများကိုသင်ယူပို့ချစေခဲ့ကြသည်။ 

ထိုစဉ်က အာရှတစ်ဝိုက် နှင့်၊ ဥရောပတိုက် တစ်စိတ်တစ်ပိုင်းမှ လာရောက်လေ့လာကြသော ကျောင်းသား၊ ပညာရှင်များဖြင့်ပြည့် နှက်နေခဲ့ကြသည်။ တက္ကသီလာဒေသရှိ ဗုဒ္ဓဘာသာဌာနကြီးများ သည် ကမ္ဘာ့ပညာရှင်များကို အံ့သြစေခဲ့သည်။

နောက်ပိုင်းတွင်းလည်း နာလန္ဒာတက္ကသိုလ်၊ ၀ိက္ကမသီလာတက္ကသိုလ်၊ ဥဒန္ဒပူရီတက္ကသိုလ်ကြီးများတွင် ပညာရပ်အထွေထွေကိုပို့ချသင်ယူခြင်းဖြင့် ထင်ရှားကျော်ကြားခဲ့သည်။

ရာဇဂြိုဟ်မြို့ကို အလည်ထားပြီးတောင်ပိုင်း၊ မြောက်ပိုင်းခွဲထွက်ကြသော ဗုဒ္ဓ၀ါဒအုပ်စုကြီးနှစ်မျိုးသည် အများ အကျိုးဆောင်ခြင်းများကို လုပ်ဆောင်ခဲ့ကြသည်။

ယနေ့တိုင်အောင်လည်း ကမ္ဘာ အရပ်ရပ်တွင်ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ဆောင်ရွက်နေဆဲပင် ရှိကြသည်။ ယနေ့တွင် ယခင်ကာလများကထက် ဗုဒ္ဓဘာသာ အပေါ် အလေးထားမှုများ ကမ္ဘာအရပ်ရပ်တွင် ထင်သာ မြင်သာရှိနေကြသည်။

မှတ်တမ်း တစ်ခုတွေ့ရသည်မှာ ဗြဟ္မဏ၀ါဒသည် အသက်သတ်ပြီးယဇ်ပူဇော်လေ့ရှိကြသည်။ သို့သော် အိန္ဒိယမြေတွင်ပေါ်ထွန်းခဲ့သော မြတ်ဗုဒ္ဓသည် သူတစ်ပါး အသက် ကိုသတ်ပြီးမိမိ အတွက် ချမ်းသာဆောင် ရွက် ခြင်းသည် မှားယွင်းကြောင်းဟောပြခဲ့သည်။

ယနေ့ဟိန္ဒူလူများများသည် သက်သတ်လွတ်စားသုံးခြင်းကို ဦးစားပေးကြသည်။ မြတ်ဗုဒ္ဓကို အိန္ဒိယ
 မြေပေါ်တွင်ပေါ်ထွန်းပြီး ငြိမ်းချမ်းရေးဆောင်ရွက်သည်ကို အသိအမှတ်ပြုကြသည်။ 

လူမျိုးစုတစ်ခုအတွက်မဟုတ် လူသားတိုင်း အတွက်ဖြစ်သည်ကို သဘောပေါက် နားလည်ကြသည်။ ပို၍ထားခြားသည်မှာ အခါအားလျှော်စွာပေါ်ပေါက်လေ့ရှိသော အိန္ဒိယဘာသာရေးခေါင်းဆောင်နှင့် ဖီလော်ဆော်ဖီသမားတို့သည် ဘုရားရှင်ဝါဒကို နှစ်သက်ကြသည်။

ဇာတ်ဝါဒကင်းလို့၊ လူသား အများအတွက်ဖြစ်လို့၊ သူတစ်ပါးအသက်ကို သတ်ပြီးချမ်းသာရှာ ခြင်းကင်းလို့၊ မိမိဝါဒသာ အမှန်ဟူသော တစ်ယူသန်ကင်းလို့၊ လူသားနှင့် အနီးဆုံးသော တရားကိုဟောပြခဲ့လို့၊ လက်တွေ့ဆန်လို့စသည်..သူတို့ယုံကြည်ကြသည်။  

ယနေ့ခေတ်သစ် ကမ္ဘာရင်ဆိုင်နေရသော ပြဿနာ၏ ဖြေကိုဖြေကြားဟောကြားခဲ့လို့..စသည် စသည်။


ဗုဒ္ဓသည် လူသားကို အဓိကထားဟောကြားသည်။
ဗုဒ္ဓသည်လူထုထဲတွင်သာ ဘ၀တစ်ခုလုံးကုန် ဆုံးစေခဲ့သည်။
လူသားဆန်ဆန် အများအကျိုးဆောင်ရွက်တော်မူခဲ့သည်။
အများအကျိုးဆောင်ရွက်ခြင်းသည် ဗုဒ္ဓ၀ါဒ အဖြစ်ထင်ရှားသည်။