Pages

Tuesday, November 22, 2011

တောင်ကြီးသို့ အလည်တစ်ခေါက် ကိုယ်ရောက်တယ်



မောရှမ်းရဲ့အလှတောင်တန်များကို တစ်စတစ်စကျော်ခဲ့ပြီ၊ 
တစ်ရိပ်ရပ်ပြေးနေသော ကားလေးသည် ဘယ်ကွေ့ ညာယိမ်းဖြင့်၊ 
ညနေခင်းနေရောင်သည် မြူမှုံများအောက် တွင်ပျောက်ကွယ်တော့ မယောင်ဖြစ်ေ နပြီ၊ 

အရှေ့ လောကဓာတ်မှထွက်ပေါ်လာသော လမင်းသည်လဲ တောင်တန်းများတွင် မေးတင်နှုတ်ဆက်နေပြီ၊ လ၀န်းသည် တိပ်ပန်းချီနောက်ခံလျှက် တန်ဆောင်တိုင်ညကို လှစေဦးတော့မည်၊

အို..အို မြောက်ပိုင်းလမ်း လမ်းတွေက ဆိုးဆိုး… 
ကျင်းတွေပေါ…ဇောချွေးလေးများ ပျံနေအောင်မောင်းတယ်… 
တစ်ခါတစ်လေ ကုန်ချိန်များလို့ ......
လေးကျိုးရင်  ဒရိုင်ဘာ အိမ်ပြန်နောက်ကျခဲ့ရတယ်...
ဒီလိုလမ်းတွေနေမှာပါလို့ တွေးမိသည်၊ အောင်ပန်းရောက်တော့ ခဏနားကြသည်၊ မောရှမ်းအလှကို စတင် ခံစားနိုင်ပါပြီ၊ စိမ့်စိမ့်လေးအေးသည်၊ လမ်းဆင်းလမ်းတက်စုံလို့နေသည်၊ မြို့လေးကို နှင်းတွေရံထားသည်၊ ချိုင့်ဝှမ်းများတွင် မြူတွေဆိုင်းနေသည်၊ လိမ္မောခြံတွေဝေနေသည်၊ အရာအားလုံး တိမ်ပေါ်ရောက်နေ သည် ထင်ရသည်၊

တောင်ကြောစပ်တို့တွင် နှင်းတို့ဝေနေသည်၊ အဆင်း အတက် အပြိုင် အဆိုင်ဖြင့် မြွေလိမ် မြွေကောက် လမ်း တို့သည် အသဲတစ်ယားယားဖြင့် ချွေးပြန်စေသည်၊

ရိုးသားလှတဲ့ရှမ်းလေး.. စားတဲ့မထင်းဆန်း ကောက်ညှင်း ရှင်းရှင်းပြောတတ်တာ…တို့ရှမ်းပဲ…အညာသူရယ် … တောင်ပေါ်မြေမှာ ပဲပုပ်စားနိုင်ရင်.. လိုက်ခဲ့ပါ…

စိုင်းဆိုင်မော့ကလဲ သူ့ပြည်ကို ခေါ်နေပါသည်၊ တွေ့ရပါပြီ၊ မောတို့ပြည်ကို၊ မောတို့ပြည်သည် ကြယ် စင်တွေ ကုဋေကုဋာ နောက်ခံထားပြီး လှနေသည်၊ ကားလေးသည် အနိမ့် အမြင့် အဖုံဖုံဖြင့် ဖိုးရွှေလကို ခုန် နမ်းလိုက် တောင်ကြောတွေထဲပြေးပုန်းလိုက်နှင့် တောင်ကြီးမြို့တက်နေသည်၊ လူတွေစုံလှသည်၊

ဒုတိယမ္ပိ တောင်ကြီးမြို့ရောက်ပြန်ပြီ၊ လွန်ခဲ့သော လေးနှစ်ခန့်က တောင်ကြီးမြို့ကို ရောက်ဖူးသည်၊ အဲဒီတုန်းက အင်းလေးထဲရောက်သည်၊ ဇင်ယော်တွေကို အစာကြွေးသည်၊ ဖောင်တော်ဦး ဘုရားကို ဖူးကြ သည်၊ ဟဲယားရွာမ ကျောင်းနီကျောင်းက သူငယ်ချင်းများက လိုက်ပို့ပေးကြသည်၊  

အခုမီးပုံပျံလွှတ်ကြမည့် တောင်ကြီးကွင်းကို ရောက်ပါပြန်ပြီ၊ တစ်မျှော်တစ်ခေါ်ကား တန်းကြီးကို နှစ် နှစ် နာရီ ကျော် ကျော်ဖြတ်ရသည်၊ 
အဝေးကပင် ဟော မီးပုံးပျံ တစ်လုံးတက်လာပြီ၊ မီးရောင်စုံ တို့ဖြင့် ပြွတ်သီးနေသည်၊ 

မီးပန်းဆိုင်းကြီးကောင်းကင်းသို့ထိုးတက်သွားချေပြီ၊ သူနိုင်ငါနိုင် အပြိုင်ကြဲပြီ အော်ဟစ်အားပေးကြသည်၊ အပြိုင် အဆိုင်တီးလိုက်သော ဗုံ၊ မောင်း၊ လင်းကွင်းသံတို့သည် ပွဲခင်းကို တစ်သိမ့်သိမ့်တုန်းဟီးစေပြီး၊ ရင်ကို စည်းချက်ကျ တစ်ဒိမ်းဒိမ်း ခုန်စေသည်၊  

ကောင်းကင်သို့ ထိုးတက်သွားသော မီးပုံးပျံသည် အပြာရောင်ကောင်းကင်၊ ဘောငွေရောင်လမင်း၊ ကြယ် စင်များ တွဲရရွဲ၊ တိမ်ပန်းချီဇာတွန့် အလွန့်လွန့်ဖြင့် လှချင်းတိုင်းလှနေသည်၊

လမင်းကြီး ရင်ထဲပြိုဆင်းလာသည်၊ မီးကျည် မီးပန်းတို့ကောင်းကင်းထိုးတက်သွားကြသည်၊ ရှမ်းပျိုဖြူတို့ ကကြသည်၊ လင်းကွင်း၊ ဗုံ၊ မောင်း တစ်ဒိန်းဒိန်းသံသည် မိုးယံသို့ ပျံလွင့်နေတော့သည်၊ စည်းချက်ကျကျ က ခုန်လိုက်သောသူတို့ဟန်သည် မြေပြင်ကို တုန်းဟီးစေပြန်သည်။

အညာသူရယ်….. တောင်ပေါ်မြေမှာ…. ပဲပုပ်စားနိုင်ရင် လိုက်ခဲ့ပါ…..

Tuesday, November 1, 2011

သူတို့ မန္တလေး၊ ကျနော့် မန္တလေး

 ၁

‘အလွမ်း မပြေ မန်းမြေတမိတော့၊
ကမ်းခြေမှာ စမ်းရေစရယ်နဲ့၊
ဖြန်းလေကတစ်သုန်သုန်

သူလဲတွေ့ဖူးကြုံဖူးလို့ရေးထားတာပါ၊ ကျုပ်လဲကြုံဖူးပါတယ်၊ ဒါပေမယ့် စာမစီခဲ့လို့ မကျန်ဖူးပြော ရင်ကြီး ကျယ်လိုက်တာပြောချင်ပြောနေမှာ၊ 

မန္တလေးမြို့ကြီးမှာ ဆယ်နှစ်ကျော်တောင်နေလာတာပဲလေ၊ တော်တော် များများတော့မှတ်မိပါတယ်၊
ရောက်ခါစက မန္တလေး၊ မတ္တရာက ကား နှစ်ဆယ်ပဲပေးရပါတယ်၊ အခုတော့ ထောင့်ငါးရာရှိတယ်၊
ဧရာဝတီကမ်းအရှေ့ဘက်က မြိုကတော်ဥယျာဉ်ဆိုတာ အဲတုန်းကဆောက်မလို့ ရှင်းလင်း နေတုန်း ရှိသေးတယ်၊ ဖွင့်ပွဲအနေနဲ့ လက်ဝှေ့ပွဲတောင်သွားကြည့်လိုက်ရသေးတယ်၊

ဧရာဝတီကမ်း ဘောင်ပေါ်က ကမ်းပတ်လမ်းဆိုတာလဲ ကျောက်ကြောလမ်းကြီးရှိသေးတယ်၊ အချောမသတ်ရသေးဘူး၊ အခု မန္တလေးမှာ နာမည်ကြီးနေတဲ့ view pointဆိုတာ အဲဒီတုန်းက ဘယ်ရှိ အုံးမှာလဲ ကျွဲတွေနဲ့သစ် တွေဆွဲနေ တာလောက် ပဲတွေ့ရသေးတယ်၊ ကလေးရောခွေးရော လူနဲ့ ဘုန်းကြီးတွေပါ လာရောက်ပြီး ဧရာရဲ့ ဆည်းဆာ အလှကို တစ်ဝကြီးခံစားလို့ရတယ်၊
အခုတော့ တာဝန်မှ အပမ၀င်ရဆိုသော ဆိုင်းဘုတ် ထောင်ထားပါတယ်၊ တိုးတက်နေတယ် ဆိုပေမယ့် နေရာတွေကျဉ်းကျဉ်းလာပါတယ်၊

လှတယ်လို့ပြောကြပေမယ့် အရောင်မတောက် တော့ဘူး၊ မန္တလေးမြို့ကြီးမှာဟိန်းထနေတဲ့ 28 ဈေးချို ဆိုတာ ဗွက်တောကြီးရယ်၊ တောင်နဲ့ မြောက်ဖြတ်ပြီး ဗုဒ္ဓတက္ကသိုလ်သွားနေကြမို့ မှတ်မိနေပါတယ်၊ သိပ်မကြာပါဘူး၊ မျက်လှည့်ပြလိုက်သလိုပဲ ဘွားကနဲ့ ဈေးချိုကြီးပေါ်လာတယ်၊ ပစ္စည်းတွေကလဲ စုံလို့ပဲ၊ 

တစ်ခါနှစ် လောက်လျှောက်ကြည့်ဖူးပါတယ်၊ အခုတော့ အပေါ်ကိုထိုးတက်သွားလိုက်တာ ၀ိန့်စိန်တာဝါ ကြီးနဲ့ နင်လာငါ အပြိုင်ကြဲနေပါတော့တယ်၊

တရုတ်တန်းနားက ဘူတာကြီးက မပြီးသေးဘူး၊ ဆောက်လုပ်ဆဲ အလုပ်သမားတွေနဲ့ ရှုပ်လို့၊ အခုတော့ နိုင်ငံခြားသား ခရီးသည် တွေနဲ့ ပြည့်နေပလား မပြောတတ်ဘူး၊ အမေရန်ကုန်ပြန်လာရင် သွားကြိုနေကြမို့ ဘူတာကြီးကို မော့မော့ ကြည့်မိတယ်၊ တော်တော်တော့မြင့်တယ်၊

 ၂
တစ်ချိန်ကတော့ မင်းတုန်းမင်းတရားကြီးရဲ့ ရတနာပုဉ္စပေါ့၊ 
သံဃာတော် အရှင်မြတ်တွေနဲ့ မြတ်ဗုဒ္ဓပိဋကတ် တော်တွေကို ကျောက်ထက် အက္ခရာတင်ပြီး ထွင်းထုရေးသားခဲ့ကြတာ ကမ္ဘာ့အံ့ဖွယ်တစ်ပါး အလားရှိနေပါတယ်၊ ကင်းဝန်မင်းကြီးစိုက်ပျိုးခဲ့တယ်လို့ ဆိုကြတဲ့ ခရေတန်းကြီးဆိုတာများ ထုံးဖွေးဖွေး ပိဋကတ်စေတီတော် များ အကြား သုံးရာသီလှနေ တတ်ပါတယ်၊

ကျုပ်လဲ ခရေတွေကောက်ဖူးပါတယ်၊ ဘုရားတင်လှူပူဇော်ဖူးတယ်၊ 
မိုးရွာတဲ့နေ့တွေ ခရေတောမှာကြုံရဖူးတယ်၊ ပျော်စရာလို့ ပြောရင် အခုတော့ လွမ်းစရာဖြစ်နေပြီ၊ 
ခရေ ရနံ့တို့ကတော့ သင်းပျံမွှေးကြူနေဆဲပါ၊ မြန်မာ့ဦး ကင်းမင်းသမိုင်းမှာ အနောက်ဘက်လွန် မင်းတရားဆိုတာ ရှိခဲ့ဖူးတယ်၊ 
အဲဒီဘုရင်မင်းတရားနတ်ရွာစံတော့ ဧရာဝတီမြစ် အနောက်ဘက်မှာဖြစ်လို့လို့ပြောကြပါတယ်၊ 

အဲလိုဆို မန်း ရတနာပုံရဲ့ နောက်ဆုံးဘုရင် သီပေါကို ဘယ်လို ပြောကြမလဲ၊ ဧရာဝတီမြစ်ရဲ့အောက် ဘက်မှာ၊ ချင်းတွင်းမြစ်ရဲ့အနောက်ဘက်မှာ၊ ရခိုင်တောင်တန်ကြီးရဲ့အနောက်ဘက်မှာ၊ ကုလာတန်မြစ်ရဲ့ အနောက် ဘက်မှာ၊ နောက်ဆုံး အရှေ့ဘက်က မန်း မြေကို ပြန်ခွင့်မရပဲ တိုင်းတစ်ပါးမှာပဲ ခေါင်းချ နတ်ရွာစံသွားတယ်၊

ဒါပေမယ့် အခုကျုပ်ပြောနေတဲ့ ရတနာပုံဆိုတာသူ (သီပေါမင်း) နန်းစိုက်ခဲ့တဲ့ရွှေမြို့တော်ကြီး၊ ဘယ်မှာပဲ လွန်လွန် မန္တလေးမှာတော့ အငွေ့အသက်တို့ ရှင်သန်နေဆဲ၊ ရွှေနန်းအဆောင်ဆောင်တို့ ဟည်းထ လို့နေဆဲ၊

နောက်တော့ အင်္ဂလိပ်တွေအုပ်ချုပ်ပြီးမင်းလုပ်ခဲ့ကြတဲ့မန္တလေးမြို့ပေါ့၊ အဲဒါကို မန်း တောင်တော်ထက်က စန္ဒမုခီဘီလူးမကတော့ကောင်းကောင်းသိမယ်၊ ရပ်တော်မူ လက်ညှိးထိုးကိုယ်တော်ကြီးလဲ သိတော်မူနိုင်ပါ တယ်၊

ပြည်ပရောက် မြန်မာတစ်ယောက်ကတော့ သူငယ်ငယ် ၁၉၇၀ ၀န်းကျင်က မန္တလေးညဈေးတန်းနဲ့ အငြိမ့်များကို လွမ်းကြောင်းရေးထားတယ်၊ အငြိမ့်မင်းသမီးကို ဇာတ်စင်ထောင့်ကနေ အဖော်တစ်သိုက်နဲ့ စကြနောက်ကြတာကို လွမ်းနေပါတယ်တဲ့၊

စာရေးဆရာကြီး သိန်းဖေမြင့်ထင်တယ်၊ မန္တလေးက အရင်လိုမဟုတ်တော့ဘူးတဲ့ ရေးတယ်၊ သူ့မွေးရပ်ဇာတိ ပုတလင်တစ်ဝိုက် မုံရွာနယ်နဲ့ ဘယ်လိုများကွာပါလိမ့် မသိနိုင်၊ ပူတာချင်းတော့ တူမှပါလေ၊

ကျုပ် မန္တလေးမြို့ကြီးကတော့ မနေ့တစ်နေ့ကလိုပါပဲ၊ စွဲစွဲထင်ထင်ရှိနေဆဲ၊ မန်းတောင်တော်ကို ဒီလို ဆောင်း တွင်းကြီး အဖော်တစ်သိုက်နဲ့ ရွှေကျင်တိုက်မကြီးဘက်နေတက်ခဲ့ ဖူးတယ်၊ မောလိုက် တာ ချွေး ပြိုက်ပြိုက်ကျတယ်၊ 

ဥပုသ်နေ့တိုင်း မန်းတောင်တော်ကို တက်ကြတယ်၊ ခြင်္သေ့ကြီးနှစ်ကောင် ကနေ  တက်သြလို၊ အရှေ့ဘက်စောင်းတန်းလို့ခေါ်ကြတဲ့ ဘိုးဘိုးကြီးနတ်နန်းက နေလဲတက်ကြတယ်၊ အရှေ့ဘက် စောင်းတန်း က တောရိပ် တောင်ရိပ်ပိုရတယ်၊ ကျုံးမြို့ရိုးကြီးနဲ့ ပိုနီးတယ်၊ နေ၀င်ချိန်တစ်မျိုး လှတယ်၊

လူထုဒေါ်အမာ ငယ်ငယ်က တူတူပုန်းတမ်းကစားခဲ့ဖူးတဲ့ ပိဋကတ်ကျောက်စာစေတီတော်တွေကို ကြည်ညိုရင်း ခရေပန်းကောက်၊ စေတီတော်တွေ အကြားလမ်းလျှောက်၊ တိမ်တောက်ညနေချမ်းကို ကြည့်ရင်း မန်း အလှ၊ မန်း ညတွေကို ဖြတ်သန်းဖူးတယ်၊

 ၃
ပြီးတော့ အငြိမ့်တွေကြည့်ဖူးတယ်၊

‘လေးစားချစ်ခင်ရပါသော ရွှေပွဲလာ’ လို့အော်လိုက်တဲ့ လူရွှင်တော်ကြီး ဦးချစ်စရာရဲ့ အသံ၊
...............
...............
ကောင်းကင်တွင် လ၀န်းသာနေသည်၊
ရွှေပွဲလာတို့ ကြိတ်ကြိတ်တိုးသည်၊
ဆောင်းခါနှင်းတို့ ဝေ့၀ဲပြိုဆင်း လာ သည်၊ 
မန်း ဆောင်းညများ တေးဆို ယိမ်းကသည်၊