ကျီးနက်မိုက်ခေါင်၊
ဆင်သေကောင်ထက်၊
သောင်ကို
မလှမ်း၊ ကမ်းကို မတက်၊
အပုပ်မက်၍၊
စီးလျှက်စားကာ၊ လိုက်ပါလေက၊
သမုဒ္ဒရာ၊
ရောက်ခိုက်၊ လှိုင်းဝဲရိုက်၍၊ ရေမွန်းနစ်၊ ငါးစားဖြစ်သို့။
ဥယျာဉ်သည်
ကျယ်ဝန်းပြီး စိမ်းစိုနေသည်။ ငှက်ကျေးတို့ အော်မြည်နေကြသည်။
လေပြေသုတ်ဖြူးသည်။ နေရောင်ခြည်များကြောင့်
သစ်ပင် အကြို အကြားမှ ဖြာဆင်းလာသော ရောင်ခြည် တန်းများသည် ဇာပန်းဖြာကျက် ထား သလိုရှိနေသည်။
အပင်မြင့်မြင့်ကြီးတို့ သည်လည်းလှကြသည်။
အပင်မြင့်မြင့်အောက်တွင်
ခိုမှီနေကြသော ပင်ပျို နုနုတို့သည်လည်း ရွှမ်းစိုညက် အိနေသည်။ ပင်ပျို စိုစိမ်း အရာခပ်သိမ်းတို့
နှင့်အတူ..
အရှင်မင်းမြတ်၊
ပြောပြ အပ်တဲ့ သူငယ်ချင်းများမို့၊ အခုလို လာရောက်ပြောပြရခြင်းဖြစ်ပါတယ်။
ချစ် ခင်မြတ်နိုး တန်ဘိုးထားမိလို့လဲ ငါ့သူငယ်ချင်းတော့ လောကနွံတောကြီးကလွတ် ဖို့သင့်ပြီလို့ မြင်မိ လို့
လာရောက်ပြီး ပြောရခြင်းဖြစ်ပါတယ်။
တိတ်ဆိတ်နေသော
ခဏကို လေပြေ အကြားကူ၏။ ငှက်ကျေးတို့ သံစဉ်သည် ငြိမ့်ညောင်းနေ၏။
မှန်ပါ၊
အရှင်ဘုရားပြောတာလည်း မှန်ပါတယ်။ တပည့်တော်မှာလည်း ထီးနန်း၊ စည်းစိမ်၊ မတ်ပေါင်ခြွေရံ များ၊
တိုင်းရေး ပြည်ရာများနဲ့ နေ့စဉ်နေ့တိုင်း လုံးခြာလည်း ထွေးနေတော့ စွန့်မယ်လို့ ကြံလိုက်တိုင်း၊
တပည့်တော် အဖြစ်က ဆင်အိုကြီးနွံထံကျွံနေသလိုဖြစ်နေပြီဘုရား။
ရှေ့ခြေထောက်က
လွတ်မယ်လို့ ကြံလိုက်၊ နောက်ခြေ ထောက် မြုပ်သွားလိုက်ဖြစ်နေပြီး၊ နောက်ခြေကို အားပြုပြီး
လွတ်မယ်လို့ ကြံလိုက်၊ ရှေ့ခြေထောက်က ပြန်မြုပ်သွားလိုက်ဖြစ်နေပြီ၊ ဒီတော့ ဒီဘ၀၊ ဒီအနေ မျိုး
နဲ့ပဲ တပည့်တော်ဘ၀တော့ ဆုံးရတော့မယ် ထင်ပါတယ် ဘုရား။
လေညင်းတို့ငြိမ်နေသည်။
ငှက်ကျေးတေးဆိုသံသည် ဖင့်တွဲလေးကန်နေသယောင် ထင်ရသည်။
ဒီလိုတော့လည်းရှိသေးတယ်။
အရှင်မင်းမြတ်၊ တစ်ခါတုန်းက ကျီးကန်းတစ်ကောင်ရှိဖူးပါ တယ်။
ကောင်း ကင် ကနေပျံသန်းရင်
တစ်နေရာရောက်တော့ မြစ်ပြင် အလယ်မှာ ဆင်သေကောင်ကြီးမျောနေ တာ သွားတွေ့ပါသတဲ့။ ဒီတော့
မည်းမည်းမြင်တော့ ထိုးဆင်းလိုက်တယ်။
ဆင်သေကောင်ကြီးဖြစ်နေတာတွေ့ရတော့
ကျီးကန်းက တွေးမိပါတယ်။ အော်၊ ငါက မည်းမည်းမြင်လို့ ထိုးဆင်းလိုက်တာ ကံကောင်းခြင်တော့
ဆင်သေကြီးဖြစ်နေပြီ၊ ဟန်ကျလိုက်ပါဘိတော့။ မည်းမည်းမြင်လို့
ထိုးဆင်လိုက်တာဆင်သေကောင်ကြီးဖြစ်နေတာဖြင့် ဟန်ကျလိုက်ပါဘိတော့။
ဆင်သေ အသားလေစားလိုက်၊
မောတော့ လှိုင်းလေတွေ စီးလိုက်နဲ့ တယ်ကံကောင်းတဲ့ ငါပါလား လို့ တွေးနေမိပါတယ်တဲ့။
ဒီလိုနဲ့လိုက်သွားလိုက်တာ၊
အခြားနေရာတွေကိုသွားဖို့ အခွင့်ကြုံပေမယ့် ဆင်သေကြီးကို ခုံမင်နေတဲ့ စိတ် ကြောင့် မသွားနိုင်ခဲ့ဘူး။
ဒီလိုနဲ့ဆင်သေကြီးက လှိုင်းဒဏ်၊ ၀ဲဒဏ်တွေနဲ့ ပုပ်ပွနေတဲ့ အသားတွေ က ပြုတ်လို၊ မြုပ်လိုမြုပ်နဲ့
သူအဟုတ်ထင်ခဲ့တာတွေက သရုပ်ကပေါ်လာပြီ၊ ဒီတော့ ကမ်းပေါ်တက်မယ်ကြံ လိုက်တော့ ကမ်းလည်း မမြင်ရတော့။
လှမ်းတက်ဖို့
အစွမ်းကလည်း ကုန်ပြီး၊ သောင်ကမ်း မတက်ပဲ ၀ဲရိုက်၊ လှိုင်းပုတ်နဲ့ ကျီးမိုက် တစ်ကောင်
သေသွားခဲ့ရဖူးပါတယ် အရှင်မင်းမြတ်။
ဒီတော့
စဉ်စားဖို့ပြောပါတယ်။ ထီးနန်း စည်းစိမ်၊ မတ်ပေါင်ခြွေရံနေပေမယ့် မအို မနာ၊ မသေတော့ဘူးလို့
မတွေးလိုက်ပါနဲ့၊ ကမ်းမြင်တုန်းလှမ်းတက်နိုင်ဖို့ သူငယ်ချင်းတို့မှာ ထားရမယ့် သဘောရှိလို့ လာပြောပါတယ်။
ဥယျာဉ်တော်က
လေညင်းသည် ငြိမ်သက်အေးချမ်းနေသည်။ ငှက်ကျေးတို့တေးသံသည် အရသာရှိ လှသည်။ တည်ငြိမ်နေသော
သောဏက အရှင်မြတ်၏ မျက်ဝန်းများတွင် ပူပန်မှုကင်းနေသည်။ ကိုယ်နေ ဟန် အမူအယာ သည် တည်ငြိမ်ရဲရင့်နေသည်။
အရှင်မြတ်၏
ရှေ့တည့်တည့်တွင် ထိုင်နေသော မင်းမြောက်တန်ဆာ အဖြာဖြာတို့ဖြင့် မွှမ်းထုံနေသော အရိန္ဒမဘုရင်သည်
တုန်လှုပ်နေသည်။ မျက်ဝန်းများယိမ်းယိုင်နေသည်။ ထောက်တည်ရာ မရသလိုဖြစ်နေ သည်။
မျက်ဝန်းနှင့်
အမူ အယာများသည် ရုတ်တရက် တည်ငြိမ်သွားပြန်၏။ သောဏက အရှင်မြတ်၏ ဆင်သေ ကောင်ပြ တရားသံဝေသည်
သူ့နှလုံးသားကို ထိခတ်မိဟန် တူပြန်သည်။ ဥယျာဉ်တော် က နေ၀န်းသည် အနောက်သို့ယွန်းလုလုဖြစ်နေပြီ။
ခရီးတစ်နေတာ ကုန်ဆုံးတော့မည်။
ကဲ..၊
အရှင်မင်း၊ မိတ်ဆွေတို့ ထားအပ်တဲ့ သဘော အတိုင်းလာပြီးတော့ ပြောပြီးပြီ၊ အရှင်မင်းမြတ် စဉ်းစား ဆုံးဖြတ်
ပေတော့။ လောကနွံတောကြီးထဲတော့ ဘ၀ကို မကုန်ဆုံးပါစေနဲ့၊ ငါကတော့ နန္ဒမူလှိုဏ် ကိုပြန်တော့မယ်။
လေပြေသုတ်ဖြူးသည်။
ကျေးငှက်တို့ အောင်မြည်သံသည် တောလုံးညံသည်။ ပင်အို ပင်ပျိုတို့၏ ယိမ်းနွဲ့ လှုပ်ရှားလိုက်ဟန်သည်
အလန့်တကြားနိုင်လှသည်။
မြေပြင်တွင်ပြားပြားဝပ်နေသော အရှင်မင်းမြတ် အရိန္ဒမ၏ အကြည့်များသည်
ထားခဲ့တော့မလား အရှင်မြတ်ရယ်လို့ မပြောသော်လည်း ပြောနေ သယောက်ရှိလှသည်။
ပြီးတော့စဉ်းစားမိပြန်သည်။
ငါရထားတဲ့
ထီးနန်းစည်းစိမ်ဆိုတာ၊ ဆင်သေကောင်ပုတ်နဲ့တူသတဲ့။ ဘုရင် အဖြစ်နဲ့ လိုက်မိမှားတဲ့ ငါက
ကျီးမိုက်နဲ့တူလေသတဲ့။
လောကကဓံ လှိုင်းပုတ်၊
အာဏာဆုတ်ယုတ်တဲ့ အချိန်ဆိုတဲ့ ၀ဲများစုပ်လိုက်ရင်ဖြင့်ခက်ရပြီကော..။
ဥယျာဉ်တော်သည်
ပကတိဆိတ်ငြိမ်နေပြန်သည်။ ငှက်ကျေးတို့မဆူတော့ပြီ။ နေ၀န်းလည်း ၀င်လုလုဖြင့် အနောက်သို့ ယွန်းချေပြီ။
..........................................................................................
မှတ်ချက်။
သောဏကဇာတ်တော်ကို တစ်စိတ်တစ်ပိုင်းဖွဲ့ဆိုထားပါသည်။
ငယ်ငယ်က သီချင်းတစ်ပုဒ်ကို အမှတ်ရမိပါတယ်။
ReplyDeleteဆင်သေမျောရာ ကျီးမိုက်ကြီးရှာ သမုဒ္ဒရာပင်လယ်တောမှာ ကမ်းမမြင်ပါလို့
လမ်းမမြင်ပါလို့ မျှော်မှန်းရှာ အားယူပျံပါသော်လည်း အတောင်ညောင်းလို့ မပျံသာ အဏ္ဏ၀ါ ရေထဲကျလေကာသေပွဲ ၀င်ခဲ့ရရှာတယ်ဆိုတာ ကြားဘူးပါတယ်။
အမိုး(၁၆.၁၀.၂၀၁၂)