လှိုက်လှဲစွာကြိုဆိုပါ၏။
တစ်မြို့လုံး၊ တစ်နယ်လုံး၊ တစ်ရွာလုံးကိုယ်စား
သူတာဝန်ထမ်းဆောင်နေသည်။
ဘာမှ မကြာလိုက်ဘူး၊
နောက်တစ်ခါပြန်လှည့်ကြည့်မိလိုက်တော့..၊
နှုတ်ခွန်းဆက်သလိုက်ပါ၏။
သူတစ်မြို့လုံး ကိုယ်စား၊
တစ်နယ်လုံးကိုယ်စား၊ တစ်ရွာလုံး ကိုယ်စား နှုတ်ဆက်လိုက်ပြန်ပြီ။
ကြိုဆိုခြင်းနှင့် နှုတ်ဆက်ခြင်း အကွာ
အဟသည် တစ်ပေကျော်ကျော်လေးမျှသာဖြစ်သည်။ သို့သော်နေရာ တိုင်း တွင်ရှိကြသည်။ တစ်မြို့၊
တစ်နယ်၊ တစ်ရွာသို့ ၀င်ရောက်လိုက်ရခြင်းသည် ခဏတာဆိုနိုင်သော ဘ၀ဖြစ်သည်။
ဖြစ်စဉ် အားလုံးသည် ဘ၀ဖြစ်သည်။
သက်ရှိဘ၀နှင့် သက်မဲ့ဘ၀သာ ခြားနားသည်။ ဖြတ်သန်းနေကြရ သည်။ သစ်ပင်တစ်ပင်သည်
ရွက်နုတွေဝေနေသည်။ လောကကြီးကိုသူ့ကို ကြိုဆိုသည်။ မိုးဒဏ်၊ လေဒဏ် သူခံရသည်။
လောကကြီးက ချီးမြှောက်ခြင်းကိုသာ ပေးသည်မဟုတ်။ အပြစ်ဆန်သော သဘာဝတရား များကိုလည်း
ပေးတတ်သည်သာ။
နွေပေါက်တော့ ပင်ခြေအောက်တွင် ရေတို့ခြောက်ပြီ။
သွေ့ယောင်းနေသော သစ်ပင်သည် လေ အသုတ် တွင် ရွက်ဝါတစ်ချို့ ကြွေပြုတ်သွားကြသည်။
သက်မဲ့ ဘ၀ဖြစ်စဉ် တစ်ခုမို့ သစ်ပင်တစ်ပင် လာရောက်ခြင်း ကို မည်သူ ကမှ လှိုက်လှဲစွာ ကြိုဆိုပါ၏
ဟူသော စာတမ်းရေးမထားကြ။
နွေရောက်လို့ ကြွေပျောက်တော့လည်း
နှုတ်ခွန်းဆက်သလိုက်ပါ၏ကို သူကို မဆိုလိုက်ကြပြန်။ သို့သော် မိုးသံကြားလျှင်
ရွက်သစ်ဝေ၍ လှဦးတော့မည်။ ပင်အောက်ဝင်ရောက် နားခိုသူတို့ကို အရိပ်ပေးနေ ၍ အေးစေမည်။
လူသည် ခံစားတတ်သည်။ သစ်ပင်နှင့် မတူပါ။
လှိုက်လှဲစွာကြိုခြင်းကို ကြည်နူးကြသည်။ ဖက်လဲတကင်း သည် ကြည်မွေ့စရာကောင်းသည်။
ခင်မင်ကြသည်။ တွယ်တာကြသည်။ တစ်ဦးနှင့်တစ်ဦး အကျိုးဆောင် လမ်းပြ ကြသည်။ တူညီရာပေါင်းစပ်ခြင်းဖြင့်
ခံစားမှုပါသော ဖြစ်တည်ခြင်း ဘ၀ကို ထူထောင်ကြသည်။
ထိုကြည်နူးရာခဏသည် မည်မျှကြာမည်နည်း။
ဘဝ
တစ်ဘက် စာမျက်နှာသည် နှုတ်ခွန်းဆက်ခြင်းဖြစ်သည်။
လှိုက်လှဲစွာပဲနှုတ်ခွန်းဆက်လိုက်သည် လားပဲတွေးတောစရာရှိသည်။
တစ်ခါကရှိခဲ့ဖူးသည်။ တာဝန်ဖြင့်
သူတို့ရွာလေးကိုရောက်ခဲ့ရသည်။ သူတို့ရွာလေးတွင် လှိုက်လှဲစွာကြို ပါ၏ ဟူသော
ဆိုင်းဘုတ် ချိတ်မထားနိုင်ပါ။ သူတို့ရွာနာမည်လေးကပင် မင်ရောင်တို့ပြယ်နေ၏။ သို့သော်
လှိုက်လှဲစွာဟူသော ထိုစကားလုံးကို နှလုံးသားဖြင့်ရေးထိုးကြသူများဖြစ်ကြသည်။
သူတို့နဲ့ အတူ ဆောင်းတွေ၊ မိုးတွေ၊
နွေတွေ အတန်ငယ်ဖြတ်သန်းပြီးသော တစ်ချိန် ဆောင်း မနက်ခင်း တစ်ခုမှာ နှင်းတွေဝေနေဆဲ၊
တောင်ယာမီးခိုးတွေတို့လူနေဆဲ၊ ကောင်းကင်ကြီးနှင့် တောင်တန်းကြီးတစ်စပ်
တည်းဖြစ် နေဆဲ၊
သူတို့နှင့်အတူ အပြုံးတို့ နားလည်နေဆဲမှာပဲ နှုတ်ခွန်းဆသလိုက်ပါသည်ကို မဆိုမိပဲ ခွဲခွာခဲ့ရသည်။
ဤသို့နှုတ် မဆက်ပဲ ခက်တည်တည်နဲ့ ချင်းတွင်းမြစ်ကိုစုန်ဆင်းလာခဲ့ရာ…
သူငယ်ချင်းတို့ ၊ တို့တစ်တွေ
ဘယ်တော့မှ ပြန်တွေ့နိုင်မယ် မသိတော့ဘူးနော်တဲ့။
ကမ်းပေါ် အတက် လက်ဆွဲနှုတ်ဆက်နေကြသော သူတို့ကိုကြည့်ပြီးငေးနေမိသည်။
သူတို့နှုတ်ဆက်ခြင်း သည် လှိုက်လှဲနေရုံမက မျက်ရည်များပင် ရွှဲစိုနေကြသည်။
သူတို့ပြောနေသော
စကားကို နားထောင်လိုက်တော့ တက္ကသိုလ်တစ်ခုတွင် လေးနှစ်တာကာ အတူတူဖြတ် သန်းပြီး
ဘ၀တာကာလ တစ်ခုပြီးဆုံးလို့ တာဝန်ကျရာ ထမ်းဆောင်ကြရမည့်နေရာ တစ်ထောင်နား အရောက်တွင်
နှုတ်ဆက်နေကြခြင်းဖြစ်သည်။
သူတို့နှုတ်ဆက်ခြင်းက မိမိရင်ကိုပါခတ်ပြီ၊
သူတို့ကို ရုတ်တရက် နှုတ်မဆက်ပဲ ခွဲခွာခဲ့ရပြီကောလို့ သိလိုက် တော့….
မျက်ရည်တို့ စို့လာသည်။ သက်သာစေတော့ရယ်
အတွေးနဲ့ စို့မျက်ရည်ကို ပုတ်ခတ် ထုတ်လိုက်မိတော့ ချင်းတွင်းမြစ်ပြင်ကြီးသည်
မြင်ကွင်းတွင်ေ၀၀ါးနေတော့သည်။
လှိုက်လှဲလှဲ နှုတ်ဆက်လိုက်မိပြီထင်ပါသည်။
တကယ်တော့လည်း နှစ်နှစ်တာ ကာလသည်……
လှိုက်လှဲစွာကြိုဆိုပါသည်နှင့်
နှုတ်ခွန်းဆက်သလိုက်ပါသည်
ဆိုသော စကားလုံးနှစ်လုံးရဲ့ ထုထည်သည် ဆိုင်းဘုတ်တစ်ခုလို
တစ်ပေသာသာလေးမှ မဟုတ်တာ ပဲလေ လို့……။
..............................................................................................................................
မှတ်ချက်။ တောင်တန်းသာသနာပြုဘ၀ဖြင့်နေခဲ့ရသော အဖြစ်အပျက်နှင့် ခွဲခွာရသော ခဏကို ရည်ညွှန်း။
No comments:
Post a Comment