Pages

Thursday, September 27, 2012

အဖော်မဲ့ ခရီးသည်


   
ဒီဃာ ဇာဂရတော ရတ္တိ- အိပ်မပျော်သူ အတွက် ညတာရှည်သည်တဲ့။ အိပ်မပျော်ပေမယ့် လှိုင်း၊ လေ အငွေ့သက် သက်လေးဖြင့် ပျော်ရခဲ့ဖူးသော ညလေးများရှိခဲ့ဖူးသည်။ မနက်လင်းမှာသာစိုးနေသည်။ ညတာရှည် သည် မထင်မိခဲ့။
ချင်းတွင်းမြစ်ပြင်သည် လှိုင်းတွန့်လေးများ ဖြန့်ကာကြဲလျှက် ပြေးလွှားနေသည်။ ကမ်းခြေကို လှိုင်းပြေးအတွက် ကမ်းစပ်က ခရုငယ်တို့ လန့်နိုးကြမည်လား တွေးမိသည်။ သောင်ခြေစပ်က အပင်ငယ်တို့ကား လှိုင်းအတက် တွင် ဟိုဒီတိမ်းပြီးယိမ်းကနေကြသည်။ အိပ်မပျော်သော်လည် ညသည်လှနေသည်။ ထို့ထက်ပို၍ လှသည်ကား လှိုင်းလေသော့သော့တွင် လမင်းငယ်ဆော့ကစားနေသည်။
လပြည့်ကျော်ညတစ်ညရဲ့ သန်းခေါင်ယံစွန်း လခြမ်းကွေးလေးသည် လှိုင်းလေတွင် ငြိမ့်ငြိမ့်စီးရင် တလိမ့်လိမ့် ကနေသည်ထင်မိသည်။
မော်တော်ဝမ်းတွင်းကို ပြန်လည်လှည့်ကြည့်မိတော့ နယ်ပြောင်းတာဝန်ဖြင့် တာဝန်ထမ်းဆောင်ရန် ပြောင်းရွှေ့ လာသော မူလတန်းပြ ဆရာမလေးသည် ဘုရားရှိခိုးနေသည်။ သူမဆုတောင်းသည် တိုးတိုးညင်သာဆိုပေမယ့် ညရေးရေးတွင် သူမအသံကို ကြားနိုင်သည်။
တော၊ တောင်၊ မြစ်၊ ချောင်း၊ စသည်တွင် စောင့်ရှောက်နေသော နတ်များကို တိုင်တည်ပြီး သူမ ပြုလုပ်သော ကောင်းမှု အဖို့ကို အမျှဝေနေသည်။ အကြည်တနူး သာဓုခေါ်မိပါသည်။
ချင်းတွင်း မြစ်ဘေးက မော်လိုက်မြို့လေးသို့မော်တော်ဆိုက်တော့ ညနေ အမှောင်တို့ကြီးစိုးနေပြီ၊ မည်းမှောင် နေ သော မြစ်ပြင် သည် ငြိမ့်ငြိမ့် အိမ့်အိမ့် စီးဆင်းနေသည်။ မော်တော်ဆီသို့ လာရောက်ဈေးရောင်း ကြသော သူများဖြင့် စည်ဝေနေသည်။ 
ခရီးသည်တစ်ချို့ဆင်းကြသည်။ မော်လိုက်မြို့လေးတွင် မော်တော်ခရီးစဉ် တစ်ညအိပ်မည်။ နောက်နေ့မနက်မှ ခရီးဆက်ထွက်မည်။
ဦးဇင်း၊ ဒီမြို့မှာတစ်ညအိပ်မယ်လို့သိရပါတယ်။ တပည့်တော်နဲ့လိုက်ခဲ့ပါ။ တည်းခိုခန်းသွားပြီး ကျိန်းပေါ့ဘုရား၊
ရပါတယ် ဒကာတော်၊ ဦးဇင်းဒီမော်တော်ပေါ်မှာပဲအိပ်လိုက်ပါမယ်။
သူခေါ်နေပမယ့် ပြောစရာရှိပါသည်။ တောင်ပေါ်သူ တောင်ပေါ်သားများ အတွက် တောင်စလင်း တိုက် ဦးတိက္ခလှူ လိုက်သော စာအုပ်ထုပ်များနှင့် တောင်ပေါ်သား၊ တောင်ပေါ်သူများ အတွက် အလှူခံလာသော အ၀တ်အထည်များ အလစ်သုတ်သွား မှာစိုးသောကြောင့် ဒကာရဲ့ ကမ်းလှမ်းချက်ကို လက်မခံပဲ မော်တော် ၀မ်းတွင်းမှာ တစ်ညအိပ်ဖို့ စီစဉ်လိုက်သည်။
ကိုယ်ပိုင် မဟုတ်သေးပေမယ့် ပိုင်ဆိုင်ကြရမည့် သူများ အဖို့ တွေးတောပူမိနေသည်ကို စဉ်းစားနေမိရင်း ပြုံးချင် လာမိသည်။ 
  
ကမ်းပေါ်တက်သွားသူတစ်ချို့၊ မော်တော်ပေါ်တွက် ကျန်ရစ်သူ အငယ်နည်းဖြင့် ချင်းတွင်းရောက် ခရီးသည် တင်မော်တော်ရေယဉ်တွင် ခရီးသွားလူတို့ကျဲပါးစပြုလာပြီ။ 
ထိုစဉ် အရှေ့ရိပ်ကောင်းကင်က လခြမ်းကွေးလေး ထွက်ပေါ်လာသည်။ ရေလှိုင်းထပ်ကွန့် တွင် မြိုးဆော့နေသော လမင်းငယ်သည် အိပ်ချင်စိတ် ကိုပြေစေ သည်။

တစ်ချက် တစ်ချက် မော်တော်ကို လှုပ်နိုးလိုက် သလိုရှိတတ်သော လှိုင်းကြမ်း နုနုလေးများ ပြေးဆော့ လျှင် မော်တော်ယိမ်းထိုးနေတတ်သည်။ ခရီးသည်တစ်ချို့ ငြီးတွားသံ တစ်ချက်တစ်ချက်ကြားရတတ်သည်။ သူ့တို့ အိပ်မက်တွင် လမင်းသာနေမည်လား မပြောနိုင်ပေ။
ဤခရီးကို ရောက်လာစေရန် မန္တလေးမြို့တွင် ဆေးထိုးလာခဲ့ရသည်။ ဆေးထိုးပြီးမှ မုံရွာကားဖြင့် ခရီးတဆင့် ဆက်လာခဲ့သည်။ ထိုမှဆက်ကာ ရေယဉ်ခရီးဖြင့် ချင်းတွင်းကို ဆန်ခဲ့သည်။ လခြမ်းကွေးလေးရှိရာ ဤနေရာလေး တွင် တစ်ည အိပ်ရသည်။
မနက်ခရီးဆက်ရဦးမည်။ အရှေ့ရပ်ဆီက ရောင်နီပျို့လာပြီ၊ လခြမ်းကွေးလေး မှိန်ဖျော့လာသည်။ ချင်းတွင်း ကမ်းခြေတွင် ခရီးသည်တို့ သူ့ခေါ်ငါ့ဟစ်ဖြင့် မနက်ခင်း တစ်ခုကို အလှဆင်ကြပြီ။
ကောင်းစွာ အိပ်ပျော်သူတို့ ရွှင်ပြနေသည်။ အိက်မပျော်နိုင်သူတို့ ငြီးတွားကြသည်။ မိမိအတွက်မှာမူ အိပျော်သည် မပျော်သည် မပြောနိုင်။ မြစ်ပြင်ကျယ်က လခြမ်းကွေးလေးပျောက်သွားသည်သာ ထူးနေသည်။
ငှက်ဖျားဒဏ်ကြောင့်ဖြစ်ဟန်ရှိပေမည်။ အိပ်ချင်စိတ်တို့ပျောက်ဆုံးနေသည်။
လူသည်လည်း ပိန်ဖျော့နေမှန်းသိသည်။
လူစုံရင် မော်တော်ထွက်မယ်ဗျို့ဟူသော အသံသည် လှိုင်းကြမ်းများကို လှန့်နှိုးလိုက်သလိုရှိနေပေမည်။
လေပြင်းငယ်လာ လေပြေလျင်လည်း၊
ချောင်းကျယ် ဘယ်မငြင်း ချောင်ကျဉ်းလျှင်လည်း၊
စုန်ပြန်ရ ဖန်ဖန် ဆန်ပြန်ရတလဲလဲ၊
မဗေဒါ ဒီရေကြော မျောလျက်သာပဲတဲ့။
ဤသို့ ဆရာကြီးဇော်ဂျီရေဖူးသည်။ ခရီးအဆန်တွင် မဗေဒါကို တွေ့လိုတွေ့ငြားရှာကြည်မိသေးသည်။ ချောင်းရိုး တွင်သာ အနေပျော်သော မဗေဒါကို မှတ်မိလိုက်မှပင်။
အော်ငါ့နှယ်ဖြစ်ရတယ်။ မချိတင်ကဲညဉ်းမိပါသည်။
  
မြစ်ပြင်ကျယ်ကျယ်တွင် ဗေဒါမဲ့ ခရီးသည်ဖြစ်နေသည်။ အဖော်မဲ့နေသလိုလိုထင်မိတော့၏။
 

No comments:

Post a Comment