သူငါအများ
ခရီးသွားတို့
သွားကြ
လာကြ ဤလောက၀ယ်
အဖြေးလည်းရှိ
အပြေးရှိ၏။
မန်းမြို့တော်ကြီးတွင်
နေထိုင်ပြီးကျောင်းတက်ရစဉ်က ပါဠိဌာနတွဲဘက်ပါမောက္ခကြီး တစ်ဦးက ပြောဖူးတာ မှတ် မိနေသည်။
သိပ်မလိုချင်နဲ့၊
လိုချင်ရင် ကြောက်ရတတ်တယ်တဲ့။
အဖြောင့်သဘော
အဓိပ္ပာယ်ကတော့ မလိုချင်နဲ့တော့၊ မလိုချင်ရင် ဘာမှကြောက်စရာမလိုဘူးပေါ့။
ဖြည်းဖြည်းချင်း
သိလာသလိုလိုတော့ ရှိလာ သလိုလိုပါပဲ။ လိုချင်တာတွေများတော့ လိုက်ရပြန်ပါတယ်။ တစ်ခါတစ်လေတော့
ဖြေးဖြေး သက်သာ လိုက်ရပါတယ်။ တစ်ခါတစ်လေကျတော့လဲ အပြေးလိုက်ရ ပါတယ်။ ကိုယ်လိုပြေးနေတဲ့
သူနဲ့တော့ ခရီးတူကြပြန်တယ်။ ဖေးမကူညီရင်း လမ်းလျှောက်မိတော့ ကြည်နူးရပါတယ်။
ကိုယ်ကိုယ်တိုင်
ခရီးမောလျှောက်လှမ်းရတော့လဲ စိတ်ဓာတ်အားဖြင့် ဖေးမကူညီ၊ အထောက်အပံ့အားဖြင့် လက်တွဲဆွဲထူ
ရှိကြပြန်တော့ ကြည်နူးမိတာ အမှန်ပါ။
လမ်းတွေပေါ်ကြည့်မိလိုက်တော့
တစ်ချို့လူတွေပြေး နေကြတယ်။ တစ်ချို့ကတော့ ဖြေးဖြေးသွားကြတယ်။ ကိုယ့်ကိုယ်ကို ပြန်ကြည့်မိတော့
ဖြေးဖြေးလား၊ အပြေးလေးလားတောင် သေချာမသိတော့။
သေချာတာတစ် ခုက တောတော့ လိုက်နေတယ်။ လိုချင်လို့။
လိုချင်လိုက်ပါ
ခရီးတာကား
ရှည်လျားလွန်းစွ
အစဘယ်မှာ
အဆုံးကားမသိ
ဝေးလွန်း၏။
တစ်ခါတုန်းက
ညီတော်၊ နောင်တော်နှစ်ပါး ရှိကြတယ်။ အကိုကြီးဖြစ်သူက ငါရှင်ဘုရှင်မလုပ်ချင်ဘူး ညီတော်၊
မင်းပဲ နန်းစံနေရစ်တော့၊ ငါကတော့ ငြိမ်းချမ်းတဲ့ တောရွာလေးမှာ အေးချမ်းစွာနေခွင့် ရရင်တော်ပါပြီ။
ညီဖြစ်သူ
ဘုရင်ဖြစ်ပြီး၊ အကိုကြီးဖြစ်သူ တောရပ်သို့ထွက်ခွာပြီး ငြိမ်းချမ်းခြင်း ကိုရှာတယ်။
လှလိုက်တာ။ အခွင့်၊ အာဏာ၊ ရာထူးကို စွန့်ပြီး ငြိမ်းချမ်းခြင်းနဲ့လည်လှယ်လိုက်တယ်။
ညီဖြစ်သူ
ရှင်ဘုရင်က တိုင်းပြည်အတွင်းရှိ ကျေးရွာ၊ မြို့နယ်၊ တိုင်းအသီးသီးကို အခွန်ကောက်ပါ တယ်။
နောင်တော်ကြီးနေထိုင်ရာ ကျေးရွာလေးကတော့ ဘုရှင်မင်းမြတ် အကိုတော်ကြီးနေတဲ့ရွာဖြစ်လို့
အခွန် လွတ်စေတယ်။ ဒီအကြောင်းကို ရွာနီးချုပ်စပ်သိတော့ နော်တော်ကြီးဆီလာကြတယ်။ သူတို့ရွာလေးလဲ
အခွန်လွတ်အောင်ဆောင်ကျဉ်ပေးစေချင်ပါတယ်စသည်..စသည်..။
နောင်တော်ကြီးဆောင်ကျဉ်းလိုက်တော့
နောက်ရွာလေးလဲ အခွန်လွတ်သွားပြန်ပါ တယ်။ နောက်ရွာလေး တစ် ရွာ..၊ နောက်တော့ မြို့လေး တစ်မြို့၊
နောက်တော့ ပြည်နယ်တစ်ခု။
အခုလိုဆောင်းကျဉ်ပေးလိုက်လို့
နောင်တော်ကြီးမှာ အာဏာရလာပါတယ်။ အခြေအရံပေါ်လာပါတယ်။ လဒ်ထိုးကြေးအဖြစ်ပါဝင်လာတဲ့ အရက်သေစာ၊
ပျိုကညာတို့ဖြင့် ငြိမ်းချမ်းခြင်းကိုရှာမှီးခဲ့သူကြီး မီးတောက် နေပြီ။ မီးလောင်ရာလေးပင့်သူများ
အခစားဝင်လိုက်တော့။
ရှင်ဘုရင် မလုပ်ချင်လို့ တောထွက်ခဲ့တဲ့ နောင်တော် ကြီးက ညီတော် ငါရှင်ဘုရင်ပြန်
လုပ်မယ်။ မင်းနန်းစွန့်တော့၊ အသာတကြည် မရရင်တော့ မင်းကို စစ်ခင်းပြီး အနိုင်ယူရလိမ့်မယ်။
ငါ့မှာ
မင်းကို တိုက်ဖို့ စစ်အင်အား အပြည့်ရှိတယ်။ အာဏာငင်ရာ၊ ရာထူးဆွဲရာ၊ အမြှောက်အပင့် အကြောမှာ
မင်းသားကြီးမျောပြီ၊
တစ်ရွာအပိုင်းစား အဆင့်မှ
သွေးချင်းညီတော်ကို စစ်ခင်းနိုင်လောက်အောင် အစမရှိတဲ့ ခရီးကြီးကို လှမ်းမိတော့သည်။
ဒီဇာတ်လမ်းကိုဒီမှာပဲ ရပ်ချင်ပါတယ်။
ကမ်းပြိုတယ်ဆိုတာ တစ်ခါတည်း ဗြုန်းဒိုင်း ပြိုတယ်ဆိုတာထက်၊ တစ်လက်မချင်း ပြိုတာပါတဲ့။ လောဘဆိုတာလဲ
တဖြည်းဖြည်းချင်တိုးလာတာပါပဲ။
လိုချင်လိုက်ပါ
ခရီးတာကား
ရှည်လျားလွန်းစွ
အစဘယ်မှာ
အဆုံးကားမသိ
ဝေးလွန်း၏။
...........................................................
ခရီးတစ်ခွင်
လျှောက်နေစဉ်ဝယ်
အတ္တ
ပရ ညီမျှလျှင်
သင်၏ခရီး
လိုရာပြီးလိမ့်။
သံသရာမဆုံးသရွေ့တော့
ခရီးသွားတွေချည်းပါ။
မြတ်ဗုဒ္ဓနှင့်
ငြိမ်းချမ်းပြီး သာဝကကြီးများကတော့ ခရီးနားကြီးများဖြစ်ကြသည်။ ဘုရားရှင်လဲခရီးသွားဖြစ်ဖူး
သည်။ မသိမှုနဲ့ အစွဲအလန်းများရင် ခရီးနှင်ရဦးမည်။ မြတ်ဗုဒ္ဓသည် ခရီးသည်ကြီးဖြစ်နေစဉ်အတွင်း
မိမိအကျိုး၊ သူတစ်ပါး အကျိုးကို သယ်ပိုးဆောင်ရွက်တော်မူခဲ့သည်။
ဘုရားရှင်ဖြစ်ဖို့ရည်ရွယ်ပြီး
ပါရမီတော်များဖြည့် စဉ်တိုင်း စည်းစိမ်၊ ရွှေငွေ၊ ထီးနန်း ကြငှန်စွန့်ပြီး အများအကျိုး
ဆောင်တောင်မူသည်။ တစ်ခါတစ်ရံ အသက်စွန့်ပြီး အများ အကျိုးဆောင်တော်မူသည်။ ခရီးလမ်းမှာ
အသိဉာဏ်နည်းသူများကို ပညာလမ်းပြလျှက် အမှန်သို့ဆောင်တော်မူသည်။ သတ္တ၀ါအများ ကို အမှန်ရောက်
ရေး ပေးဆပ်ခြင်းများပြုလုပ်သည်။
လောကေ
ပညာယ အတ္တတ္ထော၊ ပရတ္ထောစ သမိဇ္ဈတိ၊
အမှား
အမှန်၊ အကျိုးရှိ မရှိကို သိနိုင်သော ပညာဖြင့် လုပ်ဆောင်ခြင်းသည် မိမိအကျိုး၊ သူတစ်ပါး
အကျိုးကိုပြီးစေသည်။
မြတ်ဗုဒ္ဓနှင့်
မြတ်ဗုဒ္ဓ သာဝကကြီးများသည် သစ္စာလမ်းပေါ်တွင် ပညာကို ကိုင်ဆောင်လျှက် ကရုဏာဖြင့် လျှောက်လှမ်းခဲ့ကြသည်မို့
သံသရာခရီး ဆုံးခန်းတိုင်ခဲ့ကြသည်။ အတ္တ၊ ပရညီမျှခဲ့ကြသည်။
အတ္တ၊
ပရကို ညီညီမျှမျှဆောင်ရွက်ခဲ့ကြသူကြီးများ၊ မြင့်မြတ်သူကြီးများတို့သည်..
အောင်ပြီ။
ငြိမ်းပြီ။
အေးပြီ။
သံသရာခရီး
အရှည်ကြီးကို ခရီးနားအဖြစ်ဖြင့် အောင်မြင်သွားကြလေပြီ။
No comments:
Post a Comment