Pages

Thursday, September 13, 2012

စုန်မှာလား ဆန်မှာလား

ဘ၀သည် မြစ်ပြင်ကျယ်နှင့် တူသည်။ အနိမ့်၊ အမြင့်တောင်စောင်း တောတောင် ချောက်ကြား စသည်ဖြတ် သန်း စီးဆင်းရသည်။ အကွေ့ပေါင်းများစွာကွေ့ဝိုက်ရသည်။ နွေ၊ မိုး၊ ဆောင်း မရှောင်သာ စီးဆင်းမြဲစီး ဆင်းရသည်။

နွေနေအပူတွင် မသက်မသာစီးဆင်းရပြန်သည်။ ဆောင်းရာသီများတွင် မြူးနှင်းတို့ကို အဖော်လုပ်ကာ စီးဆင်း ရပြန်သည်။ ပျော်နေမည် တွေးမိသည်။ မိုးတွင် သူမော်နိုင်ပြီ။ သောင်ပြင်များကို ကျော်ဖြတ်သည်။ ကုန်းကမူ များကို တိုက်စားပြစ် တတ်သည်။ ခေါင်းနှင့် တိုက်ပြစ်သည်။ အမြီးဖျားနှင့်ခတ်ထုတ် သည်။

မြင်မြင်ရာရာကို ကသောင်း ကနင်းဖြစ်အောင် လုပ်ဆောင်နိုင်သည်။ မြစ်မင်း မင်းမူနေ လျှင် တော လုံးတောင် တိုင်း ဟီးဟီးခတ်တော့သည်။

လောကသည် မြစ်တစ်စင်းလိုဖြစ်နေသည်။ လူများသည် ခရီးသွားလှေငယ်များဖြစ်ကြပြန်သည်။

လေအသင့် ရေအသင့်လိုက်ရင်း ပျော်ရသည်။ လေအသင့် ရေအသင့်တွင် ရွက်လွှင့်ကာ ရေစုန်လိုက်ကြ သည်။ လွယ်သည်။ လူလောကထဲက လူတစ်ချို့သည်လည်း ဤသို့ဖြစ်သည်။ သား၊ သမီး၊ ဇနီးကြင်ယာနှင့် အိမ်ထောင်ရာ လူ့ဘောင်တွင်ပျော်ရသည်။

သားအတွက် မယားအတွက်၊ အာဏာ၊ ရာထူးစသည် အတွက် ကိုယ်ကျင့်တရားများကို ပေးဆပ်ကြသည်။ လိုက်လိုက် လျောလျောပေးလိုက်ရသည် လည်းရှိသည်။ သိက္ခာနှင့် ရိက္ခာအလဲအထပ်လုပ်ကြသည် လည်းရှိကြသည်။ လိုချင်တာရဖို့ မလုပ်ချင်သည်များ ကိုလုပ်ဆောင်ရသည်။ 
မကောင်းမှုများကို လိုလိုလားလား လုပ်ဆောင်ပြီး မိမိတို့ဘ၀လည်ပတ်မိနေအောင် လုပ်ဆောင်နေရသည် လည်းရှိကြသည်။

လိုက်ရင်လည်၊ လည်ရင်း မျောနေကြသူများ ဖြစ်ကြသည်။ ရေဆန်တက်ရန်ခက်နေ တော့သည်။ သူသည် ရေစုန်လိုက်သူဖြစ်သည်။

ရေဆန်သည် အစုန်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ လူတစ်ချို့ကားရေဆန်ကို ခြေကန်တက်ကြ သည်။ လေအလှန်ကို အနေမှန်အောင် ခြေကန်တောင့်ထား ဆန်တက်တတ်ကြသည်။ ပင်ပန်းသည်။ မသက်သာ။ ချွေးပြိုက်ပြိုက်ကျမည်။ လှော်ရင်းဆန်တက်။ 

ဆန်တက်နေရင်း အမောဖြေရသည်။ လက်စုံချ အသာတကြည် လိုက်ရသော ရေစုန်ခရီးနှင့် ဆန်ကျင့်ဘက် သည် အဆန်ဖြစ်တော့သည်။

ကိုယ်ကျင့် သိက္ခာကို ရိက္ခာနှင့် မလဲလိုကြ။ အပြုလွယ်သော မကောင်းမှုကို စိတ်အား သန်သန်ဖြင့် ကာကွယ်တောင့် ထားနိုင်ကြသည်။ ကာမဂုဏ်ဆောင်ရာ နောက်လို့ မလိုက်ကြ။ လူလောကတွင်နေလျှင် လည်း အစုန်၊ အဆန် သဘောရှိနေမည်သာ ဖြစ်သည်။ အစုန်လမ်းသည် ဆွဲဆောင်ရာ လိုက်ရမြဲ သဘော မို့ အဆုံးတွင် ခြာလည်ရိုက်နေ တတ်သည်။

အဆန်လမ်းသည် အားမာန်တင်းခံပြီး လှော်တက်ရသည့် သဘောမျိုး ရှိသောကြောင့် ခိုင်မြဲသည်။ ကိုယ်ပိုင် ခွန်အားရှိတတ်ကြသည်။ သူသည် ရေဆန်ကို ခြေကန်တက်သူဖြစ်သည်။

သား၊ မယား၊ စီးပွား၊ ဥစ္စာ၊ ရာထူး၊ အာဏာရှိရာလောကကြီးတွင် စုန်၊ ဆန်နေသူများရှိသလို၊ လောက စည်းစိမ်ရေအလျဉ်မှ လွန်မြောက်သူများလဲရှိကြသည်။

ဘ၀ပင်လယ်ကို မကူးမြောက်သေးသော်လည်း လူ့ဘ၀ အရှုပ် အထွေးတို့ဖြင့် ပွေလီသော အနှောင် အတွယ်များကို လွန်မြောက်နိုင်ခဲ့ပြီ၊ သားကင်း၊ မယားကင်း၊ ချစ်ခြင်း တဏှာကင်း လျက် မေတ္တာဖြင့် သာ နေထိုင်နေကြသူများတို့နေရာတွင် ငြိမ်းချမ်းစွာနေနိုင်ပြီ။

ထိုသူများ ကား ဘ၀ပင်လယ်ကို လွန်မြောက်ကြပြီ။ သူသည် ဘ၀ အမောပင်လယ်မှ လွန်ရာကမ်းကို လက်ကိုင် ထားနိုင်ပြီ။ လောဘ၊ ဒေါသ၊ မောဟများကြောင့် စိတ်အပူကုန်ပြီ ၊ အေးချမ်းခြင်တို့သာရှိတော့ သည်။

လောဘသားကောင် ဖြစ်ဖို့ လမ်းမမြင်တော့ပြီ၊ ဒေါသ သားကောင်ဖြစ် ရန် မလိုတော့ပြီ၊ မောဟ ညွတ်ကွင်းကို လွန်မြောက်ပြီ။ အရိယာ သူတော်စင်များသည် ဘ၀ပင်လယ်ခရီးကို အပြီးတိုင် အောင်မြင်ပြီြး ဖစ်၍ လောကလွန်ရာ လောကုတ္တရာ ကမ်းတွင် ငြိမ်အေးစွာ နေနိုင်ပြီ။

ဒုက္ခနွံတောမှ လွတ်မြောက်ပြီး တစ်ဘက်ကမ်းတွင် ငြိမ်းအေးစွာ နေထိုင်သူသည် အရိယာ သူတော်စင် များသာဖြစ်သည်။

အဆန်ခရီး စိတ် အကြံဖြင့် မပြီးနိုင်ပါ။ လှော်ခတ် ဆန်တက်ရပါဦးမည်။



1 comment:

  1. ကောင်းလိုက်ပါသော စားသားများ.......
    တန်ဖိုးမဖြတ်နိုင်သော စကားလုံးများ.........
    ရေစုန်လား
    ရေဆန်လား
    လွတ်မြောက်သူလား
    မိမိဘ၀ ဘယ်ထဲရောက်နေပြန်လဲ
    တခါတလေ ရေစုန်ထဲမှာ........
    တခါတလေ ရေဆန်ကို ခြေကန်ရင်း........
    တခါတလေ အေးချမ်းစွာနေချင်မိလေရဲ့ ။ ။
    ဘ၀ဆိုတာ ခက်ခဲတယ်
    ရေဆန်က ခိုင်မြဲတယ် ခွန်အားရှိတယ်....

    အမိုးနားလည်သလိုလေးပါနော်။

    အမိုး(ရေ ..........)
    ၁၄.၉.၂၀၁၂(သောကြာနေ့)

    ReplyDelete