Pages

Saturday, February 15, 2014

သညာ မှ ပညာ သို့ ( from Sanna to Panna)


တက္ကသိုလ်ကျောင်းသားဘ၀ကို Buddhist Academy မှာစတင်ခဲ့ရသည်။ ထိုစဉ်က Buddhist University မဖြစ်သေးပါ။ တည်ထောင်သူမှာ ဆရာကြီးဦးမြင့်ဆွေဖြစ်သည်။

“တပည့်တော် အသက် ၁၄ နှစ်မှာ စာသင်ထွက်တယ်။ အသက် ၃၁ မှာ ပညာမှာ ကတ ကိစ္စဖြစ်တယ်”.
ထို” ကတ ကိစ္စ”ဟူသောစကားသည် မဂ်ဖိုလ်အရာ၏ အမြင့်ဆုံးနေရာတွင် သုံးသော အသုံးအနှုံးဖြစ်သည်။
စကားတိုင်းတွင် မာန်ပါသည်။

တစ်ခုသော အခမ်းအနားတွင် စာရေးဆရာ တက္ကသိုလ်စိုးနိုင်မှ ဆရာကြီး၏ ဘ၀မှတ်တမ်းကို ဖတ်သည်။ မြန်မာနိုင်ငံ ရဟန်းတော်များပညာရေးကို သာသနဓဇသိရီပ၀ရ ရသည့်အထိ သင်ယူပြီးနောက် လူဝတ်လဲကာ မန္တလေးတက္ကသိုလ်သို့ တက်ရောက်သည်။

ထူးခြားသော မှတ်တမ်းမှာ မန္တလေး တက္ကသိုလ်၏ ပထမဆုံး B.A (honour) ကျောင်းသားဖြစ်သည်။ တင်သွင်းသော ဘွဲ့ယူကျမ်းမှာ ဓမ္မပဒကို အင်္ဂလိပ်လို ဘာသာပြန်ဆို စိစစ်၍တင်သော ကျမ်းဖြစ်သည်။
မန်းတက္ကသိုလ်၏ ဂုဏ်ထူးတန်းကျောင်းသားဘ၀ဖြင့် အားမရသေးသဖြင့် အင်္ဂလန်နိုင်ငံသို့ ထွက်ခွာပြီး ပါဠိ၊ သက္ကတဆိုင်ရာများကို လေ့လာသင်ယူပြန်သည်။

အင်္ဂလန်နိုင်ငံမှ ပြန်ရောက်သော အခါ ပါဠိ၊ သက္ကတပညာရှင်အဖြစ် တာဝန်ထမ်းဆောင်သည်။ မင်းကွန်း ဆရာတော်ကြီးမှ သာသနာ့ တက္ကသိုလ်များတည်ထောင်ဖန်ဆင်းတော်မူသော အခါ ပါဠိဆိုင်ရာဌာနတွင် တွဲဖက်ပါမောက္ခအဖြစ် သက်ဆုံးတိုင်ထမ်းဆောင်သွားသည်။

တစ်ခါက ဆရာကြီး ပြောဖူးသည်။
တပည့်တော်က လူသားပါ။ သားနဲ့ မယားနဲ့ပါ။ လူကြိုက်များမယ့် စာအုပ်တစ်အုပ်ကို ကောက်ပြီး ဘာသာပြန်လိုက်ရင် နာမည်ကြီး စာရေးဆရာ ဖြစ်မယ်ဆိုတာသိတယ်။

ဒါပေမယ့် ဘာသာ သာသနာမှာ လိုအပ်နေတဲ့ ဘုန်းကြီးတွေလုပ်ရမယ့် အလုပ်တွေကို လုပ်နေပါ တယ်။ ခေတ်စနစ်အရ လိုအပ်လာတဲ့ ပညာရပ်တွေကို ဘုန်းကြီးတွေသိစေချင်လို့ တက္ကသိုလ် တည်ထောင်ပြီး သင်ပြနေတာပါ။ ကိုယ်တော် တပည့်တော်ရဲ့ ပညာရေးတစ်ဝက်ကို မီအောင်သင်နိုင်ရင် ပညာတတ်လုပ်လို့ရပြီ။

အရပ်ပုပြတ်ပြတ်ရှိသော ဆရာကြီးသည် လက်ညှိုးထိုးပြီး ထိုစကားကိုပြောသည်။
စိတ်ထဲ အတော် မခံချင်ဖြစ်မိသည်။ ဒါပေမယ့် ဘာမှ ပြန်မပြောခဲ့ပါ။

ဆရာကြီးတက္ကသိုလ်တွင် ဒီပလိုမာကျောင်းသားဖြစ်ရစဉ် အခါအားလျော်စွာ သင်တန်းသားများကို လာရောက်သင်ကြား ပို့ချလေ့ရှိတတ်သည်။
အရပ်ပုပြတ်ပြတ်နှင့် ခပ်မာမာလမ်းလျောက်လေ့ရှိသည်။ 
ဆရာကြီးလက်ထဲတွင် မီးငြှိမထားသော ဆေးလိပ်တိုလေးပါသည်။
 ရေနွေးခွက်တစ်ခွက်ပါသည်။
ရံခါ ငှက်ပျောသီး ပါတတ်သည်။ 
ပကာသနမပါပဲ မြေဖြူမှုံအဖွေးသားဖြစ်နေသော ကြမ်းပြင်တွင် ထိုင်လိုက်သည်။
ထို့နောက် blackboard တွင် စာတစ်ကြောင်းထရေးလိုက်သည်။

From Sanna to Panna.
ကိုယ်တော်တို့များများမှတ် ပညာတတ်ဖြစ်လာမယ်..
လူကြားထဲ စာကို အသံထွက်ဖတ်ရမှာ ရှက်တယ်တဲ့။ ကိုယ်တော်တို့ သရုပ်မကွဲသေးတာပဲ။ 
ရှက်တယ် ဆိုတာ စိတ်၊ ဆိုရမှာက နှုတ်ပါ ကိုယ်တော်တို့..၊ ကျယ်ကျယ်ဆိုစမ်းပါ။
အသံထွက်မှန် မမှန်သိရအောင်လို့။

မှတ်မှတ်ရရ ဆရာကြီးအထံမှ ပထမဆုံးရလိုက်သော သင်ခန်းစာသည် မျာများမှတ်၊ ပညာတတ်ဖြစ် လာမယ်ဖြစ်သည်။ 
မှတ်နေရဆဲပါ။ မှတ်လို့လဲ ကုန်နိုင်မယ် မထင်ပါ။
တက္ကသိုလ်ကျောင်းသားဘ၀ရဲ့ လက်ဦးဆရာကြီး ကောင်းရာ သုဂတိရောက်ပါစေ။

အရှင် ဉေ ယျဓမ္မ
Diploma ( P.S.E), Buddhist Academy.
B.A (Buddhism), Mdy.
M.A (Buddhist studies), Sri Lanka.
M.A (final) Maghada University.
Ph.D, (thesis), Annamalai University, India.

ဤအရာများကို တမင်ဖော်ပြသည် မဟုတ်ပါ။ တက္ကသိုလ်ကျောင်းဘ၀ကို စတင်ခဲ့ရသည့်
အမှတ်တရ အနေအားဖြင့် Diploma ( P.S.E), Buddhist Academy ကနေစတင်ဖော်ပြခြင်းဖြစ်ပါသည်။


No comments:

Post a Comment