Pages

Thursday, August 9, 2012

ငြိမ်းချမ်းစွာ အိပ်စက်ရသူ


ပြာသို တပို့တွဲ၊ စိုရွှဲငွေနှင်း၊ သုတ်လေညှင်းနှင့်၊ ယင်းနှစ်လကြား၊
တစ်ပါးထိုမြို့၊ တပို့ တပေါင်း၊ ရှေးနှောင်းအညီ၊ လေးရက်စီမှတ်၊
အတ္တရဋ္ဌ်ဟု၊ပညတ်နာမ၊ ကြားရှစ်ည၌၊ တောက်ပလင်းဟုန်၊
တက်အရုဏ်ဝယ်၊ ခိုက်တုန်လွန်ကဲ၊ အေးစမြဲတည်း။

ပိဋကတ်မှတ်တမ်းတင်ချက်အရ တပို့တွဲ လဆုတ် လေးရက်နှင့် တပေါင်း လဆန်း လေးရက်သည် တစ်နှစ် တာကာလ၏ အအေးဆုံး အန္တရဋ္ဌက ရာသီအဖြစ်ခေါ်ဆိုကြသည်။ 


အိန္ဒိယနိုင်ငံသည် အပူ အအေးလွန်ကဲသော နိုင်ငံဖြစ်သည်။ နိုင်ငံ၏ တစ်နေရာတွင် အပူလွန်ကဲနေသော် တစ်နေရာတွင် အပူလွန်နေတတ်သည်။ မြောက်ပိုင်းသည် ဟိမ၀န္တာနှင့်နီးသောကြောင့် အအေးပို သည်။ တောင်ပိုင်းဒေသသည် ပင်လယ်နှင့်နီးစပ်သောကြောင့် စွတ်စိုသည်ဆိုနိုင်သည်။

အလယ်ပိုင်းဒေသသည် အပူလွန်ကဲသည်။ ထိုအပူလွန်ကဲသော နေရာများသည်ပင် ဆောင်းရာသီများတွင် ခိုက်ခိုက်တုန်အောင်အေး နေတတ်ပြန်သည်။ မိုးနည်းရပ်ဝန်းဖြစ်သောကြောင့် ရာသီဥတုကို အပူအအေး မျှတစေနိုင်သော သစ်ပင်ပေါက် ရောက်မှုနည်းခြင်းသည် အဓိကဖြစ်သည်ဟု ဆိုနိုင်သည်။ အလယ်ပိုင်း ဂင်္ဂါမြစ် တစ်ဝှမ်းသည် နွေရာသီများတွင် အလျှံတစ်ရှိန်ရှိန်ဖြင့် အပူလွန်နေတတ်သည်။

ဘုရားရှင်သည် အိန္ဒိယနိုင်ငံကြီးရှိ  အာဠ၀ီပြည်တွင် တစ်ဆယ့်ခြောက်ဝါမြောက်ဝါဆိုဝါကပ်တော်မူသည်။ တစ်ခုသော ဆောင်းမနက်ခင်း တစ်ခုတွင် ဘုရားရှင်သည် အာဠ၀ီပြည်၏ အပြင်ဘက် ယင်းတိုက်တောနှင့် မြို့အကြားရှိ လှည်းလမ်း ကြောင်းတွင် တစ်ပါးတည်း သီတင်းသုံးစံနေတော်မူသည်။

အခါသမယသည် တစ်နှစ်တာ၏ အအေးဆုံး ကာလဖြစ်သည်။ တပို့တွဲလ၏ နောက်ဆုံးလေးရက်နှင့်၊ တပေါင်းလ၏ အစလေးရက်တာကာလ သည် ဗုဒ္ဓစာပေတွင် အန္တရဋ္ဌကရာသီ အဖြစ်မှတ်တမ်းတင်သည်။

ဆောင်းလေနှင့် နှင်းရိုက်ဒဏ်ကြောင့် ရွက်ခြောက်တို့ တဖြောဖြောရှိ သည်။ လေ၀ဲတိုက်ခတ် လိုက်သော ဆောင်းလေသည် လောကကြီးတစ်ခုလုံး သေးငယ်ကျုံ့ဝင်သွားသယောင်ထင်ရသည်။

ထိုစဉ်အာဠ၀ီပြည်က သူဌေးတစ်ယောက် ဆောင်းမနက်ခင်းတွင် လမ်းလျှောက်ထွက်လာသည်။ သူ့အမည် ဟတ္ထကသတို့သားဟု ခေါ်ကြသည်။ အအေးဒဏ် ကာကွယ်ရန် အနွေးထည်လုံလုံခြုံခြုံ၊ အအေးဒဏ်ကာ ကွယ် အခြားဆောင်စရာများ ပြည့်ပြည့်စုံစုံဖြင့် ထွက်လာခဲ့သည်။

မြို့အပြင်တစ်နေရာ အရောက်တွင် ဟတ္ထကသတို့အား အံ့သြမင်သက်ဖြစ်စေသည်။


အာဠ၀ီပြည်တွင် ဘုရားရှင်ရောက်နေကြောင်း ကြားသိရပြီးဖြစ်သည်။ ဘုရားရှင်သည် ကျောင်းတော်၌သာ ရှိနေမည် အထင်ရှိသည်။ ယခုလို သူသေကောင်တို့စွန့်ပစ်ရာ ယင်းတိုက်တောနှင့်၊ လှည်းကြောင်းတို့ အကြား မြေတွင် သီတင်းသုံးနေလိမ့်မည်ဟု မတွေးတောခဲ့ဖူးပါ။

ဘုရားရှင် အထံတော်နားသို့ အသာအယာ ချဉ်းကပ်သွားသည်။ အေးချမ်းတည်ငြိမ်နေသော ဘုရားရှင် အသွင် အပြင်သည် ဟတ္ထကသတို့အား အပူသက်သာစေသလိုရှိစေသည်။

ဘုန်းတော်ကြီးတော်မူသော ဘုရားရှင်၊ ချမ်းချမ်းသာသာ အိပ်စက်ရပါ၏လားဘုရား။ ဟတ္ထကသတို့ သား မေးလျှောက်သည်။

ငါဘုရား ချမ်းချမ်းသာသာအိပ်စက်ရ၏၊ ငါသည် ချမ်းသာစွာအိပ်စက်ကြသော သူတို့တွင် တစ်ယောက်အပါ အ၀င်ဖြစ်၏၊ ဟတ္ထက မင်းသား။

ဟတ္ထက သတို့သားသည် ဘုရားရှင်နှင့် အနီးပတ်ဝန်းကျင်ကို တစ်ချက်စောင်းငဲ့ကြည့်လိုက် သည်။
ဆောင်း လေသည် တရွှီးရွှီး တိုက်ခတ်နေသည်။ နှင်းမှုံတို့သည် အဆုပ်လိုက်အဆုပ်လိုက် ကျနေ သည်။ မြေပြင်တွင် နှင်းတို့ အရေပျော်ကာ ရေစီးနေသလိုရှိသည်။
မြို့အပြင် နွားများသွား လာဝင် ထွက်ဖြစ်သော ကြောင့် မြေပြင်သည် အနိမ့် အမြင့် ညီညာမှု မရှိပဲ ကြမ်းတမ်းနေသည်။
 ပြီးတော့ ဘုရားရှင်သည် မိမိကဲ့သို့ အနွေးထည်များ မပါရှိပဲ သုံးထည်သော သင်္ကန်းဖြင့် သီတင်းသုံးနေ သည်။ သင်္ကန်းသည် ပါးလွှားလှသည်။ ဆောင်းနှင်းတို့ဒဏ်ချက်ကြောင့် အဖွေးဖွေးသော နှင်းမှုံတို့ ကပ်ငြိနေသည်။ ဘုရာရှင်ကိုဖူးမြော်လိုက်ရုံဖြင့်ပင် ဟတ္ထက ရင်ထဲစိမ့်အေးသွားသည်။

အရှင်ဘုရားဆောင်းရာသီဖြစ်ပါ၏၊ အလွန်းအေးသော ရှစ်ရက်တာကာလလည်းဖြစ်ပါ၏၊ မြေပြင်သည် ကြမ်းတမ်းပြီး၊ နွားခြေရာခွက်တို့ဖြင့်ပြည့်နေပါ၏၊ သစ်ရွက်တို့ပါးပြီး၊ အရှင်ဘုရားရဲ့ သင်္ကန်းသည် လည်းနှင်း များဖြင့် အေးစက်နေပါ၏၊ အရပ်လေးမျက်နှာ ဆောင်းလေတို့တိုက်ခတ်နေပါ၏၊

သို့ပါလျှက် ချမ်းချမ်းသာသာ အိပ်စက်ရ၏၊ ချမ်းသာစွာ အိပ်စက်ရသူတို့တွင် ငါလည်း တစ်ယောက်ဖြစ်၏ မိန့် တော်မူ၏၊

အဘယ်သို့ပါလဲဘုရား၊ ဟတ္ထက အံ့သြနေပုံရသည်။

မင်းသားကို ငါဘုရားမေးမယ်။ သင့်စိတ်ထဲထင်မိသလိုသာဖြေပါ၊

လေလုံ မိုးလုံ၊ အတွင်းအပြင် ဆေးခြယ်ထားသော တိုက်အိမ်ကြီးတွင် ကော်ဇော်များခင်ထား၏၊ ရာသီအလိုက် ပြုပြင်တတ်သော အခြေအနေရှိပါ၏။ ထိုအိမ်ကြီးတွင် သူဌေးစံနေသည်။ သူဌေး၏ မယားလေးယောက်တို့ လည်း သူဌေး အလိုကျ၊ လိုလေသေးမရှိ ခယလုပ်ကြွေးနေသည်ဆိုပါစို့ မင်းသား။
အဲဒီသူဌေးချမ်းချမ်းသာသာ အိပ်စက်နိုင်ပါမည်လား မင်းသား၊

အရှင်ဘုရားထိုသူဌေးသည် ချမ်းချမ်းသာသာ အိပ်စက်ရသူတို့တွင် တစ်ယောက် အပါအ၀င်ဖြစ်ပါသည် ဘုရား၊

ဟတ္ထကမင်းသား မဆိုင်းမတွလျှောက်ထားလိုက်သည်။

မင်းသား၊ အဲဒီသူဌေးမှာ လောဘကြောင့်ဖြစ်သော အပူ၊ ဒေါသကြောင့်ဖြစ်သော အပူ၊ မောဟကြောင့်
ဖြစ်သော အပူတို့ ရှိနေမည်ဖြစ်သည်။ ထိုအပူများဖြင့်နေသာ သူအား ချမ်းသာစွာအိပ်စက်နိုင်ပါမည်လား၊
မင်းသားခဏမျှစဉ်းစားသည်။

သူဌေးမှာ လောဘအပူ၊ ဒေါသ အပူ၊ မောဟအပူတို့ရှိနေမှာပါဘုရား။
မှန်ပါ၊ အရှင်ဘုရား၊ ထိုသူဌေးသည် လောဘ၊ ဒေါသ၊ မောဟများဖြင့် ဆင်းရဲစွာအိပ်စက်ရမှာပါဘုရား၊
ဟတ္ထကမင်းသား၊ ချင့်ချိန်ပြီးအဖြေပေးသည်။ စဉ်းစားနေဟန်လည်းရှိသည်။

မင်းသား၊ ငါဘုရားသည် ထိုပူလောင်စေတတ်တဲ့ လောဘ၊ ဒေါသ၊ မောဟ တရားတို့ကို အကြွင်းမဲ့ ပယ်သတ်ပြီးဖြစ်ကြောင့် ချမ်းချမ်းသာသာ အိပ်စက်ရသည်။ ချမ်းသာစွာအိပ်စက်ရသူတို့တွင် တစ်ယောက် အပါ အ၀င်ဖြစ်၏ ဆိုခြင်းဖြစ်သည်။

ဟတ္ထကမင်းသားသည် အပူကင်းစင်းလျက် ငြိမ်းအေးတော်မူသော ဘုရားရှင်မျက်နှာတော်ကို ဖူးမြော်လိုက် သည်။ ဆောင်း၏ လေအေးသည် ခဏမျှ ရပ်တံ့နေသလိုထင်ရသည်။ လောကကြီးတစ်ခုလုံးသည် အနွေး ဓာတ် ဆောင်ကျဉ်းလာသလိုလိုရှိသည်။

ဟတ္ထကမင်းသားရင်ထဲတွင် ဆောင်းလေအေးအေး နှင်းဖွေးဖွေးနှင့် ကြမ်းတမ်းနေသော ပတ်ဝန်းကျင်၏ ခက်ထန်မှုတို့ ခဏမျှငြိမ်သက်နေပြီး “ဘုရားရှင်သည်သာ ငြိမ်းချမ်းစွာ အိပ်စက်ရသူ တစ်ဦးဖြစ်ပါသည် ဘုရား” ဟု တိုးတိုးဖွဖွရွတ်ဆိုနေမိသည်။ 


No comments:

Post a Comment