Pages

Thursday, August 23, 2012

သက်သတ်လွတ်



အိန္ဒိယနိုင်ငံတွင် ပေါ်ပေါက်သမျှသော ကိုးကွယ်ရာ ဘာသာတရားတိုင်းသည် မသတ်ဖြတ်၊ အညှဉ်းဆဲရေး ဟူသော အဟိံသာဝါဒကို လက်ကိုင်ထားကြသည်။ သူတစ်ပါး အသက်ကို မသတ်ဖြတ်ရဟူသော စည်းကမ်း ချက်ပါကြသည်ချည်း ဖြစ်သည်။ ဟိန္ဒူဘာသာ၊ ဂျိန်းဘာသာ၊ ဗုဒ္ဓဘာသာ၊ ဆစ်ခ်ဘာသာ တို့အပြင် ထိုလေးပါးမှ ဆင့်ပွား လမ်းစဉ်များသည်လည်း အဟိံသာဝါဒကိုင် လက်ကိုင်ထားကြသည်။

ရှေးအကျဆုံး ဟိန္ဒူဘာသာသည် အသက်သတ် ယဇ်ပူဇော်သော အကျင့်များကျင့်သုံးခဲ့သော်လည်း ဂျိန်း ဘာသာ၊ ဗုဒ္ဓဘာသာတို့၏ အယူအဆများ ရောထွေးလာသောအခါ သတ်သတ်လွတ်စားကျင့် သုံးသူများရှိ လာကြသည်။ ဗုဒ္ဓ၀ါဒ၏ အသက်မသတ်ရဟူသော လမ်းစဉ်သည် ကမ္ဘာကျော်သည်။

အိန္ဒိယနိုင်ငံကြီးမှ ကမ္ဘာသို့တင်ပို့သော အိန္ဒိယထွက် အရာများတွင် ဗုဒ္ဓဘာသာသည် အမြင့် အမြတ်ဆုံး ဟု ဆိုကြသည်။ ဗုဒ္ဓနှင့် ခေတ်ပြိုင် ဂျိန်းဝါဒသည် ဗုဒ္ဓဘာသာလောက် ကမ္ဘာမပေါက်သော် လည်း ပြည်တွင်း တွင် ဗုဒ္ဓ ဘာသာထက် ကျယ်ပြန့်သည်။

ယနေ့အိန္ဒိယသားများ ကျင့်သုံးနေသော အဟိံသာဝါဒသည် ဂျိန်းဘာသာကို အခြေခံထားခြင်းဖြစ်သည်။
အိန္ဒိယ လွတ်လပ်ရေးခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီသည် ဂျိန်းလမ်းစဉ်ကို လိုက်နာသူ အဖြစ်ထင်ရှား သည်။ ခြိုးခြံစွာနေထိုင်သည်။ သက်သတ်လွတ်စားသည်။ ဗြဟ္မဏစရိယ အကျင့်ကို ကျင့်သုံးသည်။ ဂန္ဓီ သည် ငြိမ်းချမ်းရေး ဗိသုကာကြီး အဖြစ်ကမ္ဘာကျော်သည်။

ကိုးကွယ်ကျင့်သုံးရာ ဘာသာတရားများစွာ ပေါ်ပေါက်ရာ အိန္ဒိယလမ်းများပေါ်လျှောက်လှမ်းမိစဉ် မေးခွန်း တစ်ချို့ရခဲ့သည်။

ဘယ်ကလာတာလဲတဲ့၊
မြန်မာနိုင်ငံကလာပါတယ်လို့ဖြေလိုက်ပါသည်။

ဘယ်ဘာသာတရားကိုးကွယ်တာလဲ မေးကြပါသည်။
ဗုဒ္ဓဘာသာကို ကိုးကွယ်ပါတယ်လို့ ဖြေလိုက်ပါသည်။

သူတို့က သေချာကြည့်ပြီး အော်..ဒါဆို သက်သတ်လွတ်သမားတွေပေါ့နော်တဲ့။
ဗုဒ္ဓဘာသာတော့ ဟုတ်ပါတယ်၊ ဒါပေမယ့် မင်းတို့ပြောသလို တို့က သက်သတ်လွတ်တော့ မဟုတ်ပါဘူး လို့ ဖြေရှင်းပြရပါသည်။ ထိုသို့သော်ဖြေရှင်းချက်ကိုကြားရသော သူတို့သည် သေချာပြန်ကြည့်ပြီး…

ဟင် မင်းတို့က ဗုဒ္ဓဘာသာလို့လဲ ပြောကြတယ်။ သက်သတ်လွတ်စားသူတွေ မဟုတ်ဘူးဆိုတော့ ဘယ်လို လဲ လို့ ဆက်မေးကြပါသည်။ ဗုဒ္ဓလမ်းစဉ်ကို သက်သတ်လွတ်လို့ထင်ကြသည်။

ဤမေးခွန်းသည် အိန္ဒိယနိုင်ငံလိုနေရာမျိုးမှာမှ မဟုတ် ဗုဒ္ဓဘာသာကို ခိုင်မြဲစွာကျင့်သုံးသော မြန်မာနိုင်ငံ တွင် လည်း ရှိကြသည်။ မေးကြသည်။ ဖြေခဲ့ကြသည်။ သက်သတ်လွတ်ကို ဘာသာစံနှုံးများနှင့် တိုင်းတာကြ သည်။ ဘုရားဟောအလား ယုံကြည်ကြသည်။ 

လူ့အခွင့်အရေး ထင်ရှားသလို၊ အနောက်တိုင်းနိုင်ငံများတွင် တိရစ္ဆာန်အခွင့် အရေးဆိုကာ တိရိစ္ဆာန်မှ ထုတ်လုပ်ရရှိနိုင်သော ပစ္စည်း၊ အသုံးအဆောင်များကို လူများ မသုံးရေး ဆန္ဒပြကြွေးကြော်ကြသည်။

ကမ္ဘာ့လူသားများ အရေးတကြီးဆောင်ရွက်နေသော ဤအရေးကြီးကို ဗုဒ္ဓဘာသာက အထောက်အကူ မပြုရကောင်းလား လုပ်ချင်ကြသည်။ ဗုဒ္ဓဘာသာနှင့် မဆိုင်ပါ။ အလွန်သမားများ၏ လုပ်ဆောင်ချက် သာ ဖြစ်သည်။ အလွန်သမားများ၏ ကြွေးကြော်ချက်သာဖြစ်သည်။ 

ဗုဒ္ဓ၀ါဒသည် သက်သတ်လွတ်စား သုံးခြင်းကို ဥပဒေတစ်ခု အဖြစ် မသတ်မှတ်သော်လည်း အငြိမ်း အချမ်းဆုံးဘာသာတရားတစ်ခုဖြစ်ကြောင်း လေ့လာ လိုက်စားသူများသိကြသည်။

မြန်မာနိုင်ငံတွင် ရဟန်းတော်များပါ သက်သတ်လွတ်ကို တရားတော်ကြီး တစ်ပုဒ်လို ပြဓာန်းကျင့်သုံးကြ သည် ကြားဖူးပါသည်။

သက်သတ်လွတ်သည် ဘုရားဟော မဟုတ်သည်ကတော့ သေချာပါသည်။ သက်သတ်လွတ် စားပြီး နေ ထိုင် ကျင့်သုံးဖို့တောင်းဆိုချက်ကို ပယ်မြစ်ခဲ့သည်မှာလည်း သေချာပါသည်။ စာရှိသည်။

ရာဇဂြိဟ်တွင် ဘုရားရှင်သီတင်းသုံးနေစဉ်ကဖြစ်သည်။ ဘုရားရှင်နှင့် စင်ပြိုင်ထောင်ပြီး ဘုရားလုပ်လိုသော ရှင်ဒေ၀ဒတ်သည် ဘုရားရှင်ထံတော်သို့ရောက်ပြီး ဘုရားရှင် ပညတ်တော်မမူနိုင်သည်ကို သိလျှက်နှင့် ရဟန်း တော်များ အလည်တွင် ရည်ရွယ်ချက်ရှိရှိ အချက်ငါးချက်တောင်းဆိုသည်။ 


၁၊သာသနာတော်ရှိရဟန်းတော်များ ရဟန်းဘ၀နှင့်နေသမျှ ကာလပတ်လုံး တောတွင်နေထိုင်သီတင်း
သုံးရမည်။
အကယ်၍ ရွာသို့ဝင်ခဲ့သော် အပြစ်ဖြစ်ရမည်။ အပြစ်အဖြစ်ပညတ်ပေးရမည်။

၂၊ ရဟန်းတော်ဘ၀တစ်သက်တာလုံး ဆွမ်းခံစားရမည်ဟူသော ပိဏ္ဍပါတိက ဓုတင်ဆောင်ရမည်။
ပင့်ဖိတ်ဆွမ်းအလှူခံဘုဉ်းပေးပါက အပြစ်အဖြစ်ပညတ်ပေးရမည်။

၃၊ ရဟန်းတော်ဘ၀တာ တစ်လျှောက်လုံး အ၀တ်အထည်ရှာပြီး ကိုယ်တိုင်ဖြတ်၊ စပ်၊ ဆေးဆိုးပြီးမှ ၀တ်ရသည့် ပံသုကူဓုတင်ဆောင်ရမည်။ အလှူခံ၍ ဆောင်ခဲ့သော် အပြစ်ဖြစ်ရမည်။

၎၊ ရဟန်းတော်ဘ၀တစ်လျှောက်လုံး သစ်ပင်ရင်းမှာ သီတင်းသုံးရမည်ဟူသော ရုက္ခမူလဓုတင်ဆောင် ရမည်။ မဆောင်ခဲ့သော် အပြစ်ဖြစ်ရမည်။

၅၊ ရဟန်းတော်သည် အသက်ထက်ဆုံး အသား၊ ငါးရှောင်ရမည်။ မရှောင်ခဲ့သော် အပြစ်ဖြစ်ရမည်။
(ယာဝဇီဝံ မစ္ဆမံသံ န ခါနေယျုံ၊ ယော မစ္ဆမံသံ ခါဒေယျ၊ ၀ဇ္ဇံ နံ ဖုသေယျ။)

နောက်ဆုံးအချက်ငါးချက်မြောက်သည် အသား၊ ငါးမစားရဟူသော ပညတ်ချက်ကိုတောင်းဆိုခြင်းဖြစ်သည်။
ဘုရားရှင်သည် အထက်ပါ အချက်ငါးချက်လုံးကို တောင်းဆိုသည့် အတိုင်း ပညတော်မမူခဲ့ပါ။

ဤသို့ဆိုလျှင် ဘုရားရှင်က အသား၊ ငါးစားချင်တိုင်စားဟူသော သဘောမျိုး ရှိသလားမေးစရာရှိ လာပြန် သည်။

ဘုရားရှင်၏ အသားစားခြင်းနှင့်ပတ်သတ်ပြီး...
အသားသည် မိမိတို့အတွက်သတ်တာမြင်လျှင် မစားရ။ (ဒိဋ္ဌ)
မိမိတို့အတွက်သတ်တာဟုကြားလျှင်လည်း မစားရ။ (သုတ)
မိမိတို့အတွက် သတ်တာများလားဟု သံသယရှိလျှင်လည်း မစားရဟုသာ ပညတ်သည်။ ( ပဋိသင်္ကိတ)

မိမိတို့ အလိုဆန္ဒအရ မကြိုက်၊ မတဲ့၊ ဆန္ဒ မရှိ၍ အသား မစားခြင်းများည် ခြင်းသည် မိမိတို့ အယူအဆ သာဖြစ်သည်။ ဘုရားဟောမှတ်ထင်ကာ လိုက်နာကျင့်သုံးလျှင် မဟုတ်ပါ။

ရင့်ရင့်သီးသီး ဒေ၀ဒတ်နောက် လိုက်များဟုလည်း မပြောလိုပါ။ မိမိတို့၏ သမ္မာဆန္ဒအရ ကျင့်သုံးနိုင်သည်။ သက်သတ် လွတ်စားခြင်းကို ဘုရားဟော မဟုတ်ဟုသာ သိစေခြင်းလိုဖြစ်သည်။
သက်သတ်လွတ်စားခြင်းကို ဟိန္ဒူလမ်းစဉ်လိုလို၊ နတ်ဟောလမ်းစဉ်လိုလို၊ တစ်ချို့ပြောကြသေးသည်။


ခေတ်သစ် ဗုဒ္ဓဘာသာလိုလို၊ ငြိမ်းချမ်းရေးသမားလိုလို ဖြစ်နေကြ၍ ဖြစ်ပါသည်။ ဆိုနေကြ၍ဖြစ်ပါသည်။ အသား၊ ငါး စားခြင်း ကိစ္စသည် ဘုရားရှင် အလိုအတိုင်းသာ အကောင်းဆုံးဖြစ်သည်။

မဇ္ဈိမလမ်းစဉ်တွင် လျှောက်လှမ်းနိုင်ကြပါစေ။ 


No comments:

Post a Comment