မဇ္ဈိမဆောင်းပုံရိပ်
မိုးလေအေးအေးနှင့် တောင်ပြန်လေတွင်
အအေးဓာတ်တို့ သိပ်သိပ်သည်းသည်း ခံစားမိသော အခါ သတိ တရရှိလှပါသည် ဆောင်း။
တောင်ပြန်လေလို့ မြန်မာ အတွေးဖြင့်
ဆိုရပေမယ့် တမီးနာဒူးပြည်နယ်တွင် မိုးသက်လေသည် အရှေ့ ဘက်က လာပါသည်။ တိမ်လိပ်တို့သည်
တစ်မိုးလုံးမည်းလို့၊ ညို့ညို့မှိုင်းမှိုင်းဖြင့် ရှစ်တိုင်းဝိုင်းနေတော့ သည်။ အားငယ်တတ်ပါလျှင်
ငိုချင်စရာပါ။
မြန်မာဆိုရိုးတစ်ခု ရှိပါသည်။ မိုးအေးလျှင်
တစ်ရွာသို့ အရောင်းချခြင်းခံရသော နွားသည်ပင် ချည် တိုင်ဟောင်း ကို သတိရပါသည်တဲ့။
ဒီလိုဆိုလိုက်တော့ သတိရပြီ ဆောင်း။
မွေးရပ်မြေကဆောင်း၊ နှင်းမှုံဖွေးဖွေးတွင် ယိမ်းထိုးနေတတ်သော ၀ိုးဝါးပုံရိပ်တို့သည်
စိတ်ကို ရိုက်ခတ်နေဆဲပါ။ အရှေ့ဘက်တောင်တွေဆီက ဆောင်း၊ မြေပြန်က အမော တကော ရောက်လာသူကို
ရင်းရင်းနှီးနှီး ထွေးပွေ့လိုက်တဲ့ဆောင်း။
ကွင်းပြင်ကြီး တစ်ခုလုံး လူများ အပြည့်ရှိနသော်ငြား
အားလုံးကို အေးချမ်းခြင်းများဖြင့် ထွေးထား တဲ့ တောင်ကြီး မြို့က ဆောင်း။
ချင်းတွင်းမြစ်ကမ်းဘေးက ဆောင်းမနက်ခင်း၏ ကြည်နူးဖွယ်
မြေပြင်မှာ လှေစီးနေရသလိုရှိပြီး လမ်းအကွေ့
အ၀ိုက်များဖြင့် ရင်ခုန်လှိုက်မော စွာ တောင်တန်းနှင့် တော စခန်း တို့ကို ဦးဝှေ့၊ ခေါင်းတိုက်
အသွယ်သွယ် ခရီးနှင်ပြီးမှ ရိုးသားစွာတွေ့လိုက်ရတဲ့ ရှမ်းပြည် မြောက် ပိုင်းက ဆောင်း။
အနောက်ဘက်တောင်တန်းတွေက ဆောင်းကိုတော့
သောင်ပြင်မှာလည်းတွေ့ဖူးသည်။ ချင်းတွင်းမြစ်ပြင် တွင် ဆော့မြူးနေတတ်ပြန်သည်။ ရင်ကို
တိုးဝှေ့ပြီး နွမ်းလျအောင်လည်းပြုတတ်သည်။
ချင်းတွင်းမြစ်ကမ်းက ဆောင်းညများသည်
ရင်ကိုပို၍ တိုးဝှေ့သည်။
နှင်းခမောက် ဆောင်းထားသော တောင်တန်းကြီးများသည် အပေါ်ဆီက ငုံ့ကြည့်နေသလိုရှိတတ် သည်။
ဆောင်းညတစ်ည ချင်းတွင်းမြစ် အတွင်း ဆီမီးမျှောကြတော့ ဆောင်းသည် မြစ်ပြင်တွင် ဆီမီးများနှင့် အတူ
ကခုန်နေသယောင် ထင်မိသည်။ သတိနေပါသည်ဆောင်း။
ဒီဇင်ဘာဆောင်ညများတွင်ချင်းတွင်းမြစ်ကမ်းတောင်တန်းများဆီက
ဆောင်းတို့နှင့်တွေ့ခဲ့ရသည်။
ဆောင်းနှင်း တို့ ဝေလုလုတွင် ချင်းတွင်းဆောင်းနှင်းတို့ကို
စွန့်ခွာခဲ့ရသည်။ သတိရနေဆဲပါ ဆောင်း။
အမိမြေက ဆောင်းသည် ဖော်ရွေသည်။ ကလူကျီစား
ကင်းသည်။ ခင်မင်မပျက် အေးချမ်းသည်။
တဘက်သားကို ကလူကျီစားသန်သည့်ဆောင်းကာ
တပြည်သူ ဆောင်းဖြစ်သည်။
တိတိကျကျပြောရလျှင် အိန္ဒိယဆောင်းဖြစ်သည်။
သိခဲ့ဖူးသော ဆောင်းနှင့် အရှေ့နှင့် အနောက်လား ထင်ရသည်။ ခြောက်သွေ့ပြီး ကြမ်းကြမ်း
တမ်းတမ်းအေးသည်။
ဘယ်ညာ ဝေ့လိုက်တိုက် တတ်သော ဆောင်းလေတို့သည် အညှာအတာ ကင်းသည်။
ဝေဒနာတွေပေးသည်။
အအိပ်ပျက်ညများ ကိုဖန်တီးသည်။
တစ်ခုတော့ ကျေးဇူးတင်မိပါသည်ဆောင်း။
ဆောင်း နှိပ်စက်လို့ အအိပ်ပျက်ညများတွင်
ကောင်းကင်ယံက ကြယ်စုံများကို ကြည့်ခွင့်ရသည်။ ဂယာတောင် တန်းကြီးကို နောက်ခံထားပြီး
မိုးသို့ ထိုးတက်နေသော မဟာဗောဓိစေတီတော်မြတ်ကို ဖူးမြော်ခွင့်ရသည်။
ဆရာကြီးဦးဂိုအင်ဂါ၏ ဓမ္မဗောဓိရိပ်သာ
ညစဉ်ညတိုင်း သန်းခေါင်ယံကျော်ကျော်တွင်
ဆောင်းအအေးဓာတ်ကြောင့်ရင်တို့ကျပ်လာသည်။ အသက် ရှုမ၀ ချင်တော့၊ ခေါင်းအုံးကို အသာထောင်ပြီး
ထိုင်နေလိုက်လျှင် သက်သာသလိုရှိတတ်သည်။ သို့သော် မနေသာပါ။ ဤသို့ဖြင့် မြန်မာကျောင်းသားများ
သီတင်းသုံးနေထိုင်သော မဂဓတက္ကသိုလ်ကြီး၏ အဆောင် ပြတင်းဝသို့ ထွက်လာရသည်။ ပြတင်းဝမှ ခေါင်းပြူထွက်ရုံသာ
အပြင်သို့ ကြည့်ရဲသည်။
နှင်းတို့သည် မျက်နှာသို့ တိုးဝှေ့သည်။
ရင်ကို ခတ်သည်။ ဘယ် အငြှိုးဖြင့် ဒီလောက်အေးနေပါ လိမ့်ဆောင်း။ ဆောင်းအေးဒဏ်သည် တဟီးဟီးမြည်နေတတ် သည်။
နှင်းစက်ကျသံတို့သည် တတောက် တတောက်၊ တစ်ဖောက်ဖောက်ဖြင့် အတိုင် အဖောက်ညီနေ သည်။ ပြတင်းပေါက်ကို
မျက်နှာ မူပြီး ကုလားထိုင်ချထိုင်ရသည်။
တစ်ဆောင်လုံး တိတ်ဆိတ်နေသဖြင့် အရသာ တစ်ခုတော့ရှိသည်။
နှင်းစက်ကျသံတိုးတိုးတို့သာ လွှမ်းမိုးနေ တတ်သည်ကို ခံစားရသည်။ ဒီလိုဆောင်းညတွေကို ဘုရားရှင် ကိုယ်တော်တိုင်
လေးဆယ့်ငါးနှစ် တာကာလတွင် အကြိမ်ပေါင်းများစွာ ဖြတ်သန်းတော်မူခဲ့ပဲ သည်လို့တွေးမိတော့
ညဥ့်ယံတွင် ကောင်းကင် သို့ ထိုးထွက်နေသော မဟာဗောဓိ စေတီတော်မြတ်ကြီးဆီသို့ လက်အုပ်ချီမိသည်။
ကောင်းကင်ပြာပြာတွင် ကြယ်များ အရောင်
တောက်နေ သည်ကို ကြည်နူးဖွယ်တွေ့ရသည်။
ဤသို့ထိုင်နေစဉ် မဂဓတက္ကသိုလ်ကြီး၏ ကျက်သရေဆောင်တစ်ခုလိုဖြစ်သော
ဆရာကြီးဦးဂိုအင်ဂါ၏ ဓမ္မဗောဓိ ရိပ်သာမှ ယောဂီသူတော်စင်တို့အား တရားရှုမှတ်ရန် ခေါင်းလောင်းထိုးသော
အခါ မနက်လေး နာရီ ရှိနေပြီ။
ဆရာကြီး၏ ရိပ်သာမှ မြန်မာဟန် တည်ထားသော
စေတီတော်လေးတွင် မီးရောင်တို့တလက် လက် တောက် နေပြီ၊ ယောဂီ သူတော်စင်တို့ လှုပ်ရှားနေသည်ကို
ဝိုးတ၀ါးမြင်ရသည်။ ဆောင်း အအေး ဓာတ်တို့သာ မပြောင်း လဲပဲ အေးနေမြဲဖြစ်သည်။
ဂယာကျောင်းသား အမှတ်တရ သူငယ်ချင်းများနှင့်
အမေက ဆေးပြင်းလွန်းလို့ မသောက်ရန်မှာထားသော
မြန်မာဆေးဖြစ်သည့် “ကျေးဇူးရှင်” မည်သော ရင်ကျပ်ပျောက်ဆေးကို ရေနွေးဖြင့် သောက်လိုက်သောအခါ
နည်းနည်း သက်သာလာသည်။ အမေ့ကို သတိရသည်။ တောင်ကြီးမြို့ကဆောင်း၊ သီပေါဆောင်း၊ ကျောက်မဲဆောင်း၊
လာရှိုးမြို့က ဆောင်း။ ချင်းတွင်းမြစ်ကမ်းက ဆောင်း၊ အညာမြေက ဆောင်း၊ သူတို့အားလုံးခင်မင်
မပျက် အေးကြသည်။
တဘက်လူကို ကလူ ကျီစားတတ်သည့် ဆောင်းကား
ဂယာဆောင်းဖြစ်သည်။ သို့သော် အိန္ဒိယဆောင်း ကို ကျေးဇူးတင်မိပြန်သည်။ သန်ခေါင်းယံတွင်
မဟာဗောဓိစေတီတော်မြတ်ကြီးကို ဖူးမြော်ခွင့်ရသည်။ ဆရာကြီး ဦးဂိုအင်ဂါ၏ ဓမ္မဗောဓိရိပ်သာမှ
မြန်မာဟန်စေတီတော်မြတ်လေး၏ ဆည်လည်း သံချိုချိုကို ကြည်နူးစွာ နားဆင်ခွင့်ရသည်။
ကြယ်စုံတောက်သော ကောင်းကင်ပြင်တွင်
ကြယ်ပေါင်း ကုဋေ ကုဋာသည် ပြန့်ကြဲပြီး တွဲရရွဲဖြင့် လှနေ တတ်သည်။
မြန်မာဆောင်းသည် အကြင်နာများနှင့် ခင်မင်ခြင်းများစွာနှင့် ဆောင်း၊
တပြည်သူ အိန္ဒိယ၊ ဂယာဆောင်းကို နာမည်ပေးလိုက်ချင်သည်
ဝေဒနာများနှင့် ဆောင်း။
နှင်းတို့ ကျနေဆဲရှိသည်။ ဆောင်းလေတို့ တိုက်ခတ်နေသည်။ ပြတင်းတွင် နှင်းသီးတို့ ဝေနေပြီ။
တောင်ကြီးဆောင်း
ReplyDeleteသီပေါဆောင်း
ကျောက်မဲဆောင်း
လားရှိုးဆောင်း
ချင်းတွင်းမြစ်ကမ်းကဆောင်း
အညာမြေကဆောင်း
အကြင်နာများနှင့်ဆောင်း..............
ခင်မင်ခြင်းများစွာနှင့်ဆောင်း....................
တပြည်သူ ဆောင်း
ဝေဒနာများနှင့်ဆောင်းတဲ့လားကွယ်......................
အမိုး(တဘက်လူကို ကလူကျီစားတတ်သည့် ဆောင်း.....)