Pages

Saturday, August 25, 2012

ယုံပါ ရင်သို့ တိုးဝှေ့ဆဲ

  
မန်းတောင်ရိပ်ခို
မန်း အရိပ်၊ မန်း အတိတ်တို့သည် ရာသီတွေပြောင်း၊ နှစ်တွေဟောင်းလည်း အကောင်းပကတိ တည်ရှိနေ ဆဲ ပင်ဖြစ်သည်။ ရတနာပုံခေတ်နှောင်းရဲ့ မင်းညီမင်းသားတို့ပုံရိပ်၊ အာဏာလုပွဲတွင် သူတစ်လူ၊ ငါတစ်မင်းနှင့် ကြွေလွင့်ခဲ့ရသော အိမ်ရှေ့စံ ကနောင်တို့ပုံရိပ်၊ 
မင်းတုန်းမင်းကောင်းမှုတော် အတုလဝေ ယံ ကျောင်းတော် ကြီးနှင့် ရွှေပိန်းချသစ်သား ရွှေကျောင်းတော်၊ ပိဋကတ်တော်များ တည်ထား ကိုးကွယ် ထားရာ ကုသိုလ်တော် စေတီတော်မြတ်နှင့် ပင်ခရေရိပ်၊ 
 ရသေ့ကြီးဦးခန္တီ၏ စန္ဒာမုနိ စေတီ တော်နှင့် ကျောက်စာတော်များ ကနောင် အုတ်ဂူတို့သည် မန်း အရိပ်၊ မန်း အတိတ်တို့ ကို ရောပြွမ်းထားတော့သည်။

  
 မင်းတုန်းမင်းကောင်းမှုတော် ကုသိုလ်တော်စေတီရှိ ပိဋကတ်စေတီတော်များ
ထိုဝန်းကျင်တွင် မြန်မာ့ သာသနာ့ဦးသျှောင် တိပိဋကများ ဖခင်ဖြစ်တော်မူသော မင်းကွန်းထေရ်မော် ဆရာတော် ကြီး၏ သဒ္ဓါ၊ ၀ီရိယတို့ဖြင့် တည်ထောင်တော်မူခဲ့သော မန်းမြို့ရဲ့ ကျက်သရေဆောင်
နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ်ကြီးက ပုံရိပ်တစ်ချို့သည် ရင်ကို တိုးဝှေ့နေပါဆဲပါ။

မန်းမြို့က နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်ကြီးတည်ထောင်တော့ အဆောင်ပေါင်း ၂၄ဆောင် တည် သည်။ မြတ်ဗုဒ္ဓ၏ ပဌာန်းဒေသနာတော်လာ အကြောင်း၊ အကျိုးဆက်သွယ်ပြသော အဘိဓမ္မာ၏ အခြေခံ ၂၄ ပစ္စည်းကို ဦးတည်ပြီး တည်ဆောက်ကြောင်းသိရသည်။ အဆောင်များ၏ အကြားအကြားတွင် သီးခြား အဆောင်ငယ်ပေါင်း ၄ ဆောင်ရှိသည်။ သစ္စာလေးပါးကို ရည်ညွှန်း တည်ထားသည်။ စာသင်ဆောင်ပေါင်း ၈ဆောင်ရှိသည်။ မဂ္ဂင် ၈ပါးကို ကိုစားပြုသည်ဟုသိရပြန်သည်။

မြောက်ဘက်တန်းက အဆောင်ပေါင်း ၁၂ဆောင်နှင့်၊ တောင်ဘက်ပိုင်းက အဆောင် ၁၀ဆောင်၊
ဆောက်လုပ် ဆဲ အဆောင် ၂ခုပေါင်းလျှင် မြောက်ဘက်ပိုင်းလိုပင် အဆောင်ပေါင်း ၁၂ဆောင်ဖြစ်သည်။
သီလက္ခန္ဓ၀ိဇ္ဇာလယတိုက်ကျောင်း၊ သမာဓိက္ခန္ဓ၀ိဇ္ဇာလယတိုက်ကျောင်းသီးခြားအမည်ရှိကြသည်။ သို့သော် အလွယ်အားဖြင့် အဆောင် ၁၊ အဆောင် ၂ စသည်ခေါ်ကြသည်။

မန်းတက္ကသိုလ်ကြီးတက်ရောက်ရစဉ်က အဆောင်၁၊ တွင် တနင်္ဂနွေသားနှင့် တနင်္လာသားရဟန်းတော်များ သီတင်းသုံးကြသည်။

ထိုအဆောင်၁မှ အခန်းပြည့်သဖြင့် အဆောင်၂၊ သို့ ရောက်သော အခါ တနင်္လာသား ရဟန်းတော် တစ်ချို့နှင့် အင်္ဂါသားရဟန်းတော်များ သီတင်းသုံးကြရသည်။ 

  
မန်း သာသနာ့တက္ကသိုလ် အ၀င်မုဒ်ဦး
အရှင်ကေသရ( အင်းတော်)
အရှင်ကောလိနိယ
အရှင်ခေမာစာရ
အရှင်ခေမိန္ဒ( ပါဠိဌာန၊ နည်းပြ)
အရှင်ခေမိန္ဒ( မြကန်သာ)
အရှင်ဂုဏသာမိ( သမိန်ဒွတ်၊ M.A. Sri lanka)
အင်္ဂါသားရဟန်းတော်များမှာ..
အရှင်စန္ဒာဝရ( စာရေးဆရာ၊ ကိုရင်စိုးထွေး)
အရှင်စန္ဒသိရီ( တိုက်ကြီး)
အရှင်စန္ဒာသိရီ (ခ) ကိုလှဖေ ( m.a, Sri lanka)
အရှင်တိလောက( ခရမ်း၊ M. Phil,)
အရှင်စန္ဒိမာ
အရှင်စိတ္တရ
အရှင်ဇနိတ
အရှင်ဇောတိက(ချောင်းဦး)
အရှင်ဉာဏိန္ဒ( မန်းသာသနာ့တက္ကသိုလ်၊ နည်းပြ)
အရှင်ဉာဏသိရီ
အရှင်ဉေ ယျဓမ္မ( Ph.D, Thesis)
အရှင်နန္ဒ၀ံသ( ရမ်းဗြဲ)
တို့ဖြစ်ကြသည်။

ထိုကျောင်းသားရဟန်းတော်များတွင် အင်္ဂလိပ်စာတော်သော အရှင်ဇနိတထံ အင်္ဂလိပ်စာတက်ကြသည်။ သူကရှေ့မှ ဖတ်ပြသည်။ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး ညီကိုအရင်းများပမာ သင်ယူလေ့လာကြသည်။ အရှင်ဇနိတသည် အင်္ဂလိပ်စာတော်တော်ဖတ်ပါသည်။

နေ့စဉ်၊ နေ့တိုင်း အင်္ဂလိပ်ဖတ်သည်။ မိတ်ဆွေသူငယ်ချင်းမျာကိုလည်း ကူညီဖတ်ပြသည်။ သူ့အခန်းတွင် အမြဲတမ်းလိုလို စာဖတ်သော စာဖတ်သော ဦးဇင်းများရှိတတ်ကြသည်။

   
အတိတ်မှ မန်းသာသနာ့တက္ကသိုလ် ကျောင်းသားဘဝ
ကျောင်းပိတ်ရက်များတွင် အမြဲတမ်းလိုလို မန်းတောင်တော်သို့တက်ပြီး tourist များနှင့် အင်္ဂလိပ် စကား ပြောလေ့ကျင့်ကြသည်။ မန်းတောင်တော်ကြီးသည် သာသနာ့တက္ကသိုလ်ကြီးနှင့် ခွဲခြားမရနိုင်ပါ။ သင်ကြား၊ တတ်သိထားသမျှကို လက်တွေ့အသုံးချခွင့်ရကြသည်။

တစ်နေ့သော် ဆွစ်ဇာလန်နိုင်ငံသားတစ်ယောက် အရှင်ဇနိတနှင့်ပါလာသည်။ ဗုဒ္ဓအဘိဓမ္မာသင်ချင်သည် ဟု ဆိုသည်။ တက္ကသိုလ်အတွင်း သင်ပေးရန်မှာ ကျောင်းသားတစ်ပါး အနေနှင့် မလွယ်ကူသောကြောင့် အပြင်ထွက် သင်ဖို့ သဘောတူလိုက်သည်။

ရုတ်တရက် ကောက်ကာငင်ကာသွားရမှာမို့ တစ်ဆင့်ခွင့် အတင်ခိုင်းသည်။ သူ့အရေးသည်ပင် ကိုယ် အရေးကဲ့ သို့ သဘောထားကြသည့် အတိုင်း အလွယ်တကူ လက်ခံလိုက်သည်။ စေတနာ ထားကြသည်။

ခွင့် အစားတင်ရမည်ဖြစ်သည်။ ခွင့်အစားတင်ခြင်းသည် အပြစ်ရှိသလို၊ တရားလည်း မ၀င်ပါ။

ဤသို့ဖြင့် ပါမောက္ခချုပ်အထံ ခွင့်စာတင်ဖို့ရောက်လာခဲ့သည်။
ဦးဇင်းဘွဲ့ပြော၊
မှန်ပါ၊ ဉေ ယျဓမ္မပါဘုရား၊
ဘာ..၊ ခွင့်စာမှာ ဇနိတဆိုပါလား၊

သွားပြီ၊ မိပြီ၊ အလိမ်ပေါ်ပြီ၊ ဖြေရှင်ဖို့ခက်ပြီ၊ ခေါင်းနပန်းကြီးသွားသည်။
ခွင့်စာလွှာတွင် ပါချုပ်ဆရာတော်မှ စာရေးပေးလိုက်သည်။
ခွင့်လိမ်လည် အစားတင်မှု ဖြစ်သည်။ မော်ကွန်းထိန်းနှင့် ဆွေးနွေးရန်၊

ဤသို့ဖြင့် မော်ကွန်းဆရာတော်အထံရောက်သည်။ မော်ကွန်းထိန်းဆရာတော်မိန့်လိုက်သော စကားတစ် ခွန်း အမှတ်ရမိသည်။

လိမ်ရင်ပိပိရိရိဖြစ်ရတယ်၊ ဦးဇင်းလေးရဲ့..

ဤသို့ဖြင့် အရှင်ဇနိတကို ပြန်လာဖို့ အမြန်ပြန် အကြောင်းကြားရသည်။
ချက်ချင်းရောက်လာပြီး ခွင့်ကိုယ်တိုင်ယူကြောင်း လျှောက်ထားရသည်။ မည်ကဲ့သို့ အရေးယူမည်ကို ရင်တထိတ်ထိတ်နှင့် စောင့်နေရသည်။

ဆရာ၊ သမားများသည် တပည့်သားများ အပေါ်အမြဲတမ်း ညှာတာထောက် ထားသည်ကို ကိုယ်တိုင်တွေ့ လိုက်ရသည်။ မည်သည့် အရေးယူမှုမျှ မရှိပါ။ သို့သော် နောက်တစ်ခါ မလုပ်ရဟုပြောလိုက်ကြသည်။ 

  
 ခွင့်တင်နေရဆဲ တမီးနာဒူးပြည်နယ်ရောက်
ယခုအခါသူများတိုင်းပြည်တွင် ကျောင်းသားတစ်ယောက် အနေနှင့် ခွင့်တင်ရခြင်းသည် ပို၍ခက်ခဲသည်။ မိမိကိုယ်ပိုင် guideမှ တဆင့်၊ H,O.D ထံတင်ပြရသည်။ H.O.D မှသည် အထက်သို့ တင်ပြရသည်။ ခွင့်ရက်ရှည်ကို ဆယ်ရက်ခန့်ကြိုတင်ရသည်။

ယခုတော့ အရှင်ဇနိတသည် အမေရိကန်ပြည်ထောင်စု အိုင်ယိုဝါတွင် ကိုဇေယျာမောင် အဖြင့်ဖြင့်
နေထိုင်နေသည်။

မိမိမှာသာ ခွင့်တင်ရခြင်း လုပ်ငန်းကို လုပ်ဆောင်နေရဆဲဖြစ်သည်။ လွမ်းနေရပါပြီ။
မန်းတက္ကသိုလ်ကြီး၏ အတိတ်၊ အရိပ်၊ အငွေ့၊ အနံ့အသက်တို့သည် ရင်ကို လွှမ်းမိုးတိုးဝှေ့နေဆဲပါ။ ယုံပါ။ 

No comments:

Post a Comment