Pages

Saturday, July 28, 2012

ပေးတဲ့ ဆုနဲ့ ပြည့်ပါစေ အမေ

 ရာသီ မရွေး မြူနှင့် နှင်းတို့ ဝေရာ ချင်းတွင်းမြစ် အစ
ချင်းတွင်းမြစ်ရိုး တစ်လျှောက် တိမ်ညိုမည်းတို့ အုံ့ဆိုင်းနေသည်။ ချင်းတွင်းမြစ်သည် ဘယ်ကွေ့ ညာယိုင်ဖြင့် တောင်တန်း အသွယ်သွယ်ကို ဖြတ်သန်း စီးဆင်းခဲ့သည်။ နွေ၊ မိုး၊ ဆောင်းရာသီတိုင်းသည် ချင်းတွင်းမြစ် ဖျားတွင် လှနေလေ့ရှိသည်။

ဆောင်းအခါများသည် နှင်းဖွေးဖွေးဖြင့် လှနေတတ်သည်။ မိုးအခါများတွင် ချင်းတွင်းမြစ်တွင် ရေများ လျှံကာ ပျော်စရာ တစ်ခုအလားဖြစ်နေတတ်သည်။ နွေလအခါများသည် ချင်းတွင်းသောင်ပြင်တွင် လေပွေ တစ်သိုက်တို့ တောင် မြောက်လား ဆော့ကစားနေကြသည်ကို တွေ့ရတတ်သည်။

အောက်ချင်းငှက် တို့ အတောင်ခတ်သံ တဟီးဟီးဖြင့် အဝေးသို့ ခရီးနှင်နေသည်ကို တွေ့ရတတ်သည်။

လူဆိုသည်မှာလည်း သုံးရာသီ ခါမလင့်လှုပ်ရှားနေကြရသည်။ ရှင်သန်ခြင်းဖြင့် လှုပ်ရှားသွားလာနေသော သူများတွင် သူတို့လည်းပါကြသည်။

ငါ့ရှင်တို့ စာမေးပွဲတွေဘယ်လောက်အောင်အောင် အများ အကျိုးမဆောင်ရင် အောင်ရုံသက်သက်သာပဲ ရှိမယ်ဘုရား၊ တန်ဘိုးမမြင့်လှဘူး၊ အခုတော့ ငါ့ရှင်တို့က ဒီတက္ကသိုလ်ကနေသင်ကြားပို့ ချပေးလိုက် လို့ အောင်သင့်အောင်ထိုက်တဲ့ အဆင့်များကို အောင်မြင်ခဲ့ကြပြီ၊

လက်တွေ့လောကထဲဝင်ပြီး တောင်တန်းနေ တိုင်းရင်းသားတို့ရဲ့ အကျိုး၊ တနည်းပြောရရင် တို့မြန်မာ တိုင်းရင်သားဆွေမျိုးတွေရဲ့ အကျိုးကိုဆောင်ရွက်ကြ ရတော့မယ်။ ဉာတတ္ထစရိယလို့ခေါ်နိုင်တယ်၊ အလောင်း တော်မြတ်တို့ ကျင့်သုံးတဲ့ လမ်းစဉ်ကို ငါ့ရှင်တို့က လက်နာကျင့်ကြံပြီး၊ သာသနာပြု ဆိုတဲ့ အနေနဲ့ ရာသီ ဥတုမတူ၊ အစား အသောက်ဆင်းရဲ၊ အနေအထိုင် မပြည့်မစုံ၊ ဘာသာစကား အခက်အခဲတွေနဲ့ မို့ပင်ပန်းဆင်း ရဲခြင်းတော့ရှိကြမယ်ဆိုတာ သိပြီဖြစ်ပါတယ်။ 

 တောင်ပေါ်သားများနှင့် အမှတ်တရ
ဒီတော့ တပည့်တော်များ မှာချင်တာက ငါရှင်တို့ဘ၀မှာ..
၁၊ အသက်မသေစေနဲ့၊
၂၊ ဘ၀ မသေစေနဲ့၊
၃၊ နာမည်မသေစေနဲ့၊
လို့ အကျဉ်းချုပ်မှာလိုက်ချင်တယ်ပါတယ်။

တစ်-ဘ၀ မသေစေနဲ့ဆိုတာက လူ့ဘ၀လေးကို ရထားတဲ့ ငါ့ရှင်တို့ဟာ တောင်တန်းနေ ညီနောင်ဖွားတို့ အတွက် ဆောင်ရွက်ရတဲ့အခါ ဆင်းရဲပင်ပန်းလို့ အနာ၊ အဖျားရှိပြီးလာတဲ့ အခါ ပေတေပြီး မနေပဲ မြို့ တက်ပြီး ဆေးကုသမှုခံယူပါ၊ ငါရှင်တို့လို အများအကျိုးဆောင်တဲ့ သူများကို စောစောစီး စီး သေခွင့် မပေးနိုင်ဘူး။

နှစ်- ဘ၀မသေစေနဲ့ ဆိုတာက အရှင်ဘုရားတို့ တပည့်တော်တို့ရရှိထားတဲ့ ရဟန်းဘ၀ဆိုတာ အသေ အင်မတန် လွယ်ပါတယ်။ တောင်တန်းဒေသတွေရောက်တော့ ငါဘုရင်ပဲ၊ ငါမင်းပဲဆိုပြီး ရဟန်းတော်တစ်ပါး အနေနဲ့ မသင့်တော်တဲ့ အပြု အမူမျိုးကြောင့် မိမိတို့ ရရှိထားတဲ့ ရဟန်းဘ၀ကို မသေပါစေနဲ့ဘုရား။

သုံး- နာမည်မသေစေနဲ့ ဒါကတော့ ကိုယ်ထမ်းဆောင်ရမယ့်နေရာဌာနရောက်တော့ ပတ်ဝန်းကျင်နဲ့ မတည့်၊ သာသနာ့ညီတော်၊ နောင်တော်များနဲ့ အဆင်မပြေ၊ ထင်ရာစိုင်းပြီး ကိုယ်ကျရာတာဝန် လစ်ဟင်းကာ သာသနာပြုရဟန်းတော်ဆိုတဲ့ နာမည်လည်း မသေပါစေလို့ တပည့်တော်များ က ပြောကြား အားပေးလိုပါတယ်။

ဤသို့ဖြင့် တန်ဖိုးရှိလှသော အမှာစကားများကို ရင်ဝယ်ထားလျှက်ဖြင့် တောင်ပြာတန်းကို ထွက်ခဲ့ရသည်။ တစ်နှစ်တာရဲ့ အအေးဆုံးလဆိုနိုင်သော ဒီဇင်ဘာလတွင် တောင်တန်းမြေကို အခြေချခဲ့ရသည်။

တာဝန်ထမ်းဆောင်ပြီဖြစ်ကြောင်း အကြောင်းကြားစာကို မြို့နယ်သာသနာရေးဌာနတွင် လက်မှတ်ထိုးပြီး မှတ်တမ်း တင်ရသည်။ ဤဌာနတွင် သူ့ကိုတွေ့ခဲ့ရသည်။ သူကားမြို့နယ် သာသနာရေး ဌာန လက်ထောက် စာရေးဖြစ်သည်။ 
တောင်ပြာတန်းမှ မှတ်တမ်းငယ်

အော်..၊ ဦးဇင်း၊ တပည့်တော် မန္တလေးမြို့သာသနာတက္ကသိုလ်ကျောင်းဆင်းတစ်ယောက်ပါ၊ ထမံသီမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ အခုတော့ ဦးဇင်းတို့ သိတဲ့အတိုင်းပဲ အခြေအနေအရ လူဝတ်လဲပြီး သာသနာ့ တာဝန်ထမ်းဆောင်နေဆဲပါဘုရား၊ ဘာမှမပူပါနဲ့၊ တပည့်တော် တတ်နိုင်သလောက် ကူညီပေးပါ့မယ် ဘုရား။

မှတ်မိနေပါသေးတယ်ဘုရား၊ ဦးဇင်းတို့လိုပဲ တောင်တန်းဒေသ စပြီးကြွရတော့၊ မယ်တော်ကြီးက မှာရှာတယ်။

မျက်ရည်အရွှဲသားနဲ့ပေါ့ဘုရား၊ ဦးဇင်း တောင်တန်းဒေသဆိုတာ အချိုစားချင်ပေမယ့် အချဉ်ရတတ် တယ်၊ နွေးနွေးထွေးထွေးနေချင်ပေမယ်၊ ခိုက်ခိုက်တုန်အေးနေတတ်တယ်။ ဆက်ဆံပေါင်းသင်းရမယ့် လူတွေကလည်း ရိုးသားကြတယ်လို့ ကြားဖူးပေမယ့် ရောက်ခါစဆိုတော့ အနေစိမ်းပြီး တစ်စိမ်း ဆန်နေကြမယ်။ ရောဂါဘယ များလဲ ဖြစ်တတ်သတဲ့ဦးဇင်းရယ်၊ 

ဒါပေမယ့် အမေကတော့ မပူဖူးနော် ဦးဇင်း၊ ဘာလို့ဆိုတော့ ဦးဇင်းက ငယ်တော့တာမှ မဟုတ်တာ၊ သာသနာပြုရာမှာ အောင်အောင်မြင်မြင်နဲ့ လိုရာခရီးပြီးမြောက်ပါစေလို့ပဲ တပည့်တော်မ ကတော့ ဆုတောင်းပါတယ်တဲ့ဘုရား။

အဲဒီတော့ တပည့်တော်က နှုတ်မထွက်ပေမယ့် “ပေးတဲ့ ဆုနဲ့ပြည့်ပါစေ အမေ”လို့ ဆုတောင်းခဲ့ဖူးပါတယ်။

ဘ၀ဆိုတာ ဖြစ်ချင်တာဖြစ်ခွင့် မရတတ်တဲ့ သဘောကို ဦးဇင်းတို့လဲ သဘောပေါက်လောက်ပြီးပါပြီ၊ တပည့်တော် တာဝန်ကျတဲ့ရွာလေးမှာ တာဝန်ထမ်းဆောင်ရင်း ပါရမီကုန်တယ်ပဲ ရိုးရိုးပြောကြပါစို့။ ဘ၀ပြောင်း ရမယ့် ကိန်းကြုံလာပါတယ်။ ဆုံးဖြတ်ချက်လည်း ချပြီးပါပြီ၊ အောက်ရပ်အောက်ရွာပြန်ပြီး ဘွဲ့လက်ခံယူမယ်၊ ပြီးရင် ဒီတောင်တန်းကိုပြန်လာပြီး လူထွက်မယ်ပေါ့ဘုရား၊

အောင်ရပ်အောက်ရွာတုန်း အမေ့ဆီသွား ပါသေးတယ်။ မယ်တော်ကြီးကိုတော့ တောင်တန်းပြန် လူထွက် မယ် လို့ ဘယ်ပြောရက်မလဲ ဦးဇင်းရယ်၊

ဒကာမကြီး၊ ဦးဇင်း တောင်တန်းမှာ မပြီးပြတ်သေးတဲ့ အလုပ်များရှိနေလို့ တစ်နှစ်ထပ်တိုးထမ်းဆောင်ဖို့ ဆုံးဖြတ်ထားပါတယ်လို့ ပြောရတာပေါ့၊ ဒီတော့ မယ်တော်ကြီးက မပြောင်းလဲတဲ့ ဆုတောင်း စကား တွေပြောတာပေါ့။

မယ်တော်ကြီး ဆုတောင်း စကားတွေဆုံးတော့၊ တပည့်တော်က တစ်ခုပဲပြောလိုက်ပါတယ်။ ရင်ထဲကပေါ့၊  “ပေးတဲ့ဆုနဲ့ပြည့်ပါစေ အမေ”လို့ပေါ့ဘုရား။
 တောင်ပြာတန်းဘ၀ အမှတ်တရ
အခုတော့ ဦးဇင်းတို့ မြင်တဲ့ အတိုင်းပဲ လူဝတ်လဲ၊ သားနဲ့ မယားနဲ့ လောကတာဝန်ထမ်းဆောင်နေ ရတယ်ပေါ့ဘုရား။ အမေ့ကို မြင်ယောင်မိတယ်။ တပည့်တော်လူထွက်တာ အမေဘယ်သိအုံးမလဲဘုရား။

ဘာပဲပြောပြော နောက်ထပ်ကြွရောက်လာမယ် ဦးဇင်းများကို လျှောက်ထားချင်တာကတော့ တပည့်တော် လို မဖြစ်စေချင်ဘူး။ ဦးဇင်းတို့ ကြွလာတော့လဲ ဦးဇင်းတို့ မယ်တော်ကြီးများက “သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေ၊ ခလုတ် မထိ၊ ဆူးမညိပဲ လိုရာခရီးပြီးမြောက်ပါစေ”ဆိုတဲ့ ရိုးသားလှတဲ့ ဆုပေး မျိုးတော့ နှုတ်က ထွက်ပြီး မပေးတောင်မှပဲ အမေတို့ရင်ထဲရှိနေကြမှာပါဘုရား။

တပည့်တော်လို့တော့ အမေ့ ဆုပေးကို “ပေးတဲ့ဆုနဲ့ပြည့်ပါစေ အမေ” မညာမိကြပါစေနဲ့ လို့ လျှောက် ထားချင် ပါတယ်ဘုရား။

ချင်းတွင်းမြစ်ရိုးတွင် တိမ်ညိုမည်းနှင့် ဆောင်းနှင်းတို့ရောထွေးကာ မိုးသီးမိုးပေါက်များ အဖြစ် ပြိုဆင်း လာသည်။ ကမ်းတစ်ဘက်သို့ ကူးဖြတ်လာသော ငှက်ငယ်တစ်အုပ်သည် မြစ်လည်တွင် သောင်ထွန်းသော ကျွန်းလေးပေါ် သို့ ထိုးဆင်းသွားကြသည်။

ငှက်ငယ်တစ်အုပ်သည် တစ်ဘက်ကမ်းသို့ မရောက်တော့ပြီ။ တိမ်မည်းညိုနှင့် ဆောင်းနှင်းတို့ ရောထွေး ကာ ပုံရိပ်သည် ဝေး၀ါးသွား တော့သည်။

ရုတ်တရက် စိတ်ထဲတွင် ပေါ်လာသော ..

၁။ အသက် မသေစေနဲ့၊
၂၊ ဘ၀မသေစေနဲ့၊
၃၊ နာမည် မသေစေနဲ့ဟုသာ ရေရွတ်မိသည်။ 

.......................................................................
( တောင်ပြာတန်းမှ၊ မြို့နယ်၊ သာသနာရေး အရာရှိ၊ ကိုရဲဝင်းသို့ အမှတ်တရ)။ 


2 comments:

  1. Hi, Very Interesting post you have here... It would be my pleasure if you visit my website too. Here's the link http://motors.com.mm/?utm_campaign=mot_mm_lb_blog_riche&utm_source=mot_lb_blog

    ReplyDelete
  2. Hi your blogs looks so impormative and interesting.would you come and visit us back too
    http://ads.com.mm/?cid=4fd9a687e4b0fa6db841e34f&utm_campaign=ads_mm_lb_blog_mgesc&utm_source=ads_lb_blog&utm_medium=lb_blog

    ReplyDelete