Pages

Tuesday, July 3, 2012

သစ္စမေ၀ ဇာယတေ- truth is only victorious


အစည်းအဝေးများတွင် မြန်မာရဟန်းတော်များသည် ထင်ရှားသည်။ အသွင်အပြင် ထူးခြားသည်။ ရဟန်းတော် များ၏ အသွင်အပြင်လက္ခဏာသည် အိန္ဒိယနိုင်ငံနှင့် သက်ဆိုင်နှီးနွှယ်ကြောင်းတစ်ချို့ သိကြသည်။ ဗုဒ္ဓဘာသာ ရဟန်းတော်များဖြစ်ကြကြောင်းလည်းသိကြပြန်သည်။ သို့သော် မေးလိုက်သော အခါ ရင်မှာတစ်မျိုး ဖြစ်ရသည်။

“လာမား( တိဗက်) တွေလား”တဲ့။ ရံခါလမ်းတွင် တွေ့ရသော အခါတွင်လည်း ဟေး လာမားတွေ ဟုသာခေါ်ကြသည်။ ထိုအခါ ထေရ၀ါဒရဟန်းတ်ာများဖြစ်ကြောင်းရှင်းပြရသည်။

လားမားသာဝက၊ ထေရ၀ဒါသာဝကသည် အရေးမကြီးပါ။ ဗုဒ္ဓသာဝကများ အဖြစ် သိနေခြင်းကို ပင် ကျေ နပ်နေ ရပါသည်။

အဓိကအားဖြင့် ဗုဒ္ဓဘာသာသည် နှစ်မျိုးရှိသည်။ တောင်ပိုင်း ဗုဒ္ဓဘာသာဟု လူသိများသော ထေရ၀ါ ဒနှင့် မြောက်ပိုင်းဗုဒ္ဓဘာသာဟုခေါ်ကြသော မဟာယာနဖြစ်ကြသည်။ နှစ်မျိုးလုံးပင် အိန္ဒိယနိုင်ငံကြီး တွင်ပင် အခြေခံခဲ့ကြသည်။ သို့သော် မဟာယာနကို လူပိုမိုသိသည်။ မဟာယာန ခေါင်းဆောင်များ ကြီးများ၏ အယူအဆများသည် အိန္ဒိယနိုင်ငံကြီး၏ ရှိရင်းစွဲဖြစ်သော ၀ါဒများနှင့် ရောထွေးခဲ့ကြ သည်။ ဗြဟ္မဏ၀ါဒရော ဗုဒ္ဓ အဘိဓမ္မာများပေါ်ထွန်းခဲ့ကြသည်။ နောက်ပိုင်းတွင် ဗုဒ္ဓအား ၀ိသျှနု၏ အ၀တာရ( ကိုယ်ပွားတော်) အဖြစ် ယူဆလာခဲ့ကြသည်။ 

 ဗုဒ္ဓ၀ါဒသည် အိန္ဒိယနိုင်ငံကြီးမှ အသွင် အပြင်အားဖြင့် ပျောက်ကွယ်သည်ဆိုနိုင်သော်လည်း အနှစ်သာရ အနေအားဖြင့် အိန္ဒိယနိုင်ငံကြီး၏ စာပေ၊ ယဉ်ကျေးမှု၊ အနုလက်ရာ၊ အတွေး အခေါ်၊ အဆောက်အဦး၊ ပန်းချီ၊ ပန်းပုစသည့် အနုလက်ရားများတွင် အထင်သားကြီးတွေ့နိုင်သည်။ သို့သော် မူဆလင်ဘာသာဝင် များ ၀င်ရောက်လာသောအခါ ဗုဒ္ဓအမည်နှင့် အသောက အမည်တို့ ပင် မေ့လုလုဖြစ်ခဲ့ကြသည်ဟု အဆိုရှိသည်။

ဗုဒ္ဓသာသနာ၏ အထွန်းအတောက်ဆုံး ကာလများကို သမိုင်းတွင်သာ ရှိတော့မည့် အနေအထား ကို ပြန်လည် ဦးမော့ပေးလိုက်သည်မှာ ၁၈ရာစုတွင် အိန္ဒိယနိုင်ငံရောက် အနောက်တိုင်း သုတေတသီ တို့သည် အဓိက ဖြစ်သည်။ သမိုင်းကို မြတ်နိုးသူများ ရှာဖွေဖော်ထုတ်မှုကြောင့် တိမ်မြုပ်ပျောက်ကွယ်လု လု ဗုဒ္ဓဘာသာ အနုလက်ရာများ ပြန်လည်ရရှိခဲ့ကြသည်။


သမိုင်းတွင် ဗုဒ္ဓသည် အနှိုင်းမဲ့ဖြစ်ကြောင်းသိ လိုက်ကြသည်။ အိန္ဒိယနိုင်ငံတွင် ပေါ်ထွန်းသမျှသော အယူဝါဒ တိုင်းတွင် ဗုဒ္ဓလမ်းစဉ်များတစ်နည်းမဟုတ် တစ်နည်းပါဝင်နေကြသည်ကို တွေ့ရသည်။ အစောဆုံးဆိုကြသော အိန္ဒိယနိုင်ငံကြီး၏ ဟိန္ဒူဝါဒသည်ပင် ဗုဒ္ဓနည်းလမ်းများကို သွယ်ဝိုက်တစ်နည်း၊ တိုက်ရိုက်တစ်သွယ် မိမိတို့ဝါဒ အလား ကူးယူဖော်ကြသည်။

ဗုဒ္ဓသည် အိန္ဒိယနိုင်ငံကြီးမှ ပျောက်ကွယ်မသွားခဲ့ပါ။ အိန္ဒိယနိုင်ငံကြီးသည် လွတ်လပ်ရေးရသည်နှင့် သမိုင်းတွင် စံတင်ထားရသော အတိတ်ပုံရိပ်များကို နိုင်ငံတော်ပိုင် ပုံရိပ်များ အဖြစ်မြတ်နိုးခဲ့ကြပြီဖြစ်သည်။
နိုင်ငံတော် အလံတွင် ဓမ္မစင်္ကြာ အ၀န်းဖြင့် ပုံဖော်သည်။ နိုင်ငံတော်တံဆိပ်တွင် အသောက်မင်းကြီး၏ ဘုရားရှင် အား ဂုဏ်ပြုပူဇော်ထားသော လေးမျက်နှာသို့ဟိန်းဟောက်နေသော ခြင်္သေ့ကြီးလေးကောင်ဖြင့် ပုံဖော်ထား ပြန်သည်။ 


ညီညွတ်ခြင်း၊ အင်အားဖြစ်ခြင်း၊ လူသားဆန်ခြင်း၊ ဇာတ်စနစ်ကင်းခြင်းတို့ကိုပုံဖော်ခဲ့ကြသော ဗုဒ္ဓဘုရား ရှင်နှင့် အသောကတို့သည် လွတ်လပ်ရေးနှင့် အိန္ဒိယနိုင်ငံကြီး၏ အထွတ်တွင် လွင့်လူး နေသည်မှာ ကြည်နူးဖွယ်ဖြစ်သည်။

အိန္ဒိယနိုင်ငံနိုင်ငံတော် အမှတ်အသား ဆိုရိုးသည် သစ္စမေ၀ ဇာယတေ ( satyameva jayate) Truth is only victorious. သစ္စာသည်သာ အောင်မြင်ရာတဲ့၊

ယနေ့ ထေရ၀ါဒ၊ မဟာယာနရဟန်းတော်များသည် ဓမ္မစင်္ကြာအ၀န်း၊ အသောကမင်း၏ ခြင်္သေ့ကြီးများ၏ အရိပ်တွင် ခိုဝင်လျှက် သစ္စာအောင်ပန်းဆင်ဖို့ ညီညီညာညာလှမ်းတက်နေကြသည်။ 


No comments:

Post a Comment