သုခ သူ့အမည်။ ပစ္စည်းမဲ့ ဂုဏ်ကင်းလို့
ရွာအတွင်းက မည်သူမှ သူ့ကို မခင်ကြ။
သို့ အတွက် ဘယ်သူ ကိုမှလည်း သုခ အပြစ်မတင်။
မိဘများက ချစ်ခင်မြတ်နိုး၍ သညာဖွဲ့ခဲ့သည် မို့ မြတ်နိုးလှသည်။
သုခသည် သားသတ် မုဆိုးတစ်ဦးဖြစ်သည်။
သူ့အလုပ်သည် ကြမ်းတမ်းသည်။
ရွာအတွင်း အမြင်မတော်၍ ရွာ့အပြင်လမ်းက ပြန်သည်။
ရှောင်လွှဲ၍ မရသည်ကား ရွာဦးစေတီ။
စေတီတော်အနီးရောက်တိုင်း သုခ အေးချမ်းမှုကို ခံစားရသည်။ မိဘဘိုးများ၏
အရိပ်အငွေ့နှင့် သဒ္ဓါအားတို့ကို မှန်းဆရည်ရော်ပူဇော်မြဲဖြစ်သည်။
.........
"..သုခ"
အေးချမ်းတည်ငြိမ်သော ခေါ်သံ။
မည်သည့်အချိန်က ရောက်နေမှန်း မသိသော
ငယ်ဆရာတော်ဦးသုမနသည် သုခနောက်တွင်ရပ် လျက်ရှိ သည်။
ဝမ်းစာရေး အတွက် ဘ၀ကြမ်းတမ်းပေမယ့်
ဆရာ၊ မိဘ၊ သက်ကြီး ရွယ်အိုကို လေးစားတတ်အောင်သွန် သင်ပေးခဲ့သည့် ငယ်ဆရာသည်
ဦးသုမနပင်ဖြစ်သည်။
ဘုရား...၊
အင်း..၊ မင်းမလဲ..၊ သုခအမည်နဲ့မလိုက်အောင်
ကြမ်းတမ်းလှသကိုးကွ။
မှန်ပါ၊ ဆရာတော်ဘုရား။
အတိတ်ကံဘ၀ပေးလို့
တပည့်တော်ခံယူတတ်ပါပြီဘုရား။
ဦးတင်လျက် သုခပြန်လည်လျောက်ထားသည်။
ဟဲ့ သုခရဲ့
အတိတ်ကံချည်းရိုးမယ်ဖွဲ့ပြီး ဆိုးချင်တိုင်းဆိုးခွင့် မရှိဘူးနော်။
လက်ရှိ ပစ္စုပ္ပန် အလုပ်လေးနဲ့
ပြောင်းလိုက်ရင်လဲ ရတယ်ဟဲ့။
မှန်ပါဘုရား။
ခပ်လေးလေးသုခပြန်လည်လျောက်တင်သည်။
ရှေးကံလို့ရိုးမယ်ဖွဲ့ပြီး ဆိုးနေပါပြီတဲ့။
တို့ဘုရားက နောက်ဘ၀ဟောထားသေးတယ်။
အဲဒီနောက်ဘ၀ဆိုတာ လက်ရှိဘ၀ရဲ့ အကျိုးဆက်တစ်ခုမို့၊
မင်းအခုလိုဆိုးနေရင်ဖြင့် နောက်ဘ၀ဆို တာတွေးကြည့်စမ်းကွယ်။
သုခ တွေငေးသွား သည်။
ဤစကားမျိုး ငယ်ဆရာမိန့်နေကျမို့
ခဏခဏကြားဖူးသည်။ သို့သော် ငယ်စဉ်က ကြားတုန်းခဏမို့ ရင်တွင်းသို့မရောက်။ အခုတော့ သုခအတွေး၊
သုခ အမြင်တို့သည်လည်း ငယ်စဉ်ကလိုမဟုတ်တော့။
ရွာက
ကျဉ်ဖယ်ခံထားရသည့်ဘ၀ကိုရေးရေးမြင်ယောင်သည်။ ရွာထဲ မ၀င်ဝံ့အောင်ဖြစ်ရသည့်
သူ့အဖြစ် သည် ရင်ထဲကျဉ်ခနဲ့ဖြစ်ရသည်။
ဟဲ့ သုခ
ဘာတွေများတွေးနေတာတုန်းဟဲ့....
ဆရာတော်ကားတည်ကြည်အေးချမ်းသော
အပြုံးဖြင့် သုခကိုကြည့်နေသည်။
မှန်ပါ။ သိတော့သိပါတယ်ဘုရား..၊ ဒါပေမယ့်..
ဖြင့်သာဆုံးနေကျသူ့စကားကိုရှေ့မဆက်ဖြစ်။
အင်း..၊ သုခ..၊ မင်းဒီကိုကြည့်စမ်း၊
စေတီတော်ရဲ့ ဥပုသ်ဆောင်ဇရပ်ရှေ့မှာထားထားတဲ့ သစ်သားရုပ်ကို၊
သုခသည် မြင်နေကျပင်ဖြစ်သော်လည်း
ဆရာတော်ပြသည့်မို့ အထူးတလည်ကြည့်မိသည်။
ဒီအရုပ်က သစ်သားက ဖြစ်လာတာ သုခရဲ့။
တမ်းပြီးသစ်သားကြီးကို ဟောဒီလိုလှတဲ့ အရုပ်လေးဖြစ်စေလို့ လုပ်လိုက်တာ
မဟုတ်ဘူးဆိုတာမင်းသိပါတယ်။
မလိုတာတွေပယ်၊ ပိုနေတာဖယ်ထုတ်၊ ပန်းပုဆရာက
အချိန်ပေးပြင်လိုက်တော့ အခုမင်းမြင်နေတဲ့ အင်မတန်ကြည့်လို့ကောင်းတဲ့
အရုပ်လေးဖြစ်လာတယ်။
သစ်သားချည်းဒီအတိုင်းထားရင်
ဒီလိုဘယ်လှလာလိမ့်မလဲ သုခရယ်။
မင်းကလဲ မင်းပြောနေကျ ဆင်ခြေနဲ့..၊
အတိတ်ကံအကျိုးပေးမို့လို့ချည်း ပြောနေရင်..၊
မင်းအခုလို ဘ၀ကြမ်းတဲ့ သစ်တုန်းဘ၀က
ဘယ်တော့ တက်လာနိုင်တော့မလဲဟဲ့...
သုခ သက်ပြင်းချရပြီ..၊ သူကြည့်နေသော
အရုပ်လေးပိုလှလာသလိုရှိသည်။
ဆရာတော်ကိုမော့ကြည့်မိတော့
တည်ငြိမ်နေသည်။
လေနုအေးသည် ခပ်ပြေပြေလေးဖြူးလျက်။
ဆရာတော်စကားသည် ရင်တွင်းကို ဖောက်သည်။
ဦးနှောက်၊ အသည်နှလုံးအထိစူးဝင်သည် ထင်မိသည်။
ဒီတော့ သတိလေးထား၊
အတိတ်ချည်းအပြစ်မဆိုပဲ၊ လက်ရှိဘ၀ကို လိုအပ်သလိုပြင်နိုင်ရင်၊
မင်းဘ၀လဲ လှလာနိုင်တာပေါ့...
ဆရာတော်ကို ဦးကြိမ်ကြိမ်ချမိသည်။
စေတီတော်၏ ဆွဲလည်းသံသည် ငြိမ့်ညောင်းသာယာ ရှိလှသည်။
သုခ မျက်ရည်ကျရပြီ၊ မျက်ရည်များဖြင့်
ဇရပ်လက်ရမ်းက အရုပ်လေးကိုကြည့်မိတော့ မျက်ရည်များ အကြားေ၀၀ါးလျက်ကပင် ကြွ၍ လှနေသည်။
ထိုနေ့က သုခသည် တကယ့်
သုခအမည်နှင့်လိုက်အောင်နေမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။
...................................
ကောင်းမှုကုသိုလ်ရှင် အမည်တိုင်းတွင်
ဘုရား ဒကာ၊ ကျောင်းဒကာ၊ ရဟန်းဒကာ၊ စေတီဒကာ၊ ရွှေထီး ဒကာကြီး ဦးသုခအမည်သည်
ရှေ့ဆုံးကပါဝင်သည်။ လူတိုင်းကကြည်ညိုလေးစားကြသည်။
နှစ်တွေညောင်းခဲ့ပြီမို့ ငယ်ဆရာလည်းကွယ်လွန်ခဲ့ပြီ။
ရွာဦးစေတီတော် အနီးတွင် ဇရပ်ကြီးတစ်ဆောင်
ဆောက်လုပ်လှူဒါန်းသည်။ သုခသာလာ- ဦးသုခ
ဇရပ်ဟု ထင်ရှားသည်။
ဇရပ်ဦးထိပ်ပိုင်းတွင်
ငယ်ဆရာတော်ဦုးသုမန၏ ပုံတော်ကို ပူဇော်ထားရှိသည်။
ဇရပ်အတက်လက်ရမ်းတွင် အလွန်တရာ လက်ရာမြောက်သော
ပန်းပုအရုပ်တစ်ရုပ်ရှိသည်။
မည်သည်ကို ရည်ရွယ်၍ ထုလုပ်ထားသည်ကိုရွာသူရွာသားများ
ကောင်းကောင်းမသိကြ။
ကောင်းမှုရှင်ကြီး ဦးသုခ
လှူဒါန်းထားသောကြောင့် “သုခရုပ်ထု”ဟုသာခေါ်ကြသည်။
ဆွဲလည်းသံသာသည်။
လေညင်းပြေပြေသုတ်ဖြူးသည်။
သုခသာလာတွင် ကုသိုလ်ပြုသူများဖြင့် စည်ဝေနေတတ်သည်။
ကြည်နူးဖွယ်တည်း။
No comments:
Post a Comment