Pages

Saturday, May 5, 2012

ခရီးသွား၏ ဝေဒနာ


ကောလင်းနယ်၊ ကိုးတောင်ဘို့ရွာလေးမှ အပြန်တွင် နဘားရထားဖြင့် လိုက်ခဲ့သည်၊ စစ်ကိုင်း အထိရောက်မည်ဟု လိုက်ပို့သူများက ပြောလိုက်သည်၊ ထို့နောက်တွင် မြစ်ကြီးနားရထား ဆိုက်လာ မည်၊ သူတို့ ပြောလိုက်သည် ကရှေ့ဆင့် နောက်ဆင့် ဆိုသလိုမျိုး၊ ဆိုပါမြစ်ကြီးနားရထားဖြင့် မန္တလေးသို့ဆက်ရမည်ဖြစ်သည်၊

အစဉ်အတိုင်းဖြစ်မလာခဲ့ပါ၊ စစ်ကိုင်းသို့ နဘားရထားည ဆယ့်နှစ်နာရီတွင် ဆိုက်ပါသည်၊ သို့သော် မြစ်ကြီးနားရထား အချိန်မီမရောက်၊ ရွာထောင် ဘူတာတွင် ၀ဲလည်ခတ်နေသည်၊ စစ်ကိုင်းမှ မန္တလေး ဟူသော ညကားများကို ဈေးမေးကြည့်မိရာ စစ်ကိုင်းနှင့် မန္တလေး နှစ်ရာတောင်းသည်၊

ပုံမှန်ဈေး လေးဆယ့်ငါးကျပ်ခရီးမို့ မလိုက်ဘူးကွာဆိုပြီး ရွာထောင်ဘူတာရှိ ပလက်ဖောင်းပေါ်က ခုံတန်း ပေါ်တွင် တစ်ည အိပ်လိုက်ရသည်၊ ခြင်တွေကိုက်သည်၊ လုံခြုံရေး အစောင့်ရဲသားများ၏ ဘွတ်ဖိနပ်သံ တတောက်တောက်ဖြင့် မိုးလင်းခဲ့ရသည်၊

နောက်နေ့မနက် ရှစ်နာရီလောက်ကျမှ မြစ်ကြီးနား ရထားဆိုက်သည်၊ ကတိုက်ကရိုက်ဖြင့်လိုက်ပါ လာခဲ့ရသည်၊ စစ်ကိုင်းတံတားကိုကျော်ဖြတ်မိတော့ မြစ်ရေပြင်သည် ငြိမ့်ငြိမ့်လေး စီဆင်းနေသည်၊ စစ်ကိုင်းတောင်တော်သည် ဗျိုင်းအကောင်ပေါင်း ထောင်ချီနားနေသလို ထုံးဖြူဖြူဖွေးစေတီတော်များ ဖြင့် ကြည်နူးစရာ…..၊
 ..............

အဖေ့ရွာက အပြန်ပျော်ဘွယ်လမ်းကနေ ဖြတ်ပြီး နတ်မောက်က တက်လာသော ကုန်တင်ကားကြီးဖြင့် ညနေစောင်းစောင်းတွင် ခရီးထွက်ခဲ့သည်၊ ညနေခြောက်နာရီတွင် ပျော်ဘွယ်ဘူတာသို့ဆိုက်မည်၊ ရန်ကုန်မှ ဆန်တက်လာသော ရထားကို ပျော်ဘွယ်မှဖြတ်တက်ပြီး မန္တလေးသို့ ဆက်ရမည်မှာ ခရီးစဉ် အမှန်ဖြစ်သည်၊ 
သို့သော် ပျော်ဘွယ် နတ်မောက်ကုန်တင်ကားသည် တားသည့်နေရာတိုင်း ရပ်သည်၊ ထန်းပင် စုစုနှင့် နွားများကိုမြင်လျှင်ပင် ယောင်ယမ်းပြီးလိုက်ကြဦးမလားပြောတတ်သည်၊ အံ့ရော၊

လူလည်းပြည့်ညပ်နေပြီ၊ လူများ လွန်း၍ အတွင်းတွင် အဆင်မပြေတော့သောကြောင့် ကားသမား ကို ပြောပြီးခေါင်းခန်းထဲပြောင်းလိုက်ရသည်၊ နောက်ထပ် နှစ်ရာထပ်တောင်းသည်၊ ဘာမှ မပြော လိုတော့ ခေါင်းခန်းတွင် ဒရိုင်ဘာ အလွတ်သုံးယောက်တင် ထားသည်၊ ကျပ်ညပ်နေသည်၊ ဒရိုင်ဘာ ကား ချွေးတရွှဲရွှဲနှင့် လေချွန် မပျက်အေးဆေးပင်၊

ဤသို့ဖြင့် ညနေ ခုနှစ်နာရီကျော်ကျော်တွင် ပျော်ဘွယ်ဘူတာသို့ရောက်သည်၊ မန်း အဆန်ရထား ထွက်သွားပြီဟုသိလိုက်ရသည်၊ မိုးတွေညို့နေ သည်၊ တောင်ကြည့် မြောက်ကြည့်ဖြင့် ည ဆယ့်နှစ် နာရီခန့်တွင် ပလက်ဖောင်းပေါ်ရှိ ခုံတန်းလေးတွင် အိပ်မည်ကြံတုန်း အစောင့်တစ်ယောက် ရောက်လာ သည်၊ အနားကပ်ပြီး တိုးတိုးလေးပြောသည်၊ ဦးဇင်းသတိထားအိပ်ပါနော်..၊ ဒီဘူတာက သူခိုးပေါတယ်တဲ့၊

သူခိုးခိုးစရာဆိုလို့ ရေဗူးနှင့် လွယ်အိပ်သာပါပေမယ့်၊ အိပ်၍ကားမပျော်တော့၊


ခဏမျှကြာသော် ဆိုင်းသံ မြိုင်မြိုင်ကို ကြားရသည်၊ အိပ်မရတော့မည့် အတူတူ ပွဲကြည့်မည်ဆိုပြီး ဆိုင်းသံကြားရာထွက်လာခဲ့သည်၊ ဘယ်နေရာရောက်နေသည့် မသိရသော်လည်း ဇာတ်ပွဲကိုတွေ့ ရသည်၊ စေတီတော်အနီးရှိ ခရေပင်အောက်က ကုလားထိုင်နဲ့နဲ့လေးတွင် ထိုင်လိုက်သည် ဇာတ်ပွဲ ကား ပြဇာတ်ပင် ထွက်နေပြီ၊

မကွေးတိုင်းရှိ၊ အဖေ့ရွာလေးမှ အပြန် နတ်မောက်ပျော်ဘွယ် ကားစီးပြီး ပျော်ဘွယ်မြို့ အတွင်း ဇာတ်ပွဲကြည့်ကာ မန္တလေး သို့ပြန်ခဲ့သည်၊
 .......................

အိန္ဒိယနိုင်ငံကြီးကားကြီးမားကျယ်ပြန့်လှသည်၊ မြောက်ဘက်ပိုင်းတွင် ဟိမ၀န္တာတောင်တန်းကြီးရှိ သည်၊ တောင်ဘက်ပိုင်းတွင် ပင်လယ်ပြင်နှင့် ထိစပ်နေသည်၊ ဘုရား အဆူဆူတို့ပွင့်ထွန်းရာနေ ရာ ဒေသအထူးကြီးဖြစ်သည်၊ ဗုဒ္ဓဘုရား အဆူဆူ ပွင့်ထွန်းတော်မူသလို၊ ဟိန္ဒူ နတ်ဘုရားအများအပြားတို့ ၏ မွေးရပ်မြေလည်းဖြစ်ပြန်သည်၊

မောက္ခတရားထူးကို ရှာဖွေသော ယောဂီဂုရုတို့ထောင်သောင်း သိန်းသန်းချီကာ နေကြသော နေရာ ဘုံကြီးတစ်ခုဖြစ်သည်၊ အဆင်းရဲဆုံး လူသားတစ်ဦးကိုနေရာတိုင်းတွင်တွေ့နိုင်သလို၊ ကမ္ဘာကြီး၏ တိုးတက်နေသော ပုံရိပ်များကိုလည်း မြင်နိုင်သည်၊ ဘာသာစကားမျိုး စုံသည်၊ လူမျိုးစုများစွာနေ ထိုင်သည်၊ တစ်ပြည်နယ်လျှင် လူမျိုး လေး၊ ငါး၊ ဆယ်မျိုးနှင့် ဘာသာစကား ထွေပြာပွေလီသည်၊ ထို့ကြောင့် အိန္ဒိယတိုက်ကြီးကို diverse land ( ရှုပ်ထွေးပွေလီသောတိုင်းပြည်) ဟုတင်စားကြသည်၊

ဂေါတမဗုဒ္ဓသဗ္ဗညုတဉာဏ်ရရှိတော်မူရာ ဗီဟာပြည်နယ် ဂယာဒေသမှ တောင်ပိုင်း တမီးနာဒူးပြည် နယ်သို့ ရထားဖြင့် ခရီးထွက်ခဲ့သည်၊ အသွားခရီးနှစ်ညအိပ်ကြာပါသည်၊ အဆင်ပြေ၏၊ ရာသီဥတု သာယာသည်၊ ဂင်္ဂါကို အကြိမ်ကြိမ်ဖြတ်သန်းရသည်၊ 

ယမုံနာမြစ်ကိုလည်းကျော်ဖြတ်ရ သည်၊ ခြောင်သ ယောင်းထနေသော ကွင်းပြင် အကျယ်ကြီးများကို ရထားနှင့် ဖြတ်သန်းရသည် မှာ ငြီးငွေ့ဖွယ်ကောင်း လှသည်၊ တစ်ခါတစ်ရံ ချွဲအိအိဖြင့် သီဆို လိုက်သော ကျေးလက်တေးသည် အမိမြေကို သတိတရရှိစေ လှသည်၊ ချင်းနိုင်း အသွားခရီးသည် သာယာပါသည်။


အပြန်ခရီးသည် ရုတ်တရက်လက် မှတ်ဖြတ်ရသောကြောင့်လိုချင်ရာ လက်မှတ်မရ ထို့ကြောင့် ရိုးရိုးတန်းလက် မှတ်သာဖြတ်လိုက်ရသည်၊ ထိုရထားသည် ဂယာရထား မဟုတ်၊ ပတ္တနားသို့ရောက် မည်၊ ပတ္တနားမှ တဆင့် ဂယာသို့ ဆက်ရမည်၊

ထိုရိုးရိုးတန်းလက်မှတ်လေးသည် အဆင့်မြင့်တန်းထက် တန်ဖိုးကြီးမှန်း နောက်မှသိလိုက်ရသည်၊ လိုက်ပါရမည့်နေရာ အနေအထားသည် အထက်အောက်ဆင့်လျှက် အိပ်စင်သုံးခုရှိသည်၊ မိမိက အလည်တွင် အိပ်ရမည်၊ အပေါ်တွင် တစ်ယောက်အိပ်မည်၊ အောက်တွင် တစ်ယောက်ရှိသည်၊ ကုလားများသည် ညတွင်တော်တော်နှင့် မအိပ်ကြ၊ သူတို့ ဘာပြေကြမှန်းလည်း ကိုယ်မသိ၊ အိပ်ယာ ၀င်နောက်ကျရပြီး မနက်ရောက်လျှင် ဖင်ကို လက်နဲ့ပုတ်ပြီးအိပ်ယာမှာ နှိုးတော့သည်၊ ခက်လိုက် သည့် အဖြစ်၊

လမ်းတွင် ဆန္ဒပြသမားများနှင့် တွေ့ရသောကြောင့် ရထားသုံးနာရီခန့်ရပ်ထားရသည်၊ ကုလားများ သည် ကြုံသလိုတက်လာကြသည်၊ ဖြစ်သလိုစားကြသည်၊ စကားများသည်၊ အမေးအမြန်း ထူသည်၊ နားလည်ရန်ခက်သည့် အမူအယာများဖြင့် စကားလာပြောကြသည်၊ အစားသောက် ချင်စိတ် မရှိတော့၊ နောက်နေ့မနက်တွင် ဖျားတော့သည်၊

ရောက်ချိန် မနက် ကိုးနာရီသတ်မှတ် ထားသော ပတ္တနားရထားသည် ညနေငါးနာရီကျမှ ဘူတာသို့ ၀င်သည်၊ ပတ္တနားမှ ဂယာသို့ မိုးရွှဲရွှဲဖြင့် ခရီးဆက်ရသည်၊ လမ်းတွင်ကားပျက်သောကြောင့် နီးရာဓာတ်ဆီဆိုင်တွင် တောင်းတောင်းပန်ပန်ဖြင့် တည်းခိုရသည်၊

ရှေ့ဆက်၍ မဖြစ်နိုင်တော့သော ကြောင့် ဂယာမှ မိတ်ဆွေများကို ဖုန်းဆက်လှမ်းခေါ်ပြီး အကူ အညီတောင်းရသည်၊ နောက်နေ့မနက် သုံးနာရီတွင် ဂယာဒေသရှိ မြန်မာကျောင်းသား ကျောင်းသို့ရောက် ရသည်၊ လူသည် ဖျားနေလျှက်ပင်၊ မြန်မာနိုင်ငံခရီး အခက်အခဲသည် ကူညီမည့် သူမရှားပါ၊

ရှုပ်ထွေးပွေလီသော ( diverse land) ခေါ်သော အိန္ဒိယနိုင်ငံကြီးတွင်ကား ရှာမှရှားပင်ဖြစ်တော့သည်။ အိန္ဒိယနိုင်ငံပညာသင် ကျောင်းသားဘ၀သည် ခက်ခဲပြီး ကြောက်လန့်စရာပင် ကောင်းနေသလို ရှိ တော့သည်၊


နောက်နေ့မနက်တွင် မဟာဗောဓိစေတီတော်မြတ်ကြီးသို့ သွားရောက်ကြည်ညို ဖူးမြော်လိုက်ရသော အခါ မေ့တန်ကောင်းသည်များကို မေ့ရလေတော့သည်။ ရင်တွင်းကြည်နူးနေမိသည်။

 ချင်းနိုင်းဘူတာ နောက်ခံနှင့် အမှတ်တရ


No comments:

Post a Comment