Pages

Sunday, May 13, 2012

ရပ်တော်မူပါဦးဘုရား




နောင်…တူ..ဝေ..ဝေ.

ဆွမ်းတော်ဗျို့..
ရပ်တော်မူပါဦးဘုရား…


ကိုရင်ပုဏ္ဍရိကသည် ငယ်စဉ်ကပင် မိဘမဲ့ဖြစ်ခဲ့ရသည်၊ အမေ့မေတ္တာ အဖေ့ကိုကောင်းကောင်း နားခွင့် မရလိုက်၊ နောက်တွင်ရွာဦးကျောင်း ဆရာတော်က ကောက်ယူမွေးစားကာ ပြုစုပျိုးထောင် ပေးခဲ့သော
ကြောင့် ကိုရင် ပုဏ္ဍရိက အဖြစ်နေလာခဲ့ရသည်။ 

ကျောင်းရှိ ကိုရင်များ မနက်ခင်း ရွာထဲသို့ တန်းဆွမ်းခံကြွရသည်၊ ရွာဦးအ၀င်တွင် ဇရပ်အိုလေး တစ်ဆောင်နှင့် ထုံးရောင်ပြယ်နေသော စေတီအိုလေးတစ်ဆူရှိသည်။ ထိုနေရာလေးသည် ကျောင်း နယ်မြေနှင့် ရွာကိုစည်းခြားထားသော နေရာလေးပင်ဖြစ်သည်၊

ကိုရင်ပုဏ္ဍရိကသည် အသက်အငယ်ဆုံးဖြစ်သောကြောင့် နောက်ဆုံးတွင်လိုက်ရသည်၊
ကိုရင်လေးရပ်တော်မူပါဦးဘုရား၊

ကိုရင်ပုဏ္ဍရိက မော့မကြည့်ပါ၊ အသာရပ်ပေးလိုက်သည်၊ ဆရာတော်မှာထားသည်ကို သတိရသည်၊
အလှူ့ဒကာ၊ ဒကာမများ အကြည်ညိုပျက်အောင် တောင်ကြည့်မြောက်ကြည့် မကြည့်ရဟုသိထား သည်၊ ကိုရင်ပုဏ္ဍရိက သပိတ်ထဲသို့ မုန့်စိမ်းပေါင်းဖြူဖြူဖွေးဖွေးလေးတစ်ခု လောင်းထည့်လိုက်သည်၊
အလှူခံအပြီးတွင် ရှေ့ရောက်သွားသော ကိုရင်ရင်များကို အမီလိုက်ဖို့ ခြေလှမ်းနည်းနည်းသွက် သွက် ဖြင့်..၊

နောက်နေ့များတွင်လည်း ရပ်တော်မူပါဦးဘုရားဟူသော အသံနောက်တွင် ဇရပ်အိုပေါ်မှ ဒကာမ တစ်ယောက်ဆင်းလားပြီး ကိုရင်ပုဏ္ဍရိကကို
မုန်းစိမ်းပေါင်းဖြူဖြူလေးတစ်ခုလောင်းလှူပြန်သည်၊

နေ့စဉ်ရက်ဆက်ဖြစ်လာသည်။ တစ်နေ့ ကိုရင်ပုဏ္ဍရိကသပိတ်ထဲသို့ မုန့်စိမ်းပေါင်းဖြူဖြူလေး တစ်ခုကို အလှူခံပြီးနောက် ခပ်လှမ်းလှမ်း အရောက်တွင် နောက်သို့ပြန်လှည့်ကြည့်မိသည်၊ ဇရပ်အိုလေး အဆင်းတွင် အလှူ့ရှင်ဒကာမရပ်နေဆဲပင်ဖြစ်သည်၊ ပြုံးကြည့်နေသည်၊ ကိုရင်ပုဏ္ဍရိကရင်ထဲ ဖော်မပြ တတ်သော ဝေဒနာတစ်ခုရောက်လာသလိုရှိသည်။ မမြင်ဖူးလိုက်ရသော အမေကိုလွမ်းသလို လိုရှိသည်။

ဤသို့ဖြင့် နေ့စဉ်ရက်ဆက်နီးပါးဖြင့် နှစ်လခန့်ကြာလာခဲ့သည်။ သတင်းထူးတစ်ခုကြားလိုက်ရသည်၊ ရွာဦးဇရပ်ပေါ်တွင် ဘယ်အရပ်ဒေသက မှန်းမသိသော အရူးမတစ်ယောက်ရောက်နေသည်တဲ့၊

နောက်နေ့များတွင်လည်း ရပ်တော်မူပါဦးဟူသော အသံနှင့် မုန်းစိမ်းပေါင်းဖြူဖြူလေးကို ကိုရင်ပုဏ္ဍရိ ကရမြဲသာဖြစ်သည်။ စိတ်ထဲတွင် အများပြောနေကြသော အရူးမဆိုသော စကားများကိုကြားယောင်
နေမိပေမယ့် စိတ်ထဲ မလုံမခြုံမဖြစ်ခဲ့ပါ။


ကိုရင်ပုဏ္ဍရိကသည် အများပြောနေသော အရူးမကြီးကို သနားမိသည်။ ပြီးတော့ အရူးမကြီးကိုမြင်တိုင်း မမြင်လိုက်ရဖူးသော အမေ့ကို သတိရနေမိသည်။
……………….
………………….
ကိုရင်ပုဏ္ဍရိက မြို့တက်ပြီး စာသင်ရလေပြီ၊ တန်းဆွမ်းတွင် ကိုရင်ပုဏ္ဍရိက မလိုက်ပါနိုင်တော့၊
နောက်မှ ကိုရင်ပုဏ္ဍရိကသိလိုက်ရသည်၊ သူမရှိသည့်နောက် နှစ်ရက် သုံးရက်အကြာတွင် ရွာဦး ဇရပ် ပေါ်က အရူးမလို့ အများပြောကြသော ဒကာမပျောက်သွားပါသတဲ့။

ဤသို့ဖြင့် ကိုရင်ပုဏ္ဍရိက စာတွေသင်ပြီးမြို့တွင်နေလာလိုက်ရာ သက်အပြည့်လို့ ရဟန်းပင်ဖြစ် လေပြီ၊ ရဟန်းခံကိစ္စဖြင့် ရွာကိုပြန်ရောက်သည်၊ ရွာကသူကြီးကောင်းမှုဖြင့် ဇရပ်အိုလေးလုံလုံခြုံခြုံဖြစ် နေပါပြီ၊ တစ်ချိန်က ထုံးရောင်ဖွေးဖွေးနေရာတွင် ရွှေရောင်ဝင်းဝင်းဖြင့် စေတီတော်လေးကြည်ညို စရာဖြစ်နေပါပြီ။
ရဟန်းဖြစ်စ နောက်နေ့မနက်တွင် ဦးဇင်းပုဏ္ဍရိကရွာထဲသို့ တန်းဆွမ်းခံကြွရသည်၊
စေတီတော်လေး မှဆွဲလည်းသံ ချိုချိုကြားရသည်၊ ဇရပ်အိုလေးနားသို့ အရောက်တွင်စိတ်ထဲက တစ်ခုခုကို မျှော်လင့်နေမိ သည်။ မသိစိတ်က နားစွင့်နေမိသည်၊

ခြေလှမ်းတို့တုန့်နေမိသည်၊ နောက်သို့ မသိမသာလှည့်ကြည့်မိသည်၊
စေတီတော်နှင့် ဇရပ်အနားသို့ အရောက်တွင် မမြင်ဖူးလိုက်ရသော အမေ့ကို သတိရသည်၊ စိတ်ထဲ ကလည်း ပြုပြုသမျှကောင်းမှု အစုစုကို အမေ့အား ရည်စူးကာ အမျှပေးဝေလိုက်မိသည်။ မျှော်လင့် နေမိ သည်ကား ကိုရင်လေးရပ်တော်မူပါဦးဘုရား ဟူသော အသံကိုသာ..။


ဘယ်ညာဝှေ့ဝိုက်တိုက်ခတ်လိုက်သော မနက်ခင်း လေနုအေးကြောင့် တချွင်ချွင်နှင့် ဆွဲလည်းသံချိုချို သည် ဦးဇင်းပုဏ္ဍရိက၏ စိတ်အစဉ် ယောက်ယက်ခတ်ခြင်းကို ထိန်းလိုက်သလိုရှိသည်။

ကိုရင်များတသီတန်းကြီးအရှေ့တွင် ဦးဆောင်လျှက် ဦးပုဏ္ဍရိကရွာထဲသို့ဝင်လေပြီ၊
ရှေ့ဆုံးမှကြေးစည်သံနှင့် ဖိုးသူတော်၏ ဆွမ်းတော်ဗျို့ အသံသည်သာကြီးစိုးနေတော့သည်။ 

နောင်..တူ..ဝေ..ဝေ
ဆွမ်းတော်ဗျို့

 

No comments:

Post a Comment