Pages

Monday, January 24, 2011

အလွမ်း နှစ်ည


ဘ၀တွင် အဆင်ပြေသည်လဲ ရှိ၏။ အဆင်မပြေသည်လဲ ရှိပြန်၏။ အဆင်း အတက်၊ အစုန် အဆန်တို့သည် အမြဲတမ်း တစ်လှည့်စီသာ ဖြစ်နေတတ်သည်။ လေဆန် ရေဆန်ခြေကန်လှော်တက်ရသော ခရီးမျိုးလဲတွေ့ ရမည်။ လေစုန် ရေစုန် ရွက်ကုန်ဖွင့်ပြီး အသင့်လိုက်ပါရသော ဘ၀မျိုးလဲ ရှိတတ်ပြန်သည်။ ရည်ရွယ်သည့်အတိုင်း မှန်းခြေပေါက်သော အရာမျိုးလဲ ရှိပါသည်။
ရည်ရွယ်သော်လဲ မှန်းခြေမပေါက်သော အရာမျိုးးကိုလဲ တွေ့ရသည်။  
ဘယ်အခြေ အနေဖြစ်စေ ကြုံတတ်သော အရာမျိုးချည်းသာဖြစ်ပါသည်။

ကြုံဖူးပါသည်။ ခရီးတစ်ခုတွင်ဖြစ်၏။ လွန်ခဲ့သော ခြောက်နှစ်ကျော်လောက်က ဖြစ်ပါသည်။ သူငယ်ချင်း ဦးဇင်းတစ်ပါးနှင့် အတူ သူ့ရပ်ရွာကို အလည်ခေါ်သဖြင့် လိုက်သွားခဲ့ဖူးပါသည်။ မန္တလေးမြို့ဘူတာကြီးမှ ညနေပိုင်းထွက်ခွာလာသော ရထားသည် သူ့ရွာနှင့် အနီးဆုံးဘူတာတွင် ရပ်မည်ဟုပြောသော်လဲ ခဏမျှ အရှိန်လျှော့ရုံသာဖြစ်၏။ ဆင်းနေကြ မဟုတ်သောကြောင့် ခုန်ချရန်ပြောသော်လဲ ခုန်ရနိုး ခုန်ရနိုးဖြင့် ကောလင်းဘူတာသို့ လိုက်ပါခဲ့ရတော့သည်။ ကောလင်းမြို့ငယ်လေးက သူတို့အသိအိမ်တွင် ခဏနေပြီး နေ့လည်ခင်း အတွဲနှစ်တွဲသာ တပ်ဆင်ထားသော ကားရထားဖြင့် ကိုးတောင်ဘို့ဘူတာ လေးသို့ ပြန်ခဲ့ သည်။ သူတို့ရွာတွင် ငါးရက်ခန့်နေပြီးနောက် မန္တလေးသို့ပြန်ခဲ့သည်။ ဆိုပါ အပြန်ခရီးတွင် စတော့၏။ 

နဘားမှ စတင်ထွက်လာသောရထားသည်မန္တလေးအထိမရောက်တော့ပါ။ စစ်ကိုင်းတွင်ဂုတ်ဆုံးထားပါသည်။ သို့သော် ထိုနေ့၌ပင် မြစ်ကြီးနား အမြန်ရထားဖြင့် ထပ်မံလိုက်ပါနိုင် ကြောင်း ကို ပြောပြီး နဘားရထားဖြင့် ပြန်ခဲ့သည်။ အထူးတွဲလို့ခေါ်သောအက်စကော့ အတွဲတွင်လိုက် ပါလာခဲ့သည်။ရဲတစ်ယောက် နေရာပေးသောကြောင့် အေးအေးဆေးဆေးလိုက်ပါခဲ့ရသည်။
စစ်ကိုင်းသို့ ညနေ ၇ နာရီတွင် ရောက်ပါသည်။မန္တလေးမြို့နဲ့ စစ်ကိုင်းသို့ပြေးသောကားမှာ အဲတုန်းက ကားခ လေးဆယ့်ငါး ကျပ်လောက်သာ ဖြစ်ပါသည်။ ညနေပိုင်းရထားဆိုက်သောအခါ ကားခမှာ နှစ်ရာ ဟု ပြော သည်။ ဒီလမ်းနှင့် ဒီလမ်း သုံးရာတော့ များတယ်။ မပေးနိုင်ဘူး။ သူတို့ကလဲ ဈေးမလျှော့ပါ။ နန်းရှေ့ကကောင်လေး တစ် ယောက်ကလဲ ဈေးများ တယ်ဆိုပြီး မလိုက်ပြန်။ သူနဲ့ပေါင်းနေလိုက်တာ၊ 

မန္တလေးမြို့ထဲပြန်မယ့်ကားလဲ မရှိတော့ဘူး။ နောက်တော့ စစ်ကိုင်း မြို့ ထဲ တစ်ညအိပ်ဖို့ ကျောင်းလိုက်ပြီး လျှောက် ကြသည်။ အဆင်မပြေပါ။ ညကြီးမင်းကြီး ဘယ် ကျောင်း ကမှ လက်မခံပါ။ ဒီလိုနှင့်ပင် စစ်ကိုင်း ဘူတာထဲပြန်ပြီး ညအိပ်ကြပါသည်။ ခြင်တွေ ကိုက်သည်။ ဘူတာ လုံခြုံရေးဆိုသော ရဲများလဲ တစ်ညလုံး တစ်တောက်တောက် ဖြင့် မအိပ်ပဲ ကင်းစောင့် ကြ သည်။  အိပ်လို့လဲမပျော်ပါ။ မှေးကနဲ့အိပ်ပျော်မလို့ ရှိ သေး  အိပ်မက်ထဲ ရထားရောက်လာသောကြောင့် ထ ထိုင်လိုက် ရပြန်သည်။ ပတ်ဝန်းကျင်ကို အကဲခတ် လိုက်တော့ ခွေးဟောင်သံ၊ ရဲလမ်းလျှောက်သံတို့သာ ရှိနေ၏။ မျက်စိ ကြောင်ပြီး အိပ်၍လဲမရတော့ပါ။ မနက်ခြောက်နာရီတွင် မြစ်ကြီးနားရထား ဆိုက်လာသည်။ အိပ်ချင်လျှက်ပင် ရထား  တက်လိုက်ရတော့၏။ မန္တလေးမြို့ရောက်တော့ မနက်ပိုင်း ကိုးနာရီကျော်ကျော်တွင် ဖြစ်သည်။ ဘူတာ ကြီးပေါ်မှ အနောက်ဘက် လှမ်းကြည့်လိုက်သောအခါ စစ်ကိုင်းတောင်တန်းကြီးသည် စေတီတော်ဖွေးဖွေးဖြင့် ခန့်ငြားနေလေ၏။ ခြင်ကိုက်သော စစ်ကိုင်း ရွာထောင် ဘူတာ ညကို သတိရနေမိသည်။

ပျော်ဘွယ်ကနေ အနောက်ဆင်းပြီး နတ်မောက်ခရီးဆက်မည့် တစ်စီးတည်းသော ကားကို စီးရသည်။ သို့သော် ထိုနေတွင် နတ်မောက်ထိ သွားမည့် ကားမရှိပါ။ ရွာတော်သို့ ဆိုက်မည့် ကားသာရှိ၏။ ကားစပါယ်ယာကို သင် လှကျင်း လို့ပြောပြီး တက်လိုက်လာခဲ့သည်။ ကားပေါ်ရောက်မှ သင်လှကျင်း နှစ်ခုရှိကြောင်း သိရ ပြန် သည်။ သူတို့ရောက်သော သစ်လှကျင်းကား အရှေ့သစ်လှကျင်း မိမိသွား လို သည်က အနောက် သစ်လှကျင်း ဖြစ်နေ၏။ ဆရာတော်တစ်ပါး လမ်းညွှန်ချက်ဖြင့် ညနေ နေလုံးပျောက် မှောင်ရီသန်းချိန်တွင် အဖေ့ရွာလေးကို ရောက်ပါတော့သည်။ လျှော်ချောင်း ရွာဟုခေါ်၏။ ထိုရွာလေးတွင် ငါးရက်ခန့်နေပြီး မန္တလေးသို့ပြန်ခဲ့သည်။ 

ခရီးစဉ်သည် ဦးလေးညွှန်သည့် အတိုင်းသာဖြစ်၏။ နတ်မောက်မှ ထွက်လာသော ကားကို စီးခြောက် နာရီ ၀န်း ကျင်း ပျော်ဘွယ်သို့ ရောက်မည်။ ညနေ ခုနှစ်နာရီကျော်ကျော်တွင် ရန်ကုန်အမြန်ရထား ပျော်ဘွယ် တွင် ခဏ နား သည်။ ထိုရထားဖြင့် မန္တလေးဘက်သို့ တက်လိုက်သွားရုံသာဖြစ်သည်။ အတော် အဆင် ပြေသော ခရီးဖြစ်ပါသည်။ လက် တွေ့တွင် ပျော်ဘွယ်သို့ ညနေခုနှစ်နာရီထိုးမှ ရောက်သည်။ ရန်ကုန် အမြန်ရထား ဆိုက်သွားပေပြီ။ မမီလိုက်တော့ပါ။ ကားလဲ မရှိတော့။

ဤသို့ဖြင့် ပျော်ဘွယ် ဘူတာညအိပ်ရန် ဖြစ်လာပါတော့သည်။ ခရီးသည် များစုန်လိုက် ဆန်လိုက်ဖြင့် ရှိနေ သည်။ မိုးချုပ်လာသည်နှင့်အမျှ ခရီးသည်များလဲ ကြဲသွားပြီ၊ တစ်ချို့လဲ အိပ် ကုန် ကြပြီ၊ မိမိလဲ အိပ်မှတော် တော့မည် အောက်မေ့ကာ အနီးရှိ တန်းလျှားတွင် နေရာယူလိုက်သည်။ အိပ်ပျော်လုဆဲတွင် အနီးသို့လျှောက်လာသော ရဲက

 “ ဦးဇင်း သတိထားပြီး အိပ်ပါဘုရား၊ ဒီဘူတာက သူခိုး ပေါပါတယ်” တဲ့၊
  
ဘာမှ ပါလို့ရယ်တော့ မဟုတ်ပါ။ သူပြောတာနဲ့တင် အိပ်လို့မပျော်တော့ပဲ ဖြစ်နေပါသည်။ ညလဲ နက်ပြီ မှတ်မှတ် ရရ အဲဒီညက လငပုတ် ဖမ်းသည်။ လပြည့်ညလား လပြည့်ကျော်တစ်ရက် လားထင် သည်။ လရောင်ခပ်အုံ့အုံ့ကြီးဖြစ်နေသော ကြောင့်ထွက် ကြည့်လိုက်ရာ လ၀န်းကြီး တစ်ဝက်ကို ပင်ငုံ မိလု ဖြစ် နေ သည်ကို တွေ့ရသည်။

အိပ်လို့လဲ မပျော်၊ ထိုစဉ် ခပ်လှမ်းလှမ်းက ဇာတ်ထွက်နေသံ ကြားရသည်။ အိပ်မရတော့မည့် အတူတူ ဇာတ်ထိုင်ကြည့်ပြီး မိုးလင်းတော့မည် အောက်မေ့ကာ ဆိုင်းသံကြား ရာသို့ ထွက် လာခဲ့တော့သည်။ ဇာတ်ပွဲတွေ့တော့ မနက်ပိုင်း နှစ်နာရီလောက်ရှိမည် ထင်သည်။ ခဏထိုင် ကြည့်ပြီး ကား ဂိတ်သို့ ထွက်လာခဲ့တော့သည်။ မနက် ငါးနာရီခန့်ရှိပြီထင်ပါသည်။ မနက်ဆွမ်းကို လမ်းဘေးက လ္ဘက်ရည် ဆိုင်လေးတွင် ပြီးခဲ့သည်။ ဆိုင်ရှင်က တစ်ပွဲလှူပါသည်။ ၀မ်းမတင်းသေး၍ နောက်ထပ် တစ်ပွဲမှာပြီး စားပါသေးသည်။ ဆိုင်ရှင် အလှူ့ဒကာကို အားနာမိသည်။ ဘာပြောပြော ကိုယ့်ဝမ်းတာ ကိုယ်သာသိမို့ ခပ်တည်တည်ပဲ နေလိုက်သည်။ လွမ်းမိသည်။

No comments:

Post a Comment