Pages

Monday, January 24, 2011

မနေ့က အဆက်


“ ၀ိ၊ သု၊ ဘိ၊ ပါ၊ မြန်၊ လိပ်စာ၊ ဒေသနာပြန့်ပွာရေး” ဟူသော ဆောင်ပုဒ်သည် မန္တလေးမြို့ နန်းရှေ့ရပ်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်တွင် သင်ကြားသော ဘာသာရပ်တို့ကို အကျဉ်းအားဖြင့် မှတ်သား ထားခြင်း ဖြစ်ပါသည်။ ၀ိ-ကား ၀ိနယပိဋက မဟာဌာန ဖြစ်သည်။ သု-ကား သုတ္တန္တပိဋက မဟာဌာန၊ ဘိ-ကား အဘိဓမ္မပိဋက မဟာဌာနတို့ဖြစ်၏။ ပါဠိဌာန၊ မြန်မာစာဌာန၊ အင်္ဂလိပ်စာဌာန၊ ဗုဒ္ဓဒေသနာ ပြန့်ပွား ရေးဌာန တို့ဟူ၍ ခုနှစ်ဌာန ဖြစ်သည်။

ဝိနည်း၊ သုတ်၊ အဘိဓမ္မာတို့ကို နေ့စဉ်ပို့ချသည်။ ကျန်ဘာသာ လေးရပ်ကို ကားရက်ခြား ပို့ချသည်။ ၀ိနည်း တွင် အပိုင်းများခွဲခြားပြီး ပို့ချသည်။ ပါဠိတော်နေ့၊ အဋ္ဌကထာနေ့၊ ခေတ်လေ့လာနည်းနေ့ သုံးမျိုး ခွဲခြား နိုင်သည်။ ပို့ချသော ဆရာမှာ တစ်ပါးတည်းမဟုတ်၊ သူ့နေ့နှင့် သူဖြစ်၏။ ပါဠိတော်နေ့ ဆရာတစ်ဦး၊ အဋ္ဌ ကထာနေ့ဆရာတစ်ဦး နှင့် ခေတ်လေ့လာနည်း ဆရာတစ်ဦးဟု သတ်မှတ် ထားသည်။ ပထမ နှစ်ရက်ကို သံဃာတော်များပို့ချပြီး၊ ခေတ်လေ့လာနည်းကို လူပုဂ္ဂိုလ်များကပို့ချလေ့ရှိသည်။ အရေးကြီးဆုံးအပိုင်းကိုကား ဌာနမှူး ဆရာတော်ကိုယ်တိုင်ပို့ချသည်။

ဆရာတော်ပို့ချသွားသည်များကို အကြမ်းဖြင်း လိုက်မှတ်ရ၏။ အရေးတကြီး မှတ်သားလိုသည်များကို ထပ်မံ ပြောပြီးနောက် စာအုပ်တွင် ရေးသား မှတ်ထားစေသည်။ ၀ိနည်းဌာနမှူး ဆရာတော်သည် အခြားဌာမှူး ဆရာတော်များ နည်းတူ တည်ငြိမ်သည်။ စာလိုက် သံဃာ တော် များငြိမ်သက်စွာ လိုက်ပြီး မှတ်သားရသည်။ ပါဠိတစ်ပုဒ်၏ ဖြစ်သင့်သည်တို့ကို နည်းစုံအောင်ပို့ချပေးတော်မူ သည်။ ကြံဆတွေးတော်ရင်း ပိုမိုကောင်း မွန်သော ပါဠိသဘော သွားများကိုတွေ့ပါက ထပ်မံ၍ မှတ်သား စေသည်။ ပြောနေကြစကားလေးလဲ ရှိ သည်။  “ အခုနဟာလေး ဖျက်လိုက်ဦး၊ ဒါလေးက ပိုကောင်းတယ် ” တဲ့။

ဝိနည်း အဆုံးဖြတ်၊ အဓိပ္ပာယ်တို့ကိုလဲ စုံစုံလင်လင် ပြောပြတတ်ပါသည်။ စာလိုက်နေစဉ် စကားပြောသည် ကိုလဲ မကြိုက်ပါ။ ဆရာတော်၏ အဋ္ဌကထာနေ့ပြီးနောက် ပါဠိတော်နေ့ နှင့် နောက်ဆုံး ခေတ်လေ့လာ နည်း သို့တိုင် ရောက်လာ၏။ ဤသို့ဖြင့် ၀ိနည်း ပိဋက အလှည့်ပြီး၏။

နောက်တွက် သုတ်၊ အဘိဓမ္မာ စသည်တို့ ရောက်လာတော့၏။ နောက်ဆဲ့ငါးရက်ကြာသော အခါ ၀ိနည်း နေ့ပြန်ရောက်ပြန်၏။ ဆရာတော်၏ စာဝါကို လိုက်ရပြန်၏။ စာဝါကို နမော တဿ သုံးကြိမ်ရွတ်ပြီး စတင်မြဲ ဖြစ်၏။ တပည့်များ မိမိတို့နေရာ အသီးသီး ရောက်ပြီးနှင့် တပြိုင်နက် ဆရာတော်မှ “ မနေ့က အဆက်” ဟု ပြောပြီး ပို့ချပါတော့သည်။ စာလိုက်သံဃာများ တစ်ပါး မျက်နှာ တစ်ပါးကြည့်၍ ဘယ် မနေ့ကလဲ ဟု တိုးတိုး တိုးတိုးမေးရသည်။ ဆရာတော်သည် ဘယ်နှစ် ရက် အကြာက ပို့ချခဲ့သည်ဖြစ်စေ 
“ မနေ့က အဆက်” ဟုသာ ပြောမြဲဖြစ်သည်။ 

ယောင်တောင်တောင်ဖြင့် လိုက်မှတ်ခဲ့ရသည် တို့ကိုတော့ ဆရာတော် သိတော်မူဟန် မတူပါ။ အခုတော့ ၀ိနည်းဌာနမှူးမိန့်သော မနေ့ က အဆက်သည် တပည့်တော် စိတ်ထဲ “ မနေ့က လား ” ဟု ထင်နေမိပါ သည်ဘုရား။

No comments:

Post a Comment