Pages

Friday, January 21, 2011

တစ်ခါက တစ်ဘဝ


နာဂတောင်တန်းတစ်နေရာက ရွာလေးတစ်ရွာ။ အဲဒီရွာလေးကို စာရေးဆရာကြီး လူထု ဦးလှ ရောက် ဖူးပါ သည်။ သူ့မှတ်တမ်းတွင် မစည်ပင်သေးသော ရွာလေး၏ အခြေအနေကို တင်ပြထားသည်။ အညစ်အကြေး စွန့်ရန်သီးသန့်နေရာမရှိ၍ ခြုံတိုးပြီး ကိစ္စရှင်းခဲ့ရသည်ကို မှတ်တမ်းပြုထားသည်။ ယဉ်ယဉ် ကျေးကျေးလေးပင် ဖြစ်ပါသည်။ သူ့ကိစ္စပြီး၍ တောမှထွက်သောအခါ ကျန်ရစ်သော စွန့်ပစ်ပစ္စည်းကို ရွာထဲတွင်မွေးထားသောဝက်များလာပြီး စားကြကြောင်းကို

“ဤရွာလေးတွင်တောတိုးပြီး ၀က်နှစ်ခါကြွေးခဲ့ရသည်” ဟုမှတ်တမ်းတင်သည်။ 

ခန္တီးမြို့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော စာရေး ဆရာကိုတာကသူ၏ တောင်ရောက်မြောက်ရောက် စာအုပ်ငယ်တွင် ဆရာဝန်အဖြစ်ဖြင့် ရောက်ခဲ့ရပုံကိုရေးထားပြန်သည်။ ပဒူးမုန်းရွာလေးအကြောင်း ကိုအနန်းဟာဗီးကို ဇာတ်ကောင်ပြုပြီး ဆရာကြီးရန်ကုန် ဘဆွေကသူ၏ အနန်းဟာဗီး စာအုပ်တွင် ချယ်မှုန်း ထားပြန်သည်။ သူတို့သုံးယောက်လုံး ပဒူးမုန်းရွာလေးကို ကိုယ်တိုင်ကိုယ်ကျရောက်ခဲ့ကြသူတွေချည်း ဖြစ်ပါသည်။ အိန္ဒိယ ၀န်ကြီးချုပ် ဂျဝါဟလာ နေရူးရောက်ခဲ့ကြောင်းလဲ အသက်ကြီးသော နာဂ အဖိုး အဖွား များက ပြောပြသဖြင့် သိရပြန်သည်။ ချင်းတွင်းမြစ်ကို မီးသင်္ဘောစီးပြီး တက်လာကြောင်း သူတို့ရွာလေးသို့
ရောက်သောအခါ ဆိတ်နို့ကို ကိုယ်တိုင်ညှစ်သောက်ကြောင်း ပြောပြသည်။ နေရူးမဟုတ်ပဲ ဂန္ဓီဂျီ များဖြစ်လေမလားလို့အတွေးပွားမိပါသည်။ ဂန္ဓီဂျီဆိတ်မွေးပြီး ဆိတ်နို့သောက်ကြောင်း သူ့ဇာတ် ကြောင်း များ တွင်တွေ့ရသည်။ 

သို့သော်သူတို့မှတ်တမ်းတွင် ပြဿနာအကြောင်းအရာများကိုမတွေ့ရပါ။ ရွာထဲတွင်ထဲထဲဝင်ဝင်ပါဝင် ဆောင်ရွက်ခဲ့ကြသည်များကို မတွေ့မိပါ။ မိမိကမူ သူတို့ထက်ပါသည်။ အဲဒီရွာလေးတွင် နှစ် နှစ် နေခဲ့သည်။ ပြဿနာပေါင်းစုံရှင်းခဲ့ရဖူးသည်။ မှတ်မှတ်ရရ ပြောပြရဦးမည်။

သူ့နာမည် အောင်ဆန်းဝင်း၊ အဖေကဗမာ အမေကနာဂ၊ သူ့ဘ၀တစ်သက် အောက်ပြည်အောက်ရပ်တွင် နှစ်နှစ်နေဖူးသည်။ ထိုနှစ်နှစ်မှ အခြားဘ၀သည်  ဤရွာလေးတွင်သာရှိသည်။ မြန်မာစကားကို ကောင်းကောင်း
မပြောတတ်ပါ။ နာဂစကားဖြင့်သာ ပြောဆိုဆက်ဆံပါသည်။ သို့သော်သူသည် ဗမာစစ်စစ်ဖြစ်သည်။ သူ့အမေက ဗမာကို ယူလိုက်ခြင်းအားဖြင့် သူတို့ နာဂမျိုးရိုး အခေါ်အဝေါအားဖြင့် ဗမာသာ ဖြစ်သွားတော့၏။ အမေက ရှမ်းလူမျိုးကိုယူလျှင်လဲ မွေးလာသမျှ သားသမီးတို့သည် ရှမ်းလူမျိုးသာဖြစ်၏။ အမေဘက်လိုက်ပြီးခေါ်ခေါ်ရသော အစဉ်အလာ သူတို့တွင် မရှိပါ။ နာမည်မှည့်သော အခါ၌ပင် နာဂ နာမည် မှည့်ရန်မလိုတော့ပါ။ အောင်ဆန်းဝင်းသည် ဗမာနာမည်ဖြစ်၏။ သူ့ညီမကို မြ၀င်းဟုခေါ်သည်။ အောင်ဆန်းဝင်းသည် အသက်၂၀ ကျော်ရုံလေးသာရှိမည်။ သို့သော် တစ်ရွာလုံးက သူနှင့် ပြိုင်ပြီး ရန် မဖြစ်ရဲကြပါ။ အရက်သောက်လျှင် ပိုပြီးသွေးဆူ၏။ တစ်ရွာလုံးက မကျေနပ်သူတွေကို စိန်ခေါ်တတ်ပါသည်။ ဥက္ကဋ္ဌမရှောင်၊ ဦးလေး မရှောင် ရန်ထောင်တတ်သည်။ 

သူတို့ရွာလေးကို အောက်ရပ် အောက်ရွာက ဗမာတွေ ရွှေလာ လုပ်ကြသည်။ သင် လာခုတ်ကြသည်။ ၀ါးဖောင်လာပြီး မျှော်ကြသည်။ ရံခါ ဒန်အိုးဒန်ခွက် လာပြီးရောင်းကြသည်။ အဆင်မပြေ၍ ထိုဗမာများနှင့်ရွာသူရွာသားများ ရန်ဖြစ်သောအခါ တစ်ရွာလုံးက ဗမာတွေ မကောင်းကြောင်း ပြောပါတော့၏။ ထိုအခါမျိုးတွင် အောင်ဆန်းဝင် အနေခက်သည်။ အဖေကဗမာ၊ တခါတရံ ဗမာတွေက လာပြီး ညစ်ကြခြင်းကြောင့်လည်း ဗမာတွေကို မကျေနပ်ရှိတတ်ပြန်၏။ ဟိုမရောက်၊ ဒီမရောက်ဖြင့် နာဂတွေမကြား “စုံးပြူးစေ့” ဖြစ်ခဲ့ရသည်။ ဗမာဖြစ်ရသည်ကို ဂုဏ်မယူနိုင်သလို၊ နာဂမဟုတ်ခြင်းကြောင့်လည်းအမျိုးတွေ အကြား မျက်နှာငယ်ရပြန်သည်။ ဤသို့ဖြင့် သူမကြာခဏ ရန်ဖြစ်တော့သည်။ ဗမာလဲ မကောင်းဘူး၊ နာဂလဲမကောင်းဘူး လုပ်လာတတ်သည်။ ထိန်းမနိုင်သိမ်းမရ ဖြစ်တော့သည်။ ဘယ်သူမှလည်းဝင်ရောက်ပြီး ဖြေဖြန်ကြသည် မရှိပါ။ မကြားဝံ့မနာသာ ဆဲတတ်သည်။ ရွာလေးမှာ အိမ်ခြေနဲရသည့်အထဲ အ၀န်းအ၀ိုင်းကလဲ ကျဉ်းမြောင်းသောကြောင့် သူ့ဆဲသံ၊ ဆိုသံသည် ရွာလုံးကျော်ရုံမက တောင်တန်းများဆီကပင် ပဲ့တင်ထပ်နေတတ်၏။ ဒီအခါမျိုးတွင် မတတ်သာသောကြောင့် ရွာထဲဝင်ပြီး အောင်ဆန်းဝင်းကို ထိန်းရသည်။

ဒီနေ့လည်း အိမ်ပေါ်တွင်ထိုင်ကာ မကျေနပ်သူများကို ဆဲနေလေ၏။ တစ်ဘက်က မခံသာလွန်း၍ ပြန်ပြောလျှင် ဒုတ်တပြက်၊ ဓါးတပြက် ဖြစ်ရပြန်သည်။ ဆွဲလား၊ ရုန်းလား၊ အော်လား၊ ဟစ်လား၊ အငို၊ အယိုတို့ဖြင့် ဆူညံနေလေ၏။ မတတ်သာသည့် အဆုံးတွင် အိမ်တိုင်ယာရောက် သွားပြီး သူ့ကို ခေါ်ရသည်။ ဘုန်းကြီးတစ်ပါး အိမ်ပေါ်တက်ပြီး ရန်ဖြေဖြန်သည်ကို တွေ့ဖူးဟန်လဲ မတူကြပါ။ သို့သော် အောင်ဆန်းဝင်းကို လိုက်သွားဖို့ပြောကြသည်။ သူလဲအသာတကြည်ပင် လိုက်လာပါသည်။ ကျောင်းရောက်တော့သူ့အဖြစ်ကို ရှင်းပြမည်ဟုပြောလာ၏။ တစ်ရွာလုံးကသူ့ကို နှိမ်ကြကြောင်းလဲ မကြာခဏ ပြောတတ်သည်။ သူ့အပြောသည် တစ်ဘက်သတ် ဆန်နေတတ်၏။

“ ငါ့ညီ မင်းကို ဒီခေါ်လာတာ မင်းရှင်းပြတာနားထောင်ဖို့ မဟုတ်ဘူး၊ နားလဲ မထောင်ချင်ဘူး၊ မင်းရွာထဲလျှောက်ပြီး ဆဲနေတာကြားမကောင်းလို့ လာပြီးဖြန်တာပဲ၊ မင်းဘာမှ ငါ့ကို ပြောဖို့မလိုဘူး၊ မင်းကိုလဲ ငါက ဘာမှမပြောဘူး၊ ရော့ ဒီဆေးလိပ်နှစ်လိပ်သောက်ပြီးရင် မင်းပြန်လို့ရပြီ၊ ရွာထဲပြန်ရောက်လို့မင်းထပ်ဆူရင် ငါလာပြီး ထပ်ဆွဲမယ်” ဟုပြောလိုက်သောအခါ ရှင်းပြလိုဟန်တော့ ရှိသေး၏။ သို့သော် သူမရှင်းသာအောင် စာအုပ်ဖတ်နေလိုက်၏။ သူ့ကို အကဲလဲခတ်နေရသည်။ အစတော့ကြမ်းပြင်ကို တစ်ချက်နှစ်ချက် ထုနေသေး သည်။ နောက်တော့ ဘာမှ မပြောတော့ ခဏအကြာတွင် ကျောင်းထောင့်တွင် အိပ်ပျော်သွားပါသည်။ ဆူသံ ပူသံတို့လဲတိတ်ဆိတ်သွားတော့၏။ 

သူ့လိုပြဿနာတွေကို ရှင်းရသည်မှာ တောင်တန်း သာသနာပြု ဦးဇင်းများ အတွက် မဆန်းပါ။ ပတ်ဝန်းကျင်၊ ကျမ္မာရေးနှင့်မကိုက်ညီသောကြောင့်ကလေးများကိုပင် ရေချိုး ပေးရ တတ်သည်။ အဖိုး၊ အဖွားတွေကို ရေတွင်းတွင် ရေငင်ပေးရသည်။ အဆန်းတော့ မဟုတ်ပါ။ ဖြစ်ရိုး ဖြစ်စဉ်သာ ဖြစ်သည်။ ဘာမှမဆန်းပါ။ သို့သော် ရေးပြလိုက်သောအခါ 

“ ဟင် ဘုန်းကြီးကိုယ်တိုင် သူများအိမ်ပေါ်တက်ပြီး ရန်ပွဲဖြေရတယ်”လို့ ဆိုကောင်းဆိုနိုင်မှာပါ၊ တစ်ခါက တစ်ဘ၀မို့ကိုယ့်ကိုယ်ကို တော့နားလည်ပါသည်။ ဒါထက်ဆိုးတဲ့ရန်ပွဲတောင် ဖြေဖြန်ပေးခဲ့ရဖူးသေးသည်။ ဒါက ဆေးလိပ်လေး နှစ်လိပ်ပေးပြီးငြိမ်းချမ်းစေ လိုက်ရုံလေးဟာပဲ။ ကြုံတော့ ပြောပြပါဦးမည်။

No comments:

Post a Comment