Pages

Tuesday, January 18, 2011

မန္တလေးတောင်တော်မြတ်နှင့် အတူ



အတိတ်က မန္တလေးတွင် ပြောစရာတွေရှိသည်။ လွန်ခဲ့သောနှစ်ပေါင်း နှစ်ဆယ်ကျော်ကဖြစ်သည်။
မန္တလေး ရွှေမြို့တ်ာကြီး၏ လမ်းကြို လမ်းကြားတွင်မြင်လှည်းများကို တွေ့ရသေးသည်။ ပြီးတော့ ကျုံးရေပြင်ကြီးကလဲ အုတ်ရိုးမစီတံတိုင်း မရှိပဲရိုးရိုးကြီးပဲ ရှိသေးသည်။ ဈေးချိုးတော်ကြီးကလဲ အခုလို မဟုတ်သေး။ တစ်ထပ်တိုက်တန်းကြီးများသာ ဖြစ်သည်။ မန္တလေးတောင်ပေါ်က မှန်ဘီလူးနဲ့လှမ်းကြည့်လိုက်တော့ ရေပြင်တွင် ကားတာယာများဖြင့် ရေကစားနေသည်ကို တွေ့ရသည်။ ဧရာဝတီမြစ်လား၊ ကျုံးရေပြင်တွင်လား သေချာ တပ်အပ် မသိပါ။ လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်က ကျုံးရေပြင်တွင် ရေကူးလို့ရသလားမန္တလေးက အဖိုးအဖွားတို့ကို မေးကြည့်ရမည်။ အခုလောက် မမြန်သေးသော ကားတွင် ခရီးသည်များ စုပြုံပြီး တက်ကြရသည်ကိုတော့ မှတ်မိသည်။ ထိုကားကြီးသည် လူတွေလည်း အပြည့် ၀န်ထုပ်ကြီးတွေလည်း အပြည့်ဖြင့် စက်နှိုးလိုက်လျှင် တယိမ်းယိမ်း လှုပ်ခါပြီးမှ တဗူးဗူး အသံပေးကာ နေရာမှ စတင်ရွေ့၏။

“ဦးဇင်းကလဲ အဲဒီတုန်းကများ ခရီးသွားရတာ တော်တော်ပင်ပန်းတယ်။ အမှတ်ရလို့ပြောရဦးမယ်။ တပည့်တော်တို့ မိသားစုရွာက ထွက်လာကတည်းက ပထမဆုံးပြန်ဖြစ်တော့ သင်္ကြန်တွင်းကြီးကိုဘုရာ့။ ဦးဇင်းက ရွာကထွက်လာတုန်းက အသက်က နှစ်နှစ်သား၊ အဲတုန်းက ရွာပြန်တော့ သုံးနှစ်ကျော်ကျော်ရှိမှာပေါ့။ မန္တလေး သင်္ကြန်ကလဲ ပက်လိုက်ကြတာ မပြောပါနဲ့တော့၊ ရေအေးနဲ့ တမျိုး၊ ရေပူနဲ့တစ်မျိုး ဆိုတော့ ဦးဇင်းက ပေါက်စဆိုတော့ ဘယ်ဖျားလိုက်တာများ တပည့်တော်ဖြင့် ဟယ် ဒီတစ်ခါတော့ ငါ့သားလေး ပစ်လိုက်ရပဟဲ့လို့တောင်ထင်မိတာ၊ တော်ပါသေးတယ်။ ရွာက မိမုန်းတို့က ရှင်ဘုရင်ပက်လက် ရေစက်စက်နားနေကြတာ။ သူတို့နဲ့ အမျိုးတော်သေးတယ်။ အမေ့ ညီမတော်မှာပေါ့အမျိုးစပ်ကြည့်ရင်၊ ရောက်ရောက်ချင်းပဲအဲအမတို့သင်္ကြန်တွင်းကြီး ဘယ်သွား ကြမလို့တုန်းဆိုပြီး ဖော်ဖော် ရွေရွေဆက်ဆံလိုက်တာများ ငယ်ငယ်တုန်းက အတူနေခဲ့ကြတဲ့ဘ၀ကို တောင် အမှတ်ရမိသေးတယ်။ တပည့်တော်လဲ ဘာမှ ရှည်ရှည် ဝေးဝေး ပြောမနေဘူး၊ ဟဲ့မိမုန်း ငါ့သားလေးအေ၊ ရေပူတစ်မျိုး ရေအေးတစ်မျိုး ပက်လိုက်ကြတာ အခုဖျားနေတာအေ့၊ လုပ်စမ်းပါဦးဆိုတော့၊ အမလာဆိုပြီး အိမ်နားက ဆေးခန်းလိုက်ပို့တယ်။ ဆေးများကောင်းလိုက်ချက်၊ အိမ်ပြန်ရောက်လို့ ခဏလေ ဦးဇင်းအိပ်ပြီး နိုးတော့ အမေ့ ထမင်းဆာတယ်ပြောတော့တာပဲ၊ မိမုန်းတို့များကောင်းလိုက်ပုံနှယ်၊ အမ အမ သားထမင်းဆာတယ် ပြောတယ်ရော့ရော့ဆိုပြီး ဖွယ်ဖွယ်ရာရာပါပဲ၊ ကြွေးလိုက်တာများ။ နောက်တော့ မန္တလေးမြို့ကြီးလဲကွက်သစ်တွေချဲ့လိုက်ကြတာ မိမုန်းတို့တောင် ဟို မြို့တောင်ဘက် ရွှေ့သွားကြတယ်လို့ ကြားရတာပဲ ဦးဇင်းရေ”။

အမေ ပြောပြတာတွေ အားလုံးကို မမှတ်မိပါ။
သို့သော် ဆေးခန်းသွားတော့ ဒေါက်တာ အိမ်ရှေ့က သရက်ပင်တွင် အသီးတွေအတွဲလိုက် ပြွတ်ခဲနေအောင် သီးနေတာကိုတော့ ကောင်းကောင်းမှတ်မိနေပါသည်။ နေကောင်းသွားတော့ ထင်ပါသည်။ မြို့ထဲကိုအမေ့ ညီမ၀မ်းခွဲမိမုန်းလိုက်ပို့၍လားမပြောတတ်၊ ဘုရားဖူးရသည်။ ရှင်ဘုရင်ပက်လက် ရေစက်စက်ကိုခပ်မော့မော့လေးကြည့်ရသည်။ ပြီးတော့အမေပြောပါသေးသည်။ ဦးလှသိန်းဗိမာန်တဲ့။
အမြင့်ကြီးဖြစ်သည်။အဝေးကကြည့်ရသည်။ သကျသီဟဘုရားဝင်းအတွင် ထင်ပါသည်။ ခိုတွေကို တွေ့ရသည်။ အခုလဲ ခိုတွေရှိပါသည်။ ရွာကကျောင်းတွင် သုံးနှစ်နေပြီး မန္တလေးမြို့သို့တက်ခဲ့သည်။ စာမေးပွဲပြီးရွာသို့ ခဏပြန်ချိန်တွင် မန္တလေးမြို့အကြောင်းအမေက မေးတော့နန်းရှေ့က သာသနာ့တက္ကသိုလ်ကြီးအကြောင်း၊ မန်းတောင်တော် အကြောင်းပြောပြတော့ အမေမြင်ခဲ့ဖူးသော မန်းတောင်တော်နှင့် မတူပါ။ ကျုံးရေပြင်ကလဲ အခုလိုမဟုတ်ပါ။ အခုတော့ အရှေ့ အနောက်ပေါက်အောင် တစ်ပြေးထဲမြင်ရသည်။ ကျုံးရေဘောင်ကို အုတ်ရိုးလှလှတွေ စီထားသည်။ အော်ရေးရှားပင်တွေ အစီ အရီစိုက်ထားပြန်သည်။ လေညှင်းခံ လမ်းလျှောက်သူတွေကိုတွေ့ရသည်အမေမြင်ခဲ့ဖူးသော ကျုံးရေ ပြင်နှင့်တော့ခြားနားနေပါလိမ့်မည်။

“ဦးဇင်းငယ်ငယ်ကို ခါးထစ်ခွပြီးမန္တလေးတောင်ကို တက်ခဲ့သေးတာ၊ စိုင်တစ်မော့ ရောက်တော့များ တက်လိုက်ရာတာ၊ မမေးမမြန်းပဲဝယ်စားမိလို့ သင်္ဘောသီးသုပ်တစ်ပွဲ နှစ်ကျပ်ခွဲများတောင်ပေးလိုက်ရတာ မှတ်မိနေသေးတယ်”။

မန္တလေးမြို့ကိုရောက်တော့ အနောက်ပြင် ချမ်းသာကြီးမြောက်တိုက်၊ အတုလဇေယျုံကျောင်းတွင်  နေရသည်။ တစ်လတစ်ခါနီးပါး အမေလာပြီး တွေ့သည်။ တခါတရံ အမေ့မွေးရပ်မြေကို ပြန်ရင်းလမ်းကြုံ ၀င်နားတတ်သည်။ ကျောင်းရောက်လျှင်ရောက်ချင်း ချမ်းသာကြီးဘုရားကို တက်ဖူးသည်။

“ဦးဇင်းနှယ် မန္တလေးဘုရားဖူးရခဲမျှ ရောက်တုန်းရောက်ခိုက်လေးဖူးတာမှ၊ အိမ်နားကသူတွေ ဖူးချင်လို့တောင် မန္တလေးမရောက်တာနဲ့မဖူးကြရဘူး”တဲ့။ ဘုရားဖူးသည်။ ဘုရားတစ်ပတ်ကို အေးအေး ဆေးဆေးနေပြီး ဖူးမျှော်သည်။ ပြီတော့ ပြောသေးသည်။

 “ တပည့်တော်ကတော့ နာရီစင်ကြီး မှတ်ထားရမှ နေရာသေချာသိတယ်။ ဦးဇင်းဆီလာရင် ပထမဆုံး နာရီစင်ကြီးဆီ သွားရတယ်။ အဲရောက်မှ အနောက်ဆီဆင်းလိုက်တော့ ဦးဇင်းတို့ကျောင်းရောက်တာပဲလေ” တဲ့။

နောက်တော့ မန္တလေးမြို့အရေ့ပြင်က နိုင်ငဲတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ကို ရောက်တော့လဲ အမေ လာပါသည်။ အမှတ်ကိုးကားစီပြီး ကျုံးမြောက်ပေါက်တွက် ဆင်းပြီး ခြေလျှင်လျှောက်လာလေ့ရှိသည်။
 “အမေ၊ အဲဒီကနေ လမ်းလျှောက်လာတာ ဝေးတယ်” ကားစီးလာပါပြောတော့။ ဦးဇင်းကလဲ ကားစီရင်ရှုပ်တယ်။ ဇရပ်တန်းကနေ အေးအေး ဆေးဆေးလမ်းလျှောက်လာလိုက်တော့ ဘာဝေးတာမှတ်လို့” တဲ့။

သာသနာ့တက္ကသိုလ်က ပြန်သွားတော့လဲခြေလျှင်ပဲ ပြန်သွားလေ့ရှိသည်။
မှာချင်တာတွေ မှာသွားလေ့ရှိသည်။ အမေ မှာတာ မှတ်မိနေသေးသည်။

“ ဦးဇင်း ဒကာဒ ကာမတွေက မပူမပင်ရအောင် လှူတန်းထားကြတာ၊ စာကြိုးစား၊ တောင်တွေးမြောက်တွေးများတွေးမနေနဲ့နော်” ဟုမှာပြီးလျှင်အမေ အခုနေထိုင်တဲ့မတ္တရာမြို့နယ်က ရေနဲ့သာရွာလေးကို ပြန်သွားတတ်သည်။ အမေလာသော အခါ သာသနာ့တက္ကသိုလ်ကနေ ကျုံး မြောက်ပေါက်အထိ လိုက်ပို့မည် ပြောလျှင်
 “ ဦးဇင်းကလဲ နေကပူနဲ့ နေခဲ့တော့ အမေ့ဘာသာပဲ သွားတော့မယ်” ဟုပြောကာ နေပူကြီးထဲတွင် ပဲ အမေပြန်သွားလေ့ရှိပါသည်။


အခုလို သီရိလင်္ကာနိုင်ငံရောက်ပြီးသည့် နောက်တွင်ပင် ရံဖန်ရံခါ အမေ့ဆီဖုန်းဆက်ပါသည်။
“ဦးဇင်း ဒကာ ဒကာမတွေက မပူမပင်ရအောင်လှူတန်းထားကြတာ၊  စာကြိုးစား၊
တောင်တွေး မြောက်တွေးများ တွေးမနေနဲ့နော်”တဲ့။

မှာနေတုန်းပင် ရှိ၏။ အမေပြောတဲ့ တောင်တွေး မြောက်တွေး ဆိုသည်မှာ အခြားမဟုတ်ပါ။ သာသနာ့ ဘောင်မှ ဆင်းသက်လာမည်ကို ပြောလိုခြင်းသာဖြစ်ပါသည်။ လူမထွက်နဲ့လို့တော့ ဘယ်တော့မှ မပြောပါ။

No comments:

Post a Comment