Pages

Tuesday, January 25, 2011

မကွေးသားဗျ

သာသနာ့တက္ကသိုလ်သို့တက်ရောက်လိုသော ရဟန်းတော်သည် ၀င်ခွင့်စာမေးပွဲ ဖြေဆိုရ၏။ ပထမနေ့တွင် ရေးဖြေ ဖြေဆိုရ၏။ ရေးဖြေအောင်မြင်ပြီးလျှင် နှုတ်ဖြေဆက်လက် ဖြေဆိုရသည်။

စာစစ်ဆရာတော်များမှာ နောက်နေ့နှုတ်ဖြေ ဖြေဆိုနိုင်ရန်  ရေးဖြေ အောင်စာရင်း ကိုနေ့ချင်းပြီး စစ်ဆေး ကြရသည်။ ၀င်ခွင့်ကို ပါဠိ နေ့၊ အင်္ဂလိပ်နေ့ ဟု နှစ်ရက် သတ်မှတ်ထားသည်။ တစ်ခုသော အဖြေလွှာတွင် ပါဠိစာစီ စာကုံးဖြေ ဆိုထား သည်ကို စာစစ်ဆရာတော်များ အခက်တွေ့လျှက်ရှိသည်။ 

စာဖြေရှင်၏ " ဣတ္ထိဝင်္ကတော အာဂတောမှိ "  ကို အခက် တွေ့ နေခြင်းဖြစ်သည်။ မည်သို့မျှဘာသာပြန်၍ မရနိုင်ဖြစ်နေ၏။ နောက်ဆုံး ဒုတိယ ပါမောက္ခချုပ် ဆရာတော်သို့ အဖြေလွှာကို ဆက်ကပ်လိုက်ရတော့၏။ ဆရာတော်သည် ခဏမျှတွေး ပြီးသည်နောက် -

" အာ ကိုယ်တော်တို့၊ ဒီအဖြေလွှာရှင်က မကွေးသားဗျ၊ သူရေးတာက ဒီလိုပြန်ရတယ်၊ ဣတ္ထိ-ဆိုတာ မိန်းမ ကိုပြောတာ၊ ဒီနေရာမှာတော့ မ ကိုပဲယူ၊  ၀င်္က-က ကောက်တာ၊ သို့မဟုတ် ကွေးတာပေါ့၊ ဒီနေရာမှာတော့ ကွေး တာကိုယူရတယ်။ သူ့အနက်ဒီလိုရှိလိမ့်မယ်၊ အဟံ၊ တပည့်တော်သည်၊ ဣတ္ထိဝင်္ကတော၊ မကွေးမှ၊ အာဂတော၊ လာခဲ့သည်၊ အမှိ၊ ဖြစ်ပါ၏ " လို့ပြန်လိမ့်မယ်။ 

ဆရာတော်မိန့်သည့် အတိုင်းပင် အဖြေလွှာရှင်၏ ကိုယ်ရေးဖိုင်ကို စစ်လိုက်သောအခါ မကွေးသား ဖြစ် နေ ၏။

No comments:

Post a Comment